စိတ်ကူးယဉ်ဆန်ဆန် ထွက်ပေါ်လာခြင်း
Vol. 2 Ch. 147
"တော်ပြီ တော်ပြီ ငါတို့ရဲ့ တပ်ကြပ်ခေါင်းဆောင် အသစ်က တခြား အတွေ့အကြုံ မရှိတဲ့ လူသစ်လေးတွေလိုပဲ ပြုမူနေတယ် သူ့ကို တစ်မနက်လုံး စောင့်နေရတဲ့ ငါတို့က အရူးတွေ ကျနေတာပဲ လေ့ကျင့်ရေးကွင်းကို ပြန်ပြီး လေ့ကျင့် နေတာကမှ အကျိုးရှိဦးမယ်"
စစ်သားတစ်ယောက်က အော်လိုက်သည်။
အခြားသော စစ်သားများသည်လည်း ဝိုင်းဝန်း ထောက်ခံ လိုက်ကြကာ လေ့ကျင့်ရေး ကွင်းဆီသို့ ထွက်ခွာရန် ပြင်လိုက်ကြသည်။
ယွဲ့ချန်ချိုးကမူ ထင်းရှူးပင် တစ်ပင်အလား မလှုပ်မယှက် ဖြောင့်တန်းစွာ မတ်တတ် ရပ်နေဆဲ။
"ဟေ့ကောင်တွေ ... သစ်တောဘက်ကို သွားပြီး ယုန်ဖမ်းကြရအောင် ယုန်ကင် မစားရတာ ကြာပြီ"
သံမဏိက အကြုံပြုလိုက်သည်။
"ငါတို့ အားလုံးထဲမှာ သိမ်းငှက် မျက်လုံးက ယုန်ဖမ်းတာ အတော်ဆုံးပဲ သူ့ကို ပါအောင် ခေါ်သွားရမယ်"
ကျောက်တုံး မျက်နှာနှင့် လူငယ်က ဝင်ပြောသည်။
ရုပ်ရည် အသင့်အတင့်ရှိသော လူ၏ အမည်က သိမ်းငှက်မျက်လုံး ဖြစ်သည်။ အားလုံးထဲတွင် သူ့အား ထူးခြားစေသည့် အချက်မှာ စေ့စပ် သေချာပြီး အမြင်စူးရှခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သိမ်းငှက်မျက်လုံး ဟူသော အမည်ကို ရရှိထားတာ ဖြစ်၏။
"သေချာတာပေါ့ သိမ်းငှက်မျက်လုံးက အပစ်အခတ် ပြိုင်ပွဲတွေမှာ ဆိုရင် အမြဲတမ်း တတိယ ရတဲ့သူပဲ"
သံမဏိက ပြောသည်။
ထိုစဉ်တွင်ပဲ စစ်သားများထဲမှ တစ်ယောက်က အထိတ်တလန့် အော်လိုက်လေသည်။
"ဟိုမှာ လူတစ်ယောက် ရဟတ်ယာဉ် ပေါ်ကနေ ခုန်ချလာတယ်"
"ဘာ"
လူတိုင်း၏ ခေါင်းများမှာ ရဟတ်ယာဉ် ရှိရာဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက် ကြသည်တွင် မြင်လိုက်ရသော မြင်ကွင်းက သူတို့ အားလုံးအား မှင်တက် သွားစေခဲ့သည်။
လူပုံသဏ တခုသည် ရဟတ်ယာဉ်ပေါ်မှ ခုန်ချလာခဲ့ပြီး စက္ကန့်ပိုင်း အတွင်း အားလုံး၏ရှေ့ မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ ကျယ်လောင်လှသော အသံကြီးအား ကြားလိုက်ကြရသည်။
"ဘန်း"
ကျယ်လောင်လှသော အသံကြီး၏ နောက်တွင် နေရောင်ကိုပင် ကွယ်သွားစေ လောက်သော ဖုန်လုံးကြီးများ ဖြစ်ပေါ်လာသည်။ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွား သောကြောင့် အဆောက်အဦ အတွင်းဘက်တွင် ထိုင်နေကြသော လူများပင် အသံကျယ်ကြီးအား သတိထားမိသွားသည်။
"ငလျင်"
မြေပြင် တုန်ခါနေခြင်း ရပ်တန့်သွားသည့်အခါ အဆောက်အဦ အတွင်းရှိ လူများပါ အပြင်ဘက်သို့ ထွက်ကြည့်လာ ကြသည်။
လေယာဉ်ရပ်နားရာ ကွင်းတွင် ရှိနေသော စစ်သားများသည် အခင်းဖြစ်ပွားရာ နေရာနှင့် အနီးဆုံးတွင် ရှိနေကြခြင်း ဖြစ်ရာ ယခုလေးတွင် ဖြစ်ပျက်သွားသော အရာကြောင့် လုံးလုံးလျားလျား ဆွံ့အနေကြသည်။
ဖုန်လုံးကြီးများ တဖြည်းဖြည်း ပျောက်ကွယ် သွားသောအခါ အလယ် တည့်တည့်၌ လက်နှစ်ဖက်အား နောက်ပစ်ကာ မတ်တတ်ရပ်နေသော လူပုံသဏ္ဌာန် တစ်ခုကို မှုန်ဝါးဝါး မြင်လိုက်ကြရသည်။ ထိုလူ၏ ခြေထောက်အောက်ရှိ မြေပြင်မှာ အကြီးစား ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ပင့်ကူအိမ်သဏ္ဌာန် အက်ကြောင်းများစွာ ဖြစ်ပေါ်နေသည်။
"မင်းမြင်လိုက်လား သူ ... သူ ... ရဟတ်ယာဉ် ပေါ်ကနေ ဒီတိုင်း ဘာမှမပါဘဲ ခုန် ... ခုန်ချလာတာ"
သံမဏိ၏ အသံက မယုံကြည်နိုင်မှု တို့နှင့် တုန်ယင်နေသည်။
"ငါလည်း မြင်လိုက်တယ် သံမဏိ"
ကျောက်တုံးမျက်နှာနှင့် လူငယ်က ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီးမှ ပြန်ပြောနိုင်ရှာသည်။
သိမ်းငှက်မျက်လုံးနှင့် ယွဲ့ချန်ချိုးတို့ အပါအဝင် စစ်သားအားလုံး တို့သည် ထိတ်လန့်ခြင်း တစ်ဝက် အံ့ဩခြင်း တစ်ဝက်ဖြင့် မှင်တက်နေကြသည်။ ချူမင်ဟွေ့သည် ပြူးကျယ်နေသော မျက်လုံးများဖြင့် ဖုန်လုံးများကြားရှိ လူအား မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ စကားလုံး အချို့က လည်ချောင်းထဲ အထိ တက်လာသော်လည်း အပြင်သို့ ထွက်မလာ နိုင်ဘဲ တစ်ဆို့နေသည်။
"သူ့ခန္ဓာကိုယ်က သံနဲ့ လုပ်ထားတာ များလား မီတာရာကျော် အမြင့်ကနေ ဒီတိုင်း ခုန်ချ လာနိုင်တယ် ဆိုတော့"
သံမဏိက ထိတ်လန့် ကြောက်ရွံ့စွာ ရေရွတ်လိုက်သည်။
အားလုံး သံမဏိ၏ စကားအား ထောက်ခံစွာ ခေါင်းညိတ်မိကြသည်။
ထိုအချိန်တွင် ဖုန်လုံးများကြားရှိ လူက တဖြည်းဖြည်း လှုပ်ရှားလာသည်။ တဖြည်းဖြည်း နီးကပ်လာသောအခါ စစ်သားများသည် ထိုလူအား ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ အံ့ဩစရာ ကောင်းလောက်အောင်ပင် ထိုမယုံနိုင်စရာ သန်မာသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသူသည် အသက် ဆယ့်ခြောက်၊ ဆယ့်ခုနစ် လောက်သာ ရှိဦးမည့် လူငယ်လေးတစ်ယောက် ဖြစ်နေခဲ့သည်။
လူငယ်လေးသည် ထသွားလာသွား ပုံစံ ဂျင်းပင်န်နှင့် ရှပ်အင်္ကျီ အဖြူဆွတ်ဆွတ်ကိုသာ ဝတ်ဆင်ထားပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေး ချောမွေ့နေသော အသားအရေ ရှိသည်။ လူငယ်လေး၏ စူးရှ ထက်မြက်သော မျက်လုံးများက နေရောင်အောက်တွင် စိန်ပွင့်များကဲ့သို့ တဖျပ်ဖျပ် လက်နေသည်။ ထိုမျက်လုံးများထဲ စိုက်ကြည့်မိသည့် မည်သူမဆို ပြင်းထန်သော အရှိန်အဝါ တစ်မျိုးကို ခံစားမိပြီး စက္ကန့်ပိုင်း အတွင်း အကြည့်လွှဲ လိုက်ရသည်။
"တကယ်ကို မင်းပဲ"
အစက မသေချာ သေးသော်လည်း လူငယ်လေး၏ မျက်နှာအား သေချာ မြင်လိုက်ရသည်တွင် ချူမင်ဟွေ့တစ်ယောက် နွေခေါင်ခေါင် မိုးကြိုးပစ် ခံလိုက်ရသလို ခံစားလိုက်ရသည်။
"သူ့ကိုသိ တာလား"
မကြာသေးခင်က ချူမင်ဟွေ့အား စကားလာ ပြောခဲ့သော စစ်သားဟောင်းက မေးသည်။
ချူမင်ဟွေ့သည် စကားတစ်ခွန်း ပြန်မပြော သော်လည်း သူ့မျက်နှာပေါ်ရှိ အံ့ဩ ထိတ်လန့်နေသော အမူအရာက အဖြေထက် တိကျနေ၏။
"ငါ့အထင် သူက တပ်ကြပ်ခေါင်းဆောင် အသစ် ဖြစ်လောက်တယ်"
စစ်သားတစ်ယောက်က မသက်မသာ ပြုံးရင်း ပြောလိုက်သည်။
"တပ် ... တပ်ကြပ်ခေါင်းဆောင် အသစ်"
သံမဏိ အပါအဝင် အားလုံး၏ အတွေးထဲတွင် နောင်တတို့ဖြင့် ပြည့်နှက်သွားသည်။ အားလုံး၏ မျက်နှာအား တစ်စုံတစ်ယောက်က ဖြတ်ရိုက် သွားသည့်အလား ခံစားလိုက် ကြရသည်။ တပ်ကြပ်ခေါင်းဆောင် အသစ်က ထိုမျှ အစွမ်းထက် လိမ့်မည်ဟု ဘယ်သူကမှ မထင်ခဲ့တာ ဖြစ်သည်။
စစ်သားများ၏ မျက်နှာပေါ်ရှိ မောက်မာနေသည့် အမူအရာများမှာ တစ်ခဏ အတွင်း ပျောက်ကွယ်သွား ကြတော့သည်။
"တပ်ကြပ်ခေါင်းဆောင် အသစ်ကို စိန်ခေါ်မယ် ဟာသပဲ ဟိုကဖြင့် မီတာရာကျော် အမြင့်က ပြုတ်ကျ လာတာတောင် ဘာမှ မဖြစ်တာ သေနတ်နဲ့ ပစ်တောင် ကျည်ဆန် တိုးပေါက်ပါ့ မလား မသိတဲ့ သူနဲ့သာ တိုက်ခိုက်ရရင် သေဖို့ပဲ ရှိတယ်"
စစ်သားများ၏ ခန့်မှန်းချက်က မှန်ကန်ပေသည်။ ချန်းဖန်သည် အာကာသ သန့်စင် မွမ်းမံခြင်း ကျင့်စဉ်၏ အဆင့်လေးဆင့်အား အောင်မြင်ပြီး ဖြစ်ရာ ခေတ်မီ လက်နက်များက သူ့အား မခြိမ်းခြောက် နိုင်တော့ပေ။ ကမ္ဘာပေါ်ရှိ အချွန်ထက်ဆုံး ဓားပင် သူ့ခန္ဓာကိုယ်အား ထိခိုက်အောင် မလုပ်နိုင်တော့တာ ဖြစ်သည်။
လက်ရှိတွင် ချန်းဖန်သည် ချီသန့်စင်ခြင်း အခြေခံအဆင့်၏ ထိပ်ဆုံးတွင်သာ ရှိနေပြီး မူလဝိညာဉ် အဆင့်နှင့် များစွာ အလှမ်းကွာ နေသေးသော်လည်း မီတာရာကျော် အမြင့်မှ လက်ဗလာနှင့် ခုန်ချတာ လောက်တော့ တတ်နိုင်ပေသည်။
"တပ်ကြပ်ခေါင်းဆောင်"
အခြားသော စစ်သားများက ကြောင်အနေဆဲ ဖြစ်သော်လည်း ယွဲ့ချန်ချိုးသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလာကာ နှုတ်ဆက်လိုက်သည်။
"အင်း"
ချန်းဖန်က အသိအမှတ် ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြပြီး အခြား စစ်သားများအား အကဲခတ်လိုက်သည်။
အားလုံးသည် တစ်သန်းတွင်တစ်ယောက် ထူးချွန်စစ်သားများ ဖြစ်ကြသော်လည်း ချန်းဖန်၏ ရှေ့တွင် မူလတန်း ကျောင်းသားလေးများကဲ့သို့ ခေါင်းများ ငုံ့ထားကြသည်။ ဘယ်သူကမှ ချန်းဖန်နှင့် အကြည့်ချင်း ဆုံအောင် မကြည့်ရဲကြပေ။
"ငါ ဒီကိုမလာခင် ကြားခဲ့တာ ... မင်းတို့အားလုံးက ငါ့ရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး သံသယ ရှိတာကြောင့် စမ်းသပ်ချင် နေကြတယ်တဲ့"
ချန်းဖန်၏ အသံက တည်ငြိမ်သည်။ သို့သော် စကားလုံး တစ်လုံးချင်းစီက အေးစက်ကာ အရှိန်အဝါ တစ်ခု ကိန်းဝပ်နေသည်။
သံမဏိ၏ မျက်နှာကြီးမှာ ဖြူဖျော့ သွားသည်။
"ကောင်းပြီ ... အခု ငါရောက်နေပြီ မင်းတို့က ဘာကို စောင့်နေကြတာလဲ"
ဘယ်သူမှ စကားတစ်ခွန်း မဆိုရဲကြ။ ကျောက်တုံး မျက်နှာနှင့် လူငယ်ပင် ခေါင်းငုံ့ ထားသည်။
"ဘယ်သူမှ စိန်မခေါ်ရဲကြဘူး ဆိုရင် ... တပ်ကြပ်ခေါင်းဆောင် ရာထူးကို ငါတာဝန်ယူ မှာနဲ့ ပတ်သက်ပြီး သဘော မတူတဲ့သူ ဘယ်သူရှိလဲ"
ချန်းဖန်က မေးသည်။
"မရှိ ... မရှိပါဘူး"
ခန္ဓာကိုယ် တောင့်တောင့်ဖြောင့်ဖြောင့်ဖြင့် စစ်သားကြီးများ၏ အသံက ရှက်သွေးဖြန်းနေသည့် မိန်းမပျိုလေးများ၏ အသံကဲ့သို့ တိုးညင်းစွာ ထွက်ပေါ်လာသည်။
"ကျယ်ကျယ်ပြော"
ချန်းဖန်က အော်လိုက်သည်။
ချန်းဖန်သည် အသံထဲ၌ ချီစွမ်းအင် အနည်းငယ် ထည့်သွင်း၍ အော်လိုက်ခြင်း ဖြစ်ရာ မူမမှန်သော လေပွေတစ်ခုက ကွင်းပြင်ထဲတွင် ဖြစ်ပေါ်လာပြီး ဆင်းသက်ရန် ပြင်နေသည့် ရဟတ်ယာဉ်ပင် ဦးတည်ရာ လွဲသွားသည်။ ချန်းဖန်၏ ရှေ့တည့်တည်တွင် ရပ်နေသော စစ်သားများထဲမှ တချို့မှာ တောင့်မခံနိုင်ဘဲ မြေပြင်ပေါ်သို့ လဲပြိုသွားကြသည်။
"တပ်ကြပ်ခေါင်းဆောင်ကို အစီရင်ခံပါတယ် ငြင်းဆန်ချင်တဲ့သူ မရှိပါဘူး"
ယွဲ့ချန်ချိုးသည် အဆုတ်ကွဲမတတ် ကျယ်လောင်စွာ အော်လိုက်သည်။
"တပ်ကြပ်ခေါင်းဆောင်ကို အစီရင်ခံပါတယ် ငြင်းဆန်ချင်တဲ့သူ မရှိပါဘူး"
အခြား စစ်သားများလည်း အလျင်အမြန် ကျယ်လောင်စွာ လိုက်ပြောလိုက်ကြသည်။ သူတို့၏ နားများမှာမူ ချန်းဖန်၏ အော်သံကြောင့် ယခုထက်ထိ အူနေကြသည်။
ချန်းဖန်သည် အမူအရာမဲ့စွာ ရပ်နေဆဲ ဖြစ်ပြီး စစ်သားများအား စိတ်ပျက်စွာ ကြည့်လို့နေသည်။
"ဘယ်လောက်တောင် ပျော့ညံ့လိုက်တဲ့ လူတွေလည်း စစ်တပ်တွင်း သိုင်းပညာ တံခွန်စိုက်ပွဲမှာ တခြား အဖွဲ့တွေနဲ့ မယှဉ်နိုင်တာ မထူးဆန်း တော့ဘူး"
ချန်းဖန် ခေါင်းယမ်းမိသည်။ သို့သော် မျှော်လင့်ချက် မရှိတာတော့ မဟုတ်။ ပြန်လည် မွေးဖွားလာသည့် ကျင့်ကြံသူ တစ်ယောက် အနေနှင့် ချန်းဖန်သည် အသုံးမကျသည့် ဝက်အုပ်တစ်အုပ်ကိုပင် သေစေနိုင်သော မကောင်းဆိုးဝါးများ အဖြစ် ပြောင်းလဲပစ်နိုင်ရာ အသိဉာဏ်ရှိသည့် လူများကို လေ့ကျင့်ပေးရန်အတွက် အပြည့်အဝ ယုံကြည်ချက် ရှိပေသည်။
"တပ်ကြပ်ခေါင်းဆောင်ချန်း"
ရဟတ်ယာဉ်က နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီး ယွီချင်သည် ချန်းဖန်ထံသို့ အလျင်အမြန် လျှောက်လာနေသည်။ သူမ မျက်လုံးများထဲ၌ မူလက ရှိခဲ့သော သံသယများ အစား အံ့ဩမှုနှင့် ယုံကြည်မှု တို့သာ ရှိနေတော့သည်။
'လီမူချန်းက ထန်လုံ အဖွဲ့အစည်းအတွက် တကယ့် လူတော်တစ်ယောက်ကို ရွေးချယ်ပေးခဲ့တာပဲ'
ယွီချင်၏ အတွေးများက ယောက်ယက်ခတ်နေသည်။
ဟော်တုန်းလိုင်သည် ယွီချင်၏ နောက်မှ လိုက်ပါလာပြီး နောင်တနှင့် စိတ်ရှုပ်ထွေးမှုတို့က သူ့မျက်နှာပေါ်တွင် အထင်းသား ပေါ်နေသည်။ သူက ချန်းဖန်အား ရင်မဆိုင်ရဲသောကြောင့် အနီးနားတွင် တွင်းတစ်တွင်း တူးပြီးသာ ဝင်ပုန်းနေလိုက်ချင်တော့၏။
***