ချန်းမိသားစု၏ အနာဂတ်
Vol. 2 Ch. 141
"လူကြီးမင်းချန်းကို တကယ်ပဲ အားကျမိတယ်ဗျာ ဒီလို နွေးထွေးတဲ့ မိသားစုလေးရယ်၊ မိတ်ဆွေတွေရယ် အပြင် ကျန်းရှင်းနဲ့ ချန်းအန်းတို့လို ထူးချွန်တဲ့ မျိုးဆက်တွေလည်း ရှိသေးတယ်"
ချင်းဟွာသည် လူအများ ဝန်းရံလျက် ခြံဝန်းအလယ်၌ ရပ်နေရင်း လက်ထဲရှိ ဝိုင်ခွက်ကို မြှောက်ကာ ပြောသည်။
"မဟုတ်တာကွာ ... ငါ့သား ကျန်းရှင်းက အများကြီး သင်ယူဖို့ လိုပါသေးတယ် ပြီးတော့ သူ့ရဲ့ အနာဂတ် ကလည်း မင်းရဲ့ လက်ထဲမှာပါ"
အဘိုးချန်းက ပြောသည်။ သို့သော် သူ့မျက်နှာ ပေါ်တွင် သားဖြစ်သူအတွက် ဂုဏ်ယူသော အပြုံးတစ်ခု ရှိနေသည်။
ခင်ပွန်းနှင့် သားဖြစ်သူမှာ လူပုံအလယ်တွင် ချီးကျူးခံ နေရသောကြောင့် ပထမအန်တီသည် ပျော်ရွှင်လွန်း၍ မြေပြင်ပေါ် လူးလှိမ့်ချင်စိတ်တောင် ပေါက်နေသည်။ ချင်းဟွာထံမှ ချီးကျူး ခံထားရသော သူမခင်ပွန်းနှင့် သားဖြစ်သူက မည်သူက အထင်သေး ရဲတော့ပါမည်နည်း။
ဒုတိယ အန်တီသည် မျက်လုံးထဲရှိ မနာလိုမှုများကို ဖုံးကွယ်ဖို့ပင် မကြိုးစားဘဲ ပထမ အန်တီအား ကြည့်လို့နေသည်။
ချင်းဟွာ၏ ရောက်ရှိလာမှုကြောင့် လူအများမှာ အဘိုးဝေ့နှင့် ချန်းဖန်တို့အား အလျင်အမြန် မေ့သွားကြသည်။
ဝေ့ကျီချင်းက သည်းမခံနိုင်တော့ဘဲ အထွန့်တက် လိုက်သည်။
"ချင်းဟွာက လေးစားမှု မရှိလိုက်တာ အဘိုးက သူ့ထက် မျိုးဆက်တစ်ဆက် ပိုကြီးတာတောင် အဘိုးရှေ့မှာ မောက်မောက်မာမာ ပြုမူရဲတယ်"
"ရည်မှန်းချက်ကြီးပြီး အောင်မြင်နေတဲ့ လူငယ်မျိုးဆက် တွေက ဒီလိုပါပဲ"
အဘိုးဝေ့က ပြောသည်။ ချင်းဟွာသည် အသက်ငါးဆယ်တွင် အလွန် အောင်မြင်နိုင်သူ ဖြစ်ပြီး အဘိုးဝေ့၏သား ဝေ့ချန်စုန့်ထက်ပင် ပို၍ အလားအလာ ကောင်းသည်။ သို့ဖြစ်ရာ ပင်စင်ယူထားပြီး ဖြစ်သော အဘိုးဝေ့ကို မလေးစားခြင်း အား အပြစ်မဆိုသာပေ။
"လူကြီးမင်းချန်း၊ ချန်းကတော် စိတ်မပူပါနဲ့ တစ်နေ့မှာ ဆရာချန်းက ချင်းဟွာထက်ကို ပိုပြီး အောင်မြင်လာမှာပါ"
ချန်းကောရှင်းတို့ ဇနီးမောင်နှံ မျက်နှာ မကောင်းသည်ကို မြင်သော် အဘိုးဝေ့က ပြောလိုက်တာ ဖြစ်သည်။
ချန်းနဉ်သည် အခြားသူများကဲ့သို့ ချင်းဟွာဆီသို့ သွားနှုတ်မဆက်ဘဲ ချန်းဖန်တို့ စားပွဲ အနီးတွင်သာ ကျန်ရစ်ခဲ့သည်။ သူမက အဘိုးဝေ့၏ စကားများကို ကြားသော် မျက်ခုံးပင့်မိသည်။ ချန်းဖန်၏ လျှို့ဝှက်ထားသော အစွမ်းအစများကို သူမ မသိသေးသော်လည်း ချင်းဟွာထက် ပိုအောင်မြင်လာမည် ဆိုတာကတော့ များလွန်းသည်ဟု တွေးမိသည်။
"သူက ချင်းဟွာထက် ပိုပြီး အောင်မြင်လာမယ်"
စကားဝိုင်းအား နားစွန်နားဖျား ကြားသွားသော ဒုတိယ အန်တီက နှာခေါင်းရှုံ့လိုက်သည်။
ချန်းဖန်သည် သူ့ထိုင်ခုံတွင် တိတ်တိတ်ဆိတ်ဆိတ်သာ ထိုင်နေပြီး ချင်းဟွာအား လုံးဝ အရေးမလုပ်ပေ။
အန်းရာသည် သူမ၏ မောင်ငယ်လေးအား လှမ်းကြည့်မိသည်။ သူမအတွက်မူ အခြေအနေတွေ မည်သို့ ပြောင်းလဲသွားပါစေ သူမ မောင်ငယ်လေး ပြောသမျှအား ယုံကြည်မှာ ဖြစ်သည်။
ရုတ်တရက် တအံ့တဩ ပင့်သက်ရှိုက်သံများ ခြံဝန်းအဝင်ဝ၌ ထွက်ပေါ်လာသည်။
စက္ကန့်ပိုင်းအတွင်း ဆူညံသံများ ပိုမို ကျယ်လောင်လာပြီး အခြား စကားပြောသံများကိုပင် ဖုံးလွှမ်းသွားသည်။ ထို့နောက် ရုတ်တရက် ပြန်လည် တိတ်ဆိတ်သွားပြီး ခြံဝန်းတစ်ခုလုံး အပ်ကျသံပင် မကြားရတော့ လောက်အောင် ငြိမ်ကျသွားသည်။
"ဘာတွေ ဖြစ်နေတာလဲ"
ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်သွားချိန်တွင် ချင်းဟွာက ကျင်းမြို့တော်အတွက် သူ၏ အနာဂတ် အစီအစဉ်များအား ရှင်းပြနေတာ ဖြစ်သည်။ နှောင့်ယှက်ခံ လိုက်ရ၍ မကျေနပ်မှုတို့က ချင်းဟွာ၏ မျက်လုံးများထဲ ဖြတ်ပြေးသွားသည်။
"အပြင်မှာ ဘာဖြစ်နေလဲ သွားပြီး စစ်ဆေးလိုက်ပါ့မယ်"
ချင်းဟွာ၏ အလိုမကျမှုအား သတိထား မိသွားသော အတွင်းရေးမှူးကျန်းက အလျင်အမြန် ပြောလာ၏။
အတွင်းရေးမှူးကျန်း ထွက်သွားသောအခါ ချင်းဟွာက စကားစကို ပြန်ဆက်လိုက်သည်။
"ခုန ကျုပ် ဘာအကြောင်း ပြောနေတာလဲ ဪ ... ချန်းမိသားစုရွာမှာ ပြန်လည် ထူထောင်ရေး စင်တာ ဆောက်ဖို့အကြောင်း ပြောနေတာ ..."
ချင်းဟွာ၏ စကားမှာ သုတ်သီးသုတ်ပျာ ပြေးဝင်လာသော အတွင်းအရေးမှူးကျန်းကြောင့် နောက်တစ်ကြိမ် ပြတ်တောက်သွားပြန်သည်။
"ဘာဖြစ်ရပြန်တာလဲ"
ချင်းဟွာက မေးသည်။
အတွင်းရေးမှူးကျန်း၏ မျက်နှာမှာ စက္ကူစတစ်စကဲ့သို့ ဖြူဆုတ်နေပြီး သူသယ်ယူလာသော သတင်းမှာ အတော် ထိတ်လန့်ဖွယ် ကောင်းပုံရသည်။ သို့သော်လည်း သူ့ခမျာ ကြိုးစား ပြုံးနေရသည်။
"အပြင်မှာ ... လီမူချန်း ရောက်နေတယ်"
အတွင်းရေးမှူးကျန်းက တိုးတိုးလေး ကပ်ပြောသည်။
"လီမူချန်းဆိုတာ ဘယ်သူလဲ ငါစကားပြောနေတာ မင်းမမြင် ..."
ချင်းဟွာသည် စိတ်မရှည်ဟန်ဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
သို့သော် သူ့ခေါင်းအား ခြံဝန်း အဝင်ဝဘက်သို့ လှည့်လိုက်သည်တွင် ပြောလက်စ စကားလုံးများမှာ အငွေ့ပြန် ပျောက်ကွယ်သွားကာ ဖြစ်ပျက်နေသည့် အရာများအား နားလည်သွားရသည်။
ဆံပင်များ ဖြူနေသော လူအိုကြီး တစ်ယောက် ခြံဝန်းထဲသို့ ဝင်လာနေသည်။ လူအိုကြီး၏ မျက်ခုံးနှစ်ဖက်မှာ ဖြောင့်တန်းပြီး လမ်းလျှောက်ဟန်က တည်ငြိမ်ကာ ကြည့်လိုက်ရုံနှင့်တင် ယုံကြည်မှု ပြည့်ဝသော လူတယောက် ဖြစ်ကြောင်း သိနိုင်သည်။
"လူကြီးမင်းလီပါလား ဘယ်လေတိုက်လို့ ဒီကို ရောက်လာ တာများလဲ"
လီမူချန်းသည် ကြိုးစားပြုံး၍ နှုတ်ဆက်လိုက်သော်လည်း သူ့အပြုံးက ငိုတော့မည့်နှယ် မဲ့တဲ့တဲ့ ဖြစ်နေသည်။ လီမူချန်း တစ်ယောက်လုံး ရောက်လာသည်ကိုပင် သတိမထားမိသည့် ကိုယ့်ကိုကိုယ် အပြစ်တင်၍ မဆုံး။ အစိုးရဘက်တွင် သူ၏ ရာထူးကား လီမူချန်းနှင့် ယှဉ်ပါက ဘာမှ မဟုတ်သေးပေ။
"အင်း"
လီမူချန်းဟူသော လူအိုကြီးက ခေါင်းသာ ညိတ်ပြပြီး ချင်းဟွာကို ကျော်ကာ ဆက်လျှောက်သွားသည်။ လီမူချန်း၏ မျက်စိထဲတွင် ချင်းဟွာကား သူနှင့် စကားရပ် ပြောရန်ပင် မထိုက်တန်တာ ဖြစ်သည်။
ချင်းဟွာက ထိုသို့ လျစ်လျူရှု ခံရမည်မှန်း မျှော်လင့်ထားပြီး ဖြစ်သော်လည်း အနည်းနဲ့ အများတော့ စိတ်ပျက်သွားမိသည်။ သို့သော် လီမူချန်း၏ နောက်မှ လိုက်ပါလာများထဲမှ တယောက်အား မြင်လိုက်ရသောအခါ ချင်းဟွာတစ်ယောက် မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားရသည်။
ထိုတစ်ယောက်ကား အရေးကြီးသော စစ်ဘက်ဆိုင်ရာ အစည်းအဝေးများ၌ တစ်ခါတစ်ရံ တွေ့ရလေ့ရှိသော ခေါင်းကြီးပိုင်းမှ အရာရှိတစ်ယောက် ဖြစ်သည်။ ယခုတွင်တော့ ထိုလူသည် စကားတစ်ခွန်း မဆိုဘဲ အနောက်ဘက်၌ တိတ်ဆိတ်စွာ မတ်တတ် ရပ်နေသည်။
"ဘုရားသခင် စစ်တပ် ဌာနချုပ်က အရာရှိတွေက ဒီကို အစုလိုက် အပြုံလိုက် ရောက်လာကြတယ် ဘာတွေ ဖြစ်နေတာလဲ"
လီမူချန်းသည် ခြံဝန်းအလယ်၌ မတ်တတ် ရပ်နေပြီး စကား စမပြောသေးပေ။ ချန်းမိသားစုရွာ တစ်ခုလုံး၌ တိတ်ဆိတ်မှုတို့ ကြီးစိုးနေသည်။
လီမူချန်းက လူအများအပြား ရှိနေသော ခြံဝန်းအား အကဲခတ်လိုက်ပြီး သူရှာဖွေနေသူအား တွေ့ရှိသွားပုံရသည်။ စကားတစ်ခွန်း မဆိုဘဲ တစ်နေရာသို့ ဦးတည် လျှောက်သွားသည်။
"သူက အဘိုးဝေ့ဆီကို လာနေတာများလား"
လီမူချန်း အဘိုးဝေ့ထံသို့ ဦးတည်နေသည်ကို မြင်သော် အားလုံးက ဆွေးနွေး ခန့်မှန်းမိကြသည်။
သို့သော်လည်း လက်တွေ့ အဖြစ်အပျက်ကား စိတ်ကူးယဉ် ဆန်လွန်းလှသည်။
လီမူချန်းသည် ချန်းဖန်ထံသို့ တည့်တည့်မတ်မတ် ရောက်သွားပြီး ပြုံးကာ ပြောလေ၏။
"ဆရာချန်း ... နောက်ဆုံးတော့ ကျုပ်တို့နှစ်ယောက် ဆုံဖြစ်ခဲ့ပြီ ဒီလိုနေ့မျိုးကို ကျုပ် အကြာကြီး စောင့်ခဲ့ရတာပါ"
နောက်ဆုံးတော့ ချန်းဖန်လည်းပဲ ထိုင်ခုံမှ ထလာကာ ခပ်ဖြည်းဖြည်း ပြန်ပြောလိုက်သည်။
"ကျေးဇူးပဲ"
ချန်းဖန်၏ သာမန်ကာလျှံကာ လေသံကြောင့် လူတိုင်း ဆွံ့အကြရသည်။ လီမူချန်းကမူ ထိုအပြုအမူအား စိတ်ထဲ ထားပုံ မရပေ။ ချန်းဖန်၏ လက်တ!ဖက်အား ဆွဲယူကာ ပျော်ပျော်ရွှင်ရွှင်နှင့် သာကြောင်းမာကြောင်း မေးမြန်းလို့နေသည်။
ထိုမြင်ကွင်းက အဘိုးချန်း အပါအဝင် ချင်းဟွာ၊ ချန်းကျန်းရှင်း၊ ချန်းအန်း နှင့် ချန်းကောရှင်းတို့ ဇနီးမောင်နှံအထိ ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ တချို့ ဧည့်သည်များ ဆိုလျှင် အံ့ဩလွန်း၍ နောက်ပြန် လန်ကျတော့မတတ်။
ခြံဝန်းတ!ခုလုံး တိတ်ဆိတ်နေပြီး ချန်းဖန်နှင့် လီမူချန်းတို့သာ စကား ဆက်ပြောနေကြသည်။
ချန်းဖန်ကဲ့သို့ ဆယ့်ခုနစ်နှစ်သားလေးက လီမူချန်းနဲ့ တန်းတူ စကားပြောနိုင်လိမ့်မည်ဟု ဘယ်သူကမှ မျှော်လင့်မထားခဲ့ပေ။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒါက လီမူချန်းလေ"
"လီမူချန်းနဲ့ ချန်းဖန်"
အားလုံး၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ယောက်ယက် ခတ်နေကြသည်။
ချန်းအန်းသည် သူ့ရှေ့မှ မြင်ကွင်းအား ကြည့်ရင်း အေးခဲသွားသလို ခံစားရ၏။ သူက သူ့ညီဝမ်းကွဲအား ဘယ်တုန်းကမှ သေချာ မသိခဲ့တာ ဖြစ်နိုင်သည်။
ရုတ်တရက် ကူကယ်ရာမဲ့သော စိတ်ဓာတ်ကျမှုတို့က ချန်းအန်း၏ စိတ်ဝိညာဉ်ကိုပင် တိုက်စားသွား သယောင်။
"လီမူချန်းနဲ့ တန်းတူ စကားပြောနိုင်ဖို့ ငါသာဆိုရင် အချိန် ဘယ်လောက်လောက် ကြိုးစားရနိုင်လဲ ဆယ်နှစ် နှစ်နှစ်ဆယ် ဒါမှမဟုတ် ဘယ်တော့မှ"
ချန်းဖန်၏ ဦးလေးများနှင့် အဒေါ် များသည်လည်း ကြောင်အ နေကြသည်။ သူတို့က မလှုပ်မယှက် ငေးကြောင်နေကြပြီး နေ့ခင်းကြောင်တောင် အိမ်မက်မက်နေသလို ခံစားနေကြရသည်။
သို့သော် စိတ်မကောင်းစရာပင်။
လီမူချန်း အပါအဝင် သူနှင့် လိုက်ပါလာသော ထိပ်တန်း အရာရှိများကား အိပ်မက်မဟုတ်ဘဲ လက်တွေ့တွင် ရှိနေကြခြင်း ဖြစ်သည်။
"ဒီမတိုင်ခင်က သူ့ကိုယ်သူ ပြောနေခဲ့သမျှက အမှန်တွေပေါ့ အသားလွတ် မောက်မာနေတာ မဟုတ်ဘဲ အမှန်တွေ တဲ့လား ကံကြမ္မာက ငါ့ကို နောက်ပြောင် နေခဲ့တာပဲ"
ထိုသို့ရေရွတ်ရင်း ချန်းနဉ် မိမိကိုယ်ကို လှောင်ရယ် လိုက်မိသည်။
အဘိုးဝေ့သည်ပင် သက်ပြင်းချကာ ညည်းညူလိုက်သည်။
"လီမူချန်းကိုယ်တိုင် ရောက်လာတယ် ဆိုတော့ ... ဆရာချန်းရဲ့ လွှမ်းမိုးနိုင်စွမ်းကို ငါလျှော့တွက် ခဲ့မိသေးတာပဲ"
ချန်းဖန်က သူတို့ ဝေ့မိသားစု၏ တောင်းပန်မှုအား လက်ခံလိုက်၍သာ တော်သေးသည်။ ယနေ့ လီမူချန်းနှင့် တွေ့ဆုံမှုပြီးနောက် ဝေ့မိသားစု သာမက ဘယ်သူကမှ ချန်းဖန်၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
ဝေ့ကျီချင်းသည် လီမူချန်းနှင့် တန်းတူ စကားပြောနေသော သူမထက်ပင် ငယ်သည့် လူငယ်လေးအား သတိလက်လွတ် ငေးကြည့်နေမိသည်။ ယနေ့ မတိုင်ခင်အထိ သူမက ထိုလူငယ်လေး၏ လွှမ်းမိုးနိုင်စွမ်းအား လျှော့တွက် မိသေးခဲ့ကြောင်း သဘောပေါက်လာရသည်။
"ဒီတော့ ... ဒါက အထွက်အထိပ် အဆင့် ပညာရှင် တစ်ယောက်ရဲ့ အဆင့်အတန်းပေါ့"
ဝေ့ကျီချင်း ရေရွတ်လိုက်မိသည်။
ချန်းကောရှင်း၊ ဝမ့်ရှောင်ယွင်နှင့် အန်းရာတို့ကမူ ချန်းဖန်အား ဂုဏ်ယူနေသော အပြုံးများဖြင့် ကြည့်နေကြသည်။ ချန်းဖန်၏ အောင်မြင်မှုအတွက် သူတို့ သုံးယောက်လုံး အမှန်ပင် ပျော်ရွှင်ရ၏။
ရှုအောင်း၏ မျက်လုံးများသည် အရောင်တစ်ချက် လက်သွားသည်။
ဆရာချန်းက လီမူချန်းနဲ့ တန်းတူ အဆင့်မှာ ရှိနေမှတော့ ဘယ်သူကများ သူ့ကို စိန်ခေါ်ရဲတော့မှာလဲ။
ခြံဝန်းအတွင်းရှိ လူတိုင်းသည် ချန်းဖန်အား လေးစား အားကျစွာ ကြည့်နေကြသည်။ လူတို့၏ သဘာဝကိုက မိမိထက် မသိမသာ သာနေသူများအား မနာလို တတ်ကြသော်လည်း ထိုလူက မိမိထက် အပြတ်အသတ် သာသွားပြီ ဆိုပါက အားကျ နေရုံသာ တတ်နိုင်တော့တာ ဖြစ်သည်။
အပြန်အလှန် နှုတ်ဆက်ခြင်းများ ပြီးစီးသည့်နောက် လီမူချန်းက အလေးအနက် ပြောလာ၏။
"ဆရာချန်း ... ကျုပ်တို့ သီးသန့် စကားပြောလို့ ရနိုင်မလား"
"ဒါပေါ့"
ချန်းဖန် ခေါင်းညိတ်လိုက်သည်။ အရေးကြီးသည့် ကိစ္စအား ဆွေးနွေးရန် အချိန် ရောက်လာပြီ ဖြစ်သည်။
ခြံဝန်းထဲရှိ လူများသည် အသီးသီး လမ်းဖယ်ပေးကြရာ အလယ်တည့်တည့်၌ ခြံဝန်းအပြင်သို့ ထွက်ခွာနိုင်ရန် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
ချန်းဖန်နှင့် လီမူချန်းတို့ ထိပ်တန်းအရာရှိများ ခြံရံကာ ထွက်ခွာသွားသည်အထိ လူတိုင်းမှာ ကိစ္စရပ်များအား ဆက်စပ် တွေးတောနိုင်ရန် ကြိုးစားနေကြဆဲ ရှိသေးသည်။
ခဏမျှကြာပြီးနောက် ... အဘိုးချန်း၏ ဦးလေး၊ လက်ရှိ ချန်းမိသားစုမှ အသက်အကြီးဆုံး အကြီးအကဲက မတ်တတ်ရပ်လာကာ မျက်ရည်များ ဝေ့သီနေသော မျက်လုံးများဖြင့် ရေရွတ်လိုက်လေသည်။
"နောက်ဆုံးတော့ ချန်းမိသားစုအတွက် စစ်မှန်တဲ့ ဆက်ခံသူတစ်ယောက် ရှိလာခဲ့ပြီ"
***