ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း
Vol. 2 Ch. 148
ထန်လုံ အဖွဲ့အစည်းသည် သိုင်းပြိုင်ပွဲ၌ အခြားသော အထူးတပ်ဖွဲ့ များအား ရှုံးနိမ့်ပြီးကတည်းက အဖွဲ့သားအားလုံး အကြီးအကျယ် စိတ်ဓာတ် ကျဆင်းသွားခဲ့သည်။ ထိုကိစ္စက တပ်ကြပ်ခေါင်းဆောင်ဟောင်း ဆရာရွှီအား အလုပ် ဖြုတ်လိုက်ရုံနှင့် ပြီးမသွားခဲ့။ စစ်သား အများစုသည် အားလပ်ရက်များတွင် အပြင် မထွက်နိုင်သည် အထိ စိတ်ဓာတ် ကျဆင်းသွားခဲ့တာ ဖြစ်သည်။
သို့သော်လည်း ယနေ့တွင်တော့ အဖွဲ့ဝင် စစ်သားများ အားလုံး စိတ်အားထက်သန် နေကြသည်။
"ကြားပြီးပြီလား တပ်ကြပ်ခေါင်းဆောင် အသစ်က တကယ့် ပညာရှင်တဲ့"
"ပညာရှင် ဆိုတာထက်ပိုတယ် သူရဟတ်ယာဉ် ပေါ်ကနေ ဒီအတိုင်း ခုန်ချလာတာကို မင်းတို့ မြင်လိုက်ရလား ငါတော့ မြင်လိုက်ရတယ် အရမ်းမိုက်တာပဲ မင်းတို့လည်း သိတဲ့အတိုင်း လေယာဉ် ရပ်နားကွင်းက ကွန်ကရစ်တွေက လက်ပစ်ဗုံး ဒဏ်ကိုတောင် ခံနိုင်ရည်ရှိအောင် အထူး နည်းစနစ် တစ်မျိုးနဲ့ ဆောက်ထားတာလေ ဒါပေမဲ့ သူလည်း ခုန်ချလာရော ပင့်ကူအိမ် တွေလိုပဲ အပိုင်းပိုင်း အက်ကွဲကုန် တော့တာပဲ စဉ်းစားသာကြည့်တော့"
စစ်သားတစ်ယောက်က ဝင်ပြောသည်။
"ငါကြားတာတော့ တပ်ကြပ်ခေါင်းဆောင်ချန်းက ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာတဲ့ ဒီလို ပါရမီမျိုးနဲ့ အထက်လူကြီး တွေက သူ့ကို ကမ်းလှမ်းခဲ့တာ မထူးဆန်းတော့ဘူး ငါတို့ကိုလည်း သူ့လိုမျိုး အစွမ်းထက် လာအောင် လေ့ကျင့်ပေးရင် ကောင်းမှာပဲ"
အခြား စစ်သား တစ်ယောက်ကလည်း မျှော်လင့်တကြီး ပြောလာသည်။
"တော်စမ်းပါကွာ ကိုယ့်ကိုကိုယ်လည်း မှန်ထဲပြန်ကြည့်ဦး အလေးအိတ်ကို သယ်ပြီး ပြေးရင် ဆယ်မိုင်ထက် ပိုမပြေးနိုင်တဲ့ ကောင်ကများ တပ်ကြပ်ခေါင်းဆောင်ချန်းလို အစွမ်းထက် ချင်သေးတယ် အိပ်မက် ဆက်မက်နေလိုက် ဟေ့ကောင်"
ထိုစစ်သား၏ သူငယ်ချင်းများက တဟားဟား အော်ရယ်ရင်း ဝိုင်းဝန်း စနောက် လိုက်ကြသည်။
လက်တလော အသစ်ရောက်ရှိလာသော တပ်ကြပ်ခေါင်းဆောင်သည် ထန်လုံ အဖွဲ့အစည်း၏ ဌာနချုပ်၌ အလွန် ရေပန်းစား နေပြီး အဖွဲ့ဝင်တိုင်း လိုလိုက တပ်ကြပ်ခေါင်းဆောင်၏ စွမ်းရည်များ အကြောင်းကိုသာ ပြောဆိုနေကြသည်။
တစ်ခုသော စစ်တန်းလျား အဆောက်အဦ အတွင်းဘက်၌။
စစ်သားတစ်စုသည် ၎င်းတို့၏ အိပ်ရာ အသီးသီး၌ ထိုင်သူက ထိုင်၊ လှဲသူက လှဲရင်း စကားပြော နေကြသည်။
"သံမဏိ ... မင်းပြောကြည့် တပ်ကြပ်ခေါင်းဆောင် က ငါတို့ကို အရူးလုပ် နေတာလို့ ထင်လား"
ကျောက်တုံး မျက်နှာနှင့် လူငယ်က စမေးသည်။
သံမဏိ၏ မျက်နှာသည် ဒီဇင်ဘာလတွင် ကျသော နှင်းများထက်ပင် ပိုမို ဖြူဖျော့နေပြီး ခေါင်းငိုက်စိုက်ကာ ကြမ်းပြင်သို့ ငေးကြည့်နေ၏။
"အင်း ... တပ်ကြပ်ခေါင်းဆောင်ချန်းရဲ့ နေရာက ဝင်ကြည့်ရရင် ငါတို့တွေက တော်တော် အထင်သေးစရာ ကောင်းနေမှာပဲ စစ်တပ်ရဲ့ အထူးတပ်ဖွဲ့တွေ ကြားမှာ အညံ့ဆုံး ဖြစ်နေတာတောင်မှ ကိုယ့်ကို ကူညီဖို့ ရောက်လာတဲ့ တပ်ကြပ်ခေါင်းဆောင်ရဲ့ အရည်အချင်းကို စမ်းသပ်ဖို့ ကြံစည်ရဲသေးတယ် မောက်မာပြီး ညံ့ဖျင်းတယ် အမှန်တော့ တပ်ကြပ်ခေါင်းဆောင်ချန်းနဲ့ သဘောတူညီချက် ရဖို့ အထက်လူကြီးတွေက အများကြီး ကြိုးစားခဲ့ရတာ ... အဲဒါနဲ့တင် တပ်ကြပ်ခေါင်းဆောင်ချန်းရဲ့ အရည်အချင်းကို သက်သေပြဖို့ လုံလောက် နေပါပြီ"
သိမ်းငှက်မျက်လုံးက အေးစက်သော မဲ့ပြုံးတစ်ခုနှင့် ညည်းညူလိုက်သည်။
သူ့စကားများက ချွင်းချက်မရှိ မှန်ပေသည်။ လူတိုင်း ခေါင်းယမ်းကာ သက်ပြင်း ချမိကြသည်။
"တပ်ကြပ်ခေါင်းဆောင်ချန်းက ငါတို့ကို လေ့ကျင့်ပေးမယ် ဆိုတာနဲ့တင် လုံလောက်ပါပြီ အနည်းဆုံးတော့ မျက်နှာ ပျက်စရာတွေ မလုပ်မိခဲ့ဘူးလေ"
ခုနအထိ စကား လုံးဝ မပြောခဲ့သော တစ်ကိုယ်လုံးတွင် ကြွက်သားအပြည့်နှင့် သန်သန်မာမာ လူငယ်က နောက်ဆုံး ဝင်ပြောလာသည်။
ထိုလူငယ်၏ နှစ်သိမ့်သော စကားကြောင့် အားလုံး ယုံကြည်မှု အနည်းငယ် ပြန်လည် ရရှိလာကြသည်။
"ဗလကြီး ... တပ်ကြပ်ခေါင်းဆောင်ချန်းက တပ်ကြပ်ဟော်လို အတွင်းအား ပညာရှင် ဖြစ်လောက်တယ်လို့ ထင်လား"
ပြောင်ချော်ချော် မျက်နှာနှင့် 'ဟွမ်ကွား'ဟု အမည်ရသော စစ်သားက မေးသည်။
တစ်ကိုယ်လုံးတွင် ကြွက်သားအပြည့်နှင့် လူငယ်၏ အမည်က 'ဗလကြီး' ဖြစ်သည်။ သူကား ထန်လုံ အဖွဲ့အစည်းတွင် ထိပ်တန်း တိုက်ခိုက်ရေးသမား တစ်ယောက်လည်း ဖြစ်၏။ တစ်ဦးချင်း တိုက်ပွဲမျိုး၌ တပ်ကြပ်ဟော်ပင် ဗလကြီး၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ ထို့ပြင် ဗလကြီးသည် ရှေးသိုင်းပညာ မိသားစုမှ ဆင်းသက်လာခြင်း ဖြစ်ပြီး စစ်တပ်ထဲသို့ မဝင်ခင်က အတွင်းအား ပညာရှင်တစ်ယောက် ဖြစ်ခဲ့သည်။
ဟွမ်ကွား၏ မေးခွန်းအား လူတိုင်း စိတ်ဝင်စားသွားကြပြီး ဗလကြီးထံ လှမ်းကြည့်လိုက်ကြသည်။
"အတွင်းအား ပညာရှင်"
ဗလကြီးက လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။
"အဲလောက် မရိုးရှင်းဘူး အစွမ်း အထက်ဆုံး အတွင်းအား ပညာရှင်တောင် မီတာရာကျော် အမြင့်ကနေ မထိမခိုက်ဘဲ ခုန်မချနိုင်တာ သေချာတယ် သူက လူသားတစ်ယောက် တတ်နိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားပြီ"
"ဘယ်လို မင်းပြောတာ တပ်ကြပ်ခေါင်းဆောင်ချန်းက ယဲ့နန်ထျန်းလို အစွမ်းထက်နေပြီလို့ ဆိုလိုတာလား သူက အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက်လား"
ဟွမ်ကွားက မယုံနိုင်ဟန်ဖြင့် ထပ်မေးသည်။
ထိုမေးခွန်းကြောင့် စစ်တန်းလျား တစ်ခုလုံး ဆူပွက်သွားသည်။
"ယဲ့နန်ထျန်း သူက ယဲ့နန်ထျန်းနဲ့ တန်းတူ ရှိနေပြီလား"
သံမဏိက ဗလကြီး၏ စကားအား မယုံကြည်သည်မှာ ထင်ရှားသည်။
ယဲ့နန်ထျန်းသည် စစ်သားများအတွက် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။ ယဲ့နန်ထျန်းသည် စစ်တပ်၌ အမှုထမ်းခဲ့သော ဆယ်စုနှစ် တစ်ခုအတွင်း ခက်ခဲလှသော မစ်ရှစ် မြောက်များစွာအား အံ့ဩဖွယ် နည်းလမ်းများဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်သည်။ သံမဏိက ယဲ့နန်ထျန်း၏ တပည့်မျိုးဆက်များ ဖြစ်သော လုံဖန့်အဖွဲ့နှင့် အကြိမ်ကြိမ် ရင်ဆိုင်ဖူးသောကြောင့် ယဲ့နန်ထျန်း မည်မျှ အစွမ်းထက်ကြောင်း ကောင်းကောင်း သိပေသည်။
"မဟုတ်ဘူး ... သူက ယဲ့နန်ထျန်းထက် ပိုပြီး အစွမ်းထက်တယ်"
ဗလကြီးက ဖြည်းညင်းစွာ ပြောသည်။ သူ၏ နက်မှောင်သော မျက်လုံးများက အရောင် တစ်ချက်လက်သွားပြီး ...။
"တပ်ကြပ် ခေါင်းဆောင်ချန်းရဲ့ အစွမ်းအစက ဒီကမ္ဘာနဲ့ မသက်ဆိုင်ဘူး ... ဒါက ငါတို့ တွေးနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားပြီ"
"ယဲ့နန်ထျန်း ထက်တောင် ပိုပြီး အစွမ်းထက်တယ်"
လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နားကြား မမှားကြောင်း အတည်ပြု မိကြသည်။ မည်သို့သော မကောင်းဆိုးဝါး တပ်ကြပ်ခေါင်းဆောင် နှင့် ကြုံတွေ့ နေရသည်ကို သူတို့အားလုံး မပြောတတ်တော့။
တစ်ချိန်လုံးတွင် ချုမင်ဟွေ့သည် စစ်တန်းလျား၏ ထောင့်တစ်နေရာ၌ တိတ်ဆိတ်စွာ မတ်တတ်ရပ်ရင်း စစ်သားများ ပြောဆိုနေသည်ကို နားထောင်နေခဲ့တာ ဖြစ်သည်။ သူက လက်သီးအား အရိုးကျိုးမတတ် တင်းနေအောင် ဆုပ်လိုက်မိသည်။ လက်သည်းများက လက်ဝါး အသားထဲသို့ စိုက်ဝင်သွားကာ သွေးတစက်စက် ကျလာသော်လည်း ချူမင်ဟွေ့က လုံးလုံးလျားလျား သတိထား မိသည့်ပုံ မရပေ။
ထန်လုံ အဖွဲ့အစည်း ဌာနချုပ်၏ အစည်းအဝေး ခန်းမထဲ၌ ...။
အဓိကကျသော ဝန်ထမ်းများ အားလုံး တပ်ကြပ်ခေါင်းဆောင် အသစ်နှင့် တွေ့ဆုံရန် အစည်းအဝေး ခန်းမထဲသို့ ရောက်ရှိနေကြသည်။ ထိုအထဲတွင် လက်ထောက် တပ်ကြပ်များ၊ စီမံခန့်ခွဲရေး ဆိုင်ရာ ဝန်ထမ်းများ၊ အဖွဲ့ခေါင်းဆောင် ယွဲ့ချန်ချိုးနှင့် ယွီချင်တို့ ပါဝင်သည်။ သူတို့အားလုံး ချန်းဖန်၏ ရှေ့၌ ရိုသေလေးစားစွာ မတ်တတ် ရပ်နေကြသည်။
ချန်းဖန်သည် ထိုင်ခုံ၌ ထိုင်နေပြီး စစ်တပ် ယူနီဖောင်းအား လဲလှယ် ဝတ်ဆင်ထားသည်။
"ဒါက ထန်လုံ အဖွဲ့အစည်း အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအကျဉ်းတွေပါ"
ယွီချင်က ဖိုင်တွဲ အထပ်လိုက်ကြီးအား ချန်းဖန်ထံသို့ လက်နှစ်ဖက်နှင့် ကမ်းပေးလာသည်။
ချန်းဖန်သည် ထိုဖိုင်တွဲများအား ထိပင်မထိပေ။ စားပွဲပေါ်သို့ လက်ဖြင့် တဒေါက်ဒေါက် ခေါက်ရင်း ရှင်းရှင်းလင်းလင်း ပြောထားလိုက်သည်။
"ကျွန်တော် လီမူချန်းနဲ့ သဘောတူ ထားတည်းက ဒီရာထူးကို တစ်လပဲ တာဝန်ယူ ပေးမယ်လို့ ပြောထားပြီးသား ... ဒါကြောင့် ဒီဖိုင်တွဲတွေကို ကြည့်စရာ မလိုဘူး"
ချန်းဖန်သည် သူဘာလုပ်နေသည်ကို သူကိုယ်တိုင် ကောင်းကောင်း သိသည်။ သူက လီမူချန်းနှင့် ညှိနှိုင်းစဉ် ကတည်းက ဤရာထူးကို တစ်လသာ တာဝန် မယူနိုင်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ အကယ်၍ သူက ဖိုင်တွဲများအား လှန်လှော်ကြည့်မိလျှင် ထန်လုံ အဖွဲ့အစည်း၏ ရေရှည် တိုးတက်မှု အတွက်ပါ တွေးတော နေမိမှာ စိုးသည်။ ခဏတာသာ နေရမည့် နေရာတွင် သံယောဇဉ် မတွယ်လိုပေ။
စိတ်ပျက်သွားမှု အရိပ်အယောင်လေးက ယွီချင်၏ မျက်လုံးများထဲ ဖြတ်ပြေး သွားသော်လည်း သူမက ကြိုးစားပြုံးကာ ပြောလိုက်သည်။
"တပ်ကြပ်ခေါင်းဆောင်ချန်း ... လေ့ကျင့်မှုကို ဘယ်လိုမျိုး စတင်ချင်လဲ ကျွန်မတို့မှာ ရှင့်ကို ကူညီဖို့ နယ်ပယ် အသီးသီးက ကျွမ်းကျင်သူတွေ ရှိပါတယ်"
"မလိုဘူး"
ချန်းဖန် ခေါင်းယမ်းရင် ယွီချင်၏ စကားအား ဖြတ်ပြောလိုက်သည်။
"အဲဒီ သမားရိုးကျ နည်းလမ်းတွေက အဖွဲ့ဝင်တွေရဲ့ ခွန်အားကို တစ်လအတွင်း အများကြီး တိုးတက်စေမှာ မဟုတ်ဘူး ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ထန်လုံ အဖွဲ့အစည်းက လူတွေကို တစ်လအတွင်း လုံဖန့် အဖွဲ့က လူတွေနဲ့ တန်းတူ ဒါမှမဟုတ် သူတို့ထက် သာသွားအောင် လုပ်ပေးဖို့ပဲ ဒါကြောင့် သူများနဲ့ မတူတဲ့ နည်းလမ်းတချို့ကို သုံးဖို့လိုတယ်"
"တစ်လအတွင်း လုံဖန့်အဖွဲ့ထက် သာအောင် လုပ်မယ်"
တပ်ကြပ်ခေါင်းဆောင် အသစ်၏ ကြီးမားလှသော ရည်ရွယ်ချက်ကြောင့် အခန်းထဲရှိ လူတိုင်း ဆွံ့အသွားကြသည်။
ဟောတုန်းလိုင်သည် အနည်းငယ် တွန့်ဆုတ်နေပြီးမှ တုန်ယင်နေသော အသံဖြင့် ရှင်းပြလာသည်။
"တပ်ကြပ်ခေါင်းဆောင်ချန်း ... လုံဖန့်အဖွဲ့က လူတွေက တိုက်ခိုက်ရေးပိုင်းမှာ အရမ်း ထူးချွန်ကြတယ် ပြီးတော့ အဖွဲ့ဝင်တိုင်း လိုလိုကလည်း အတွင်းအား ပညာရှင် တွေချည်းပဲ တစ်လအတွင်း သူတို့ကို ကျော်ဖြတ်ဖို့ မပြောနဲ့ တန်းတူဖြစ်အောင် လုပ်ဖို့တောင် မလွယ်လောက်ဘူး"
"ဒါက ခင်ဗျားအတွက် မလွယ်ပေမဲ့ ကျွန်တော့် အတွက်တော့ လွယ်တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့"
ချန်းဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး လွယ်အိတ်ထဲမှ ဖိုင်တွဲနှစ်ခုအား ထုတ်ကာ ယွီချင်ထံ ကမ်းပေးလိုက်သည်။
ယွီချင်လည်း ဇဝေဇဝါဖြင့် လှမ်းယူပြီး ဖိုင်တွဲတစ်ခုအား ဖွင့်ကြည့်လိုက်သည်တွင် စာရွက်အချို့အား မြင်ရသည်။ စာရွက်များပေါ်ရှိ အကြောင်းအရာအား ဖတ်ကြည့်ပြီးနောက် ယွီချင်၏ မျက်နှာမှာ မဲမှောင်သွားကာ အံ့အား သင့်စွာနှင့် ချန်းဖန်အား လှမ်းကြည့်လိုက်မိသည်။
"ခင်ဗျား ကိုင်ထားတဲ့ စာရွက်တွေထဲမှာ အထူးလေ့ကျင့်ရေး နည်းလမ်းတစ်ခု အကြောင်း အသေးစိတ် ဖော်ပြထားတယ် အဲဒီ လေ့ကျင့်ရေး နည်းလမ်းကို 'ထန်လုံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း'လို့ ကျွန်တော်က နာမည် ပေးထားတယ် ဒီနည်းလမ်းအတိုင်းသာ တသွေမတိမ်း လေ့ကျင့်မယ် ဆိုရင် ... ကျွန်တော် အာမခံတယ် အဖွဲ့ဝင်တွေဟာ အတွင်းအား ပညာ စဦးအောင်မြင်မှု အဆင့်က လူတွေနဲ့တောင် လက်ရည်တူ တိုက်ခိုက် နိုင်သွားလိမ့်မယ်"
"ထန်လုံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း တစ်လအတွင်း အတွင်းအားပညာ စဦးအောင်မြင်မှု အဆင့်က လူတွေနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်မယ်"
ယွီချင် အပါအဝင် အခန်းထဲရှိ လူများအားလုံး အထိတ်ထိတ် အလန့်လန့်ဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
သူတို့သည် ချန်းဖန်၏ စကားအား လုံးဝ မယုံကြည် နိုင်ကြသော်လည်း ရဟတ်ယာဉ်ပေါ်မှ လက်ဗလာဖြင့် ခုန်ဆင်းလာသည့် လူငယ်လေး၏ ပုံရိပ်က သူတို့ အတွေးများကို ပြောင်းပြန် လှန်ပစ်ဖို့ လုံလောက်နေသည်။
"ကောင်းပြီ ... ကျုပ်တို့ ဒီတစ်လ စမ်းကြည့် ကြတာပေါ့"
တပ်ကြပ်ဟော် အံတင်းတင်း ကြိတ်ကာ ပြောလိုက်လေသည်။
***