သုံးလခန့်ကြိုးစားပြီးနောက်
Vol. 2 Ch. 144
သုံးလခန့် ကြာသော် ... ချူကျိုးမြို့ ... ယွင်ဝူတောင် … ယွင်ဝူတောင်ထိပ်ရှိ စံအိမ်၌။
တာင်ထိပ်မှာ နေထိုင်ကြသူများ အတွက် ယခုအချိန် ဆိုလျှင် မြူနှင်းများ ဆက်တိုက် ဖုံးလွှမ်းနေသည့် အချိန်ဖြစ်ပေသည်။ အချိန်ကြာ လာသည်နှင့်အမျှ ယခုကဲ့သို့ အလင်းမ ထိုးဖောက်နိုင် လောက်အောင် မြူနှင်းများ ဆိုင်းကျနေခြင်း သည်ကပင် ချူကျိုးမြို့၏ သိသာထင်ရှားစေသည့် အချက် ဖြစ်လာခဲ့၏။
လူတော်တော်များများသည် နေထွက်ချိန် ကြည့်ရန်အတွက် ဤတောင်ထိပ်၏ သုံးပုံတစ်ပုံခန့် လမ်းလျှောက်တက် ကြလေ့ရှိပြီး အချို့ကမူ တောင်ထိပ် ထိရောက်အောင် ပိုမို ကြိုးစားတက်လေ့ ရှိကြပေသည်။
သို့သော်လည်း တောင်ထိပ်သို့ ရောက်ခါနီးတွင် လုံခြုံရေး ဂိတ်များက ဤအရပ်သည် ပုဂ္ဂလိကပိုင် ဖြစ်ကြောင်း၊ တက်ရောက်ရန် တရားမဝင်ကြောင်း သတိပေးလျက် ရှိသည်။ ကောလာဟလ အရ ဤတောင်ထိပ် တိမ်စိုင်မြူနှင်း များကြား၌ ဆရာချန်း နေထိုင်ခဲ့ဖူးကြောင်း သိရသည်။ ဆရာချန်းသည် ယွင်ဝူ ကောင်းကင်ရေစင် အံ့ဖွယ်ကုထုံးကို တီထွင်ခဲ့သူဖြစ်၏။ ကောင်းကင် ရေစင်ဘူး များကို ဤစံအိမ်အတွင်း၌ ပြုလုပ်ကြောင်း ကိုလည်း သိရသည်။
ဤအတောအတွင်း ချန်းဖန်သည် စံအိမ်၏ တတိယထပ် လသာဆောင်ရှိ လက်တင် ကုလားထိုင်ခုံ၌သာ ထိုင်လျက်ရှိသည်။ တစ်ခါတစ်ရံ သူသည် ဟိုးအဝေးရှိ တိမ်စိုင် မြူနှင်းများကို ငေးကြည့်နေတတ်သည်။ ယခုမူ အဖြူရောင် တိမ်တိုက်များ ဝန်းရံထားသည့် ကြားမှ ချန်းဖန်သည် စည်းချက်တကျ အသက်ရှူနေ၏။
ဝင်လေ ... ထွက်လေ ... ဝင်လေ ... ထွက်လေ ... ချန်းဖန်၏ အသက်ရှူသံ တစ်ချက်ချင်းစီ တိုင်းသည် နဂါးတစ်ကောင် အသက်ရှူ သကဲ့သို့ နက်ရှိုင်းပြင်းထန် လှ၏။ တဖြည်းဖြည်းနှင့် သူအသက်ရှူရာမှ ထွက်လာသော လေများက လေစိုင်လေလုံးများ ဖြစ်လာ၍ စက္ကန့်အမျှ ကြီးထွားလာပေ၏။ မျက်တစ်မှိတ် အတွင်း၌ပင် ကောင်းကင်ရေစင် ဖန်တီးထုတ်လုပ် ပေးသည့် သေးငယ်သော ကတော့ပုံ ဆိုင်ကလုံး အသွင်ဖြစ်လာသည်။ သူ၏ ကိုယ်တွင်းစွမ်းအားဖြင့် ဤဆိုင်ကလုံး စွမ်းအင် ပြည့်ဝသည်အထိ တဖြည်းဖြည်း တည်ဆောက်လျက် ရှိ၏။ ချန်းဖန်သည် စွမ်းအား တဖြည်းဖြည်း မပျောက်ကွယ်ခင် အထိတော့ ကောင်းကင်ရေစင်ကို ခေတ္တ ထိန်းသိမ်း ပေးထားနိုင်ပေသည်။
"ဟူး ... နောက်ဆုံးတော့ ချီသန့်စင်ခြင်း အခြေခံအဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်ခဲ့ပြီပဲ"
ချန်းဖန် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ ခန္ဓာကိုယ်အား ထိုးဖောက်မြင်ရ လောက်အောင် သူ၏ကိုယ်တွင်း၌ အဖြူရောင် အလင်းများနှင့် ပြည့်နေသည်။ ခန္ဓာကိုယ်တွင်းမှ အလင်း ပိုမိုတောက်ပ လာသည်နှင့်အမျှ ချန်းဖန်၏ အသွေးအသား အောက်မှ အရိုးများအား ပိုမိုထင်ရှား မြင်သာလာစေပြီး သွေးကြောထဲမှ သွေးသည်ပင် ငွေရောင်အသွင် ဖြစ်လာပေ၏။
ချန်းဖန်အတွက် ဘယ်ချိန်ပဲ ထလုပ်လုပ် အောင်မြင်အောင် အဆင့်တက်နိုင်ဖို့ အဆင်သင့် ဖြစ်နေသော်လည်း သူ ကြိုတင် ပြင်ဆင်မှု မရှိဘဲနှင့်တော့ အောင်မြင်မှာ မဟုတ်ကြောင်း ယုံကြည်ထား၏။
'ငါအရင်ဘဝမှာ ကျင့်ကြံဆင့်တွေကို သေချာ ကျင့်ကြံခဲ့ပြီးတော့ စံချိန်တွေကိုလည်း ချိုးနိုင်ခဲ့တယ်၊ ဒါပေမဲ့ အမြန်ပြီးစလွယ် လုပ်မိတာတွေက တဖြည်းဖြည်းနဲ့ ငါ့ကို ပျက်စီးစေတာပဲ၊ ဒီတစ်ခါတော့ အဆင့် စ၊ လယ်၊ ဆုံး သေသေချာချာ ကောင်းကောင်းမွန်မွန် လုပ်မှဖြစ်မယ်'
ချန်းဖန် တစ်ယောက်တည်း တွေးနေမိသည်။
'အာကာသ သန့်စင်မွန်းမံခြင်းကျင့်စဉ်မှာ အဆင့် (၅) ဆင့်ရှိတယ်၊ ဒီတော့ ငါအခု ရေခဲ အရေပြားရယ်၊ ကျောက်စိမ်း အရိုးရယ်၊ ငွေရောင်သွေးနဲ့ ရွှေရောင်မျက်လုံး ရပြီးပြီ ဆိုတော့ ဒီကျင့်စဉ်ပြီးဖို့ တာအို ခန္ဓာကိုယ် ရအောင် လုပ်ဖို့ပဲ ကျန်တော့တယ်'
တာအို ခန္ဓာကိုယ်အား မူလတာအို ခန္ဓာကိုယ် ဟုလည်း ခေါ်ကြသည်။ ဤအဆင့်သည် ကျင့်စဉ် ကျင့်ကြံသူအတွက် မူလဝိညာဉ် အဆင့် ရောက်အောင် ရုပ်ပိုင်းဆိုင်ရာ အရ လိုအပ်ချက် တစ်ခုဖြစ်ပေ၏။ ကျင့်ကြံသူ အနေဖြင့် တာအို ခန္ဓာကိုယ်အား တစ်ခါ ပိုင်ဆိုင်ရပြီးသည်နှင့် တစ်သက်လုံး ရေလုံးဝ သောက်စရာ လိုတော့မည် မဟုတ်ပေ။
ထို့အစား သူသည် သူ့ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင် များကိုသာ စုပ်ယူရမည် ဖြစ်၏။ ဤစွမ်းအားအား ကျင့်ကြံသူ၏ ဘဝတစ်လျှောက်လုံး ပိုင်ဆိုင်သွားမှာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဤကျင့်စဉ်ကို အောင်မြင်သွားမည်ဆိုပါက သူ၏ဝိညာဉ်သည် သဘာဝအတိုင်း ချီ စွမ်းအား ပံ့ပိုးခြင်းအားဖြင့် ရှင်သန်နေမည် ဖြစ်ပေရာ လူသားများထက် ပို၍ မြင့်မြတ်သောသူ အဖြစ် သတ်မှတ်နိုင်ပေသည်။
"ဂိုဏ်းပေါင်းများစွာ ထဲက လုံးဝ အပြင်းအထန် ကျင့်ကြံတဲ့သူ အနည်းငယ်သာ ဒီ တာအိုခန္ဓာကိုယ်ကို ရနိုင်လိမ့်မယ်လို့ ငါကြားထားတာပဲ"
ချန်းဖန် မျက်ခုံး တစ်ချက်ပင့်လိုက်ပြီး သုံးသပ်လိုက်၏။
အကယ်၍ သူသာ စကြာဝဠာ၏ ကျင့်ကြံခြင်း လောကထဲ၌ ရှိနေမည်ဆိုလျှင် သူ့အတွက်တော့ နှစ်ပေါင်း ၅၀၀ ကျင့်ကြံခဲ့သော အတွေ့အကြုံများ အရ မျက်စိတစ်မှိတ် အတွင်း၌ပင် တာအို ခန္ဓာကိုယ်ကို ရရှိနိုင်မည် ဖြစ်ပေသည်။
သို့သော်ငြားလည်း ကမ္ဘာမြေပေါ်၌ ကျင့်ကြံရခြင်းသည် အလွန် ဆိုးရွားလှ၏၊ အညံ့ဖျင်းဆုံး ဟုပင် ဆိုရမည်။ သူသည် နှင်းတောင် အစီအရင်ကို ပြင်ဆင်ရန် စီစဉ်ခဲ့သော်လည်း အစီအရင်၌ ချီ စွမ်းအား ပါဝင်မှုသည် အလွန် နည်းနေပေရာ မျက်စိတစ်မှိတ် အတွင်း တာအို ခန္ဓာကိုယ် ရရှိရန် ကျင့်ကြံမည် ဆိုခြင်းက လေထဲတိုက်အိမ် ဆောက်နေသည့်မှယ် ဖြစ်နေ၏။
"သာမန် ခန္ဓာကိုယ်ကနေ တာအို ခန္ဓာကိုယ်အဖြစ် ပြောင်းလဲဖို့ အရမ်းများတဲ့ ချီပမာဏကို လိုတယ် တကယ်လို့ မရနိုင်ဘူး ဆိုရင် ချီဓာတ် ပြည့်ဝတဲ့ ဆေးမြစ်တွေပဲ ဖြစ်ဖြစ် တခြား ပစ္စည်းတွေနဲ့ပဲ ဖြစ်ဖြစ် အစားထိုးပြီး အသုံးပြုရမယ်"
ထို့နောက် ချန်းဖန်သည် ချီဓာတ် ကြွယ်ဝသော ဆေးမြစ်များ၏ စာရင်းအား တစ်ခုပြီးတစ်ခု ချရေးလိုက်သည်။
"ဂျင်စင်း၊ လင်ရှစ်မှို၊ အမည်းရောင် ဆေးမြစ်၊ ဆော်လမွန် ငါးအဆီ၊ မောက်ချုံကျန်းကျွင်း၊ ဖုန်း ..."
"ပြဿနာက ငါ့မှာ ဝိညာဉ်သစ်သီး နဲ့ တူတာ တစ်ခုတောင် မရှိတာဘဲ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ မရှိရင် စွမ်းအင်တိုးမြှင့် ဆေးလုံး ဖော်စပ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ချန်းဖန် တစ်ဖန် ခေါင်းယမ်းမိပြန်သည်။
လက်ရှိ သူပိုင်ဆိုင်ထားသော ဆေးမြစ်များမှာ ဤလများအတွင်း ဝေ့မိသားစုမှ စွမ်းစွမ်းတမံ ရှာဖွေပေးထားသော အရာများ ဖြစ်သည်။ သူက တစ်ဝက်တစ်ပျက်သာ ဖော်စပ်ပြီးသေးသော စွမ်းအင်တိုးမြှင့် ဆေးလုံးအား အဘိုးဝေ့ကို ပေးခဲ့ရာ အဘိုးဝေ့က ကျေးဇူးဆပ်သည့် အနေနှင့် ဆေးမြစ်များ ထပ်မံ ရှာဖွေ ပေးပါမည်ဟု ကတိပေးခဲ့သည်။ သို့သော် အချို့ ဆေးမြစ်များမှာ ကမ္ဘာပေါ်တွင်ပင် ရရှိရန် ရှားပါးလှရာ ဝေ့မိသားစု အနေနှင့် တရုတ်ပြည်တွင် ရှာနိုင်ပါ့မလားဟု သူသံသယ ဝင်မိသည်။
"ငွေရောင် ဝိညာဉ်သစ်သီး၊ စွမ်းအင်ဖွဲ့စည်းခြင်း ဆေးမြစ်နဲ့ ရှင်သန်ခြင်း ဆေးပင်တွေမှာ အသက်ဓာတ်ရဲ့ သဘောသဘာဝ ပါတယ် အဲဒါကြောင့် အဲဒီသုံးခုက စွမ်းအင်တိုးမြှင့် ဆေးလုံး ဖော်စပ်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက် တွေပဲ"
ချန်းဖန်သည် မေးစေ့အား လက်ဖြင့် ပွတ်ရင်း တွေးဆနေမိသည်။
"တကယ်လို့ ငါက နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဂျင်စင်းမြစ်ကို ရှာတွေ့နိုင်ရင်တော့ အဲဒီသုံးခုနေရာမှာ အစားထိုး နိုင်လောက်တယ် ဒါပေမဲ့ နှစ်တစ်ထောင် ဂျင်စင်းက ရှာဖို့ လုံးဝ မလွယ်နေဘူး"
ချန်းဖန်သည် တစ်စုံတစ်ရာအား သတိရသွားပြီး ပြုံးလိုက်မိသည်။
"ကျန့်မိသားစု ... သူတို့က အဆင်နိမ့် ဝိညာဉ်ဆေးမြစ် ကိုတောင် ရှာနိုင်ခဲ့တာပဲ နှစ်တစ်ထောင် ဂျင်စင်းဆိုတာ သူတို့အတွက် မပြောပလောက်ပါဘူး"
ကျို့တင်းမြို့တွင် ချန်းဖန်သည် ကျန့်အန်းချီထံမှ နှစ်ငါးရာ သက်တမ်းရှိသော အဆင့်နိမ့် ဝိညာဉ်ဆေးမြစ် ရရှိခဲ့သည်ကို သတိရသွားတာ ဖြစ်သည်။
ချန်းဖန် လောင်းရဲသည်။ သူကိုယ်တိုင်သာ နှစ်တစ်ထောင် ဂျင်စင်းအား ရှာဖွေပါက အချိန်များစွာ ပေးရမည့်အပြင် အဆိုးဆုံး အခြေအနေတွင် ချန်ပိုင်တောင်သို့ သွားပြီး ဂျင်စင်း ရှာဖွေသူများထံမှ ဝယ်ရလောက်သည်။ ထို့ကြောင့် ဤကိစ္စအား ကျန့်မိသားစုသို့ လက်လွှဲလိုက်သည်ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"ကောင်းပြီလေ ဒုတိယ နည်းလမ်းမှ မရှိတော့တာ ... အခုက အပြင်ထွက်ပြီး ကံဇာတာကို စမ်းသပ်ရမဲ့ အချိန်ပဲ"
ထိုသို့ ရေရွတ်ရင်း ချန်းဖန် ထိုင်ခုံမှ ထရပ်လိုက်သည်။
ထိုစဉ် တိမ်ဆိုင်များကြားမှ ကျယ်လောင်စွာ တွန်ကျူးလိုက်သော အသံအသံအား ကြားလိုက်ရသည်။
ရှည်လျားလှသော အဖြူရောင် မြွေနဂါးကြီး တစ်ကောင်သည် တိမ်ဆိုင်များကြား၌ လူးလွန့်နေပြီး မြွေနဂါးကြီး၏ နဖူးပေါ်ရှိ ဦးချို နှစ်ချောင်းကပါ လှုပ်ယမ်းနေသည်။ သူ့ခန္ဓာကိုယ်၌လည်း အရင်က မရှိခဲ့သော အကြွေးခွံများ တဖြည်းဖြည်း ပေါ်ထွက်လာပြီ ဖြစ်သည်။
ထိုမြွေနဂါးကား ချန်းဖန် ဖန်တီးထားသော နှင်းတောင် အစီအရင် ၏ အစောင့်အရှောက် ဝိညာဉ်သားရဲကြီး ဖြစ်သည်။
"တိတ်တိတ်နေကွ တောင်အောက်က လူတွေကို မလန့်စေနဲ့"
ချန်းဖန်က ပြုံးကာ သတိပေးလိုက်ပြီး စွမ်းအင် စုဆောင်းခြင်း ဆေးလုံး တစ်လုံးအား မြွေနဂါးကြီးထံ ပစ်ပေးလိုက်သည်။ မြွေနဂါးကြီးက ပျော်ရွှင်ကြောင်း ပြသည့် အနေနှင့် တချက် တွန်ကျူးလိုက်ရင်း ဆေးလုံးအား ဖမ်းယူကာ တခါတည်း မြိုချလိုက်သည်။
"ငါ့အိမ်မှာ ဝက်နှစ်ကောင် မွေးထားမိတာပဲ စွမ်းအင်စုစည်း ဆေးလုံးတွေ တစ်လလောက်တောင် ခံပါတော့မလားလို့ စိတ်ပူမိတယ်"
ချန်းဖန် ခေါင်းယမ်းရင်း ညည်းညူလိုက်မိသည်။
'ဝက်နှစ်ကောင်'ဟု ပြောရခြင်းမှာ မြွေနဂါးကြီး အပြင် ချန်းဖန်၏ နောက်၌ အမူအရာ ကင်းမဲ့စွာဖြင့် ရုပ်တုတစ်ခုအလား ရပ်နေသော ထုံရှန်းအား ရည်ညွှန်းခြင်း ဖြစ်သည်။
ထုံရှန်းသည် သခင်လေး၏ လက်အောက်တွင် ရှိခဲ့စဉ်ကထက် ပိုမို ထွားကြိုင်းကာ သန်မာလာသည်။ ယခုဆိုလျှင် တွန်းကန်အား ပြင်းသော သေနတ်မှ ကျည်ဆန်များပင် ထုံရှန်း၏ အရေပြားအား ထိုးဖောက်နိုင်တော့မည် မဟုတ်။
ချန်းဖန်သည် ထုံရှန်းအား ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဆရာ ... အပြင်ကို သွားတော့မှာလား"
ထုံရှန်းက မေးသည်။ သူ၏ အသံကား လူသားမဆန်ဘဲ ဂူဂယ်မှ ဘာသာပြန်ပေးနေသည် system၏ အသံကဲ့သို့ တစ်မျိုးတစ်မည် ထူးဆန်းနေသည်။
"အင်း ငါမရှိတုန်း စံအိမ်ကို စောင့်ရှောက်ထား၊ ရှောင်ပိုင်ရနဲ့ ရန်ဖြစ်မနေနဲ့ဦး ငါအိမ်ပြန်လာတဲ့အခါ ရှုပ်ပွနေတာ မမြင်ချင်ဘူး"
ချန်းဖန်က မှာကြားလိုက်သည်။
"ဟုတ်ကဲ့ ဆရာ"
ထုံရှန်းက တသွေမတိမ်း ပြန်ဖြေသည်။
ချန်းဖန်သည် ထွက်ပေါက်ဘက်သို့ လျှောက်လာရင်း မရိုးရှင်းစွာ ပြုံးလိုက်၏။
"ငါ ဒီက ခဏလေး ထွက်သွားတာနဲ့ ဧည့်သည်တစ်ယောက် ရောက်လာလိမ့်မယ်"
***