← Chapters

ကျင်းမြို့တော်၏ လမ်းမီးရောင်များ

Vol. 2 Ch. 143

ကျင်းမြို့တော်၏ လမ်းမီးရောင်များ

Vol. 2 Ch. 143

နှစ်သစ်ကူးရက်များအတွင်း ယန်ဇီမြစ်ကမ်း တစ်လျှောက်၌ အမျိုးစုံလှသော ပွဲတော်များ ကျင်းပလျက်ရှိသည်။

ကျင်းမြို့တော် တွင်တော့ မီးပုံး လွှတ်တင်ပွဲ ကျင်းပနေသောကြောင့် မြစ်ကမ်း နှစ်ဖက်လုံး၌ မရေမတွက် နိုင်သော မီးပုံးငယ်လေးများဖြင့် လှပနေတော့သည်။ လူများက ၎င်းတို့ လွှတ်တင်လိုက်သော မီးပုံးများအား လက်ဝှေ့ယမ်း နှုတ်ဆက်ရင်း နှစ်သစ်အတွက် ဆုမွန်ကောင်း တောင်းနေကြသည်။

ဆယ်ကျော်သက် တစ်စုသည် မြစ်ကမ်းတစ်လျှောက် ခင်းကျင်းထားသော ဆိုင်များ အားလုံးအား တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နှင့် လိုက်လံ စပ်စုရင်း ပျော်ရွှင်နေကြသည်။

ထိုဆယ်ကျော်သက် အုပ်စုထဲတွင် မြင်လိုက်သူတိုင်း နှစ်ခါပြန် မကြည့်ဘဲ မနေနိုင်လောက်အောင် လှပသော မိန်းကလေး တစ်ယောက်လည်း ပါဝင်သည်။ သူမသည် မိတ်ကပ် ထူထူကြီးများ လိမ်းခြယ် မထားသော်လည်း မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီကကို ချွင်းချက်မရှိ လှပနေပြီး တော်ဝင်ဆန်ကာ ကျက်သရေရှိသည့် ခံစားချက်ကိုလည်း ပေးသည်။

ထိုမိန်းကလေး၏ ဘေးတွင်မူ ‌သေသပ်ကျနစွာ ဝတ်စားထားသော လူငယ်တစ်ယောက် ရှိနေသည်။ လူငယ်၏ ယုံကြည်ချက် ပြည့်ဝကာ တသီးတခြားဆန်သော ဟန်ပန်ကို ကြည့်လျှင် အင်အားကြီး မိသားစု တစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်း သိနိုင်သည်။ အုပ်စုထဲရှိ အခြားသော ဆယ်ကျော်သက်များ ကလည်း လူငယ်အား အလွန် အရေးပေးကြသည့်ပုံ ပေါ်သည်။

"ရှောင်ချုံး ... ဟိုမှာကြည့် မျက်လှည့်ပြပွဲ ထင်တယ် သွားကြည့်ရအောင်"

မိန်းမလှလေး၏ လက်မောင်းအား ချိတ်ထားသော မိန်းကလေး တစ်ယောက်က စိတ်ဝင်တစား ပြောလိုက်သည်။

မြစ်ကမ်း၏ အဆုံးတစ်နေရာ၌ မီးရောင်စုံများ ထွန်းညှိထားပြီး လူကြိတ်ကြိတ် တိုးနေသော စတိတ်စင် တစ်ခုရှိသည်။ ထိုစင်‌ပေါ်၌ မျက်လှည့်ပွဲတစ်ခု ပြသနေဟန် ရသည်။

မိန်းမလှလေးသည် စတိတ်စင်ဘက်သို့ လှမ်းကြည့်နေရင်း မရည်ရွယ်ပါဘဲ သူမတို့ ရပ်နေသော နေရာ၏ ဘေးဘက်ရှိ မှောင်ရိပ်ကျသော နေရာတွင် ထိုင်နေသူ တစ်ယောက်ကို သတိပြုမိသွားသည်။

ထိုလူ၏ အရှေ့တွင် ခပ်သေးသေး အလံတိုင်တစ်ခု ထိုးစိုက်ထားသည်။

"ကံကြမ္မာ ရေစက်"

"ရှေ့ဖြစ်ဟောတဲ့ သူလား"

ဖန့်ချုံးသည် ထိုကဲ့သို့ အရာများအား ဘယ်တုန်းကမှ ယုံကြည်ခဲ့ဖူးသူ မဟုတ်။ သူမ၏ မိန်းကလေး သူငယ်ချင်းများသည် တစ်ခါတစ်ရံ တားရော့ကတ်များဖြင့် ဟောစာတမ်းဖတ်ခြင်း ကဲ့သို့သော အရာများ လုပ်လေ့ ရှိသော်လည်း သူမက တစ်ခါမှ မပါဝင်ခဲ့ပါ။ သို့သော် ယခုမူ အမှောင်ထဲတွင် ထိုင်နေသော ထူးဆန်းသည့်လူဆီသို့ သူမ၏ ခြေထောက်များက အလိုအလျောက် လျှောက်သွားမိသည်။ သူမ သူငယ်ချင်းက သူမအား လှမ်းဆွဲသော်လည်း ထိုလှမ်းဆွဲလာသည့် လက်အား ဖြုတ်ချကာ အမှောင်ထဲမှ လူဆီသို့ ဆက်သွားနေမိသည်။ ရုတ်တရက် ရှင်းပြရခက်သော ခံစားချက်တစ်ခုက သူမနှလုံးသားထဲ ဝင်ရောက်လာသည်။

ထူးဆန်းသည့် ရှေ့ဖြစ်ဟောသူသည် လမ်းမီးရောင် မရောက်သည့် အမှောင်ချချ နေရာတွင် ထိုင်နေပြီး ထူထဲသော မြူနှင်းထု တစ်ခုက သူ့မျက်နှာအား ဖုံးကွယ်ထား သကဲ့သို့ ခပ်ဝါးဝါး ဖြစ်နေသည်။ ထို့ကြောင့် ဖန့်ချုံးသည် တစ်ဖက်လူ၏ မျက်နှာအား ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"မင်္ဂလာပါ ရှင်က ရှေ့ဖြစ်ဟောတဲ့ သူလား"

ဖန့်ချုံး၏ သူငယ်ချင်းသည် အသိစိတ် လွတ်နေသကဲ့သို့ ဖြစ်နေသော ဖန့်ချုံးနောက်သို့ လိုက်လာပြီး အမှောင်ထဲရှိ ထူးဆန်းသည့် လူအား သတိထားကာ မေးလိုက်သည်။

"ငါက ရှေ့ဖြစ်ဟော တဲ့သူ မဟုတ်ဘူး"

ထူးဆန်းသည့်လူ က ပြောသည်။

"ဒါဆို ရှင်က ဒီအလံနဲ့ ဘာလုပ်နေတာလဲ"

မိန်းကလေးက နှာခေါင်းရှုံ့ကာ ပြန်ပြောသည်။

"အတိတ်ဘဝက ငါ့ရဲ့ ချစ်သူကို ဒီမှာ လာစောင့်နေတာ"

ထူးဆန်းသည့်လူက အနည်းငယ် ‌ဆွေးမြေ့နေသော အသံနှင့် ပြော၏။

"အတိတ်ဘဝက ချစ်သူ"

ဖန့်ချုံးနောက်သို့ လိုက်လာကြသော ဆယ်ကျော်သက် အုပ်စု တစ်ခုလုံး တဟားဟား ရယ်မောလိုက်ကြသည်။

သူတို့အားလုံးသည် ကျင်းမြို့တော်၏ ပညာတတ် အထက်တန်းလွှာ မိသားစုများမှ ဖြစ်ကြရာ သဘာဝလွန် ဖြစ်ရပ်များအပေါ် အယုံအကြည် မရှိပေ။ အုပ်စုထဲမှ လူငယ်တစ်ယောက်က ဟာသလုပ်ခြင်းတစ်ဝက်၊ သရော်ခြင်းတစ်ဝက်ဖြင့် မေးလာသည်။

"ဒီမှာ လူတွေ အရမ်းများနေတာကို ဘယ်မိန်းကလေးက ခင်ဗျားရဲ့ အတိတ်ဘဝက ချစ်သူမှန်း သိရောသိလို့လား တွေ့ကရာလူ တစ်ယောက်ကို ကောက်ရွေးပြီး 'မင်းက ကိုယ့်ရဲ့ အတိတ်ဘဝက ချစ်သူပါ' ဆိုပြီး လိုက်ပြောမလို့လား"

"ငါက သူ့ကို စောင့်လာခဲ့တာ နှစ်ပေါင်းငါးရာ ကျော်ပြီ သေချာတာပေါ့ အရမ်းဝေးတဲ့ နေရာတစ်ခုကနေ မြင်လိုက်ရရင်တောင် ငါသူ့ကို မမှတ်မိနိုင်တယ်"

ထူးဆန်းသည့်လူက လေးနက်စွာ ပြောသည်။

"နှစ်ငါးရာကျော် စောင့်နေခဲ့တယ် ခင်ဗျားက မသေမျိုး မလို့လား"

ဆယ်ကျော်သက်များက ဝါးလုံးကွဲ အော်ရယ်ကာ လှောင်ပြောင်လိုက်ကြသည်။

"ငါက အစစ်အမှန် နတ်ဘုရားဂိုဏ်းက အကြီးအကဲ ထန်ချင်ရဲ့ ခုနစ်ယောက်မြောက် တိုက်ရိုက်တပည့်ပဲ ငါ့ရဲ့နာမည်က ချန်းပေ့ရွှမ်း လူတွေက ငါ့ကို 'မြောက်အရပ်က ကောင်းကင်ဘုံ နတ်ဘုရား' လို့ ခေါ်ကြတယ် ငါနဲ့ မသေမျိုးတစ်ယောက် ကြားမှာ ဘာများ ကွာခြားနေလို့လဲ"

ထူးဆန်းသည့်လူက အတည်အတန့် ပြန်ပြောသည်။

ထိုလူ၏ စကားများသည် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆယ်ကျော်သက် အုပ်စုမှ စိတ်ဝင်စားမှု မြင့်တက်သွားကြပြီး ထူးဆန်းသည့်လူ၏ ဘေးပတ်လည်တွင် နေရာယူလိုက်ကြပြီး တစ်ယောက်တစ်ပေါက် မေးခွန်းများ မေးကြတော့သည်။

ဖန့်ချုံး၏ သူငယ်ချင်း မိန်းကလေးသည် ရယ်ချင်နေသော ပြုံးစိစိ မျက်နှာဖြင့် ထူးဆန်းသည့် လူအား မေးလိုက်သည်။

"ဆရာကြီးချန်းပေ့ရွှမ်း ရှင့် ... ကျွန်မက ရှင့်ရဲ့ အတိတ်ဘဝက ချစ်သူနဲ့ တူလား ကြည့်ကြည့်ပါဦး"

ထိုမိန်းကလေးသည် ဂျင်းဘောင်းဘီရှည်နှင့် လောင်းကုတ် အရှည်အား ဝတ်ဆင်ထားပြီး သွယ်လျသည့် ခန္ဓာကိုယ်ကြောင့် ဆယ့်ခုနစ်နှစ် အရွယ်ဟု မထင်ရလောက်အောင် ဆွဲဆောင်မှုရှိရှိ လှပနေသည်။ ထို့ပြင် သူမသည် အထက်တန်းကျောင်းတွင် ယောက်ျားလေးများ အကြား၌ ရေပန်းစား နာမည်ကြီးသူလည်း ဖြစ်သည်။

သို့သော် အားလုံးအား အံ့ဩသွားစေသည်မှာ ထူးဆန်းသည့်လူသည် တွေဝေခြင်း အလျဉ်းမရှိဘဲ ခေါင်းယမ်းလိုက်ပြီး ငြိမ်သက်စွာ မတ်တတ် ရပ်နေသော ဖန့်ချုံးအား ညွှန်ပြလိုက်ခြင်း ဖြစ်သည်။

"အဲဒီသူက သူပဲ"

"ဘယ်လို"

ထူးဆန်းသည့်လူ၏ စကားကြောင့် လူတိုင်း အံ့ဩ သွားကြသည်။

ထိုစကားကိုကြားသော် ဖန့်ချုံး၏ ဘေးတွင် ရပ်နေသော လူငယ်သည် ဘဘောမကျစွာ မျက်ခုံးတို့ တွန့်ကွေး သွားသည်။

ထို့နောက် လူငယ်သည် သူ့ဘေးနားရှိ ဖန့်ချုံးအား လှမ်းကြည့်လိုက်ချိန်တွင်တော့ သူ့မျက်လုံးများက သိသိသာသာ နူးညံ့သွားသည်။ ဖန့်ချုံးသည် မိတ်ကပ် ပါးပါးလေးသာ လိမ်းခြယ် ထားသော်လည်း သူမ၏ ကျက်သရေ ရှိလှသော အလှအား ကျယ်ဝန်းလှသော တရုတ်ပြည် တစ်ခုလုံးရှိ ဘယ်မိန်းကလေးကမှ ယှဉ်နိုင်မည် မထင်ပါ။ ထူးဆန်းသည့် လူသည် ဖန့်ချုံးအား ရည်ညွှန်း ပြောဆိုနေသည်ကို လူငယ်က သတိထားမိသော်လည်း ဘာမှ ဝင်မပြောဘဲ ဆက်စောင့်ကြည့်နေလိုက်သည်။

လူငယ်သည် အင်အားကြီး မိသားစုမှ ဖြစ်သည်သာ မကဘဲ ရွယ်တူ လူငယ်များ ကြားတွင်လည်း ထူးချွန် ထက်မြက်သူ ဖြစ်ရာ လမ်းမပေါ်တွင် တွေ့သော ကြုံရာလူ တစ်ယောက်က ဖန့်ချုံးအား စိတ်ဝင်စားနေခြင်း အပေါ် မည်သည့် ခြိမ်းခြောက်မှုမျိုးမှ မခံစားရပေ။

"ကျွန်မ"

ဖန့်ချုံးသည် အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး မေးလိုက်သည်။

"အမှန်ပဲ ... ကိုယ်မင်းကို ပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ် နားထောင်ပေးမလား"

ထူးဆန်းသည့်လူ၏ အသံသည် အေးစက်စက် ဖြစ်နေသော်လည်း ထိုအေးစက်စက် အသံထဲတွင် နှစ်ပေါင်းများစွာ ချစ်ရသူအား စောင့်မျှော်နေခဲ့သူ တစ်ယောက်၏ ဆို့နင်သော ခံစားချက်တို့ ကိန်းဝပ်နေသည်။ ထိုအသံသည် စီးဆင်းနေသော အချိန်အား ရပ်တန့်သွားစေပြီး နားထောင်နေသူတို့ကို လွန်ခဲ့သော နှစ်ပေါင်းငါးရာသို့ ပြန်ဆွဲခေါ်သွား သ‌ယောင်။

"ကျွန်မ နားထောင်ချင်တယ်"

ဖန့်ချုံးက ခေါင်းညိတ်လိုက်သည်။

"ကိုယ်ပြောပြမယ့် အကြောင်းက ချန်းပေ့ရွှမ်းလို့ ‌ခေါ်တဲ့သူ တစ်ယောက်နဲ့ နတ်ဘုရားမလေး ကျီချုံးတို့ အကြောင်းပဲ ... သူတို့နှစ်ယောက် ကလေးဘဝတည်းက ရင်းနှီးခဲ့ကြဖူးတယ် ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ကွဲကွာသွားခဲ့ပြီး သူတို့နှစ်ယောက် ပြန်တွေ့တဲ့အချိန်မှာ နှစ်ယောက်လုံးက အရွယ်ရောက်နေကြပြီ နှစ်ပေါင်းများစွာ ကွဲကွာသွားရခြင်းက သူတို့နှစ်ယောက်ကြားက ခင်မင်မှုကို မပျက်စီးစေခဲ့ဘူး အဲဒီအစား ခင်မင်မှုထက် ပိုခိုင်မာတဲ့ ခံစားချက်တွေ နှစ်ယောက်ကြားမှာ ဖြစ်ပေါ်လာခဲ့တယ်"

ဖန့်ချုံးသည် ထူးဆန်းသည့်လူ ပြောနေသည့် ပုံပြင်အား နားထောင်ရင်း သူမကလေးဘဝက ရင်းနှီးခဲ့သော ကျန်းပေ့ဒေသ၏ နယ်မြို့လေး တစ်ခုမှ သူငယ်ချင်းအား သတိရသွားသည်။

သူမနှင့် ထိုကောင်လေးသည် အချစ်ဆုံး သူငယ်ချင်းများ ဖြစ်ခဲ့ကြပြီး နောက်ပိုင်း သူမ ထိုမြို့လေးမှ ပြောင်းလာခဲ့ရသည့် နောက်ပိုင်းတွင်လည်း ထိုကောင်လေးအား အချိန်တိုင်း သတိရနေခဲ့သည်။ ထိုကောင်လေးကရော သူမ သတိရနေသလို သတိရပါ့မလား။

"ပြီးတော့ရော ... ဘာဆက်ဖြစ်သွားလဲ"

ဖန့်ချုံး၏ သူငယ်ချင်း တစ်ယောက်က သိလိုစွာ မေးလိုက်သည်။

"နောက်တော့ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြတယ် နှစ်ဖက်လုံးက မိသားစုတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာ နတ်ဘုရားမလေး ကျီချုံးကို တစ်ဖက်သတ် သဘောကျနေတဲ့ လူတစ်ယောက် ကလည်း အဲကိစ္စထဲမှာ ပါဝင်လာတော့ အခြေအနေက ပိုဆိုးသွားတယ် အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ချန်းပေ့ရွှမ်းရဲ့ အမေက မတော်တဆမှု တစ်ခုကြောင့် ဆုံးပါးသွားခဲ့တယ် ချန်းပေ့ရွှမ်းရဲ့ ဖိအားတွေက ပိုပိုများလာခဲ့ပြီး သူ့ဘဝကြီး တခုလုံး ဟိုးအောက်ဆုံးကို ထိုးကျသွားတဲ့အထိပဲ နောက်ဆုံးမှာ သူက လူတွေရှေ့ကို ဘာတော့မှ ထွက်မလာတော့ဘဲ စိတ်ဓာတ်တွေ ပြိုလဲနေတဲ့ လူတ‌စ်ယောက်အဖြစ် ဆက်နေသွားဖို့ကို ရွေးချယ်လိုက်တယ်"

ထူးဆန်းသည့်လူက ဖြည်းညင်းစွာ ပြောသည်။

ထူးဆန်းသည့်လူ ပြောပြသော ပုံပြင်မှာ လွန်ခဲ့သည့် နှစ်ငါးရာက ဖြစ်ပျက်ခဲ့သည်နှင့် မတူဘဲ စိတ်ဝင်စားဖွယ် ကောင်းသောကြောင့် ဆယ်ကျော်သက် လူစုသည် အစောပိုင်းကကဲ့သို့ မလှောင်ပြောင်ကြတော့ဘဲ ပုံပြင် အဆုံးသတ်အား သိချင်နေကြသည်။

ထူးဆန်းသည့်လူ ပြောသော 'တစ်ဖက်သတ် သဘောကျနေတဲ့ လူတစ်ယောက်' ဟူသော စကားအား ကြားချိန်တွင် ဖန်ချုံးဘေးတွင် ရပ်နေသော လူငယ်ပင် မျက်မှောင်ကြုတ်မိသွားသည်။

"သူတို့နှစ်ယောက် နောက်ပိုင်းမှာ ကျိန်းသေ ပြန်တွေ့ကြတယ်မလား"

အုပ်စုထဲမှ လူငယ်တစ်ယောက်က မေးလိုက်သည်။

"ပြန်တွေ့ကြတယ် ဒါပေမဲ့ အဲဒီအချိန်မှာ နှစ်ယောက်လုံးက အသက်သုံးဆယ်လောက် ဖြစ်နေကြပြီ ချန်းပေ့ရွှမ်းက အိမ်ခြေရာမဲ့ ဘဝနဲ့ စုတ်ပြတ်သတ် နေချိန်မှာ နတ်ဘုရားမလေး ကျီချုံးကတော့ အရင်ကအတိုင်း လှနေဆဲပဲ ပြီးတော့ သစ္စာရှိရှိနဲ့ သူချစ်ရတဲ့ ကောင်လေးကို စောင့်နေဆဲပဲ သိပ်မကြာပါဘူး ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားခဲ့ပြီး နတ်ဘုရားမလေး ကျီချုံးက မိဘတွေရဲ့ ဆန္ဒအတိုင်း သူ့ကို တစ်ဖက်သတ် ချစ်နေတဲ့ လူနဲ့ လက်ထပ်လိုက်ရတယ် ချန်းပေ့ရွှမ်းရဲ့ ဘဝတစ်ခုလုံးကို စုတ်ပြတ်သပ်သွားအောင် အကွက်ကျကျ စီစဉ်ခဲ့တဲ့ အဲဒီလူနဲ့ပေါ့"

ထူးဆန်းသည့်လူ၏ အသံထဲတွင် ပြင်းထန်သည့် ခံစားချက်များ ပါဝင်နေသည်။

"သူတို့နှစ်ယောက် ပြန်ဆုံနိုင်ခဲ့ပေမဲ့ ဘယ်တော့မှ မနီးစပ်နိုင်တဲ့ သူတွေ ဖြစ်နေခဲ့ကြပြီးပြီ နောက်ဆုံးမှာတော့ ချန်းပေ့ရွှမ်းဟာ ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ နာကျင်စရာ ဘဝကြီးထဲကနေ ထွက်သွားနိုင်ဖို့ အဆောက်အဦ အမြင့် ပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်"

"ဝမ်းနည်းစရာပဲ"

ဖန်ချုံး၏ သူငယ်ချင်းမလေးက ညည်းညူလိုက်သည်။

ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဖန့်ချုံးဘေးရှိ လူငယ်က မျက်မှောင်ကြုတ်ကာ ဝင်မေးလာသည်။

"တကယ်လို့ ချန်းပေ့ရွှမ်းက သေသွားခဲ့တယ် ဆိုရင် ခင်ဗျားပြောတဲ့ နှစ်ငါးရာကျော် စောင့်ခဲ့တယ် ဆိုတာကရော အဓိပ္ပာယ် မရှိဘူး ဖြစ်သွားမှာပေါ့"

"ဟုတ်သားပဲ အဲဒါက ဘယ်လိုဖြစ်တာလဲ"

အခြားလူများကလည်း ပုံပြင်၏ ဟာကွက်အား ရှာတွေ့သွားပြီး ဝိုင်းဝန်း မေးမြန်းကြတော့သည်။

"ဆိုလိုတာက ... အခု ကျွန်မတို့ရှေ့မှာ ရပ်နေတဲ့ ရှင်က ချန်းပေ့ရွှမ်း အစစ် မဟုတ်ဘူးပေါ့"

အုပ်စုထဲမှ မိန်းကလေး တစ်ယောက်က ပြုံးကာ ‌မေးလိုက်သည်။

"ချန်းပေ့ရွှမ်းက မသေခဲ့ဘူး"

ထူးဆန်းသည့်လူက ခေါင်းယမ်းကာ ပြောသည်။

"စကြဝဠာထဲမှာ လှည့်လည် သွားလာနေတဲ့ ဆရာထန်ချင်က သူ့ကို ကယ်ခဲ့ပြီး ခေါ်ဆောင်သွားခဲ့တယ် ဆရာထန်ချင် နေတဲ့ နေရာကို ရောက်တဲ့အချိန်ကစပြီး ချန်းပေ့ရွှမ်းဟာ နှစ်ငါးရာလုံးလုံး ကျင့်ကြံခြင်း တစ်ခုတည်းကို အာရုံစိုက်ပြီး ကြိုးစားခဲ့ တော့တာပဲ"

"အာ ... ခုနပဲ ရိုမန့်တစ် အချစ်ဇာတ်လမ်းလေး ကနေ အခု ဘယ်လိုဖြစ်ပြီး ရှန်းရှဇာတ်လမ်း ဖြစ်သွားတာတုန်း"

"နတ်ဘုရားမလေး ဇီချုံးကရော ဘယ်လို ဖြစ်သွားလဲ အချစ်စစ်နဲ့ ကွေကွင်းရတဲ့ စိတ်ဒဏ်ရာကြောင့် ဆုံးပါးသွားခဲ့လား ဒါမှမဟုတ် သူ့ကို တစ်ဖက်သတ် ချစ်နေတဲ့ သူနဲ့ တစ်ဘဝလုံး အတူတူ နေသွားရော တဲ့လား"

ဖန့်ချုံး၏ သူငယ်ချင်း ကောင်မလေးက မေးခွန်းများစွာ ထပ်မံ မေးလာသည်။

ဖန့်ချုံးသည် ထိုပုံပြင်အား နားထောင်ရင်း ပုံပြင်ထဲရှိ မိန်းကလေးမှာ သူမဖြစ်သည်ဟု ထင်မှတ်မိလာသည်။ အဓိပ္ပာယ် မရှိမှန်း သိသော်လည်း ထိုအတွေးက အလွန် စစ်မှန်နေသလိုလည်း ခံစားရပြန်သည်။

"တစ်ခုမှ မဟုတ်ဘူး"

"ထူးဆန်းသည့်လူက ခေါင်းယမ်းသည်။

"ဆရာထန်ချင်က ချန်းပေ့ရွှမ်း တယောက်တည်းကိုတင် မဟုတ်ဘဲ နတ်ဘုရားမလေး ကျီချုံးကိုပါ သူနဲ့အတူ ခေါ်သွားခဲ့တာ.."

"ဘာကြီး"

လူတိုင်း မင်တက်သွားကြသည်။

ထူးဆန်းသည့်လူ၏ ပုံပြင်မှာ အလှည့်အပြောင်း များလှပြီး သူ့ပုံပြင်ကို နားထောင်‌နေရသည်မှာ ရိုလာကိုစတာ စီးနေရသလိုပင် ခံစားကြရသည်။

"နောက်တော့ရော သူတို့နှစ်ယောက် တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူ နေသွားကြရလား"

ဖန့်ချုံးက စိတ်အား ထက်သန်စွာ မေးလိုက်မိသည်။

"အဲလိုသာ ဖြစ်ခဲ့ရင် ကိုယ်မင်းကို နှစ်ငါးရာလုံး စောင့်နေခဲ့ရမှာ မဟုတ်ဘူး"

ထူးဆန်းသည့်လူက နက်ရှိုင်းလှသည့် အသံဖြင့် ပြောသည်။ ထို့နောက် ထိုင်နေရာမှ ဖြည်းညင်းစွာ ထလာသည်။

ထူးဆန်းသည့် လူသည် ကျောက်စိမ်းလည်ဆွဲ တစ်ခုအား ထုတ်ယူလာကာ ဖန့်ချုံးလက်ထဲသို့ ထည့်ပေးလိုက်သည်။

"ဒါကို ဘယ်တော့မှ မချွတ်ဘဲ အမြဲဝတ်ထားပါ ဘယ်လို အန္တရာယ်ကမဆို မင်းကို ကာကွယ်ပေးလိမ့်မယ်"

ထိုစကားများ ပြောပြီးနောက် ထူးဆန်းသည့်လူသည် နောက်သို့လှည့်ကာ စတင် ထွက်ခွာသွားသည်။

ဖန့်ချုံးသည် သူမလက်ထဲရှိ ကျောက်စိမ်းလည်ဆွဲအား ကြည့်ရင်း ဘာပြောရမည် မသိစွာ ကြောင်အနေသည်။ သူမ၏ သူငယ်ချင်းများထဲမှ တစ်ယောက်က လှမ်း‌အော်လိုက်သည်။

"ဟေး ခင်ဗျားပြောတဲ့ ရှောင်ချုံးက အတိတ်ဘဝက ခင်ဗျားချစ်သူဆို သူ့ကို ခင်ဗျား နှစ်ငါးရာကျော် လုံးလုံး စောင့်ခဲ့ရတာဆို အခု ဘာလို့ ထွက်သွားတာလဲ"

"အခုက အချိန်မကျသေးဘူး"

ထူးဆန်းသည့်လူက နောက်လှည့်မကြည့်ဘဲ ပြန်ဖြေသည်။ ‌သူလှမ်းနေသည့် ခြေလှမ်းများကလည်း အရှိန် လျော့မသွားခဲ့။

"ဘယ်အချိန်မှာ ကျွန်မတို့ ပြန်ဆုံနိုင်မလဲ"

သူမကိုယ်တိုင်ပင် မသိလိုက်ပါပဲ ထိုစကားတို့က ဖန့်ချုံးထံမှ ထွက်ပေါ်လာသည်။

"တစ်ရုတ်ပြည် တစ်ခုလုံးမှာ ချန်းပေ့ရွမ်းဆိုတဲ့ နာမည်ကို ကြားရတဲ့အချိန် ... အဲအချိန်ကျရင် မင်းကိုယ့်ကို ပြန်တွေ့ ရမှာပါ"

ထူဆန်းသည့်လူ၏ အသံက အဝေးမှ ပျံ့လွင့်လာသည်။

"တော်တော် ပေါကြောင်ကြောင် နိုင်တဲ့လူ"

ဖန့်ချုံးဘေးတွင် ရပ်နေသော လူငယ်က မှတ်ချက်ပေးလိုက်သည်။

သူက ဖန့်ချုံးလက်ထဲရှိ လည်ဆွဲအား မြင်သောအခါ မျက်မှောင်ကြုတ် သွားပြီး သတိပေးလိုက်သည်။

"ရှောင်ချုံး ... လူစိမ်းတစ်ယောက် ပေးသွားတဲ့ ပစ္စည်းတစ်ခုကို ဘာမှန်းမသိဘဲ ယူမထားသင့်ဘူး လွှင့်ပစ်လိုက်သင့်တယ်"

"လွှင့်ပစ်ရမှာလား"

ဖန့်ချုံး မရေရာစွာ ရေရွတ်လိုက်မိသည်။

သူမသည် ဤလည်ဆွဲလေးအား ထူးဆန်းသည့် လူနှင့် ဆုံခဲ့ရသော အမှတ်တရအဖြစ် သိမ်းထားဖို့ စိတ်ကူးခဲ့မိတာ ဖြစ်သည်။

ထိုအချိန်တွင်ပဲ လူအများ၏ ထိတ်လန့်တကြား အော်သံတို့အား ကြားလိုက်ရသည်။

"ဟာ ဟိုမှာ လူတစ်ယောက် မြစ်ထဲကို ခုန်ချတော့မယ်"

ဖန့်ချုံးတို့ လူစုလည်း အသံကြောင့် မြစ်ကမ်းပါးဘက်သို့ လှမ်းကြည့်လိုက်သည်တွင် ကမ်းပါးနှင့် ခြေတစ်လှမ်းလောက်သာ ကွာတော့သော နေရာ၌ မတ်တတ်ရပ်နေသော ထူးဆန်းသည့်လူအား မြင်လိုက်ကြရသည်။

"ဒုက္ခပဲ သတ်သေ မလို့နဲ့ တူတယ် တားကြပါဟ"

တစုံတစ်ယောက်က အော်လိုက်သည်။

သို့သော် နောက်ကျသွားခဲ့လေပြီ။

လူတိုင်း၏ မျက်လုံးများ အောက်တွင်ပင် ထူးဆန်းသည့် လူသည် လှိုင်းလုံးကြီးများ ရရိုက်ခတ် နေသော မြစ်ထဲသို့ ခုန်ချသွားခဲ့ကာ အားလုံး၏ မြင်ကွင်းထံမှ ပျောက်ကွယ် သွားတော့သည်။

"မလုပ်နဲ့"

လူတိုင်းသည် အဖြစ်အပျက်ကြောင့် ထိတ်လန့်သွား ကြပြီး ကမ်းပါးအစွန်းသို့ ပြေးသွားကြကာ ကမ်းပါးအပေါ်မှ မြစ်ထဲသို့ ငုံ့ကြည့်မိကြသည်။ ထိုအခါ သူတို့အားလုံး တစ်သက် မမေ့နိုင်ဖွယ် မြင်ကွင်းတစ်ခုအား မြင်လိုက်ကြရလေသည်။

ထူးဆန်းသည့်လူသည် လှိုင်းလုံးများကြားထဲ နစ်မြုပ် မသွားရုံသာမက ‌ညီညာ ပြန့်ပြူးသည့် မြေ‌ပြင်ပေါ် လမ်းလျှောက်နေသကဲ့သို့ ရေပြင်ပေါ်၌ လမ်းလျှောက်လျက်ရှိသည်။ ထို့ပြင် သူလျှောက်နေသော အရှိန်မှာ မြန်လွန်းရကား အချိန် ခဏလေးအတွင်း အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

"ငါတို့ နတ်ဘုရား တစ်ပါးကို တွေ့ခဲ့ရတာများလား"

လူအုပ်ထဲမှ တစ်ယောက်က ဇဝေဇဝါ ဖြစ်နေသော အသံနှင့် မယုံကြည်နိုင်စွာ မေးလိုက်သည်။

ဖန့်ချုံးတို့ လူစုမှာမူ အဖြစ်အပျက်ကြောင့် မှင်တက် နေကြပြီး ဖန့်ချုံး၏ လက်အတွင်းရှိ ကျောက်စိမ်းလည်ဆွဲအား ပြိုင်တူ လှမ်းကြည့်မိကြသည်။

"အဲဒီ ထူးဆန်းတဲ့သူက တကယ်ပဲ ပုံပြင်ထဲက ချန်းပေ့ရွှမ်း ဖြစ်နေတာများလား"

အုပ်စုထဲမှာ မိန်းကလေး တစ်ယောက်က ရေရွတ်လိုက်သည်။

ဖန့်ချုံး၏ စိတ်အခြေအနေသည်လည်း အလွန် ရှုပ်ထွေးနေပြီး သူမလက်ထဲရှိ ကျောက်စိမ်း လည်ဆွဲလေးအား တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ တစ်နေ့နေ့တွင် ချန်းပေ့ရွှမ်း ဆိုသည့်လူနှင့် သူမ ပြန်ဆုံနိုင်မည်ကို အသေအချာ သိနေသလို ခံစားရသည်။

ထိုအချိန်ရောက်မှ သူပြောခဲ့သော အရာအားလုံး၏ အဖြေအား သူမ ရှာတွေ့နိုင်မှာ ဖြစ်သည်။

***

All Chapters