မမှန်းဆနိုင်လောက်သော စွမ်းအား
Vol. 2 Ch. 149
စစ်တပ်တွင်လည်း ကိုယ်ပိုင် အတွင်းအား ကျင့်စဉ်တစ်ခု ရှိမည်ကို ချန်းဖန် လောင်းရဲသည်။
အတွင်းအား ကျင့်စဉ်များ အကြောင်းသည် လျှို့ဝှက်ချက် မဟုတ်ရာ အစိုးရအနေနှင့် မသိစရာ အကြောင်း မရှိပေ။ ထို့ပြင် အတွင်းအား ကျင့်စဉ်များ ရှာဖွေ စုဆောင်းရန်မှာ အစိုးရအတွက် မခက်ခဲသော အလုပ် ဖြစ်သည်။
သို့သော် ကမ္ဘာပေါ်တွင် ဝိညာဉ်ချီများသာ ရှားပါးသည် မဟုတ်ဘဲ စစ်မှန်သော ကျင့်စဉ်များလည်း ရှားပါးသည်။
ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများထဲမှ ချွင်းချက်မရှိ ထူးချွန်သူများသာ အတွင်းအားပညာကို အောင်မြင်အောင် လေ့ကျင့်နိုင်ကြသည်။ ချန်းဖန်နှင့် ကြုံတွေ့ခဲ့သော ကောဝေ့၊ လင်းဟူ၊ ဝေ့ဖူ၊ လင်းပေါင်၊ အဘိုးကြီးကုတို့သည် ၎င်းတို့၏ ပိုင်နက်အသီးသီး၌ လွှမ်းမိုးနိုင်စွမ်း ရှိသူများ ဖြစ်ကြသည်။ ကောဝေ့ကဲ့သို့ အတွင်းအားပညာတွင် စဦးအောင်မြင်မှုသာ ရှိသော လူပင် ချူကျိုးမြို့၌ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်နိုင်သည်။
အတွင်းအား ပညာကို လေ့ကျင့်ထားတိုင်း ပြိုင်ဘက်ကင်းသည် ဟုတော့ မဆိုလို။ အထွတ်အထိပ် အဆင့် ပညာရှင်များပင် အထူး ထုတ်လုပ်ထားသော အဆင့်မြင့် ခေတ်မီ လက်နက်များနှင့် သတ်ပါက သေနိုင်သေးရာ အဆင့်နိမ့် အတွင်းအား ပညာရှင်များ ဆိုလျှင် ပြောနေ စရာတောင် မလိုပေ။
"ထန်လုံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းက သာမန် ကျင့်ကြံခြင်း နည်းလမ်းတွေနဲ့ ကွဲပြားတယ်"
ချန်းဖန်က ကြေညာလိုက်သည်။
ခေါင်းဆောင်ယွဲ့နှင့် ယွီချင်တို့သာမက အခြား တပ်ကြပ်များပါ ချန်းဖန်၏ စကားအား စိတ်ဝင်တစား နားထောင်နေကြသည်။
"ကျုပ်ကို မေးခွင့်ပြုပါ တပ်ကြပ်ခေါင်းဆောင် ကွာခြားချက်က ဘာလဲဆိုတာ သေချာ ရှင်းပြပေးလို့ ရမလား"
တိုက်ခိုက်ရေးပိုင်းကို တာဝန်ယူ လေ့ကျင့်ပေးရသော တပ်ကြပ်က မေးလာသည်။
ထန်လုံ အဖွဲ့အစည်းတွင် ပညာရပ် တစ်ခုချင်းစီအား အထူးပြု သင်ကြား လေ့ကျင့်ပေးသော တပ်ကြပ်များ ရှိသည်။ တိုက်ခိုက်ရေး၊ အပစ်အခတ်၊ ယာဉ်အမျိုးမျိုး မောင်းနှင်ခြင်း၊ နည်းပညာ၊ ထောင်ချောက်ဆင်ခြင်း၊ တောတွင်း အမဲလိုက်ခြင်း စသဖြင့် ပညာရပ် တစ်ခုချင်းစီအတွက် တာဝန်ယူထားသော တပ်ကြပ်များ ရှိသည်။ စစ်တပ်၏ ရည်ရွယ်ချက်မှာ မည်သို့သော အခြေအနေမျိုး တွင်မဆို စစ်ဆင်ရေးကို အောင်မြင်အောင် စွမ်းဆောင်နိုင်မည့် ဘက်စုံ ထူးချွန်သော စစ်သားများ မွေးထုတ်ပေးနိုင်ရန် ဖြစ်သည်။
လက်ထောက် တပ်ကြပ်ခေါင်းဆောင် ဟော်တုန်းလိုင်အပြင် တိုက်ခိုက်ရေးပိုင်းအား အထူးပြု သင်ကြားပေးသော အခြား တပ်ကြပ် သုံးယောက် ရှိသည်။
ထိုတပ်ကြပ် သုံးယောက်လုံးသည် အတွင်းအားပညာ ထူးကဲသော အောင်မြင်မှု အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။ ၎င်းတို့အား အသီးသီးသော ဂိုဏ်းများ၊ သိုင်းပညာ မိသားစုများမှ အစိုးရ ကိုယ်တိုင် ရွေးထုတ် ခေါ်ထားခြင်း ဖြစ်သည်။
ယခု မေးခွန်း မေးလာသော တပ်ကြပ်မှာ သိုင်းမိသားစု တစ်ခု ဖြစ်သော ကုမိသားစုမှ ကုလျှိုရူ ဖြစ်သည်။ သူက ချန်းဖန် ရဟတ်ယာဉ် ပေါ်မှ ခုန်ချလာစဉ်က မြင်လိုက် ရသူများထဲမှ တစ်ယောက်ဖြစ်ကာ ချန်းဖန်အား လေးစားနေခဲ့သည်။ သို့သော် တိုက်ခိုက်ရေးပိုင်းတွင် သူ၏ ကျွမ်းကျင်မှုအား ချန်းဖန်သိအောင် ပြသချင်သောကြောင့် ယခုကဲ့သို့ မေးလိုက်တာ ဖြစ်သည်။
"အားလုံးလည်း သိကြတဲ့အတိုင်း အတွင်းအားပညာကို လေ့ကျင့်တဲ့အခါ အခြေခိုင်ဖို့ဆိုတာ အရမ်း အရေးကြီးတယ်လေ"
ကုလျှိုရူက ဘေးပတ်လည်သို့ တစ်ချက် ဝေ့ကြည့်ရင်း ပြောသည်။
"အတွင်းအား ပညာကို လေ့ကျင့်ပြီဆိုရင် အသက်ငယ်လေလေ အောင်မြင်မှုရဖို့ အခွင့်အရေး ပိုများလေလေပဲ ထန်လုံအဖွဲ့အစည်းက စစ်သားတွေ အများစုက အသက် နှစ်ဆယ်ကျော်နေကြပြီ ဒါ့ကြောင့် အခုမှ အတွင်းအားကို စလေ့ကျင့်ခိုင်းမယ် ဆိုရင် နောက်ကျလွန်းမနေဘူးလား"
လူတိုင်း သဘောတူသည့် အနေဖြင့် ခေါင်းညိတ်မိကြသည်။
ယွီချင်ပင် သိုင်းပညာရှင်တစ်ယောက် မဟုတ်သော်လည်း တပ်ကြပ်ကု ပြောသည်က မှန်သည်ဟု ခံစားမိသည်။
"အဲဒါက သမားရိုးကျ နည်းလမ်းနဲ့ လေ့ကျင့်မှသာလေ ကျွန်တော် ပြောခဲ့သလိုပဲ ထန်လုံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းက လုံးဝကို သာမန်နဲ့ ကွဲပြားတယ်"
ချန်းဖန်က အေးဆေးစွာ ပြောသည်။
"တစ်စုံတစ်ယောက်က ထန်လုံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းကို အောင်အောင်မြင်မြင် လေ့ကျင့်ပြီးသွားပြီ ဆိုရင် ဘာအတွင်းအားမှ သုံးစရာ မလိုဘဲ အတွင်းအား ပညာရှင်တစ်ယောက်ကို ရင်ဆိုင်နိုင်လိမ့်မယ်"
ကြားလိုက်ရသည်ကြောင့် လူတိုင်း ရှောခ့်ရသွားကြသည်။
တပ်ကြပ်ဟော်က မယုံနိုင်စွာဖြင့် မျက်မှောင်ကြုတ်ကာ မေးလာသည်။
"ထန်လုံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းက မွေ့ထိုင်း လိုမျိုးလား ကျုပ်သိ သလောက်တော့ မွေ့ထိုင်း လေ့ကျင့်တဲ့ သိုင်းပညာရှင် တွေက ခန္ဓာကိုယ် ခွန်အား သက်သက်နဲ့ အတွင်းအား ပညာရှင်တွေကို အနိုင်ယူ နိုင်တယ်တဲ့ ဒါပေမဲ့ မွေ့ထိုင်း လေ့ကျင့်ခန်းတွေက အတွင်းအား လေ့ကျင့် ရတာထက် အများကြီး ပိုကြမ်းတမ်းတယ် ဆယ်ယောက်မှာ တစ်ယောက်လောက်ပဲ အောင်မြင်နိုင် တာမျိုး ... ကျုပ်တို့ စစ်သားတွေ အားလုံး အောင်မြင် နိုင်ပါ့မလား"
"ခင်ဗျားပြောတာ တစ်ဝက်တော့ မှန်ပါတယ်"
ချန်းဖန်က တည်ငြိမ်စွာ ပြောသည်။
"ဒါပေမဲ့ ကျွန်တော့်ရဲ့ လေ့ကျင့်ခန်းက မွေ့ထိုင်းနဲ့ တစ်ပုံစံတည်း တူနေတာတော့ မဟုတ်ဘူး မွေ့ထိုင်းထက် လေ့ကျင့်ရ လွယ်ပြီး ထိရောက်မှု ပိုရှိတယ် ပြီးတော့ အချိန်တို အတွင်း စစ်သားတွေရဲ့ စွမ်းရည်ကို မြှင့်တင်နိုင်ဖို့ ကျွန်တော်က သူတို့ကို ကူညီပေးဦးမှာပါ"
ချန်းဖန် ကမ္ဘာပေါ်တွင် ရှိနေစဉ်အတွင်း လူများအတွက် အကောင်းဆုံး ကူညီပေးနိုင်သည်မှာ အတိတ်ဘဝက စတော့ရှယ်ယာ ဈေးကွက်များအကြောင်း မဟုတ်သလို ထီပေါက်စဉ် နံပါတ်များ အကြောင်းလည်း မဟုတ်ပါ။ သူဖန်တီးထားသော ကျင့်ကြံခြင်း နည်းလမ်းများသာ ဖြစ်သည်။
"ဒါပေမဲ့ ငါက ဘယ်လိုမျိုး လွှဲပြောင်းပေးခဲ့ရမှာလဲ"
ချန်းဖန် ခေါင်းယမ်းရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုအရာသည် လူသားများ အတွက် ကောင်းမွန်သော်လည်း ချန်းဖန်အတွက်မူ အသွားနှစ်ဖက်ပါသော ဓားကဲ့သို့ ဖြစ်သည်။ လက်ရှိ သူ၏ ကျင့်ကြံဆင့်မှာ ချီသန့်စင်ခြင်း အခြေခံ အဆင့်၏ ထိပ်ဆုံးတွင် ဖြစ်ပြီး သာမန် သေနတ်များက သူ့အား မထိခိုက်စေနိုင်။ သို့သော်လည်း သူက ပြိုင်ဘက်ကင်း ဖြစ်နေပြီဟုတော့ မဆိုလိုပေ။ ကမ္ဘာပေါ်တွင် စစ်မှန်သော ကျင့်ကြံခြင်း နည်းလမ်းများ ပျံ့နှံ့သွားပါက အရင်ဆုံး ဒုက္ခရောက်မည့် လူက သူသာ ဖြစ်သည်။
'ငါကိုယ်တိုင် မူလဝိညာဉ် အဆင့်ကို ရောက်ပြီး ရွှေအမြုတေ ရလာတော့မှပဲ စစ်မှန်တဲ့ ကျင့်ကြံခြင်း နည်းလမ်းတချို့ကို ဖြန့်ဝေပေးတော့မယ် အခုတော့ အချိန်မကျသေးဘူး'
သူတွေးလိုက်၏။
ထန်လုံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း ကမူ ကွဲပြားပေသည်။ ထိုလေ့ကျင့်ခန်းက သာမန်လူများ လုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ စစ်သားများကဲ့သို့ ဒူပေဒဏ်ပေ ခံနိုင်သည့် လူများသာ လေ့ကျင့်နိုင်မည် ဖြစ်ပြီး အလွန်ဆုံးမှ အတွင်းအား ပညာ စဦး အောင်မြင်မှု အဆင့်နှင့် တူညီသော စွမ်းအားလောက် ကိုသာ ပိုင်ဆိုင်နိုင်မှာ ဖြစ်သည်။
တပ်ကြပ်ကုသည် ချန်းဖန်၏ အစီအစဉ်အား သံသယ ရှိနေဆဲ ဖြစ်သော်လည်း ယွီချင်က ချန်းဖန် ဆိုလိုချင်သည်အား ရေးတေးတေး နားလည်လိုက်သည်။
"တပ်ကြပ်ခေါင်းဆောင်ချန်း ဆိုလိုတာက ဒီလေ့ကျင့်ခန်းကို စစ်သားတွေ အောင်မြင်နိုင်ဖို့ ကူညီပေးမယ်လို့ ဆိုလိုတာလား"
"အမှန်ပဲ"
ချန်းဖန်က ခေါင်းညိတ်သည်။
ပါရမီအရှိဆုံး စစ်သားတစ်ယောက်ပင် အတွင်းအား ပညာရှင် တစ်ယောက်နှင့် ရင်ဆိုင်နိုင်ရန် ထန်လုံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းအား ငါးနှစ်ခန့် အပြင်းအထန် လေ့ကျင့်ရန် လိုသည်။ သို့သော် ဆေးလုံးများ၏ အကူအညီနှင့် ဆိုပါက ကွဲပြားသွားပေသည်။ အားရှို့သည် မူလက အားနည်းသော မိန်းမငယ်လေး တစ်ယောက်သာ ဖြစ်သော်လည်း ဝိညာဉ်ဆေးလုံး များ၏ အကူအညီနှင့် သုံးလအတွင်း အတွင်းအား ပညာ ထူးကဲသော အောင်မြင်မှု အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။
"ဘယ်လို အကူအညီ မျိုးလဲ ကျုပ်တို့ကို အရိပ်အမြွက်လေး ပြလို့ရမလား"
တပ်ကြပ်ဟော် အပါအဝင် အားလုံးက စိတ်ဝင်တစားနှင့် မေးလိုက်မိကြသည်။
သူတို့ ထင်ထားသည်မှာ ချန်းဖန်က သူ၏ လျှို့ဝှက်နည်းလမ်းအား အလွယ်တကူ ပြောပြလိမ့်မည် မဟုတ်ဟု။ သို့သော် အထင်နှင့်အမြင် တက်တက်စင်အောင် လွဲကာ ချန်းဖန်သည် အစီအစဉ် အသေးစိတ်အား ရေးသားထားသော စာရွက်အား တပ်ကြပ်ဟော်ထံသို့ လွယ်လင့်တကူပင် ကမ်းပေးလာသည်။
"တပ်ကြပ်ခေါင်းဆောင်ချန်း ... ဒီလောက် အသေးစိတ် အချက်အလက်တွေ ပြဖို့ မလို ..."
တပ်ကြပ်ဟော်မှာ ဘာပြောရမှန်း မသိတော့ပေ။
"ဒါက ဘာမှ မဟုတ်ပါဘူး လီမူချန်းနဲ့ သဘောတူညီချက် လုပ်ခဲ့တဲ့ အထဲမှာ ဒါလည်းပါတယ်"
ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောသည်။
စာရွက်ထဲတွင် ရေးသားထားသည်မှာ 'ခန္ဓာကိုယ် သန့်စင်ဆေးလုံး' ဟူသော ဆေးလုံး တစ်မျိုး၏ ဆေးညွှန်းဖြစ်သည်။
"အတွင်းအား ပညာရှင် တွေကို ရင်ဆိုင်နိုင်မဲ့ စစ်သားရာကျော်လောက် မွေးထုတ်ပေးတာက စစ်တပ်ရဲ့ အထက်အရာရှိတွေကို စိတ်ကျေနပ်စေမယ် လို့တော့ ထင်ရတာပဲ သူတို့အနေနဲ့ နောက်ထပ် လေ့ကျင့်ပေးနိုင်အောင် ဒီမှတ်တမ်းတွေကို ကျွန်တော် ချန်ထားပေးခဲ့မှာပါ"
ချန်းဖန်က ပြောသည်။
အစပိုင်းဖြစ်ရာ ဘယ်သူကမှ ထန်လုံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေး အစီအစဉ် တစ်ရပ်လုံးအား လုံးလုံးလျားလျား မယုံကြည်ကြသေးပေ။ 'ခန္ဓာကိုယ် သန့်စင်ဆေးလုံး' ဖော်စပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ အဆင်သင့် မရှိသေးတာကြောင့်လည်း ဖြစ်မည်။
***