← Chapters

ချောင်ဟုန်ယန် : ချန်ကျိုစစ်၊ မင်းဘယ်လိုလုပ်ပြီး ငါ့ကို အခွင့်ကောင်းယူရဲရတာလဲ_၃

Vol. 18 Ch. 238

ချောင်ဟုန်ယန် : ချန်ကျိုစစ်၊ မင်းဘယ်လိုလုပ်ပြီး ငါ့ကို အခွင့်ကောင်းယူရဲရတာလဲ_၃

Vol. 18 Ch. 238

ချောင်ဟုန်ယန်မှ ပြောသည်။

“ဘာလို့ သူ့ရဲ့အမြင်ကို မေးမကြည့်တာလဲ”

ချောင်ဟုန်ယန်မှ ချန်ကျဲ့ကိုကြည့်လျက် ပြောသည်။

“ချန်ကျိုစစ် မင်းက အတော်လေး တော်တယ်လို့ ငါထင်တယ်။ မင်း ငါနဲ့ အလုပ်လုပ်မလား။ ငါ မင်းရဲ့မွေးစားအဖေအစား မင်းအတွက် ဆုံးဖြတ်ချက်ချပေးနိုင်တယ်။ မင်းညီမကိုလည်း ချက်ချင်းလွှတ်ပေးမယ်။ ဘယ်လိုလဲ”

ထိုအခါ ချန်ကျဲ့ ဖန်းရှစ်ကျုံးကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဖန်းရှစ်ကျုံးသည် ဘာမျှမပြောပေ။ ချောင်ဟုန်ယန်သည် အတည်ပြောနေခြင်းလော၊ စနောက်နေခြင်းလောဟူသည်ကို ချန်ကျဲ့ မသိရပေ။ ဤသို့ စနောက်ခြင်းတစ်ဝက်ရောနှောနေသည့် တောင်းဆိုချက်များမှာ ငြင်းဆန်ရန် အခက်ခဲဆုံးဖြစ်သည်။

သို့သော် သေချာပြန်စဉ်းစားကြည့်ပြီးနောက် ချန်ကျဲ့ ရုတ်တရက် အကြံရသွား၏။

ငါ့ကို ခေါ်ချင်မှတော့ ဘယ်သူက ပိုပြီး မျက်နှာအရေထူလဲ ကြည့်ကြတာပေါ့။

ထိုသို့အတွေးဖြင့် ချန်ကျဲ့ အရိုအသေပြုရင်း ပြောလိုက်သည်။

“သခင်မဟုန်ယန်ရဲ့ သဘောထားကြီးတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ သခင်မက အဲဒီလိုပြောလာမှတော့ ကျွန်တော့်အနေနဲ့ ငြင်းဆန်လိုက်ရင် ရိုင်းပျရာကျပါလိမ့်မယ်။ ဒါပေမဲ့ ငါးဖမ်းကုန်သည်အဖွဲ့သား တစ်ကြိမ်ဖြစ်ဖူးရင် ဘယ်လိုအကြောင်းရင်းနဲ့မှ သစ္စာမဖောက်ရပါဘူး။ အဲဒါကြောင့် ကျွန်တော် ရဲတင်းစွာနဲ့ သဘောတူညီချက်တစ်ခု တောင်းဆိုချင်ပါတယ်”

“ဘာများလဲ”

ချောင်ဟုန်ယန်၏ ချန်ကျဲ့ကိုကြည့်နေသည့် မျက်လုံးများ မှေးကျုံးသွား၏။

ချန်ကျဲ့မှ ပြောသည်။

“အကယ်၍ သခင်မဟုန်ယန် စိတ်မရှိဘူးဆိုရင် ကျိုစစ်က သခင်မကို မွေးစားအမေအဖြစ် အသိအမှတ်ပြုနိုင်ပါတယ်…”

ဖူး…

အဟွတ် အဟွတ်…

ထိုအခါ နေရာရှိလူအားလုံးမှာ မထိန်းချုပ်နိုင်စွာ ရယ်မောမိကြလေသည်။ လက်ဖက်ရည်သောက်နေသည့် ဧည့်သည်များမှာလည်း မျက်နှာချင်းဆိုင်အရပ်သို့ ပါးစပ်ထဲမှ ရေများ ပန်းထွက်မိကုန်ကြ၏။

သို့သော် ၎င်းတို့ကို မည်သူမျှ ဂရုမစိုက်နိုင်ပေ။ အားလုံးသည် ချန်ကျဲ့ကို ထူးဆန်းသည့် မျက်နှာအမူအရာများဖြင့် စူးစိုက်ကြည့်နေကြသည်။

သူတို့သည် ချောင်ဟုန်ယန်ကိုလည်း ထူးဆန်းစွာ ကြည့်နေကြသည်ဖြစ်၏။

လူတစ်ယောက်ချင်းစီတိုင်း၏ မျက်နှာထက်တွင် ကို့ရို့ကားယားနိုင်သည့် အပြုံးများ ဖြစ်တည်နေခဲ့သည်။

ချောင်ဟုန်ယန်၏ အသက်အရွယ်သည် ၂၀ဝန်းကျင်ခန့် ဖြစ်ဟန်ရ၏။ ထိုအသက်အရွယ်မျိုးတွင် ချန်ကျဲ့၏ မွေးစားမိခင်ဖြစ်ပေးခြင်းငှာ အဘယ်သို့များ အတည်ကြီး ဖြစ်နိုင်ပါအံ့နည်း။

ထို့ပြင် ဂေဟာထဲ၌ အချို့သော ဇာတ်ကောင်ပုံစံ အသွင်ယူခြင်းကဲ့သို့ ထူးခြားသည့် အလေ့အထများရှိသည်။ ထို့ပြင် မွေးစားမိခင်ဟူသည့် ဇာတ်ကောင်သည် အချို့သော ဇာတ်လမ်းမြင်ကွင်းများအတွက် လိုအပ်ပေသည်။

ထို့ကြောင့် ချန်ကျဲ့မှ ချောင်ဟုန်ယန်ကို မွေးစားမိခင်အဖြစ် အသိအမှတ်ပြုရန် တောင်းဆိုလိုက်ခြင်းသည် ချောင်ဟုန်ယန်ကို စနောက်ကျီစယ်ခြင်းနှင့် တူနေတော့သည်။

ထိုအချိန်၌ ဩဇာလွှမ်းမိုးသည့် ပုဂ္ဂိုလ်ကြီးများအုပ်စုသည်လည်း ချောင်ဟုန်ယန်ကို ကို့ရို့ကားယားနိုင်သည့် မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။

သူတို့သည် အချို့သော ထူးဆန်းသည့်မြင်ကွင်းများကိုပင် စိတ်ကူးပုံဖော်ကြည့်နေကြလေ၏။

မွေးစားမိခင် သား အထဲဝင်လာပြီနော်~

ဖန်းရှစ်ကျုံးမှ ထိန်းချုပ်ခြင်းမရှိဘဲ ရယ်မောလိုက်၏။

“ဟားဟားဟား… ဒါပေါ့ ဒါပေါ့။ အကယ်၍ မိန်းကလေးဟုန်ယန်က မွေးစားမိခင်လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကျုပ် သဘောတူပါတယ် ဟားဟားဟား…”

ထိုအချိန်ရှိ ချောင်ဟုန်ယန်၏ မျက်နှာအမူအရာကို ဖတ်ရှုခန့်မှန်း၍ မရချေ။ သို့သော် သူမ၏အနီးဝန်းကျင်မှ အပူချိန်မှာ သိသိသာသာ ကျဆင်းသွားကြောင်း ခံစားမိနိုင်ပေသည်။

ချန်ကျိုစစ်သည် သူမကို ဤသို့နောက်ပြောင်ရဲလိမ့်မည်ဟု ချောင်ဟုန်ယန် မျှော်လင့်မထားခဲ့ပေ။

သို့သော် ချန်ကျိုစစ်သည် သူမကို မွေးစားမိခင်အဖြစ် အသိအမှတ်ပြုရန် အတည်ပေါက်ကြီး တောင်းဆိုနေခြင်းဖြစ်သောကြောင့် ဒေါသထွက်၍လည်း မရချေ။ ချန်ကျိုစစ်ထံမှ မည်သို့သော မထီလေးစားမှုကိုမျှ ရှာမတွေ့နိုင်ပေ။ အရာအားလုံးမှာ ဘေးလူများ၏ ရိုင်းပျသည့် အတွေးစိတ်ကူးများသာ ဖြစ်ကြပေသည်။

သူမ အခု ဒေါသထွက်လိုက်ပါက အခြားသူများ စိတ်ကူးနေကြသည့် မွေးစားမိခင်အသွင်မျိုး ဖြစ်သွားရပေလိမ့်မည်။

သို့သော် ဒေါသကို မထုတ်ဖော််နိုင်ပါကလည်း သူမ စိတ်မကျေနပ်ပေ။ သူမသည် အချိန်တစ်ခုအထိ ချန်ကျိုစစ်၏ အရှက်မဲ့မှုကို မည်သို့မည်ပုံ တုံ့ပြန်ရမည်အား မသိနိုင်ဘဲ ရှိနေတော့သည်။

အချိန်အတော်ကြာပြီးနောက်မှ ချောင်ဟုန်ယန်မှ ပြောသည်။

“ဟားဟား ခန်းမအရှင်သခင်ဖန်း ရှင့်ရဲ့မွေးစားသားက အတော်လေး ပါးနပ်တာပဲ။ ရှင်သူ့ကို သင်ပြပေးသင့်တယ်”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“မိန်းကလေးဟုန်ယန် အဲဒါတော့ မင်းမှားနေပြီ။ ကျုပ်ရဲ့သားက စိတ်ရင်းအမှန်နဲ့ မင်းကို မွေးစားမိခင်အဖြစ် အသိအမှတ်ပြုချင်တာပါ။ သူ့ရဲ့ အလုပ်အကျွေးပြုလိုတဲ့ ဆန္ဒက သလင်းကျောက်လို ကြည်စင်ပါတယ်။ မင်းက ဘာလို့များ မလိုလားနေရတာလဲ”

ဖန်းရှစ်ကျုံးမှာ ရယ်ချင်စိတ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ထားရ၏။

ချောင်ဟုန်ယန်သည် စိတ်အတွင်းထဲတွင် ‌မီးဟုန်းဟုန်းတောက်နေသော်ငြား စိတ်ထွက်ပေါက်ပေးရန် နေရာမရှိချေ။ သို့ဖြစ်ရာ ဤသို့သာ ပြောနိုင်တော့၏။

“‌ရတယ်၊ ကျွန်မ ရှင့်ရဲ့မွေးစားသားကို လက်မခံနိုင်ပါဘူး။ အိမ်တော်ထိန်းလျို လူသွားခေါ်ပြီး သူတို့ကို ခေါ်သွားခိုင်းလိုက်တော့”

“အာ ဂေဟာသခင် ဒါက…”

ဟင်?

ချောင်ဟုန်ယန်သည် အိမ်တော်ထိန်းလျိုကို စူးစိုက်ကြည့်လိုက်၏။ အိမ်တော်ထိန်းလျိုမှ ရုတ်ချည်း တုံ့ပြန်သည်။

“ဟုတ်ကဲ့ ကျွန်မ ချက်ချင်းသွားလိုက်ပါ့မယ်”

…

အနောက်ခြံဝင်းထဲ၌ အိမ်တော်ထိန်းမှ ပြောသည်။

“ဘယ်လိုလဲ။ အရှေ့ခြံဝင်းမှာ အခြေအနေဘယ်လိုရှိလဲ”

အစေခံမလေးမှ ပြန်ပြောသည်။

“အိမ်တော်ထိန်းကြီး မစိုးရိမ်ပါနဲ့။ ဘယ်တုန်းကများ ကျွန်မတို့ဂေဟာကနေ လူပြန်ရွေးနိုင်တာမျိုး ရှိခဲ့ဖူးလို့လဲ။ ဘာပြဿနာမှ မရှိလောက်ပါဘူး။ အိမ်တော်ထိန်းကြီး စိတ်ချထားပါ”

“အင်း မင်းပြောတာမှန်တယ်။ နှစ်၂၀ကြာ တည်မြဲလာခဲ့တဲ့ စည်းမျဉ်းတစ်ခုက ဒီနေ့မှာလည်း မကျိုးပျက်လောက်ပါဘူး ဟုတ်တယ်မလား”

“ဟုတ်ကဲ့ အိမ်တော်ထိန်းပြောတာ မှန်ပါတယ်”

“ဒါနဲ့ အဲဒီကောင်မလေး ပြဿနာရှာနေတုန်းပဲလား”

“ဟုတ်ကဲ့ အိပ်ဖို့ကို ငြင်းဆန်နေပါတယ်”

အိမ်တော်ထိန်းသည် အချိန်ခဏမျှ တွေးတောလိုက်ပြီးနောက် ‌ပြောသည်။

“ဂေဟာအပြစ်ပေးစည်းမျဉ်းတိုင်း အပြစ်ပေးလိုက်။ သူဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင် ကြိမ်ဒဏ် ၁၀ချက်ပေးမယ်”

“ဟုတ်ကဲ့ပါ အိမ်တော်ထိန်း။ အခုချက်ချင်း သွားလိုက်ပါ့မယ်”

အစေခံ‌မလေးမှ ပြောသည်။ သို့သော် ချက်ချင်းပင် နောက်ထပ် အစေခံတစ်ယောက်သည် အလျင်စလိူ ဝင်ရောက်လာ၏။

“အိမ်တော်ထိန်းကြီး အိမ်တော်ထိန်းကြီး!”

“ဘာကိစ္စလဲ၊ ဒီလောက်အထိတ်တလန့်ဖြစ်နေတာ!”

အိမ်တော်ထိန်းမှ မျက်မှောင်ကြုတ်လျက် မေးမြန်းသည်။

“အိမ်တော်ထိန်းကြီး အရှေ့ခြံဝင်းမှာ အခြေအနေတင်းမာနေခဲ့ပါတယ်။ သူ့ရဲ့အစ်ကိုကြီးက တကယ်ကို စွမ်းဆောင်ရည်ရှိတယ်။ သူက အစောင့်အရှောက်ကြီး၁၃ဦးထဲက ဖန်းရှစ်ကျုံးနဲ့ အရာရှိကျန်းလီယဲ့ကို ‌ခေါ်လာနိုင်ခဲ့တယ်!”

“ဘာ!”

အိမ်တော်ထိန်းမှာ ထရပ်မိလေသည်။ သူမ၏မျက်နှာမှာ အံ့ဩထိတ်လန့်နေခဲ့၏။

အစောင့်အရှောက်ကြီး၁၃ဦးရဲ့ ဩဇာအာဏာကို မျန့်ရွှေစီရင်စုမှာ မသိတဲ့သူ ဘယ်သူရှိမှာတဲ့လဲ။

အိမ်တော်ထိန်းမှာ မျက်လုံးအပြူးသား ဖြစ်နေခဲ့တော့သည်။

သူမသည် မတ်တပ်ရပ်နေမြဲဖြင့် ဘယ်မှ ညာသို့ အကြိမ်ကြိမ်အခါခါ လျှောက်နေသည်။

“အခု‌ အခြေအနေဘယ်လိုလဲ”

အစေခံမလေးမှ ပြောသည်။

“ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး။ ဂေဟာသခင်နဲ့ ရာဇဝတ်တရားသူကြီးမင်းတို့ ရှေ့ထွက်လာတော့ သူတို့ မလှုပ်ရှားရဲကြပါဘူး”

“အိုး လန့်သေတော့မလို့ပဲ။ သွားပြီး အခြေအနေကို ထပ်စုံစမ်းခဲ့ဦး”

“ဟုတ်ကဲ့”

အစေခံမလေးသည် နောက်တစ်ကြိမ် အလျင်စလို ပြေးထွက်သွား၏။

ထိုစဉ် အခြားအစေခံမလေးမှ ပြောသည်။

“အိမ်တော်ထိန်းကြီး ကျွန်မတို့ ဟိုကောင်မလေးကို ရိုက်ဦးမှာလား”

“ရိုက်မယ်? အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့၊ စောင့်ကြည့်စမ်းပါဦး။ မိန်းကလေးတွေကို ပြောထားလိုက်။ အဲဒီဘိုးဘေးလေးကို လောလောဆယ်တော့ အလိုလိုက်ထားနှင့်ဦးလို့”

“ဟုတ်ကဲ့”

အစေခံမလေးသည် အချိန်ခဏမျှ စဉ်းစားပြီးနောက် ပြော၏။

“အိမ်တော်ထိန်းကြီး ကျွန်မတို့ လူကို ‌ပြန်ရွေးနုတ်ခွင့်ပေးလိုက်မှာလား”

ထိုအခါ အိမ်တော်ထိန်းမှ ပြောသည်။

“မဖြစ်နိုင်တာ။ ယီးဟုန်ဂေဟာရဲ့ စည်းမျဉ်းတွေက နှစ်၂၀ကြာတည်မြဲလာခဲ့တာ၊ မကျိုးပျက်နိုင်ဘူး။ ဂေဟာသခင်က အဲဒီလိုဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး”

“ဒါပေမဲ့ ငါတို့ အဲဒီဘိုးဘေးလေးကို ဆူလို့ရိုက်လို့ မရတော့ဘူး။ သူ့ကို သေချာသာ ဂရုစိုက်ထားလိုက်‌တော့”

ထိုသို့ပြောရင်း အိမ်တော်ထိန်းသည် စိတ်ထဲမှ တွေးလိုက်၏။

အဲဒီကောင်မစုတ်‌လေး အရမ်းထောင်လွှားနေတာ မအံ့ဩတော့ပါဘူး။ သူ့အစ်ကိုကြီးက တကယ့်ကို အင်္ကျီလက်အနားစမှာ လှည့်ကွက်တွေရှိနေတာပဲ။

သို့သော် ယီးဟုန်ဂေဟာသည် အစောင့်အရှောက်ကြီး၁၃ဦးအနေဖြင့် ချင်းနင်းဝင်လာပြီး လူကို ခေါ်ထုတ်သွားနိုင်မည့် နေရာမျိုး မဟုတ်ပေ။

သူတို့စောင့်ဆိုင်းနေစဉ် အခြေအနေကို သွားရောက်စုံစမ်းသည့် အစေခံမလေးမှ အပြေးပြန်ရောက်လာပြီး အလောတကြီး တင်ပြသည်။

“အိမ်တော်ထိန်းကြီး ပြဿနာတက်ပါပြီ! ချောင်ကုန်သည်အဖွဲ့ရဲ့ ပိုင်မော့ရှန်းနဲ့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ချင်းယင်တို့လည်း ရောက်လာပါတယ်!”

“ဘာ!!”

အိမ်တော်ထိန်း၏မျက်နှာမှာ ရုတ်ချည်း ပျက်ယွင်းသွားတော့သည်။

သူမသည် မျန့်ရွှေစီရင်စုတွင် နေထိုင်ခဲ့ချိန်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်နှစ်ဦး၏ ဂုဏ်သတင်းတို့ကို သိထားပါ၏။

အစောင့်အရှောက်ကြီး၁၃ဦးထဲတွင် ပါဝင်နေခြင်းကို မဆိုထားနှင့် သူတို့၏အဆင့်အတန်း တစ်ခုတည်းသည်ပင်… ပိုင်မော့ရှန်းသည် ချောင်ကုန်သည်အဖွဲ့၏ ညာလက်ရုံးဖြစ်ပြီး ခေါင်းဆောင်လျို၏ အယုံကြည်ရ‌ဆုံးသော လူယုံဖြစ်သည်။။

ချင်းယင်သည် နောက်လိုက်ပေါင်းရာချီရှိသော ငါးဖမ်းကုန်သည်အဖွဲ့ ဒုတိယခန်းမ၏ ခန်းမအရှင်သခင်ဖြစ်သည်။ ထိုသို့ပုဂ္ဂိုလ်ကြီးနှစ်ဦး အတူတကွရောက်ရှိလာသည့် အလေးချိန်မှာ ကြီးလေးလွန်းလှပေသည်။

All Chapters