ပါးကျီဂိုဏ်း ရောက်လာခြင်း
Vol. 2 Ch. 152
အခြေစိုက်စခန်းသို့ ချန်းဖန် ရောက်လာခဲ့သည်မှာ နှစ်ပတ်ခန့် ကြာပြီဖြစ်သော်လည်း သူပြသခဲ့သော တစ်ခုတည်းသော စွမ်းရည်မှာ ရဟတ်ယာဉ်ပေါ်မှ ခုန်ဆင်းလာခြင်းသာ ဖြစ်သည်။
သူ၏ အခန်းတွင်း၌ သူဘာလုပ်နေသည်ကို မည်သူမှ မသိကြပေ။ အပြင်ဘက်တွင် သူလေ့ကျင့်နေခြင်း များအား လူအများ မြင်တွေ့ရသည်မှာ အခြေခံထိုက်ကျိ ကစားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူ၏တကယ့် စွမ်းရည်များမှာ အားလုံးအတွက် လျှို့ဝှက်နက်နဲသော ကိစ္စတစ်ခု ဖြစ်နေသည်။
စိန်ခေါ်မှုအား ကြားလျှင် ဟော်တုန်းလိုင်နှင့် တပ်ကြပ်ဟော တို့ကလည်း ချန်းဖန်အား စိတ်ဝင်စားစွာ ကြည့်ကြသည်။
တပ်ကြပ် အနည်းငယ်မှာ သည်ရက်ပိုင်း သူနှင့် ပတ်သက်သည်များအား ပြောကြားနေခဲ့ကြသည်။ ထိုအထဲတွင် ချန်းဖန်ကား ထိပ်တန်း သိုင်းသမား တစ်ယောက်ဖြစ်ကာ ထို့ထက်ပင် အားကောင်းနိုင်ကြောင်း သုံးသပ်မှုများပါသည်။ သို့သော်လည်း ချန်းဖန်၏တကယ့် လှုပ်ရှားမှုများကို မည်သူမှ မမြင်ဘူးကြရာ အတိအကျ မခန့်မှန်း နိုင်ကြပေ။
“ကောင်းတယ် ...”
ချန်းဖန်လည်း လေ့ကျင့်ရေးကွင်း ထဲသို့ လျှောက်သွားကာ တပည့်များအား ကြည့်သည် ... “ဘယ်သူ ငါနဲ့တိုက်မလဲ ...”
လေ့ကျင့်ရေး ခန်းမတစ်ခုလုံး တိတ်ဆိတ်နေသည်။ မီတာ ၁၀၀ ခန့်အမြင့်မှ ကျလာပြီး ဘာမှ မဖြစ်သည့်လူ တစ်ယောက်နှင့် မည်သူ တိုက်ခိုက် လိုမည်နည်း။ သံမဏိပင် မရဲပေ။
“ကျုပ်လုပ်မယ် ...” တစ်ယောက်က ပြောသည်။
“ခေါင်းဆောင် ...”
ပြောလိုက်သူအား ကြည့်ကာ အားလုံး ထိတ်လန့်သွားကြ၏။
သူကား ထန်လုံအဖွဲ့ ခေါင်းဆောင်ယွဲ့ ဖြစ်သည်။
သူကား အမြဲတမ်း ထိန်းထိန်းသိမ်းသိမ်း နေတတ်သူ ဖြစ်ကာ သံမဏိနှင့် ဗလကြီးကဲ့သို့ တက်ကြွ၍ ထင်ပေါ်သူ မဟုတ်ပေ။ လူသစ်ဖြစ်သော ချူမင်ဟွေ့ပင် သူ့ထက် တိုးတက်ဟန်ရသည်။ ထို့ကြောင့် သူ၏ဖြစ်တည်မှုကို လူအများစု မေ့လျော့နေကြသည်။ သူ၏ရုတ်တရက် စိန်ခေါ်မှုက အားလုံးကို အံ့အားသင့်စေခဲ့သည်။
“ကောင်းပြီ။ ခင်ဗျားက တိုက်ခိုက်ရေး သမားကောင်း တစ်ယောက်နဲ့တူတယ် ...”
ချန်းဖန်က သူ့အား လှမ်းကြည့်သည်တွင် သူ၏ ကောင်းကင်ဘုံ နတ်ဘုရား တစ်ယောက်အတွေ့အကြုံ ဖြင့်ပင် အံ့အားသင့် ရသည်။
သူ၏ မသေမျိုးစိတ် စွမ်းအားဖြင့် ခွဲခြမ်းစိပ်ဖြာ ကြည့်လျှင် ယွဲ့ချန်ချိုး၏ သွေးကြောများထဲ စီးဆင်းနေသော လှိုင်းများအား မြင်တွေ့ရသည်။ ထိုလှိုင်းမှာ အားကောင်း လွန်းရကား ချန်းဖန်က အသံများပင် ကြားရသည်။ သူ၏ သွေးကြောများနှင့် အရိုးများမှာ သာမန်လူ တစ်ယောက်ထက် ပိုမိုတောင့်တင်း သန်မာနေသည်။ သူ၏ခန္ဓာမှ ကြီးမားသော ခွန်အားကို ထုတ်နိုင်သည်မှာ ထင်ရှား၏။
“ခင်ဗျားက ထန်လုံအဖွဲ့မှာ ပါရမီ အမြင့်ဆုံးနဲ့ စိတ်ဓာတ်အမာဆုံး စစ်သည်တစ်ယောက် ဆိုတာ ကျုပ်သိတယ်။ ဒါပေမဲ့ ခင်ဗျားတိုးတက်မှုကလည်း ကျုပ်ကို အံ့သြစေတယ်”
ချန်းဖန်က သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။
တစ်စုံတစ်ယောက်က ထန်လုံအဖွဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခြင်း အစီအစဉ်အား အောင်မြင်သည်ဆိုလျှင် သူ၏ စွမ်းရည်မှာ ကနဦးအဆင့် အတွင်းအား လေ့ကျင့်သူများနှင့် ယှဉ်နိုင်ပေပြီ။
သံမဏိကား သာမန် ထက်မြင့်သော ပါရမီကို ပိုင်ဆိုင်ပြီး ခွန်အားကြီးမားသည်။ သူက အလစ်အငိုက် တိုက်ခိုက်ခြင်းဖြင့် ဟော်တုန်းလိုင်အား အနိုင်ရခဲ့သော်လည်း သာမန်အားဖြင့် ထိုသို့လုပ်နိုင်စရာ မရှိပေ။
သို့သော်လည်း ယွဲ့ချန်ချိုးကား သံမဏိကဲ့သို့ သဘာဝခွန်အား၊ ဗလကြီးကဲ့သို့ အတွင်းအား ကောင်းမွန်ခြင်းများဖြင့် ကံတရား၏ မျက်နှာ သာပေးမှု များကို ရရှိခဲ့သည် မဟုတ်ပေ။ သို့သော်လည်း သူကား ထန်လုံအဖွဲ့ လေ့ကျင့်ရေး အစီအစဉ်အား လဝက်ခန့်ဖြင့် အောင်မြင် ခဲ့ပေသည်။ လဝက်ခန့်မျှက သူ့အား အတွင်းအား အသုံးပြု သူများ၏ ကနဦး အဆင့်ဖြင့် ထပ်တူညီနေပြီ ဖြစ်သည်။
“အခုလို အခွင့်အရေး ပေးတာ ကျေးဇူးတင်ပါတယ် ... တပ်ကြပ်ခေါင်းဆောင်”
ယွဲ့ချန်ချိုးက တည်ငြိမ်စွာ ပြောသည်။
“အရမ်းကောင်းတယ်”
သည်စစ်သည်ထံ၌ ချန်းဖန်ကား ယခင်မိမိ ပုံရိပ်ကို ပြန်တွေ့မြင် ရသလို ခံစားရသည်။
“မင်း စတိုက်ပါ ...”
ချန်းဖန်၏ စကားဆုံးသည်နှင့် သားရဲတစ်ကောင် အိပ်မောကျနေရာမှ နိုးထလာသည့်အလား ယွဲ့ချန်းချိုး၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူက ချန်းဖန်ထံသို့ ပြေးဝင်လာ၏။
ထိုအခိုက်တွင် ဧည့်သည်အချို့ လေ့ကျင့်ရေး ခန်းမသို့ ရောက်လာသည်။
ရှေ့ဆုံး၌ကား အသက်၇၀အရွယ် အဘိုးအိုတစ်ယောက် ဦးဆောင်လာသည်။ သူကား ပိန်ပါးသော ခန္ဓာရှိပြီး ခြောက်ကပ်သော အရေပြားများ၏ အောက်၌ သွေးကြောများမှာ ပင်စည်မှ ခက်ဖြာနေသော အမြစ်များအလား တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည်။ သူ၏မျက်လုံးများက နက်မှောင် တောက်ပြောင်နေပြီး လမ်းလျှောက်ဟန်မှာ ယုံကြည်မှု မြင့်မားသော ပုံစံဖြစ်သည်။ အိုမင်းရွတ်တွနေသော ရုပ်ခန္ဓာအား ပိုင်ဆိုင်သော်လည်း အဘိုးအိုကား ဘေးမှ လူငယ်များထက် အဆမတန် အားကောင်းပေသည်။
သူ့နောက်မှ ကပ်လိုက်လာသူ များတွင် သက်လတ်ပိုင်း လူကြီးတစ်ယောက်နှင့် စုံတွဲတစ်တွဲ ပါသည်။
လူကြီးကား အရပ်ရှည်ကာ သန်မာထွားကျိုင်းပြီး မိန်းမမှာ သေးသွယ်ပြီး ဆွဲဆောင်မှု ရှိပေသည်။ သူမက အနီရောင် ရှပ်အင်္ကျီ တစ်ထည်အား ဝတ်ထားကာ သူမ၏ဆံပင်များအား ကျစ်ဆံမြီး ကျစ်ထားရာ သူမအား ယုံကြည်မှုရှိသော သွင်ပြင်ဖြစ်စေသည်။
“ဆရာဦးလေး ... ဒီကို ဘယ်လို ရောက်လာတာလဲ”
ဟော်တုန်းလိုင်က ဧည့်သည်အား သတိထားမိသည်နှင့် သွားရောက်နှုတ်ဆက်သည်။
တခြားသော တပ်ကြပ်များ မှာလည်း ဧည့်သည်များအား သတိထားမိကာ ရောက်လာသူ များအား အံ့အားသင့်စွာ ကြည့်ကြသည်။ သူတို့က တပ်ကြပ်ဟော နှင့်အတူ ရောက်လာကာ အဘိုးအိုအား လေးစားစွာနှုတ်ဆက်ကြသည် ... “ဆရာကြီးက ကျုပ်တို့ကို ကြိုတင် အကြောင်းကြားရင် ကျုပ်တို့က ဆရာကြီးအတွက် အထူးတလည် ပြင်ဆင် ပေးထားမှာပေါ့ ...”
“ငါက အဘိုးအို တစ်ယောက်သာပါပဲ ... ဒီလို အရေးတယူ လုပ်ဖို့ မလိုပါဘူး”
ပိန်ပါးသေးသွယ် ဟန်ရသော်လည်း အဘိုးအို၏အသံမှာ သြဇာပါသည်။
“ဆရာဦးလေး တုန်လိုင် ...”
အဘိုးအို၏ နောက်မှ လူငယ်များ တပ်ကြပ်ဟောကို နှုတ်ဆက်ကြသည်။
“ပိုင်ရှင်း ... ရှောင်းမန် ...”
ဟောင်တုန်းလိုင်က ပြန်လည်၍ ခေါင်းညိတ်သည်။
လူကြီးကား ကောင်းပိုင်ရှင်း ဖြစ်ပြီး မိန်းမမှာ ကောင်းရှောင်းမန် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးမှာ ပါးကျီဂိုဏ်း၏ လူငယ်မျိုးဆက် များထဲမှ ထူးချွန် ပြောင်မြောက်သူများ ဖြစ်ကြသည်။ ကောင်းပိုင်ရှင်းမှာ အဆင့်မြင့် ပညာရှင်ဖြစ်ရန် ခြေတစ်လှမ်း အလိုဖြစ်သည်။ သူတို့ နှစ်ယောက်လုံးမှာ ပါးကျီဂိုဏ်း၏ အနာဂတ်များ ဖြစ်ကြသည်။
“ဆရာဦးလေး တုန်လိုင် ... ကျုပ်တို့ တပ်ကြပ်ခေါင်းဆောင်ချန်း ဘယ်မှာလဲ”
ကောင်းပိုင်ရှင်းက ပြန်လည် နှုတ်ဆက်ရင်း ထူးဆန်းသော ချန်းပေ့ရွှမ်းအား ရှာဖွေရန် ကြိုးစားသည်။
“လေ့ကျင့်ရေးကွင်း အလယ်မှာ တိုက်ခိုက်နေတဲ့ လူငယ်ပါပဲ”
အားလုံးက ဟော်တုန်းလိုင် လက်ညှိုးညွန်ရာကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်ကြသည်။
ချန်းဖန်နှင့် ယွဲ့ချန်ချိုးတို့ အချင်းချင်း တိုက်ခိုက် နေသည်ကို သူတို့အားလုံး မြင်ကြသည်။ ယွဲ့ချန်ချိုး၏ အလွန်ကောင်းမွန်သော စွမ်းရည်များဖြင့်ပင် သူနှင့် ချန်းဖန်အကြား ကွာဟချက်မှာ ကြီးမားလွန်း ပေသည်။ ချန်းဖန်က သူ့အား လက်ညှိုးတစ်ချောင်း တောက်လိုက်ရုံမျှဖြင့် အနိုင်ယူနိုင်၏။
သို့သော်လည်း စမ်းသပ် တိုက်ခိုက်ခြင်း ဖြစ်ရကား ချန်းဖန် ထိုသို့မလုပ်ပါ။ သူ၏အစွမ်းများအား မူလအောင်မြင်မှု အဆင့်သို့ ချိုးနှိမ်လိုက်ပြီး ထန်လုံနဂါး လက်သိုင်းကိုပင် အသုံးပြုသည်။ သူတို့နှစ်ယောက် အချင်းချင်း အပြန်အလှန် တိုက်ခိုက်ကြကာ ကြည့်နေသူများ အတွက် မည်သူ အနိုင်ရမည်ကို အလွယ် မခန့်မှန်းနိုင်ပေ။
“သူက တပ်ကြပ်ခေါင်းဆောင်ချန်း မလား ...”
ကောင်းရှောင်းမန်က စိတ်ဝင်တစား မေးသည်။
တိုက်ခိုက်ရေးသမား အများစုမှာ သူ့နီးပါးသာ စွမ်းကြပြီး သူမအစ်ကိုအား ရင်ဆိုင်နိုင်သူ ရှားပါးပေသည်။ ဆရာဦးလေးနှင့် ဆရာဘိုးဘိုး တို့ဖြင့် ယှဉ်ရန်ကား ဝေးစွ။
ကောင်းပိုင်ရှင်း၏ မျက်နှာတွင် အထင်သေး အမြင်သေး အပြုံးတစ်ခု ပေါ်လာသည်။
“ကျုပ် ... ကျုပ်ထင်တာ တပ်ကြပ်ခေါင်းဆောင်က သွေးပူလေ့ကျင့်နေတာ …”
ဟောင်တုန်းလိုင်က မသက်မသာ ပြုံးကာ ပြောသည်။
ဟော်တုန်းလိုင် ကိုယ်တိုင် ချန်းဖန် ကိုယ်တိုင်တိုက်ခိုက် သည်ကို တစ်ခါမှ မမြင်ဖူးပေ။ သို့သော်လည်း ရဟတ်ယာဉ်မှ ဆင်းလာသည့်ပုံကို ပြန်မြင်ယောင်ကာ ချန်းဖန်၏စွမ်းရည်များအား လုံးဝ သံသယ မဖြစ်တော့ပေ။
“လူငယ်က သူ့စွမ်းရည်တွေကို လျှိုထားတယ်” အဘိုးအိုက မျက်မှောင်များအား ကွေးလျက်ပြောသည် ... “ဒါပေမဲ့ သူ့တုံံ့ပြန်မှုနဲ့ အမြန်နှုန်းကို ကြည့်မယ်ဆိုရင် သူက အဆင့်မြင့် ပညာရှင်တစ်ယောက် အဖြစ်နိုင်ဆုံးပဲ။ တုန်းလိုင် ... သူ ညီလာခံတက်ဖို့ အဆင်ပြေပါ့မလား”
တခြားသော တပ်ကြပ်များမှာ ပြန်ပြောလိုကြသော်လည်း မည်သို့ ပြန်ပြောရမည် မသိကြပေ။
အဘိုးအိုကား ထန်လုံအဖွဲ့၏ အနားယူပြီးသော တပ်ကြပ်ဟောင်းတစ်ဉီးဖြစ်သည်။ သူက ပါးကျီဂိုဏ်း ခေါင်းဆောင်လည်း ဖြစ်၏။ ကောလာဟလ များအရ သူကား အတွင်းအား ကျင့်ကြံခြင်း အမြင့်ဆုံးသို့ ရောက်ခဲ့ပြီး ဖြစ်သည်။ သူကား ထိပ်တန်းအဆင့်သို့ ရောက်ရန် လှေကားတစ်ထစ် အလိုဖြစ်သည်။ မည်သို့ဆိုစေ အိုမင်းရင့်ရော်ခြင်းက သူ၏ ပါရမီများအား တိုက်စားသွားပြီး ဖြစ်ပေသည်။ မဟုတ်လျှင် ပါးကျီဂိုဏ်းအား မည်သူတစ်ဦး တစ်ယောက်ကမှ အထင်သေးရဲမည် မဟုတ်ပေ။
“ငါက ဆရာဘိုးဘိုး ပြောတာကို သဘောတူတယ်။ ငါတို့ လူမှားသွားပြီ ထင်တယ်” လူကြီးက လေးနက်စွာ ပြောသည်။
ဟော်တုန်းလိုင်၏ မျက်နှာက နီမြန်းသွားပြီး လက်သီးများကို တင်းတင်းဆုပ်သည်။
“ဆရာဘိုးဘိုး ... ကျုပ်ကို ယုံစမ်းပါ။ တပ်ကြပ်ချန်းက ကျုပ်တို့ထင်တာထက် ပိုအားကောင်းတယ်။ သူက မီတာ၁၀၀ အမြင့်ကနေ ကျလာပြီး ဘာမှ မဖြစ်တာကို ကျုပ်မြင်ခဲ့တယ်။ ဟိုမှာကြည့်လိုက် ... မြေပြင် အက်ကွဲနေတာ သူဆင်းလာလို့ ဖြစ်သွားတာ”
ကောင်းပိုင်ရှင်း ကလည်း ခေါင်းယမ်းကာ မဖြစ်နိုင် ဟူသော ဟန်ပင်ပြုမူသည်။
တခြားလူကြီး တစ်ယောက်က နှာခေါင်းရှုံ့ကာ ပြောသည် ... “တုန်းလိုင် ... ဆရာဘိုးဘိုး တောင်မှ အဲလိုလုပ်ပြီး အသက်ရှင်နိုင်ဖွယ် မရှိဘူး။ ဒီအသက်အရွယ် ကောင်လေးက ဘယ်လိုလုပ် ဒီလို စွမ်းနိုင်ပါ့မလဲ”
ဟော်တုန်းလိုင်ကား ရုတ်တရက် ဆွံ့အသွားသည်။
ဒုတိယ ဦးလေးကား ပါးကျီဂိုဏ်း၏ ပါရမီ အမြင့်ဆုံးသောသူ ထဲမှ တစ်ယောက်ဖြစ်သည်။ သူကား အသက်၄၀မျှဖြင့် ထိပ်တန်းအဆင့်သို့ ရောက်ခဲ့သူ ဖြစ်ပြီး သူ၏ နာမည်ပြောင်မှာ စစ်နတ်ဘုရားငယ် ဟူ၏။ ကံမကောင်းသည်ကား လွန်ခဲ့သော ဆယ်နှစ်ခန့်က သူပျောက်သွားကာ ပါးကျီဂိုဏ်းမှာလည်း အင်အားများစွာ ယုတ်လျော့ သွားခဲ့ရသည်။
ထိုစဉ်မှာပင် ပွဲကား ပြီးဆုံးသွားပြီ ဖြစ်သည်။
“ခေါင်းဆောင် ... ခင်ဗျားနိုင်တယ်”
ယွဲ့ချန်ချိုးက နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ကာ သူ၏ရင်ဘတ်မှ လက်သီးရာအား ကြည့်သည်။
“မင်း လေ့ကျင့်တာ လဝက်ပဲ ရှိသေးတယ်။ မင်းရဲ့ တိုးတက်နှုန်းက ငါထင်ထားတာထက် အများကြီး မြန်နေတယ်။ အနာဂတ်မှာ မင်းက ထန်လုံလေ့ကျင့်ရေး အစီအစဉ်ရဲ့ အကန့်အသတ် တွေကိုတောင် ကျော်ဖြတ်နိုင်လိမ့်မယ်”
ချန်းဖန်က ညွန်ကြားပြောဆိုသည်။
လက်ရှိ အစီအစဉ်များမှာ ကနဉီး အောင်မြင်မှုများ အတွက်သာ ပြုလုပ်စီစဉ် ထားခြင်းဖြစ်ပြီး စိတ်ဓာတ်ခိုင်မာ သူများအနေဖြင့် အကန့်အသတ် များကို အဆက်မပြတ် ကျော်ဖြတ်ကာ သူတို့၏ ကျင့်ကြံခြင်းများကို တိုးမြှင့်နိုင်သော ပုံစံဖြစ်သည်။
ချန်းဖန်၏စကားကို ကြားကာ များစွာသော ထန်လုံအဖွဲ့သားများက တက်ကြွစွာ ခေါင်းညိတ်ကြသည်။
သို့သော်လည်း နောက်ထပ် အသံတစ်သံ သူတို့ထံသို့ ပြန့်လွင့်လာသည်ကို အားလုံးက ကြားလိုက်ကြရသည်။
“တပ်ကြပ်ခေါင်းဆောင်ချန်း ... ခင်ဗျား ဘာလို့ ကျုပ်နဲ့ တစ်ပွဲတစ်လမ်း မစမ်းကြည့်တာလဲ”
ချန်းဖန်၏ မျက်တောင်များ ကွေးညွတ်သွားပြီးမှ သူ့အား ပြန်ကြည့်သည်။ တုတ်ခိုင်သန်မာသော လူငယ်တစ်ယောက် လေ့ကျင့်ရေး ကွင်းထဲသို့ ဝင်လာသည်ကို သူမြင်သည်။
သူ့နောက်တွင်ကား ကူရာမဲ့နေသော ဟော်တုန်းလိုင်။
***