သိုင်းပညာရှင်များ ညီလာခံ
Vol. 2 Ch. 150
ထန်လုံ အဖွဲ့အစည်းရှိ စစ်သားများသည် သူတို့ဘဝတွင် ထိတ်လန့်ဖွယ် အကောင်းဆုံးသော လေ့ကျင့်ရေးအား နောက်တစ်လ၌ ကြုံတွေ့ခဲ့ရသည်။
ထန်လုံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းသည် အခြားသော ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းစနစ်များနှင့် လုံးလုံးလျားလျား ကွဲပြားပေသည်။ ထိုနည်းစနစ်မှာ ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းစနစ်နှင့် စွမ်းအင်ကျင့်ကြံခြင်း နည်းစနစ် နှစ်ခုအား ပေါင်းစပ်ကာ ချန်းဖန်ကိုယ်တိုင် တီထွင်ထားခြင်း ဖြစ်သည်။
လေ့ကျင့်ရေးကွင်း အတွင်းတွင် စစ်သားများသည် ထူးထူးဆန်းဆန်း ကိုယ်ဟန်မျိုးစုံဖြင့် မတ်တတ် ရပ်နေကြသည်။ တချို့က ကြိုးကြာတစ်ကောင် ကဲ့သို့ ခြေတစ်ချောင်း တည်းဖြင့် ဟန်ချက်ညီအောင် ရပ်နေကြရပြီး တချို့က မျောက်တစ်ကောင် သစ်ပင်အား ဖက်တွယ် ထားသကဲ့သို့ လက်မောင်းနှစ်ဖက်ကို ခန္ဓာကိုယ်တွင် ယှက်တွယ်ကာ ရပ်နေကြရသည်။ တချို့မှာမူ ယောဂ ကျင့်နေသည့်အလား မျက်လုံးများ မှိတ်လျက် မြေပြင်ပေါ်တွင် ထိုင်နေကြသည်။
သို့သော် မည်သည့် ကိုယ်ဟန်ဖြင့် နေနေရသူများ ဖြစ်ပါစေ အားလုံး၏ မျက်နှာပေါ်တွင် နာကျင်မှုအား ကြိတ်မှိတ် ခံစားနေရသည့် အရိပ်အယောင်များ ရှိနေသည်။ စစ်သားများသည် ၎င်းတို့၏ ခန္ဓာကိုယ် တစ်လက်မ ချင်းစီအား မီးမြှိုက်နေသကဲ့သို့ ပူလောင် နာကျင်မှုကို ခံစားနေရပြီး အချိန် တစ်စက္ကန့် ကုန်လာလေလေ ပိုမို သန်မာလာသော ထူးဆန်းသည့် ခံစားချက်ကိုလည်း ရနေပြန်သည်။
"ငါတစ်ခါမှ ဒီလို လေ့ကျင့်တဲ့ နည်းစနစ်မျိုး မမြင်ခဲ့ဖူးဘူး"
တပ်ကြပ်ကုက ညည်းညူလိုက်သည်။
"ခဏလောက် စောင့်ကြည့်ကြတာပေါ့ တပ်ကြပ်ခေါင်းဆောင်ချန်းက နတ်ဘုရား တစ်ပါးလို အစွမ်းထက်တဲ့ လူပဲ သူ့ရဲ့ နည်းလမ်းတွေကို ကျုပ်တို့ ကိုယ်ပိုင်အမြင်နဲ့ ဆုံးဖြတ်ဖို့ မသင့်ဘူး"
တပ်ကြပ်ဟော်က လေးလေးနက်နက် ပြောသည်။
တပ်ကြပ်ဟော်သည် ချန်းဖန်၏ စွမ်းရည်များအပေါ် ချွင်းချက်မရှိ ယုံကြည်သက်ဝင် နေပြီ ဖြစ်သည်။
ချန်းဖန် ရဟတ်ယာဉ် ပေါ်မှ ခုန်ချလာသည့် မြင်ကွင်းက တပ်ကြပ်ဟော်၏ မာနနှင့် မနာလိုမှုများအား ကွယ်ပျောက်သွား စေသည်။ ထိုအစား လူငယ်လေးအပေါ် လေးစားခြင်းနှင့် ယုံကြည်ခြင်းတို့သာ ကျန်ရစ်ခဲ့တော့သည်။
သိုင်းပညာရှင်များသည် လက်တွေ့ကျသူများ ဖြစ်ပြီး လူတစ်ယောက်၏ 'ကိုယ်ပိုင်ခွန်အား' ကိုသာ လေးစားတတ်ကြသည်။ ချန်းဖန်ကား တပ်ကြပ်ဟော် တွေ့ဖူးခဲ့သမျှ ထဲတွင် စွမ်းအားအကြီးဆုံး ဖြစ်ရာ တပ်ကြပ်ဟော် အနေနှင့် လေးစားသွားသည်က သဘာဝ ကျပေသည်။
'ပါးကျီဂိုဏ်းက ငါ့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေကရော တပ်ကြပ်ခေါင်းဆောင်ချန်းကို ဘယ်လို မြင်ကြမလဲ ဆိုတာ သိချင်မိတယ်'
ဟော်တုန်းလင် စိတ်ထဲ၌ တွေးလိုက်မိ၏။
ပါးကျီဂိုဏ်းသည် ကျော်ကြားသော ရှေးဟောင်း သိုင်းပညာ ဂိုဏ်းတစ်ခု ဖြစ်သည်။ ပါးကျီဂိုဏ်းမှ ပါးကျီလက်သီးသိုင်းသည် သိုင်းပညာရှင်များ အကြား ကျော်ကြား၏။ တစ်ချိန်က ပါးကျီဂိုဏ်းတွင် အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက်ပင် ရှိခဲ့ဖူးသည်။
ချန်းဖန်သည် လက်နှစ်ဖက်အား နောက်ပစ်ရင်း လေ့ကျင့်ရေးကွင်းထဲသို့ ဖြည်းညင်းစွာ လျှောက်လာသည်။
"တပ်ကြပ်ခေါင်းဆောင် ... တပ်ကြပ်ခေါင်းဆောင်ရဲ့ လေ့ကျင့်ရေး နည်းစနစ်က ... အံ့မခန်းပဲ"
တပ်ကြပ်ကုက ချန်းဖန်အား ချီးကျူးလိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး ကျွန်တော်က စစ်သားတွေရဲ့ အလားအလာနဲ့ ခံနိုင်ရည်ကို သိချင်လို့ စမ်းသပ်လိုက်ရုံပါ"
ချန်းဖန်က နှိမ့်ချစွာ ပြန်ပြောသည်။
လူ့ခန္ဓာကိုယ်တွင် ပုန်းကွယ်နေသော စွမ်းအား များစွာ ရှိသော်လည်း အသေအချာ ဂရုစိုက်ကာ မဖော်ထုတ်ပါက ပျောက်ကွယ်သွားခြင်း ဖြစ်စေ မှေးမှိန်သွားခြင်း ဖြစ်စေ ဖြစ်နိုင်သည်။ ထန်လုံ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေး နည်းစနစ်သည် ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းစနစ်ပေါ်တွင် စွမ်းအင် ကျင့်ကြံခြင်း၏ သဘောတရားများ ထည့်ပေါင်းထားခြင်း ဖြစ်သည်။
"တပ်ကြပ်ခေါင်းဆောင် ကျုပ်နဲ့ ... ခဏလောက် သီးသန့် စကားပြောလို့ ရမလား"
ဟော်တုန်းလိုင်သည် လွန်ခဲ့သော ရက်ပိုင်းက ကြားထားသော သတင်းအား ရုတ်တရက် သတိရသွားသောကြောင့် ချန်းဖန်အနီးသို့ လျှောက်လာကာ မဝံ့မရဲ မေးလိုက်သည်။
"ကောင်းပြီလေ"
ချန်းဖန်က ဟော်တုန်းလိုင်အား တစ်ချက်ကြည့်ပြီး ခေါင်းညိတ်သည်။
တပ်ကြပ်ခေါင်းဆောင် နှစ်ယောက် ယှဉ်တွဲကာ လမ်းလျှောက်သွားခြင်းက လူအများ၏ အာရုံအား ဆွဲဆောင်သွားသည်။ လူတိုင်းက ချန်းဖန်အား လေးစားမှုတို့ ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။ ဌာနချုပ်ရှိ အောက်ခြေသိမ်း အလုပ်သမားများကပင် ချန်းဖန်အား သူရဲကောင်းတစ်ယောက် သဖွယ် လေးစားနေကြသည်။ အားလုံးက ချန်းဖန်အကြောင်း ပိုသိချင်ကြသော်လည်း ဘယ်သူကမှ ချန်းဖန်အား စတင် မချဉ်းကပ်ရဲကြပေ။
ထိုမြင်ကွင်းအား ကြည့်ကာ ချူမင်ဟွေ့ အံကြိတ်လိုက်မိသည်။ မိမိ၏ ပြိုင်ဘက်ထံမှ အနိုင်ကျင့် ခံရခြင်းထက် ခံရခက်သော အရာကား လျစ်လျူရှု ခံရခြင်းဖြစ်သည်။
'ခက်ခက်ခဲခဲနဲ့ ထန်လုံ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်နေရာကို ရအောင် ကြိုးစားခဲ့ရတာက တပ်ကြပ်ခေါင်းဆောင် ဖြစ်နေတဲ့ သူ့ကို မြင်ရဖို့တဲ့လား ငါက သူ့ကို ဘယ်လိုများ ယှဉ်နိုင်မှာတဲ့လဲ'
ချူမင်ဟွေ့၏ အတွင်းစိတ်ထဲတွင် အော်ဟစ် ပေါက်ကွဲနေမိသည်။
မထင်မှတ်ဘဲ ချူမင်ဟွေ့က ခေါင်းဆောင်ယွဲ့ ဘက်သို့ လှည့်ကြည့်လိုက်မိသည်။ ခေါင်းဆောင်ယွဲ့၏ နဖူးတွင် ချွေးများ စို့နေသော်လည်း သူရပ်နေသော ကိုယ်ဟန်အား နည်းနည်းလေးမှ အတိမ်းစောင်း ခံမည့်ပုံ မပေါ်။ တစ်ချက်တစ်ချက် ခန္ဓာကိုယ်က လှုပ်သွားသော်လည်း ရပ်နေသော ကိုယ်ဟန်ကို မပျက်ယွင်းသွားအောင် ထိန်းထားရင် နောက်ဆုံးအချိန်ထိ လက်လျှော့မည့်ဟန် မရပေ။
ထိုမြင်ကွင်းအား ကြည့်ရင်း ချူမင်ဟွေ့၏ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာသည်။
"ငါကြိုးစားနေသရွေ့ တစ်နေ့နေ့မှာ ပန်းတိုင်ကို ရောက်မှာပဲ ငါ့အပေါ်မှာ ကျရောက်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ အရိပ်ကို ကြည့်ပြီး ဘာလို့ စိတ်ဓာတ် ကျနေမှာလဲ အဲဒီ အရိပ်ကို ဖယ်ရှားနိုင်တဲ့ တစ်နေ့မှာ အလင်းရောင်ကို မြင်ရလိမ့်မယ် ... ချန်းဖန် ငါ့ကို တွန်းအားတွေ ဖြစ်စေတဲ့အတွက် ကျေးဇူးပဲ ဒီနေ့မှာ မင်းသင်ကြားပေးတဲ့ နည်းစနစ်ကို လေ့ကျင့်ပြီး တစ်နေ့မှာ ငါက မင်းကို ကျော်ဖြတ် နိုင်ရမယ် ဒါက ငါ့ရဲ့ ယုံကြည်မှုပဲ "
ချူမင်ဟွေ့သည် မလိုအပ်သော အတွေးများအား ဖယ်ထုတ်လိုက်ပြီးနောက် ကိုယ်ဟန်တကျ ပြန်ရပ်လိုက်သည်။ စိတ်ထဲတွင်လည်း ယခုထက် အဆပေါင်းများစွာ ပိုကြိုးစားရန် ကျိန်ဆိုလိုက်၏။
ထိုအချိန်တွင် ချန်းဖန်နှင့် ဟော်တုန်းလိုင် တို့သည် လမ်းလျှောက် လာကြရင်း တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်ရှိလာသည်။ ချက်ချင်းဆိုသလို ဟော်တုန်းလိုင်၏ မျက်နှာမှာ အသနား ခံနေသည့် မျက်နှာ ဖြစ်သွားပြီးနောက် ပြောလေသည်။
"တပ်ကြပ်ခေါင်းဆောင်ချန်း ... ကျုပ်တို့ စတွေ့ကြတဲ့ အချိန်တုန်းက မလေးမစား ဆက်ဆံမိတဲ့အတွက် တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ"
"ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ အဓိက ကိစ္စကိုသာ ပြောပါ"
ချန်းဖန်က သက်ပြင်းတစ်ချက် ချ၍ ပြောလိုက်သည်။ ကောင်းကင်ဘုံ နတ်ဘုရား ဖြစ်ခဲ့ဖူးသူ တစ်ယောက် အနေနှင့် ဟောတုန်းလင်၏ တကယ့် ရည်ရွယ်ချက်အား သူက မည်သို့ မသိဘဲ နေပါမည်နည်း။
"ကိစ္စကြီးတော့ မဟုတ်ပါဘူး တကယ်ပါ"
ဟော်တုန်းလင်က ခဏမျှ ရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"ဒီနှစ် လင်းမြို့တော်မှာ ကျင်းပမဲ့ 'သိုင်းပညာရှင်များ ညီလာခံ'ကို တပ်ကြပ်ခေါင်းဆောင်ချန်းရော တက်မှာလားလို့ မေးကြည့်ချင်ရုံပါ"
"အဲဒါ ဘာလဲ"
ချန်းဖန် မျက်မှောင်ကြုတ်ကာ ပြန်မေးမိသည်။
"အဲဒါကို မကြားဖူးဘူးလား"
ဟော်တုန်းလင် ဆွံ့အသွားသည်။
"ပြောရရင် ကျွန်တော်က သိုင်းပညာရှင် စစ်စစ်တစ်ယောက် မဟုတ်ဘူးလေ"
ချန်းဖန်က ရှင်းပြလိုက်သည်။
ဟော်တုန်းလင်လည်း 'သိုင်းပညာရှင်များ ညီလာခံ' အကြောင်း ချန်းဖန် နားလည်စေရန် အကျဉ်းချုံး ရှင်းပြလိုက်သည်။
"သိုင်းပညာရှင်များ ညီလာခံ ဆိုတာက ကျော်ကြားတဲ့ သိုင်းပညာ မိသားစုကြီးတွေက ကြီးမှူးပြီး သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ ပွဲကြီးပဲ အဲဒီပွဲကို တရုတ်ပြည် တစ်ခုလုံးမှာ ရှိတဲ့ သိုင်းပညာရှင်တွေ တက်ရောက်ကြတာ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် ပညာဖလှယ်ရင်း အတွေ့အကြုံ ရနိုင်ဖို့ အခွင့်ကောင်းတစ်ခု ဆိုလည်း မမှားဘူး ဒါ့အပြင် ညီလာခံရဲ့ အဓိက ဆွဲဆောင်မှုကတော့ လေလံပွဲပဲ လေလံပွဲမှာ ဆေးဖက်ဝင်ပစ္စည်းတွေ၊ တန်ဖိုးကြီး ဆေးမြစ်တွေအပြင် ဖော်စပ်ပြီးသား ဆေးလုံးတွေလည်း ရနိုင်သေးတယ်"
ခဏနားပြီးနောက် ဟော်တုန်းလင်က ဆက်ပြောသည်။
"အဲဒီ့ပွဲမှာ အထွတ်အထိပ်အဆင့် ပညာရှင်တွေကိုလည်း တွေ့ဖို့အခွင့်အလမ်း များတယ်"
"ဟုတ်လား"
ချန်းဖန်၏ စိတ်ဝင်စားမှုက မြင့်တက်သွားသည်။
သူက ချီသန့်စင်ခြင်း အခြေခံအဆင့်၏ ထိပ်ဆုံးတွင် ရှိနေပြီး သာမန် အတွင်းအား ပညာရှင်များက သူ့ပြိုင်ဘက် မဖြစ်နိုင်သော်လည်း အထွတ်အထိပ် အဆင့် ပညာရှင်များကမူ ကွဲပြားပေသည်။
"ပြီးတော့လည်း ... မနှစ်က လေလံပွဲမှာ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဂျင်စင်းမြစ်ကို တွေ့ခဲ့တယ် ဒီနှစ်မှာလည်း တန်ဖိုးကြီး ဆေးမြစ်တွေ အများကြီး တွေ့ရမှာ သေချာပေါက်ပဲ"
ဟော်တုန်းလင်သည် ချန်းဖန်၏ စိတ်ဝင်စားသော အမူအရာအား မြင်လိုက်ရ၍ အားတက်သရော ဆက်လက် ဆွဲဆောင်တော့သည်။
အတန်ကြာသည်အထိ အရှိန်ယူပြီးတော့မှ ဟော်တုန်းလင်က အဓိက လိုရင်းကိစ္စကို ပြောလာ၏။
"အဲဒီပွဲကို ကျုပ်တို့ ဂိုဏ်းက ဂိုဏ်းတူ ညီအစ်ကိုတွေနဲ့ အတူသွားဖို့ ဆရာချန်းကို ဖိတ်ချင်လို့ပါ"
"ပါးကျီဂိုဏ်းက လူတွေနဲ့ အတူသွားရမယ် မဟုတ်မှလွဲရော ... အဲဒီမှာ စိန်ခေါ်ပွဲတွေ ဘာတွေ လုပ်လေ့ရှိတာလား"
ချန်းဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြန်မေးလိုက်သည်။
"ပွဲကို လာကြတဲ့ သူတွေ အကုန်လုံးက မာနကြီးတဲ့ သိုင်းပညာရှင်တွေ ချည်းပဲ တချို့ကျတော့ သူတို့ရဲ့ ခွန်အားကို ပြသဖို့ တခြား သိုင်းပညာရှင်တွေကို စိန်ခေါ်လေ့ရှိတယ် ကျုပ်တို့ ပါးကျီဂိုဏ်းက အကျပ်အတည်း အခြေအနေတခုကို ရောက်နေတာကြောင့် အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေ သိပ်မရှိတော့ဘူး အဲဒါကြောင့် ..."
ဟော်တုန်းလင်၏ စကား မဆုံးသေးခင် ချန်းဖန်က လက်ကာပြကာ ဖြတ်ပြောလိုက်သည်။
"ကောင်းပြီ ကျွန်တော် ခင်ဗျားတို့ ဂိုဏ်းနဲ့အတူ သွားမယ်"
ချန်းဖန်သည် ကမ္ဘာပေါ်၌ ပြန်လည် မွေးဖွားလာပြီး ကတည်းက ထိုက်တန်သော ပြိုင်ဘက် တစ်ယောက်နှင့် မဆုံရသေးပေ။ ထို့ကြောင့် အခွင့်အရေး ရတုန်း အမြင်ကျယ်အောင် လုပ်ရန် တွေးလိုက်တာ ဖြစ်သည်။
"တကယ်လား"
ဟော်တုန်းလင်မှာ ချန်းဖန်၏ သဘောတူညီမှုကြောင့် အလွန် ပျော်ရွှင်သွားသည်။
ဤကဲ့သို့ အစွမ်းထက်သော ပြိုင်ဘက် တစ်ယောက်၏ အကူအညီနဲ့သာ ဆိုပါက ပါးကျီဂိုဏ်း အနေနှင့် မည်သို့သော စိန်ခေါ်မှုကိုမဆို ရင်ဆိုင်နိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။
ဟော်တုန်းလင်၏ ဆရာဦးလေး ပျောက်ကွယ်သွားပြီး ကတည်းက ပါးကျီဂိုဏ်းသည် အခြား ဂိုဏ်းများ၏ လှောင်ပြောင် အရှက်ခွဲမှု မျိုးစုံကို ကြုံတွေ့ခဲ့ရသည်။ ဟော်တုန်းလင်က စစ်တပ်တွင်သာ နေပြီး အပြင် ကိစ္စများ၌ သိပ်ဝင် မပါသော်လည်း မသိတာတော့ မဟုတ်ပေ။ ပါးကျီဂိုဏ်းအား တစ်ဖက် တစ်လှမ်းမှ ကူညီလို သောကြောင့် ချန်းဖန်အား ဖိတ်ရန် ကြိုးစားမိခြင်း ဖြစ်သည်။
အစပိုင်းတွင် ဂိုဏ်းအကြီးအကဲများက ချန်းဖန်၏ အစွမ်းအား သံသယ ဝင်နေကြသော်လည်း အဆုံး၌ ဟော်တုန်းလင်၏ တောင်းဆိုမှုကို လိုက်လျောခဲ့သည်။
'ဟုန်ဂိုဏ်း၊ ကုမိသားစု၊ လုမိသားစု ... ဒီနှစ်မှာတော့ ပါးကျီဂိုဏ်းကို လာရန်မစခင် နှစ်ခါ ပြန်စဉ်းစားထားကြ ...'
ဟော်တုန်းလင်သည် စိတ်အတွင်း၌ ကျေနပ် အားရစွာ ကြုံးဝါး လိုက်မိ၏။
***