← Chapters

ဘယ်သူမှ ငါ့ကို သေချာ မသိဘူး

Vol. 2 Ch. 142

ဘယ်သူမှ ငါ့ကို သေချာ မသိဘူး

Vol. 2 Ch. 142

မထင်မှတ်ထားသော အလှည့်အပြောင်း များစွာ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ချန်းမိသားစုကလန် နှစ်စဉ်တွေ့ဆုံပွဲ ပြီးဆုံးသွားခဲ့သည်။

ဧည့်သည်များသည် စိတ်အတွင်း၌ မရေမရာ မေးခွန်းများ အပြည့်ဖြင့် ပြန်သွားကြရသည်။ အဘိုးဝေ့ အပါအဝင် ကျန်းပေ့ဒေသမှ သူဌေးကြီးများလည်း ပြန်လည် ထွက်ခွာသွားကြသည်။ ချင်းဟွာကား မျက်နှာ အပျက်ပျက်ဖြင့် ခွင့်တောင်းကာ ဦးဆုံး ပြန်သွားသူ ဖြစ်သည်။

ချန်းဖန် ပြန်ရောက်လာသောအခါ ပင်မ အစည်းအဝေးခန်းမ ထဲသို့ အခေါ်ခံရသည်။ ခန်းမထဲတွင် အသက်ကြီးနေသော အကြီးအကဲများမှ လွဲ၍ ကျန်သော အရေးကြီး မိသားစုဝင်များ အစုံအလင် ရှိနေသည်။

ချန်းဖန်သည် ယခင်က သူတို့သိခဲ့သော ဆယ်ကျော်သက်လေး မဟုတ်တော့မှန်း အားလုံး နားလည်ကြသည်။ ချန်းကောရှင်းတို့ ဇနီးမောင်နှံပင် သူတို့သားအား တစ်ကြိမ်မှ မမြင်ဖူးသော သူစိမ်းကဲ့သို့ ကြည့်နေမိသည်။

"ကျွန်တော့်မှာ ပြောစရာ တစ်ခုရှိတယ်"

ချန်းဖန်က ပြောသည်။

ထိုင်ခုံပေါ်တွင် ယုံကြည်ချက် အပြည့်နှင့် ထိုင်နေသော ချန်းဖန်၏ ဟန်ပန်က ဆယ့်ခုနစ်နစ်သား လူငယ်လေးနှင့် မတူဘဲ ဝါရင့်သမ္ဘာရင့် အကြီးအကဲ တစ်ယောက်နှင့် ပိုတူသည်။

ချန်းဖန်၏ အကြည့်က သူ့အပေါ် ရောက်ရှိလာသောအခါ ဒုတိယဦးလေး ရင်မဆိုင်ရဲဘဲ ခေါင်းငုံ့လိုက်မိသည်။

ခဏကြာပြီးနောက် ချန်းဖန်၏ စကားသံအား သူကြားလိုက်ရသည်။

"ချန်းချန်ရှင်းကို ချန်းလုပ်ငန်းစုရဲ့ ကိုယ်စားလှယ် နေရာကနေ ဖြုတ်ချပြီး ဝမ့်ရှောင်ယွင်နဲ့ အစားထိုးပေးပါ ဒါက ကျွန်တော့်ရဲ့ တောင်းဆိုချက်ပဲ"

"ဘာ"

ဒုတိယအန်တီသည် သူမဝိညာဉ်အား ခန္ဓာကိုယ်မှ ဖယ်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

"ငါ သဘောတူတယ်"

"ငါရောပဲ"

"သဘောတူတယ်"

သဘောတူသံများက ဟိုမှသည်မှ ပျံ့လွင့်လာသည်။ ချန်းချန်ရှင်းသည် အကူအညီ ရလို့ရငြား အစ်ကို ဖြစ်သူအား လှမ်းကြည့်လိုက်သော်လည်း ချန်းကျန်းရှင်း ကိုယ်တိုင်ကပင် ချန်းဖန်၏ အဆိုကို ခေါင်းညိတ် ထောက်ခံနေသည်။

"ဆုံးဖြတ်လိုက်ပြီ ‌အခုကစပြီး ရှောင်ယွင်က ချန်းလုပ်ငန်းစုရဲ့ ကိုယ်စားလှယ်ပဲ"

အဘိုးချန်းက ကြေညာလိုက်သည်။

အဘိုးချန်း၏ စကား ဆုံးသည့်နောက် ချန်းချန်ရှင်းသည် ကြိုးပြတ်သွားသော အရုပ်ကဲ့သို့ သူ့ထိုင်ခုံပေါ်သို့ ပြိုလဲကျသွားတော့သည်။

ထိုဖြစ်ရပ်က ချန်းရှုအတွက်လည်း သက်ရောက်မှု ကြီးသည်။ သူက ခေါင်းငုံ့ထားကာ သူ့မိသားစု၏ ကံဆိုးမှုအတွက် ညည်းညူ နေရုံသာ တတ်နိုင်သည်။ ချန်းလုပ်ငန်းစု၏ ကိုယ်စားလှယ် ဟူသော ရာထူး မရှိဘဲ နောင်တွင် သူ့ဖခင်ကား ပင်မမိသားစုတွင် အရေးပါသော နေရာ၌ ရပ်တည်နိုင်မည် မဟုတ်တော့ပေ။

ဝမ့်ရှောင်ယွင်က အံ့ဩဝမ်းသာ ဖြစ်နေရသည်။ သူမတွင် ကျင်းရှို့လုပ်ငန်းစု ရှိနေသော်လည်း ချန်းလုပ်ငန်းစုကိုသာ ဦးစီးခွင့်ရမည် ဆိုပါက တစ်နှစ်အတွင်း ချန်းလုပ်ငန်းစု၏ အမြတ်ငွေအား သုံးဆဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်သည်။ လွန်ခဲ့‌သည့် နှစ်များ၌ သူမသည် ချန်းလုပ်ငန်းစုအား ကူညီချင်ခဲ့သော်လည်း ချန်းချန်ရှင်း၏ အသုံးမကျသော ဦးဆောင်မှုအောက်တွင် လုပ်ငန်းမှာ ဆုတ်ယုတ်ပြီးရင်း ဆုတ်ယုတ်နေရသည်။

ထိုအချိန်တွင် ချန်းဖန်က တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ထပ်မံ စကားဆိုလာသည်။

"အားလုံးမှာ မေးခွန်းတွေ အများကြီး ရှိနေမယ်ဆိုတာ ကျွန်တော်သိတယ် အခု မေးလို့ရတယ်"

လူတိုင်း တစ်ယောက်မျက်နှာ တ‌စ်ယောက် ကြည့်နေကြပြီး ပထမဆုံး စမေးရန် တစ်ယောက်မှ မဝံ့ရဲကြ။ နောက်ဆုံး အဘိုးချန်းက ချောင်းဟန့်ကာ မေးလာသည်။

"ရှောင်ဖန် ... လီမူချန်းနဲ့ ‌ဝေ့ဖူတို့ကို ဘယ်လိုသိတာလဲ"

အဘိုးဝေ့နှင့် လီမူချန်းတို့၏ ရောက်ရှိလာမှုက ချန်းမိသားစု တစ်ခုလုံးအား တုန်လှုပ်စေခဲ့ရာ အဘိုးချန်းက ဤမေးခွန်းနှင့် စတင်လိုက်သည်။ ချန်းအန်းနှင့် ချန်းနဉ်တို့၏ ခေါင်းများ ထောင်မတ်သွားပြီး အသက်ရှုဖို့ပင် သတိမရတော့ဘဲ ချန်းဖန်ထံမှ အဖြေကို စောင့်မျှော်နေမိကြသည်။

"အဘိုးဝေ့ရဲ့ ရောဂါဟောင်းကို ကျွန်တော် ကုပေးခဲ့ဖူးတယ် လီမူချန်းကတော့ ... သူက ကျွန်တော့်ဆီမှာ ကိစ္စတစ်ခု အကူအညီ လာတောင်းတာ ..."

ချန်းဖန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။

"အကူအညီ သူက အရမ်း အာဏာရှိတဲ့ လီမူချန်းလေ မင်းက သူ့ကို ဘာတွေ ကူညီနိုင်လို့လဲ"

ချန်းကောရှင်းသည် သူ့သား၏ စကားကြောင့် မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ပြန်မေးမိသည်။

"အဲဒါက ..."

ချန်းဖန်က စက္ကန့်ပိုင်းမျှ တစ်စုံတစ်ရာအား စဉ်းစားနေပြီးမှ ဆက်ပြောသည်။

"အဖေ ... အဘိုး ... အတွင်းအား ပညာရှင်တွေ ဆိုတာကို ကြားဖူးကြလား"

"အတွင်းအား"

ချန်းမိသားစုဝင်များ ဇဝေဇဝါ ဖြစ်သွားကြသည်။

ငါတို့က လီမူချန်းအကြောင်း ပြောနေကြတာ မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး ဝူရှဝတ္ထု တွေထဲက အတွင်းအား ပညာရှင်‌တွေ အကြောင်း ရောက်သွားတာလဲ။

သို့သော် ထိုစကားက အဘိုးချန်းနှင့် ဝမ့်ရှောင်ယွင်တို့အား မှင်တက်သွားစေသည်။ အဘိုးချန်းကား တစ်ချိန်က စစ်တပ်ဘက်တွင် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဝမ့်ရှောင်ယွင်ကမူ တရုတ်ပြည်ရှိ အင်အားကြီး မိသားစုကြီး တစ်ခုတွင် ကြီးပြင်းခဲ့သူ ဖြစ်ရာ နှစ်ယောက်လုံးက 'အတွင်းအား ပညာရှင်' ဟူသော စကားရပ်နှင့် မစိမ်းပေ။

"သိုင်းပညာရှင် တစ်ယောက်က အတွင်းအားကို ပိုင်ဆိုင်လာရင် ရန်သူ ဆယ်ယောက်လောက်ကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်တယ် အစွမ်းထက်တဲ့ အတွင်းအား ပညာရှင်တွေဆိုရင် သေနတ်ကိုတောင် မမှုဘူး အတွင်းအား ပညာမှာမှ အထွတ်အထိပ် ပညာရှင်ဆိုတဲ့ အဆင့်ကို ရောက်သွားရင်တော့ ယေဘုယျအားဖြင့် ပြိုင်ဘက်ကင်းတယ်လို့ ပြောနိုင်တယ်"

ချန်းဖန်က အကျဉ်းချုံး ရှင်းပြလိုက်သည်။

"မင်းက အတွင်းအားပညာရှင် တစ်ယောက်လို့ ဆိုလိုတာလား"

ချန်းကျန်းရှင်းက သံသယနှင့် မေးသည်။

"အမှန်ပဲ"

ချန်းဖန်က ခေါင်းညိတ်သည်။

လူတိုင်းက သိပ်မယုံချင်ကြ။ အထူးသဖြင့် ဒုတိယအန်တီပင်။ သူမက ချန်းဖန် သူမတို့အား အရူးလုပ်နေခြင်း ဖြစ်သည်ဟုသာ ယုံကြည်နေသည်။

"အတွင်းအား ပညာရှင်တွေအကြောင်း အရင်တည်းက ကြားဖူးတယ်"

ဝမ့်ရှောင်ယွင်က ဝင်ပြောသည်။

"ကျွန်မငယ်ငယ်က ကျွန်မရဲ့ သက်တော်စောင့် တွေထဲက တစ်ယောက်က အတွင်းအား ပညာရှင် တစ်ယောက်ပဲ သူက သေနတ်ကျည်ဆန် ကိုတောင် လက်ဗလာနဲ့ ဖမ်းနိုင် လောက်အောင် အစွမ်းထက်တယ်"

"တကယ်ပဲလား"

မယုံနိုင်စွာ မေးလိုက်သံများ ထွက်ပေါ်လာပြန်သည်။

ဝမ့်ရှောင်ယွင်သည် အခြားသူများ ယုံသည်၊ မယုံသည်ကို သိပ်အရေး မစိုက်ပေ။ သူမက ချန်းဖန်၏ မျက်လုံးများထဲ တည့်တည့် စိုက်ကြည့်ကာ အလေးအနက် မေးမိ၏။

"ရှောင်ဖန် ... သားက တကယ်ပဲ အတွင်းအား ပညာရှင်လား"

"အတိအကျ ပြောရရင် အတွင်းအားပညာရဲ့ အထွတ်အထိပ် အဆင့် ပညာရှင်တစ်ယောက် ဆိုတာထက်တောင် ပိုတယ်"

ချန်းဖန်က အေးအေးဆေးဆေး ပြောသည်။

"အထွတ်အထိပ် အဆင့် ပညာရှင်"

ဤတစ်ကြိမ်တွင်တော့ ဝမ့်ရှောင်ယွင်တစ်ယောက် ပြန်ပြောစရာ စကားပင် ရှာမတွေ့တော့ပေ။

"ကျွန်မကတော့ သူလိမ်နေတယ်လို့ပဲ ထင်တယ်"

ဒုတိယအန်တီက ခပ်တိုးတိုး ပြောလိုက်သည်။

သူမက ထိုစကားအား ချန်းဖန်ကြားအောင် သေချာ မပြောရဲသော်လည်း ဒေါသနှင့် မခံမရပ်နိုင်မှုတို့က သူမစိတ်ထဲတွင် ပြည့်နှက်နေ‌သောကြောင့် ချန်းဖန်အား တစ်နည်းနည်းဖြင့် လှောင်ပြောင်နိုင်မှသာ ကျေနပ်နိုင်မှာ ဖြစ်သည်။

ချန်းဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး လက်ချောင်းတစ်ချောင်းအား လေထဲတွင် အသာအယာ ဝှေ့ယမ်းလိုက်သည်။

ချန်းဖန်‌၏ လက်ချောင်းထိပ်မှ ရွှေရောင် အလင်းတန်းလေး တစ်ခုသည် လူတိုင်း၏ မျက်စိ အောက်တွင်ပင် ခန်းမအလယ်ရှိ သစ်သား ကျွန်းစားပွဲကြီးအား ထိမှန်သွားသည်။

"ဘန်း"

ထူထဲလှသော ကျွန်းစားပွဲကြီးမှာ ရွှေရောင် အလင်းတန်းကြောင့် အလယ်မှ နှစ်ပိုင်းပြတ် သွားသည်ကို ကြည့်ရင်း လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

"ဒီတော့ ဒါက ... အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက်ရဲ့ စွမ်းအားလား"

ဝမ့်ရှောင်ယွင် မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။

ချန်းဖန်သည် ဒုတိယ အန်တီဘက်သို့ တည့်တည့် လှမ်းကြည့်လိုက်၏။

"ဒုတိယအန်တီ ... အန်တီက ကျွန်တော့်ကို မှားယွင်း စွပ်စွဲရက်တယ်နော် ဒါပေမဲ့ ကျွန်တော်ကတော့ မိသားစု မျက်နှာကြောင့် အန်တီ့ကို ပြန်မတောင်းပန် ခိုင်းတော့ပါဘူး"

ဒုတိယအန်တီ၏ ခန္ဓာကိုယ်မှာ မထိန်းချုပ်တော့ဘဲ တဆတ်ဆတ် တုန်ယင်နေတော့သည်။

ချန်းဖန်သည် လက်ချောင်းလေး တစ်ချောင်းအား အသာအယာ ဝှေ့ယမ်းရုံဖြင့် သစ်သား ကျွန်းစားပွဲကြီးအား နှစ်ပိုင်း ဖြတ်လိုက်နိုင်သည်။ စားပွဲနေရာတွင် လူ့ခန္ဓာကိုယ်သာ ဆိုပါက ... သူမ ဆက်မတွေးရဲတော့။

"ဘာပဲပြောပြော ကျွန်တော်တို့က မိသားစုတွေပဲ မလား ဒါကြောင့် ကျွန်တော်က ပိုပြီး ယဉ်ကျေးတဲ့ နည်းလမ်းကိုပဲ သုံးသင့်တယ်"

အကယ်၍ ချန်းဖန်က ဤစကားများအား မိသားစု တွေ့ဆုံပွဲ မတိုင်မီက ပြောခဲ့ပါက လူတိုင်း သူ့အား လှောင်ပြောင်ကြမှာ ဖြစ်သည်။ သို့သော် ယခုမူ ဘယ်သူကမှ သူ့အား သံသယ မဝင်ရဲကြ။ ချန်းဖန်သည် လက်တစ်ချောင်း ဝှေ့ယမ်းရုံဖြင့် လူတစ်ယောက်အား သတ်နိုင်သော အစွမ်း ရှိသည်မှာ သူတို့အားလုံး မျက်မြင် ဖြစ်သည်။ ယခင်က ချန်းဖန်အား မကြာခဏ ရန်စခဲ့သူများမှာ ယနေ့အထိ အသက်ရှင် နေသေးသည်ကိုပင် ကျေးဇူး အထပ်ထပ် တင်မိကြ၏။

ချန်းအန်းနှင့် ချန်းနဉ်တို့သည် အံ့ကြိတ်ရင်း ခေါင်းငုံ့နေရုံသာ တတ်နိုင်ကြသည်။

အန်းရာသည် သူမ မောင်ငယ်လေးအား ဂုဏ်ယူနေသော အပြုံးများဖြင့်သာ ကြည့်နေတော့သည်။

အဘိုးချန်းက ရေရွတ်လိုက်သည်။

"အံ့ဩစရာ မရှိတော့ဘူး အခုဆိုရင် လီမူချန်း ရောက်လာတဲ့ အကြောင်းကလည်း အဓိပ္ပာယ် ရှိသွားပြီ"

"လီမူချန်းက သားဆီကနေ ဘာအကူအညီ တောင်းတာလဲ"

ဝမ့်ရှောင်ယွင်က မျက်မှောင်ကြုတ်ကာ မေးသည်။

"အသေးအမွှား ကိစ္စလေးပါ"

ချန်းဖန်က အမှုမထားဟန်ဖြင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ချန်းဖန်၏ ထပ်မပြော လိုတော့သည့် အမူအရာ ကြောင့် ဝမ့်ရှောင်ယွင်က သိလိုစိတ်အား ချိုးနှိမ် ထားလိုက်ပြီး အိမ်ပြန်ရောက်မှ သားဖြစ်သူအား သေချာ ထပ်မေးရန် ဆုံးဖြတ်လိုက်သည်။

"အဘိုး"

ချန်းဖန်သည် ထိုင်ခုံမှ ထကာ အဘိုး‌ချန်း အနီးသို့ တိုးသွားလိုက်သည်။

"ကျွန်တော် အဘိုးဝေ့ရဲ့ ရောဂါကို ကုပေးခဲ့တယ်လို့ ပြောတာ မှတ်မိသေးလား ကျွန်တော်က သိုင်းပညာရှင် တစ်ယောက်တင် မဟုတ်ဘူး ဆေးပညာကိုလည်း အနည်းအကျဉ်း နားလည်တယ် အဘိုးရဲ့ ကျန်းမာရေးကို ကျွန်တော် စမ်းသပ်ဖို့ ခွင့်ပြုပေးပါ"

အဘိုးဝေ့သည် ချန်းဖန်၏ အတည်အတံ့ မျက်လုံးများကြောင့် ငြင်းဆန်ရန် ခက်ခဲသွားပြီး ခွင့်ပြုပေးလိုက်သည်။

ချန်းဖန်သည် အဘိုးချန်း၏ လက်ကောက်ဝတ်အား လက်ချောင်း နှစ်ချောင်းဖြင့် ဟန်ပြ စမ်းသပ်နေရင်း နတ်ဘုရားစိတ်အာရုံဖြင့် အဘိုးချန်း၏ ခန္ဓာကိုယ် တစ်ခုလုံးအား စစ်ဆေးလိုက်သည်။ ကင်ဆာပိုးများကို ရှာတွေ့ဖို့ သိပ်မကြာလိုက်ပေ။ ချန်းဖန် မျက်မှောင်ကြုတ်သွားပြီး စမ်းသပ်ခြင်းအား ရပ်တန့်လိုက်သည်။

"အမှန်တော့ ဒီအကြောင်းကို မိသားစုဝင်တွေကို မကြာခင် အသိပေးဖို့ တွေးထားပြီးသားပါ"

ချန်းဖန်၏ အခက်တွေ့နေသည့် အမူအရာကြောင့် အဘိုးချန်းသည် ချန်းဖန် သူ့ရောဂါအား ရှာတွေ့သွားပြီ ဖြစ်ကြောင်း ရိပ်မိသွားကာ ပြောလိုက်တာ ဖြစ်သည်။

ထို့နောက်တွင် အဘိုးချန်းမှာ နောက်ဆုံးအဆင့် ‌ကင်ဆာရောဂါအား ခံစားနေရကြောင်း မိသားစုဝင်များ အားလုံး သိရှိသွားကြသည်။

"အဖေ"

ချန်းကောရှင်းတို့ ညီအစ်ကိုများ အားလုံး၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံလာသည်။ အဘိုးချန်းကား မိသားစု၏ ကျောရိုးကြီးဖြစ်ကာ အဘိုးချန်းသာ မရှိတော့ပါက မိသားစု တစ်ခုလုံး တကွဲတပြား ဖြစ်သွားမည်မှာ သေချာသလောက်ပင်။

"ဘဝမှာ အသက် ဘယ်လောက် ရှည်ရှည် နေမယ်လို့ ဆုံးဖြတ်လို့ ရတာမှ မဟုတ်တာပဲ ငါထွက်မသွားရခင်မှာ ချန်းမိသားစုအတွက် စစ်မှန်တဲ့ ဆက်ခံသူတစ်ယောက် ရှာတွေ့ခဲ့လို့ တကယ် တန်ပါတယ်"

အဘိုးချန်းသည် ချန်းဖန်အား ကြည့်ရင်း ကျေနပ်စွာ ပြောသည်။

အဘိုးချန်း၏ ပတ်လည်ရှိ လူများမှာ စတင် ငိုရှိုက်ကြတော့သည်။ ချန်းကောရှင်း၏ နှလုံးသားမှာ နာကျင်မှုတို့ ပြည့်နှက်နေပြီး နှစ်နှစ်ဆယ်လုံးလုံး ဖခင်ဖြစ်သူအား ပစ်ထားမိသလို ခံစားရ၍ နောင်တရလို့ မဆုံးပေ။

"အဘိုး ... ကျွန်တော် ကုပေးနိုင်တယ်"

ရုတ်တရက် ချန်းဖန်၏ အသံက ထွက်ပေါ်လာသည်။

"ဘာ"

လူတိုင်း ချန်းဖန်အား မျှော်လင့်တကြီး လှမ်းကြည့်လိုက်မိကြသည်။

ကောင်းကင်ရေစင်နှင့် လျှို့ဝှက်ဆန်းကြယ် ဆေးလုံးများသည် အဘိုးချန်း၏ သက်တမ်းအား ခဏတာ ဆွဲဆန့်ပေးနိုင်သော်လည်း ကင်ဆာရောဂါအား အမြစ်ပြတ် ကုသရန်မူကား စွမ်းအင် တိုးမြှင့်ဆေးလုံးကို ကျိန်းသေ လိုအပ်သည်။ ထို့ပြင် ဆေးလုံးနှင့် တွဲဖက် အသုံးပြုရမည့် 'အသက်ဓာတ် ပညာရပ်'အား ထုတ်ဖော်နိုင်ရန် သူ၏ ကျင့်ကြံဆင့်အား အရင်ဆုံး မြှင့်တင် ရပေမည်။

သူ့အဘိုး၏ အသက်နှင့် ရှောင်ချုံး၏ဘဝ နှစ်ခုလုံးသည် သူ၏ ကျင့်ကြံဆင့်များ ပေါ်တွင် တိုက်ရိုက် မှီခိုနေသည်။ ထို့ကြောင့် အတတ်နိုင်ဆုံး ချီပင်လယ် အဆင့် နှင့် မူလဝိညာဉ် အဆင့်များကို ရောက်ရှိနိုင်ရန် ကြိုးစားရပေမည်။

ထိုအတွေးက ချန်းဖန်အား ချူကျိုးမြို့သို့ ချက်ချင်း ထပြန်ကာ ကျင့်ကြံလိုစိတ်များ ဖြစ်ပေါ်လာစေသည်။

"ဒါပေမဲ့ အဲမတိုင်ခင်မှာ လုပ်စရာတစ်ခု ရှိနေသေးတယ်"

ချန်းဖန်၏ မျက်လုံးများက ဝေဝါးသွားပြီး တုနှိုင်းမဲ့ လှပသော ပုံရိပ်လေး တစ်ခုက သူ့မြင်လွှာများထဲ ထင်ဟပ်လာသည်။

***

All Chapters