ချောင်ဟုန်ယန် : ချန်ကျိုစစ်၊ မင်းဘယ်လိုလုပ်ပြီး ငါ့ကို အခွင့်ကောင်းယူရဲရတာလဲ_၄
Vol. 18 Ch. 239
ထိုအခါ အိမ်တော်ထိန်းမှာ အလွန်အမင်း အံ့ဩထိတ်လန့်သွားတော့သည်။
အဲဒီကောင်မလေးရဲ့ အစ်ကိုကြီးက တကယ်ပဲ ဘယ်သူများလဲ!
တစ်ပြိုင်နက်တည်း၌ အိမ်တော်ထိန်းမှာ ကြောက်လည်း ကြောက်ရွံ့မိရသည်။ ပုံမှန်စည်းမျဉ်းများအရ မနာခံသည့် အစေခံများသည် ရောက်ရှိသည်နှင့် အရိုက်ခံရ၏။
အဲဒီလိုသာဆို ငါ့ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲ။
အစောင့်အရှောက်ကြီး၁၃ဦးထဲက ၄ယောက်ကို ခေါ်လာနိုင်တာ အကယ်၍များ ငါ သူ့ညီမကိုသာ ရိုက်မိရင် ငါတော့ တစ်စစီ ဆုတ်ဖြဲခံရမှာပဲ ဟုတ်တယ်မလား။
အိမ်တော်ထိန်းမှာ ချွေးအေးများ စီးကျလာရသည်။ ထို့နောက်တွင် အစေခံမလေးတစ်ဦး အပြေးရောက်လာပြီး ပြောသည်။
“အိမ်တော်ထိန်းကြီး မကောင်းတော့ဘူး။ ကျစ်ရွှမ်း ပြဿနာရှာနေပြီ။ ချွေ့ချွေ့က သူ့ကို ဆိတ်ဆွဲတော့ သူက ချွေ့ချွေ့ရဲ့လက်ကို ပြန်ကိုက်လိုက်တာ သွေးတွေထွက်ကုန်တယ်”
“အာ မြန်မြန်သွားမယ်!”
ထိုစကားတွင် အိမ်တော််ထိန်းမှာ ချက်ချင်း ထိန်လန့်သွားတော့သည်။
ထို့နောက် အစေခံမှ ပြောသည်။
“အိမ်တော်ထိန်းကြီး အရမ်းစိတ်မပူပါနဲ့။ သူက ကလေးမလေးတစ်ယောက်ပါပဲ။ ကျွန်မ သူ့ကို ဖြေရှင်းလိုက်ပါမယ်”
ဖြန်း!
အိမ်တော်ထိန်းသည် ထိုအစေခံကို ရုတ်ချည်း ပါးရိုက်ချလိုက်၏။
“နင့်ဘွားအေကို ဖြေရှင်းနေလိုက်!”
“အဲဒီကောင်မလေး အခုဘယ်လိုနေလဲ။ ချွေ့ချွေ့က သူ့ကို ရိုက်နေတုန်းပဲလား”
“အဲဒီကောင်မလေးက အရမ်းရန်လိုတယ်။ ချွေ့ချွေ့က သူ့ကို မထိရဲလို့ ကျွန်မကို အိမ်တော်ထိန်းဆီ အခေါ်လွှတ်လိုက်တာပါ”
“ဘုရားသခင် ကောင်းတယ်။ မြန်မြန် ငါ့ကို အဲဒီကောင်မလေးဆီ ခေါ်သွားပေးစမ်း”
အိမ်တော်ထိန်းမှာ လုံးဝ စိုးရိမ်ထိတ်လန့်နေလေပြီ။
အိမ်တော်ထိန်းသည် သူမ၏ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးဖြင့် လျင်မြန်စွာလှုပ်ရှားနေသည်မှာ ဤအခိုက်အတန့်မှာ သူမ၏ တစ်ဘဝလုံးတွင် အလျင်မြန်ဆုံးသော ပြေးလွှားခြင်း ဖြစ်နိုင်လောက်ပေသည်။
ထိုစဉ် အခန်းအတွင်း၌ ချွေ့ချွေ့သည် သူမ၏လက်ပေါ်ရှိ သွေးထွက်နေသော ကိုက်ရာကို ကြည့်လျက် အိပ်ရာပေါ်ရှိ ရွေ့ရွေ့ကို ဒေါသတကြီး လက်ညှိုးထိုး၍ ပြော၏။
“ကောင်မစုတ်လေး နင်က ငါ့ကို ကိုက်ရဲတယ်ပေါ့လေ။ နင်စောင့်နေလိုက်၊ အိမ်တော်ထိန်းရောက်လာတာရင် သူနင့်ကို တွဲလောင်းချည်ပြီး ရိုက်လိမ့်မယ်!”
ထိုအခါ ရွေ့ရွေ့သည် ရန်လိုသည့်အပြုအမူမျိုး လုပ်ပြ၏။
“နင်ငါ့ကို ထပ်ပြီး ဆိတ်ဆွဲရဲရင် ငါနင့်ကို ထပ်ကိုက်ပစ်မယ် အား~”
“နင်စောင့်နေ၊ ငါနင့်ကို တွဲလောင်းချည်ပြီး ဆိတ်ဆွဲပစ်မယ်။ နင်က ဒီလိုလုပ်နေရအောင် ဒီနေရာကို ဘာမှတ်နေလဲ။ နင်တော့ သေပြီပဲ!”
“ငါနင့်တို့အကုန်လုံးကို မကြောက်ပါဘူး လာ လာ လာ…”
“နင် ငါနင့်ကို ဆိတ်ဆွဲပစ်မယ် စောင့်နေလိုက်…”
“အား~”
ရွေ့ရွေ့သည် သူမ၏ ကျားသွားပေါက်လေးများကို လှစ်ဟပြ၏။ သူမ၏ပုံစံမှာ နင် အနားကိုကပ်လာရဲရင် ငါနင့်ကို ကိုက်ပစ်မယ်ဟု ပြောနေသည့်အလားပင်။
ချွေ့ချွေ့မှာ အလွန်ဒေါသထွက်လွန်း၍ ရှေ့တိုးသွားလိုသော်ငြား မသွားရဲပေ။ ဤကလေးမလေး၏ ရန်လိုသည့်အကြည့်များမှာ အတော်လေး ပြင်းထန်၏။
ထို့နောက်တွင် အိမ်တော်ထိန်းမှ အပြေးရောက်လာပြီး အော်ပြောသည်။
“ရပ်ကြစမ်း!”
ထိုအခါ ချွေ့ချွေ့သည် ရုတ်ချည်း လှည့်ကြည့်လိုက်ပြီး အိမ်တော်ထိန်းကို မြင်သောအခါမှ စိတ်သက်သာရာရစွာဖြင့် ပြောသည်။
“နင်တော့ သေပြီပဲ။ အိမ်တော်ထိန်း ရောက်လာပြီ။ နင်စောင့်နေ၊ ငါနင့်ကို ပညာပေးပစ်မယ်!”
သို့သော် ရွေ့ရွေ့သည် သွားတပြင်ပြင်ဖြင့် ပြော၏။
“ငါနင့်ကို မကြောက်ဘူး!”
“အိမ်တော်ထိန်း သူ…”
ဖြန်း!
ချွေ့ချွေ့သည် တိုင်တန်းရန် ကြိုးပမ်းခဲ့သော်ငြား အိမ်တော်ထိန်း၏ ပါးရိုက်ခြင်းကိုသာ ခံလိုက်ရသည်။
ချွေ့ချွေ့မှာ ကြောင်အသွားရ၏။ သို့တိုင် သူမသည် အခြေအနေအပေါ် အလိုအလျောက်တုံ့ပြန်မှုအလား ချက်ချင်း ဒူးထောက်ချလိုက်သည်။
ထို့နောက် အိမ်တော်ထိန်းသည် အခြားအရာများအတွက် အချိန်မပေးတော့ဘဲ အိပ်ရာထက်တွင် မတ်တပ်ရပ်နေသည့် ရွေ့ရွေ့ကိုကြည့်လျက် ပြောသည်။
“အို ဘုရားရေ၊ ငါ့ရဲ့ဘိုးဘေးလေး မင်းအဆင်ပြေရဲ့လား”
ရွေ့ရွေ့သည် အိမ်တော်ထိန်းကို ကြည့်လိုက်ပြီး ပြောသည်။
“ငါ့ဆီ မလာခဲ့နဲ့။ ငါနင်တို့ကို မကြောက်ဘူး။ နင်တို့ ငါ့ကိုထိရဲရင် ငါ့အစ်ကိုကြီးက နင်တို့ကို အပြစ်ပေးလိမ့်မယ်။ အစ်ကိုကြီးက မကြာခင် ငါ့ကိုလာခေါ်တော့မှာ!”
“ဟုတ်ပါတယ် ဟုတ်ပါတယ်။ မင်းရဲ့အစ်ကိုကြီးက ဘယ်လောက်တောင် တော်လဲဆိုတာ ငါသိပါတယ်။ ငါတို့ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး။ အဲဒါကြောင့် ခေါင်းအုံးကိုချပြီး ဒီနားကို လာခဲ့ပါ”
“မလာဘူး။ နင်တို့လည်း အဲဒီမှာပဲနေပြီး ပြော”
“ကောင်းပြီ ကောင်းပြီ၊ ငါတို့ မလာဘူး။ မင်းတို့နှစ်ယောက် ခုနက ရန်ဖြစ်နေကြတာလား”
အိမ်တော်ထိန်းသည် ကြမ်းပြင်တွင် ဒူးထောက်နေသည့် ချွေ့ချွေ့ကို ကြည့်၍ ရွေ့ရွေ့ကို မေးမြန်းသည်။
ရွေ့ရွေ့မှ ပြောသည်။
“သူငါ့ကို ဆိတ်ဆွဲတယ်!”
အိမ်တော်ထိန်းမှ ပြောသည်။
“ကောင်းပြီ ကောင်းပြီ ငါသိပြီ။ မင်း ဒီကိုလာပြီး သူ့ကို ရိုက်လိုက်”
“အာ အိမ်တော်ထိန်း ကျွန်မ…”
ထိုအခါ အစေခံတစ်ဦးသည် ရုတ်ချည်း ချွေ့ချွေ့ကို ဖမ်းဆွဲ၍ အဆက်မပြတ် ရိုက်တော့သည်။
ရွေ့ရွေ့သည် ထိုမြင်ကွင်းကြောင့် ကြောင်အသွား၏။
“ရပ်တော့ ရပ်တော့ မရိုက်နဲ့တော့!”
“ဟင်?”
အိမ်တော်ထိန်းသည် နားမလည်နိုင်ဖြစ်သွားပြီး ရွေ့ရွေ့ကို ကြည့်လိုက်သည်။
“ငါမင်းအတွက် လက်တုံ့ပြန်ပေးနေတာလေ။ ဘာလို့ရပ်ခိုင်းတာလဲ”
ရွေ့ရွေ့မှ ပြောသည်။
“မမက ပြောထားတယ်။ ကြင်နာမှုနဲ့ပဲ တုံ့ပြန်ရမယ်၊ တရားမလွန်ရဘူးတဲ့။ တစ်ယောက်ယောက်က လာရိုက်ရင် ပြန်ရိုက်မှာပေမဲ့ မရိုက်ဘဲနဲ့တော့ သူတို့ကို အနိုင်မကျင့်နိုင်ဘူး”
“ခုနက သူငါ့ကို ဆိတ်ဆွဲတော့ ငါသူ့ကို ကိုက်ဆွဲလိုက်တယ်။ အခု သူငါ့ကို မဆိတ်ဆွဲဘူး။ နင်တို့ သူ့ကို ရိုက်လို့မရဘူး!”
အိမ်တော်ထိန်းနှင့်အတူ နေရာရှိလူအားလုံး အံ့အားသင့်ကုန်ကြသည်။ အထူးသဖြင့် ချွေ့ချွေ့ဖြစ်သည်။
ဤသို့ ကလေးငယ်တစ်ယောက်မှ ဤသို့စည်းဘောင်များကို ပြောလာလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ပေ။
သူတို့၏ကမ္ဘာ၌ ပညာရေးဟူသည် အားကြီးသူမှ အားနည်းသူကို စိတ်ရှိတိုင်း စော်ကားပြုမူနိုင်သည့် အရာတစ်ခုဖြစ်ပေသည်။ ဤသည်မှာ သူ့ကို ဆိတ်ဆွဲခြင်း၊ မဆွဲခြင်း၏ ပြဿနာတစ်ခုသာ မဟုတ်ပေ– လူတစ်ယောက်မှ သင်၏မျက်နှာကို သဘောမတွေ့သောကြောင့် ရိုက်နှက်လျှင်သော်မှ လက်ခံရမည့်လောကကြီး ဖြစ်၏။
သူတို့သည် ကျွန်ဘဝတွင် မွေးဖွားလာခဲ့ကြကာ မိမိကိုယ်တိုင် လုပ်ဆောင်နိုင်သည့်အရာဟူ၍ မရှိပေ။
အင်အားကြီးပုဂ္ဂိုလ်ကြီးများအတွက် ဆော့ကစားပေးရုံမျှအပ ဘာမျှလုပ်ပိုင်ခွင့် မရှိပေ။
ယခုတွင်လည်း ရွေ့ရွေ့၏စကားများကို သူတို့မှာ မတုံ့ပြန်နိုင်ဘဲ ဖြစ်နေကြရသည်။
သူတို့သည် ဤကလေးမလေးထံမှ တစ်မူထူးခြားသည့် တစ်စုံတစ်ရာကို ခံစားမိပေသည်။
ထို့နောက် အိမ်တော်ထိန်းမှ ပြောသည်။
“ကောင်းပြီ ကောင်းပြီ၊ မရိုက်တော့ဘူး။ အကုန်လုံး မင်းသဘောပဲ။ အခု သွားတော့”
အစေခံသည် ချွေ့ချွေ့ကို ဘေးဖယ်လိုက်သည်။ အိမ်တော်ထိန်းမှ နူးညံ့ကြင်နာစွာ ဆက်ပြောသည်။
“ဘိုးဘေးလေး မင်း လိုချင်တာ တစ်ခုခုများရှိသေးလား။ ဒီအိမ်တော်ထိန်းက လုပ်ပေးနိုင်ပါတယ်”
ထိုသို့ပြောဆိုရင်း အိမ်တော်ထိန်းသည် ရွေ့ရွေ့အနားသို့ ချဉ်းကပ်သွားချင်ခဲ့သည်။ သို့သော် ရွေ့ရွေ့မှ ပြော၏။
“ရပ်လိုက်၊ ဒီနားကို မလာခဲ့နဲ့!”
“ကောင်းပြီ ကောင်းပြီ၊ မလာတော့ဘူး။ မင်း ဘာများ လိုချင်တာရှိသေးလဲ”
ရွေ့ရွေ့စဉ်းစားလိုက်ပြီးနောက် ဗိုက်လေးကို ထိကိုင်လိုက်သည်။
“နည်းနည်းဗိုက်ဆာတယ်”
“ဗိုက်ဆာတာလား ကောင်းတယ်။ အစာသွပ်ဂျုံမုန့်သွားယူစမ်း!”
အစေခံတစ်ဦးမှ ချက်ချင်း တုံ့ပြန်သည်။ သို့သော် အိမ်တော်ထိန်းမှ ထပ်ပြော၏။
“ငါ့အခန်းထဲသွားပြီး ယူလာခဲ့လိုက်”
“ဟုတ်ကဲ့”
အစေခံသည် အမြန်ပြေးသွား၏။ ဂေဟာထဲရှိ အစာသွပ်မုန့်များသည် သီးသန့်ပြုလုပ်ထားခြင်းဖြစ်ကာ အစေခံများအနေဖြင့် ဧည့်သည်များမှ အနည်းငယ် ကျန်ခဲ့လျှင် စားခွင့်ရနိုင်သည်။ သို့သော် အိမ်တော်ထိန်းအတွက်မူ စားဖိုဆောင်မှ သီးသန့်ပြင်ဆင်ပေးထားခြင်းဖြစ်သည်။
သေချာပေါက် အရသာအရှိဆုံး မဖြစ်နိုင်သည့်တိုင် သန့်ရှင်း၏။
မကြာမီ အမျိုးစုံသော အစာသွပ်မုန့်များ ယူဆောင်လာခဲ့၏။ အိမ်တော်ထိန်းမှ ကမ်းပေးရန် ရည်ရွယ်လိုက်သော်ငြား ရွေ့ရွေ့မှ ပြောလာသည်။
“နင် အနားကပ်လာရဲလား!”
“အဲဒါဆို ငါမင်းကို မုန့်ဘယ်လိုပေးရမလဲ”
ရွေ့ရွေ့သည် ခဏမျှစဉ်းစားပြီးနောက် ဘေးတွင်ရပ်နေသည့် မျက်နှာတွင် အရိုက်ခံထားရသောကြောင့် နီရဲနေဆဲဖြစ်သော ချွေ့ချွေ့ကို လက်ညှိုးထိုး၍ ပြောသည်။
“သူ သူ့ကို ယူလာပေးခိုင်းပါ”
“ငါလား”
ချွေ့ချွေ့ အံ့အားသင့်သွား၏။
“နင်ပဲ”
ရွေ့ရွေ့မှ ပြောသည်။
ချွေ့ချွေ့သည် အိမ်တော်ထိန်းကို လှမ်းကြည့်လိုက်သည်။
“သွား သွား—”
အိမ်တော်ထိန်းသည် မျက်လုံးဖြင့် အချက်ပြပြောဆို၏။
ချွေ့ချွေ့သည် အစာသွပ်မုန့်များကို ယူလိုက်ပြီး အိပ်ရာဘေးသို့ လျှောက်သွားသည်။ ရွေ့ရွေ့သည် အစာသွပ်မုန့်များကို အကဲခတ်ကြည့်ရှုပြီးနောက် တစ်ခုရွေးယူလိုက်သည်– အရမ်းစားကောင်းတာပဲ။
ထို့နောက် နောက်တစ်ခုယူလိုက်ပြီး ချွေ့ချွေ့ကို ပေး၏။
“နင့်အတွက်”
“ဟင်?”
ချွေ့ချွေ့မှာ လုံးဝ စိတ်ရှုပ်ထွေးသွားတော့သည်။ သူမ တစ်ဦးတည်းသာလျှင် ဤကောင်မလေးအပေါ် ရန်ငြိုးထားနေသည့်အလား ခံစားလိုက်ရလေသည်။