ယုံကြည်မှု တိုးပွားလာခြင်း
Vol. 2 Ch. 146
ထန်လုံအဖွဲ့အစည်း၏ အခြေစိုက်စခန်း ဌာနချုပ်သည် ကျန်းပေ့ဒေသ တောင်တန်းများကြား တစ်နေရာတွင် လျှို့ဝှက်စွာ တည်ရှိသည်။
စစ်တပ်ဆိုင်ရာ အထူးတပ်ဖွဲ့တစ်ခု အနေနှင့် ထန်လုံ အဖွဲ့အစည်းတွင် လူတစ်ရာထက် နည်းသော ပမာဏသာ ရှိသည်။ သို့သော် အရန်တပ်သားများမှာ ပုံသေ တပ်သားများ၏ ပမာဏထက် ဆယ်ဆရှိသည်။ ထို့ကြောင့် စခန်းရှိ လူအရေအတွက်မှာ မနည်းလွန်း၊ မများလွန်းဟု ဆိုရမည်။
ချန်းဖန်တို့ ရဟတ်ယာဉ်ဖြင့် လာနေစဉ် ဌာနချုပ်၏ လေ့ကျင့်ရေး ကွင်းပြင်၌ ထန်လုံ အဖွဲ့အစည်း၏ အဖွဲ့ဝင်များ စုဝေးကာ အသစ်ရောက်ရှိလာမည့် တပ်ကြပ်ခေါင်းဆောင်အား စောင့်ဆိုင်းနေကြသည်။
"ချီးပဲ ပြောတော့ လွန်ခဲ့တဲ့ သုံးလတည်းက တပ်ကြပ်ခေါင်းဆောင်အသစ် ရောက်လာမယ်ဆိုပြီး အခုချိန်မှ ရောက်လာတယ်"
စစ်စိမ်းရောင် ယူနီဖောင်း ဝတ်ဆင်ထားသော စစ်သားတစ်ယောက်က မကျေမနပ် ပြောသည်။
ထန်လုံ အဖွဲ့အစည်း ကဲ့သို့သော အထူး အဖွဲ့အစည်း များသည် စစ်တပ်မှ အထူးချွန်ဆုံး လူများဖြင့် သီးသန့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ ပုံမှန်အားဖြင့် ထိုလူများ၏ ယုံကြည်မှုကို ရရှိဖို့ မလွယ်ကူပါ။ အားလုံးက သူ့မာနနှင့်သူ ရှိကြပြီး အလွယ်တကူ မနာခံတတ်သူများ ဖြစ်ကြသည်။
"တပ်ကြပ်ခေါင်းဆောင် အသစ်က မရောက်လာခင်တည်းက ငါတို့ကို ပညာပြချင်နေတာ ဖြစ်မှာပေါ့"
အေးစက်စက် မျက်နှာနှင့် လူငယ်တစ်ယောက်က ပြောသည်။
"ကောလာဟလတွေအရ တပ်ကြပ်ခေါင်းဆောင် အသစ်ကို အထက်အရာရှိ တွေက တောင်းတောင်းပန်ပန်နဲ့ ကမ်းလှမ်းပြီး ခေါ်ထားရတယ် ဆိုပဲ ပြီးတော့ သူက အသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ ကောင်လေးလို့လည်း ပြောကြတယ် အဖွဲ့ဝင်တွေရဲ့ တစ်ဦးချင်း တိုက်ပွဲ စွမ်းရည်ကို အဓိက လေ့ကျင့်ပေးမှာတဲ့"
အားလုံးထဲတွင် ရုပ်ရည် အသင့်အတင့် ရှိသည့် လူတစ်ယောက်က အနက်ရောင် မျက်မှန်ကိုင်းအား ပင့်တင်ရင်း တွေးဆဆနှင့် ပြောသည်။
"အသက်နှစ်ဆယ်တောင် မပြည့်သေးဘူး"
ထိုသတင်းအား ယခုမှ ကြားရသည့် စစ်သားများအားလုံး အံ့ဩသွားကြသည်။
"ဆရာရွှီတောင် အသက်လေးဆယ် အရွယ်ကျမှ တပ်ကြပ်ခေါင်းဆောင် ဖြစ်လာတာလေ အဲ့ကောင်လေးက ဘာတွေများ ဒီလောက် ထူးချွန်နေလို့လဲ"
ဗလတောင့်တောင့် လူတစ်ယောက်က မကျေမချမ်း အထွန့်တက်လိုက်သည်။
"အရည်အချင်းရော အတွေ့အကြုံပါ မရှိတဲ့သူပဲ ဖြစ်မှာပေါ့ အဲကောင်လေးက သွေးသံရဲရဲ မြင်ကွင်းတွေကို မြင်ဖူးပါ့ မလားတောင် မသေချာဘူး မိသားစု နောက်ခံကြောင့် ဒီရာထူးကို ရလာပြီး ဟန်ပြသဘောမျိုး ရောက်လာတာပဲ ဖြစ်မှာပါကွာ"
နောက်တစ်ယောက်ကလည်း ဝင်ပြောသည်။
"ငါတို့မှာ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ပိုင်ခွင့် မရှိဘူး ငါတို့က စစ်သားတွေ ဖြစ်တယ် ဒီတော့ ငါတို့ လုပ်ရမှာက အမိန့်နာခံဖို့ တခုတည်းပဲ"
စတုရန်းပုံမျက်နှာ ရှိသော လူတစ်ယောက်က လူစုရှေ့သို့ ထွက်လာကာ ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
အဖွဲ့ဝင်များအားလုံး တညီတညာတည်း သံပြိုင် အော်လိုက်ကြသည်။ ထို့နောက် အားလုံး၏ လေးစားကြည်ညိုသော အကြည့်များက သူတို့ရှေ့တွင် ရပ်နေသော စတုရန်းပုံ မျက်နှာနှင့် လူဆီသို့ ကျရောက်လာကြသည်။
ထိုလူကား ထန်လုံ အဖွဲ့အစည်း ၏ ခေါင်းဆောင် ယွဲ့ချန်ချိုး ဖြစ်သည်။ သူသည် အဖွဲ့ဝင်များ အားလုံး လေးစားရသော စံပြ စစ်သားတစ်ယောက် ဆိုလည်း မမှားပေ။
ယွဲ့ချန်ချိုးသည် အဖွဲ့အား ဦးဆောင်ကာ အထက်မှ ပေးအပ်သော မစ်ရှစ်များစွာအား အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ဖူးပြီး အဖွဲ့ဝင်များကိုလည်း အသက်ဘေးမှ အကြိမ်ကြိမ် ကယ်တင်ဖူးသည်။ ထို့ကြောင့် အဖွဲ့ဝင်များ၏ စိတ်ထဲတွင် ယွဲ့ချန်ချိုး၏ ပုံရိပ်မှာ တပ်ကြပ်ခေါင်းဆောင်များထက်ပင် မြင့်မားသော နေရာ၌ ရှိနေတာ ဖြစ်သည်။
သို့နှင့် တိတ်ဆိတ်သော အချိန်တချို့ ကုန်လွန်ပြီးနောက် အဖွဲ့ဝင်တချို့မှာ လျော့တိလျော့ရဲ ရပ်သူကရပ်၊ အကျောဆန့်သူကဆန့်၊ ထိုင်သူကထိုင်နှင့် အားလုံးထဲတွင် လူငယ်လေး တစ်ယောက်သာ ခေါင်းဆောင် ယွဲ့ချန်ချိုးနည်းတူ ပုံသေ မလှုပ်မယှက် ရပ်လျက် ကျန်ခဲ့တော့သည်။
ထိုလူငယ်လေးကား အသက် ဆယ့်ရှစ်နှစ်ခန့်သာ ရှိဦးမည့်ပုံ ပေါ်သော်လည်း စိတ်ဓာတ် မာကျော ပြင်းထန်ပုံရကာ မနက်တည်းက ထိုပုံစံအတိုင်း ရပ်နေခြင်းဖြစ်ပြီး လုံးဝ မလှုပ်ရှားခဲ့ပေ။
"ရှောင်ချူ ... မင်းက ဒီကိုရောက်လာတာ မကြာသေးဘူး အချိန်တိုင်း ကိုယ့်ကိုကိုယ် တင်းကျပ်ထားဖို့ မလိုပါဘူး မြင်တဲ့အတိုင်းပဲ ငါတို့ အဖွဲ့သားတွေက မစ်ရှင်လုပ်နေတဲ့ အချိန်ကလွဲလို့ ကျန်တဲ့အချိန်ဆို အပျင်းထူကြတယ်"
ချူမင်ဟွေ့၏ တစ်လက်မမှ မလှုပ်ရှားသည့် ကိုယ်ဟန်ကြောင့် စစ်သားဟောင်း တစ်ယောက်က ပြောလာခြင်း ဖြစ်သည်။
"ဒါပေမဲ့ ... ခေါင်းဆောင်ယွဲ့လည်း အခုထိ မလှုပ်ရှားသေးဘူးလေ"
ချူမင်ဟွေ့က တီးတိုး ရေရွတ်သလို ပြောသည်။
"ခေါင်းဆောင်ကတော့ ခေါင်းဆောင်ပေါ့ကွာ သူက အမြဲတမ်း မြင့်မြင့်မားမား တွေးတတ်ပြီး စာအုပ်ကြီး ဆန်တယ်"
စစ်သားဟောင်းက ရယ်ရင်း ရှင်းပြသည်။
"သူက အမြဲတမ်း စံပြဖြစ်အောင် နေတယ် ငါတို့ လိုက်လုပ်တာ မလုပ်တာ ကတော့ ငါတို့အပိုင်းပေါ့ ဒါကြောင့်လည်း ငါတို့က ခေါင်းဆောင်ကို တခြားသူတွေ အားလုံးထက် ပိုလေးစားနေရတာပဲ"
"ကျွန်တော်သိပြီ"
ချူမင်ဟွေ့သည် ခေါင်းဆောင်ယွဲ့အား ယခင်ကထက် ပိုမို လေးစားစွာ လှမ်းကြည့်လိုက်သည်။ ခေါင်းဆောင်ယွဲ့ကဲ့သို့ စံပြပုဂ္ဂိုလ် တစ်ယောက် ဖြစ်အောင် ကြိုးစားချင်စိတ်က သူ့နှလုံးသားထဲတွင် ပိုမို ပြင်းထန်လာကာ မတ်ထားသော ခါးက ပိုမို ဖြောင့်မတ်သွားသည်။
စစ်သားဟောင်းကြီးသည် ချူမင်ဟွေ့၏ အမူအရာ ကို မြင်သည့်နောက် ပြုံးရုံသာ ပြုံးပြီး ဘာမှ ထပ်မပြောတော့ပေ။
'အစပိုင်းမှာတော့ လူတိုင်း ဒီလိုပဲ ဖြစ်ချင်ကြတာပါပဲ ဒါပေမဲ့ အချိန်ကြာ လာလေလေ အဲဒီ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် နေထိုင်နိုင်ဖို့ ခက်ခဲလာလေလေပဲ ကောင်လေးရေ ဒါမျိုးက လူတိုင်း လုပ်နိုင်တဲ့ အရာ မဟုတ်ဘူး'
စစ်သားကြီးက စိတ်ထဲတွင် ညည်းညူလိုက်၏။
ခဏကြာပြီးနောက် ဗလတောင့်တောင့်နှင့် လူက နောက်တစ်ကြိမ် ကျယ်လောင်စွာ ပြောဆိုလာပြန်သည်။
"ဟေ့ကောင်တွေ တပ်ကြပ်ခေါင်းဆောင် အသစ် ရောက်လာတဲ့အခါ သင်ခန်းစာ တစ်ခုလောက် ပေးလိုက်ရင်ရော ဘယ်လိုလဲ"
"တော်စမ်းပါ သံမဏိရာ ခုန ခေါင်းဆောင်ယွဲ့ ပြောသွားတာ မကြားဖူးလား ငါတို့တာဝန်က အမိန့် နာခံဖို့ပဲ"
ရုပ်ရည် အသင့်အတင့် ရှိသည့်လူက ပြန်ပြောလိုက်သည်။
"ငါလည်း အမိန့် မနာခံဘူးလို့ မပြောမိပါဘူး တပ်ကြပ်ခေါင်းဆောင် အသစ်ရဲ့ အမိန့်ကို ကျိန်းသေပေါက် နာခံမှာပါ ဒါပေမဲ့ သူ့ဘက်ကလည်း ဒီရာထူးနဲ့ ထိုက်တန်ကြောင်း တစ်ခုခု သက်သေပြပေးဖို့ လိုတယ်လို့ မထင်ဘူးလား"
သံမဏိ ဆိုသူက အပြုံးတစ်ခုနှင့် ပြောသည်။
"သံမဏိ ပြောတာက အဓိပ္ပာယ်ရှိတယ်"
အဖွဲ့ဝင် အများစုက သဘောတူကြောင်း ထောက်ခံကြသည်။
"ဒါပေမဲ့ ငါတို့က သူ့ကို ဘာနဲ့ စမ်းသပ်ကြမှာလဲ အပစ်အခတ်လား ဓားရေးလား"
တစ်စုံတစ်ယောက်က မေးလိုက်သည်။
"အဲ့လောက် မရှုပ်ထွေးပါဘူး သူက ငါတို့ကို တစ်ဦးချင်း အတိုက်အခိုက် သင်ကြားပေးမယ် ဆိုမှတော့ ငါတို့ထဲက တစ်ယောက်က သူ့ကို စိန်ခေါ်လိုက်ရင် ရပြီ သူက ငါတို့ထဲက တစ်ယောက်ကို နိုင်အောင် တိုက်နိုင်တယ် ဆိုရင် တပ်ကြပ်ခေါင်းဆောင် ဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်"
သံမဏိက ပြောသည်။
"သဘောတူတယ်"
အားလုံးက သဘောတူကြောင်း ခေါင်းညိတ်ကြသည်။
ထိုအချိန်တွင် ရဟတ်ယာဉ်တစ်စီးသည် ထန်လုံအဖွဲ့အစည်း ဌာနချုပ်ထံသို့ မီတာရာကျော် အမြင့်မှ ပျံသန်းလာနေသည်။
"တပ်ကြပ်ခေါင်းဆောင်ချန်း ... ကျွန်မတို့ ရောက်တော့မယ်"
ယွီချင်က အော်ပြောလိုက်သည်။
ရဟတ်ယာဉ် အတွင်းတွင် ဆူညံနေလေရာ တစ်ယောက်နှင့်တစ်ယောက် စကားပြောရာတွင် အော်မပြောဘဲ မကြားရပေ။
ချန်းဖန်သည် သက်သောင့်သက်သာ ဟန်ဖြင့်သာ ထိုင်နေသည်။ ယွီချင်က တစ်လျှောက်လုံးတွင် ချန်းဖန်အား အကဲခတ် လာခဲ့သော်လည်း ချန်းဖန်သည် ရဟတ်ယာဉ် ပထမဆုံး စီးဖူးသည့် သာမန် ဆယ်ကျော်သက်များကဲ့သို့ စိတ်လှုပ်ရှား နေသည့်ပုံ မပေါ်ပေ။
"တပ်ကြပ်ခေါင်းဆောင်ချန်း ... ကျွန်မ တစ်ခုလောက်တော့ ကြိုပြောထားချင်တယ်"
ယွီချင်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ဆက်ပြောလာသည်။
"ထန်လုံ အဖွဲ့အစည်းက လူတွေက နည်းနည်း မာနကြီးကြတယ် အဲဒါကြောင့် တချို့ စိန်ခေါ်မှုတွေ အတွက် ကြိုတင် ပြင်ဆင်ထားသင့်တယ် တပ်ကြပ်ခေါင်းဆောင်ချန်း အနေနဲ့ စိန်ခေါ်မှု တွေကို ငြင်းလို့ရပေမဲ့ သူတို့က တပ်ကြပ်ခေါင်းဆောင်ကို အားနည်းတဲ့သူလို့ ထင်သွားကြလိမ့်မယ် အဲလိုဆိုရင် လေ့ကျင့်ရေး ဆင်းတဲ့အချိန်မှာ သူတို့ကို အမိန့်ပေးဖို့ မလွယ်လောက် တော့ဘူး"
"ကျွန်တော် နားလည်ပါတယ် စစ်သားတွေက အရာရာကို ခွန်အားနဲ့ပဲ ဆုံးဖြတ်ကြတယ် ဒါက ထုံးစံပါပဲ"
ချန်းဖန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ချန်းဖန်၏ အလေးအနက် မရှိသော အမူအရာကို မြင်ရသောအခါ ယွီချင် မျက်မှောင်ကြုတ် လိုက်မိသည်။
သူမ တွေးလိုက်မိ၏။
'ဟိုကို ရောက်တဲ့အခါ သင်ခန်းစာ တချို့ ရသွားဖို့ပဲ မျှော်လင့် ရတော့မှာပဲ'
ယွီချင်သည် ချန်းဖန်၏ ကိုယ်ရေးအကြံပေးသာ ဖြစ်ရာ အတတ်နိုင်ဆုံး အကြံပေးနိုင်ရုံ ကလွဲ၍ သူမလည်း မတတ်နိုင်ပေ။
ဘေးဘက်တွင် ထိုင်နေသော ဟော်တုန်းလင်ကမူ ချန်းဖန်၏ မရင့်ကျက်သည့် ပုံစံအား ကြည့်ကာ စိတ်ထဲတွင် ကျေနပ်အားရစွာ လှောင်ပြောင်နေခဲ့သည်။
"ရဟတ်ယာဉ် ရောက်လာပြီ"
"ငါတို့ရဲ့ တပ်ကြပ်ခေါင်းဆောင် အသစ်လေးပဲ ဖြစ်ရမယ်"
"သံမဏိ မင်းကို တာဝန်ပေးလိုက်ပြီ အလွန်အကျွံတော့ မလုပ်နဲ့နော် တပ်ကြပ်ခေါင်းဆောင် အသစ်က လူပျော့လေး ဖြစ်နေမှာ စိုးရတယ်"
စစ်သား အများစုက အချင်းချင်း စနောက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
သံမဏိကမူ စိတ်လှုပ်ရှားဟန်ဖြင့် လက်နှစ်ဖက်အား ပွတ်ချေနေကာ တပ်ကြပ်ခေါင်းဆောင် အသစ်နှင့် လက်ရည်စမ်းရန် မစောင့်နိုင်တော့ပုံ ရသည်။
ချူမင်ဟွေ့ကမူ ဘေးပတ်ဝန်းကျင်ရှိ လူများအား စိတ်မဝင်စားဘဲ ကျောတစ်ဖြောင့်တည်း ထားကာ မလှုပ်မယှက် ရပ်လို့နေသည်။
'ချန်းဖန် ... မင်းစောင့်နေ ... တစ်နေ့မှာ ငါက ခေါင်းဆောင်ယွဲ့လို သန်မာတဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစားပြီး ချူကျိုးမြို့ကို ပြန်လာခဲ့မယ် အဲဒီတော့မှ တကယ့်ခွန်အား ဆိုတာ ဘာလဲလို့ မင်းကို သေချာပြပေးမယ်'
ချူမင်ဟွေ့သည် အတွင်းစိတ်ထဲ၌ ရေရွတ်လိုက်ကာ သူ့မျက်လုံးများက ပြတ်သားသော ဆုံးဖြတ်ချက်တို့နှင့် တောက်ပနေသည်။
ခဏမျှကြာပြီးနောက် ရဟတ်ယာဉ်သည် လေယာဉ်ရပ်နားရာ ကွင်း၏ အပေါ်ဘက်သို့ ရောက်ရှိလာသည်။
"အစ်မယွီ အောက်ကို ဆင်းလိုက်ရတော့ မလား"
ယာဉ်မောင်းက မေးသည်။
"အင်း ... ဆင်း ..."
ယွီချင်၏ စကား မဆုံးလိုက်ခင် ချန်းဖန်က လက်ဝှေ့ယမ်းကာ ဟန့်တားလိုက်သည်။
ချန်းဖန်ကပြောသည်။
"မဆင်းနဲ့ဦး ဒီတိုင်းပဲ ခဏရပ်နေပါ"
ပြောပြီးနောက် ချန်းဖန်သည် ခါးပတ်အား ဖြုတ်ကာ ထိုင်ခုံမှ ထရပ်လျက် ရဟတ်ယာဉ် တံခါးနားသို့ သွားလိုက်သည်။
တံခါးမှာ ဖွင့်ထားပြီးဖြစ်ရာ အောက်ဘက်တွင် ရှိသော အဆောက်အဦ များအား မြင်နေရသည်။ ထို့ပြင် လေယာဉ်ကွင်း အနီး၌ စုရုံး မတ်တတ်ရပ်နေသော လူတစ်စုကိုလည်း မြင်ရသည်။ ရဟတ်ယာဉ်သည် မြေပြင်နှင့် မီတာတစ်ရာကျော်ခန့် ကွာနေသေးရာ အမြင့် ကြောက်တတ်သူ ဆိုပါက ထိတ်လန့်ဖွယ် အကွာအဝေး ဖြစ်သည်။
အေးစက်လှသော လေက ဖွင့်ထားသော ရဟတ်ယာဉ် တံခါးမှတစ်ဆင့် အတွင်းဘက်သို့ ဝင်လာနေသည်။
"တပ်ကြပ်ခေါင်းဆောင်ချန်း ... ဘာလုပ်မလို့လဲ"
ယွီချင်းနှင့် ဟောတုန်းလိုင်တို့ နှစ်ယောက်လုံး စိတ်ဝင်တစား မေးလိုက်မိကြသည်။
သူက ရောက်လာပြီ ဆိုတဲ့အကြောင်း အောက်ကလူတွေကို မြင်စေချင်လို့များလား။
"ရဟတ်ယာဉ်က ဘာလို့ ရပ်နေတာလဲ"
အောက်ရှိ လူများသည်လည်း ရဟတ်ယာဉ် ရပ်သွားရခြင်း အကြောင်းအရင်းအား စိတ်ဝင်စားသွားကြသည်။
"တံခါးလည်း ဖွင့်ထားတယ်ဆိုတော့ အထဲက တစ်ယောက်ယောက် လေထီးနဲ့ ခုန်ချမလို့ များလား"
စစ်သား တစ်ယောက်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး လက်ရှိ ရဟတ်ယာဉ် ရပ်နေတဲ့ အကွာအဝေးက ပုံမှန် လေထီးခုန်တဲ့ အကွာအဝေးထက် အများကြီး ပိုမြင့်နေတယ်"
"ကြိုးနဲ့ ဆင်းလာမလို့ များလား"
နောက်ထပ် စစ်သား တစ်ယောက်က မေးလိုက်ပြန်သည်။
"ဒါလည်း မဖြစ်နိုင်ဘူး ပုံမှန်အားဖြင့် ရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ ဆင်းမယ်ဆိုရင် အမြင့်ဆုံး မီတာ သုံးဆယ်ပဲ ရမယ် အခုက မီတာရာကျော် မြင့်နေတယ် အဲလောက် ရှည်တဲ့ကြိုး မရှိသလို လေကလည်း ခပ်ကြမ်းကြမ်း တိုက်နေတော့ ကြိုးနဲ့ဆင်းလာဖို့ က မဖြစ်နိုင် သလောက်ပဲ"
ရုပ်ရည် အသင့်အတင့် ရှိသော လူက အခြေအနေအား သုံးသပ်ပြသည်။
"ဘာပဲဖြစ်ဖြစ် တပ်ကြပ်ခေါင်းဆောင်အသစ်က သက်သက် ဟန်လုပ်ပြချင်နေတာတော့ အမှန်ပဲ"
ကျောက်တုံးမျက်နှာနှင့် လူငယ်တစ်ယောက်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
အခြားသော စစ်သားများသည်လည်း အသီးသီး ခေါင်းယမ်းကာ တပ်ကြပ်ခေါင်းဆောင် အသစ်အား လှောင်ပြောင်နေကြတော့သည်။
ချူမင်ဟွေ့သည်လည်း တပ်ကြပ်ခေါင်းဆောင် အသစ်၏ အပြုအမူအား စိတ်ပျက်သွားကာ ဆက်ကြည့် မနေတော့ဘဲ သူလေးစားရသော ခေါင်းဆောင်ယွဲ့ ဘက်သို့သာ ပြန်ကြည့်နေလိုက်သည်။
လူအများစုက စိတ်ပျက် နေကြသော်လည်း ရုပ်ရည် အသင့်အတင့် ရှိသော စစ်သားကမူ ရဟတ်ယာဉ်အား မမှိတ်မသုန် မော့ကြည့်နေရင်း အနက်ရောင် မျက်မှန်အား ပင့်တင်ကာ ရေရွတ်လိုက်သည်။
"တစ်ခုခုတော့ လွဲနေသလိုပဲ"
ရဟတ်ယာဉ် ပေါ်၌ ...။ ချန်းဖန်သည် ယွီချင်အား တည်ငြိမ်စွာ ကြည့်ကာ တစ်ခွန်းချင်း ပြောလိုက်သည်။
"ခင်ဗျားပြော ခဲ့တယ်လေ ထန်လုံ အဖွဲ့အစည်းက စစ်သားတွေကို နာခံလာအောင် လုပ်ဖို့အတွက် ကျွန်တော် ဘာလုပ်နိုင်လဲ ဆိုတာ အရင်ဆုံး ပြဖို့ လိုတယ်ဆို"
ယွီချင်သည် ချန်းဖန်၏ မေးခွန်းကြောင့် အံ့ဩ သွားသော်လည်း ခဏမျှ တိတ်ဆိတ် နေပြီးနောက် ပြန်ဖြေလိုက်သည်။
"အမှန်ပဲ ထန်လုံ အဖွဲ့အစည်းက လူတွေက အတော်ဆုံး တွေထဲကမှ အတော်ဆုံးကိုပဲ ပြန်ရွေးထုတ် ထားတာ ... သူတို့ကို အုပ်ချုပ်ဖို့က မလွယ်ဘူး"
"အင်း"
ချန်းဖန်ကလည်း ခေါင်းညိတ်သည်။
"အဲလိုဆိုတိုင်း ရဟတ်ယာဉ်ပေါ်က ခုန်ချမလို့လား အခုက မီတာရာကျော် အမြင့်မှာနော် လေထီး ဒါမှမဟုတ် ကြိုး တစ်ခုခု မပါဘဲ ခုန်ချမယ် ဆိုရင် သတ်သေတာနဲ့ မခြားဘူး အထူးအဆန်း မထွင်ချင်ပါနဲ့ လူတိုင်းက ကပ္ပတိန် အမေရိက မဟုတ်ဘူး"
ဟောတုန်းလိုင်သည် အခွင့်အရေး ရတုန်း ချန်းဖန်အား သာသာနှက်လိုက်သည်။
"ခင်ဗျားပြောတာ တစ်ခုတော့ မှန်တယ် ကျွန်တော် အခုပဲ ခုန်ချတော့မလို့"
ချန်းဖန်သည် ဟော်တုန်းလိုင်အား နှုတ်ခမ်းတွန့်ရုံ ပြုံးပြလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရဟတ်ယာဉ်ပေါ်မှ ခုန်ချလိုက်လေသည်။
သူက မည်သည့် အကာအကွယ်မှ မပါဘဲ မီတာရာကျော် အမြင့်မှ မြေပြင်ပေါ်သို့ တိုက်ရိုက် ခုန်ချသွားခဲ့ခြင်း ဖြစ်သည်။
***