← Chapters

ချောင်ဟုန်ယန် : ချန်ကျိုစစ်၊ မင်းဘယ်လိုလုပ်ပြီး ငါ့ကို အခွင့်ကောင်းယူရဲရတာလဲ_၅

Vol. 18 Ch. 240

ချောင်ဟုန်ယန် : ချန်ကျိုစစ်၊ မင်းဘယ်လိုလုပ်ပြီး ငါ့ကို အခွင့်ကောင်းယူရဲရတာလဲ_၅

Vol. 18 Ch. 240

အိမ်တော်ထိန်းသည် ချွေ့ချွေ့ကို ဆက်တိုက် အချက်ပြနေသည်။

“သူပြောတာ နားထောင်လိုက်!”

ချွေ့ချွေ့သည် အစာသွပ်မုန့်ကို လှမ်းယူလိုက်ရင်း မထိန်းချုပ်နိုင်စွာ မေးလိုက်သည်။

“ဘာလို့လဲ”

“အမ်”

ရွေ့ရွေ့သည် ဟမ်းစတားလေးတစ်ကောင်အလားပင် သူမ၏ ပါးလေးနှစ်ဖက်မှာ အစာသွပ်မုန့်များဖြင့် ဖောင်းကားနေ၏။

ချွေ့ချွေ့မှ ပြောသည်။

“ငါက နင့်ကို ဆွဲဆိတ်ခဲ့တာလေ။ နင်ဘာလို့ ငါ့ကို မုန့်ကျွေးရတာလဲ”

ရွေ့ရွေ့သည် မုန့်ကို တမြုံ့မြုံ့ဝါးနေရင်း ပြန်ပြောသည်။

“နင်က ငါ့ကိုဆိတ်ဆွဲတယ်၊ ငါက နင့်ကို ကိုက်ဆွဲတယ်၊ ငါတို့ အခု‌ ကျေသွားပြီ။ ဒါပေမဲ့ နင်ခုနက အရိုက်ခံလိုက်ရတယ်လေ။ အဲဒီတော့ ‌ထပ်ကျေသွားအောင်လို့ မုန့်ကျွေးတာ။ လာ မုန့်စား။ နင့်ရဲ့အစာသွပ်မုန့်က စားမကောင်းဘူးလို့တော့ လာမပြောနဲ့နော်”

ချွေ့ချွေ့သည် ဟမ်းစတားပေါက်လေးကဲ့သို့ စားသောက်နေသည့် ရွေ့ရွေ့ကို ကြည့်နေခဲ့သည်။

ရုတ်တရက် သူမ၏ မျက်နှာထက်တွင် ခါးသက်သက် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ထို့နောက်တွင် မထိန်းချုပ်နိုင်ဘဲ မျက်ရည်များ ကျဆင်းလာခဲ့သည်။ ဤသည်မှာ သူမအတွက်မူ လူသားတစ်ဦးအဖြစ် ပထမဆုံးအကြိမ် အသိအမှတ်ပြုခံရခြင်း ဖြစ်ပေသည်။

“အာ နင် ဘာလို့ ငိုနေတာလဲ”

ရွေ့ရွေ့သည် မုန့်စားနေခြင်းကို ရပ်တန့်လိုက်ပြီး အရိုက်ခံထားရသောကြောင့် ရောင်ရမ်းနေသည့် ချွေ့ချွေ့၏ပါးပြင်ကို ကြည့်လိုက်သည်။

“နာနေတယ်မလား။ အဲဒီမိန်းမဝဝကြီးက မကောင်းဘူး။ သူနဲ့ ဝေးဝေးနေ”

“ဟက်~”

ချွေ့ချွေ့မှာ အနည်းငယ် ပြုံးမိသွားသော်ငြား အမြန် ပြန်ထိန်းချုပ်လိုက်ရသည်။

သို့သော် နေရာရှိလူအားလုံးသည် ရွေ့ရွေ့မှ အိမ်တော်ထိန်းကို မိန်းမဝဝကြီးဟု ညွှန်းဆိုလိုက်သည်အား ကြားလိုက်ရပေသည်။

အိမ်တော်ထိန်းသည် သူမကို ဝသည်ဟု ပြောဆိုခြင်းကို မုန်းတီး၏။ သို့သော် ယခုတွင်မူ အိမ်တော်ထိန်းသည် ‌ဒေါသဖြင့် မပြုမူရဲပေ။ ထိုအစား မျက်မှောင်ပုပ်ကြီးမှ အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ရလေသည်။ သူမ အနီးတွင် ရပ်နေသည့် အစေခံလေးများသည်လည်း ရယ်ချင်နေသော်ငြား မရယ်ရဲကြချေ။

“မမ စားလိုက်ပါ”

ရွေ့ရွေ့သည် ချွေ့ချွေ့၏ပါးစပ်ထဲသို့ အစာသွပ်မုန့်တစ်ခု ထည့်ပေးလိုက်သည်။ ချွေ့ချွေ့မှ စားလိုက်မှသာ သူမသည် ပျော်ရွှင်မြူးတူးလျက် မေး၏။

“ချိုလား”

“ချိုတယ်!”

“ဟီးဟီး… ဒါဆို ထပ်စားဦး”

ထိုသို့ပြောလျက် ရွေ့ရွေ့သည် စိတ်အားထက်သန်စွာ ဆက်လက် စားသောက်လေသည်။ သူမ၏ပုံစံမှာ လုံးဝ အစာမနင်နိုင်သည့်အလားပင်။

ချွေ့ချွေ့မှာ ရွေ့ရွေ့ကို ကြည့်နေရင်း စိတ်ရင်းအမှန်ဖြင့် ပြုံးမိရလေသည်။

ထိုစဉ် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

“အိမ်တော်ထိန်းဝေ့”

အိမ်တော်ထိန်းဝေ့မှ ချက်ချင်း တုံ့ပြန်သည်။

“အင်း အိမ်တော်ထိန်းလျို ဘာကိစ္စများလဲ”

“ရွေ့ရွေ့ဆိုတဲ့နာမည်နဲ့ ခေါ်လာခံရတဲ့ကောင်မလေး ဘယ်မှာလဲ”

“အို ဒီမှာပါ ဒီမှာပါ”

ထို့နောက် အိမ်တော်ထိန်းလျိုသည် အိမ်တော်ထိန်းဝေ့၏နောက်မှ လိုက်ဝင်လာသည်။

“အင်း ကျွန်မ အခု သူ့ကို ခေါ်သွား‌လိုက်ပါတော့မယ်”

ထိုအခါ အိမ်တော်ထိန်းဝေ့မှ ပြောသည်။

“အာ ရပါတယ် ရပါတယ်”

အိမ်တော်ထိန်းဝေ့သည် ဤကလေးမလေး၏ အစ်ကိုကြီးမှာ ယီးဟုန်ဂေဟာမှ လူရွေးနုတ်နိုင်စွမ်းရှိလေရာ အလွန်တရာ ဩဇာအာဏာကြီးမားပါပေသည်ဟု စိတ်ထဲမှ တွေးနေခဲ့သည်။

ထို့နောက် အိမ်တော်ထိန်းလျိုမှ အပြုံးဖြင့် ပြောသည်။

“ရွေ့ရွေ့ သွားရအောင်၊ မင်းရဲ့အစ်ကိုကြီးက မင်းကို အိမ်ပြန်ခေါ်သွားတော့မှာ”

“အို မမ၊ ရွေ့ရွေ့ အခု အိမ်ပြန်ရတော့မယ်”

ရွေ့ရွေ့မှ ချွေ့ချွေ့ကို ကြည့်လျက် ပြောသည်။

“အို အဲဒါကောင်းတာပေါ့”

ချွေ့ချွေ့မှ လှိုက်လှဲစွာသော အပြုံးဖြင့် ပြောသည်။

“အမ် ရွေ့ရွေ့ မမနဲ့ ကစားဖို့ ပြန်လာခဲ့မယ်”

ရွေ့ရွေ့သည် ထရပ်လိုက်ပြီး သူမ မြတ်နိုးတန်ဖိုးထားရသည့် အစာသွပ်မုန့်များကို ချွေ့ချွေ့ကို ပေးလိုက်သည်။

“အမ်း ဒီမုန့်တွေအားလုံးက မမအတွက်ပဲ။ ‌ေရွ့ရွေ့ သွားပြီနော်”

ချွေ့ချွေ့မှ ပြောသည်။

“ဒီနေရာက ပျော်ဖို့မကောင်းဘူး။ ထွက်သွားပြီးရင် ပြန်မလာနဲ့တော့”

ရွေ့ရွေ့ အံ့ဩသွား၏။ ထို့နောက် အိမ်တော်ထိန်းဝေ့ကို လှည့်ကြည့်လိုက်ပြီး ပြော၏။

“နင်!”

ရွေ့ရွေ့မှ သူမကို လက်ညှိုးထိုးလာသည်တွင် အိမ်တော်ထိန်းဝေ့မှာ စိတ်ရှုပ်ထွေးသွား၏။

“အာ?”

“သူ့ကို ဘယ်တော့မှ ထပ်ပြီး မရိုက်နဲ့တော့!”

“အာ ငါ ငါသူ့ကို မရိုက်ပါဘူး!”

အိမ်တော်ထိန်းဝေ့မှ အပြုံးဖြင့် ပြန်ပြောသည်။

ရွေ့ရွေ့မှ ပြောသည်။

“လိမ်ပြောနေတာပဲ။ မမက ပြောတယ်၊ လူကိုရိုက်တာ မှားတယ်တဲ့။ အမှားတစ်ခုခုလုပ်ခဲ့ရင် အဲဒီလူကို လူ့ကျင့်ဝတ်သုံးပါး‌ကျမ်းကို ကူးရေးခိုင်းလိုက်ဖို့ပဲ လိုတယ်တဲ့”

အိမ်တော်ထိန်းလျိုမှ အိမ်တော်ထိန်းဝေ့ကို ကြည့်လိုက်သည်။ အိမ်တော်ထိန်းဝေ့မှ ပြော၏။

“ကောင်းပြီ။ ငါသူ့ကို နောက်ဘယ်တော့မှ မရိုက်တော့ဘူး ကတိပေးတယ်”

ရွေ့ရွေ့မှ ပြောသည်။

“ပြောပြီးသားစကားကို တည်ရမယ်နော်!”

အိမ်တော်ထိန်းဝေ့မှာ ရွေ့ရွေ့၏ ရှေ့ဆန့်လာပေးသည့် လက်ကို ကြောင်ကြည့်နေမိ၏။ ထို့နောက် တံဆိပ်နှိပ်ပေးလိုက်သည်။

“ကတိပေးပြီးသွားပြီမို့လို့ ဒီကတိက နှစ်တစ်ရာတိုင်အောင် မပြောင်းလဲဘဲ တည်မြဲလိမ့်မယ်။ နင်သူ့ကို ထပ်ရိုက်ရင် ဒီထက်ပိုပြီး ဝလာလိမ့်မယ်!”

အိမ်တော်ထိန်းဝေ့၏ ပြည့်ဖောင်းနေသော ပါးနှစ်ဖက် တွန့်နေခဲ့ပုံမှာ ပြုံးရယ်ခြင်းနှင့် တည်တံ့ခြင်းအကြား လွန်ဆွဲနေပုံရ၏။

အိမ်တော်ထိန်းလျိုမှ ပြောသည်။

“ကောင်းပြီ သွားကြစို့၊ မင်းရဲ့အစ်ကိုကြီး စိတ်ပူနေပြီ”

“အို ဒါဆို ရွေ့ရွေ့ သွားတော့မယ်။ ဒါနဲ့ မမ မမရဲ့နာမည်က ဘာလဲဟင်”

“ချွေ့ချွေ့”

“အို ဒါဆို နှုတ်ဆက်ပါတယ် မမချွေ့ချွေ့။ ရွေ့ရွေ့ကို မှတ်ထားနော်။ နာမည်က ရွေ့ရွေ့လို့ခေါ်တယ်!”

…

ကလေးမလေးသည် သူမ၏ သူငယ်ချင်းအသစ်ကို လက်ဝှေ့ရမ်းနှုတ်ဆက်၏။ ချွေ့ချွေ့သည် အပြစ်ကင်းစင်သည့် ကလေးမလေးကို ကြည့်နေခဲ့ရင်း အားကျသည့် ခံစားချက်နှင့်အတူ စိတ်ရင်းအမှန်ဖြင့်လည်း ရွေ့ရွေ့အတွက် ဆုတောင်းပေးမိသည်။ ဤသို့ညစ်‌ပတ်ပေရေသည့် နေရာမျိုးသည် ရွေ့ရွေ့ကဲ့သို့ နတ်သမီးလေးများအတွက် မဟုတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

…

“အစ်ကိုကြီး!”

အိမ်တော်ထိန်းလျိုသည် ရွေ့ရွေ့ကို အရှေ့ခြံဝင်းသို့ ခေါ်လာခဲ့သည်။ ရွေ့ရွေ့သည် ချန်ကျဲ့ကို မြင်သောအခါ ပျော်ရွှင်တက်ကြွစွာ အော်ခေါ်ကာ အိမ်တော်ထိန်းလျို၏ လက်ကို လွှတ်၍ ချန်ကျဲ့ဆီသို့ တစ်ဟုန်ထိုး ပြေးသွားတော့သည်။

ရွေ့ရွေ့ကို မြင်သောအခါ ချန်ကျဲ့မှ ပျော်ရွှင်စွာဖြင့် ပြော၏။

“ဟားဟား… အစ်ကိုကြီးရဲ့ ရွေ့ရွေ့လေး ဘာမှမဖြစ်ဘူးမလား”

“ဘာမှမဖြစ်ပါဘူး”

ချန်ကျဲ့သည် ရွေ့ရွေ့ကို စေ့စပ်သေချာစွာ စစ်ဆေးကြည့်ပြီး ထိခိုက်ဒဏ်ရာမရှိကြောင်း သေချာသောအခါမှ စိတ်သက်သာရာရနိုင်တော့သည်။

ရွေ့ရွေ့သည် ဖြစ်ပျက်နေသည်များကို သတိမထားမိဘဲ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် အံ့အားသင့်စွာ ပြောလာခဲ့သည်။

“ဝါး လူတွေ အများကြီးပဲ”

“ဒီမမတွေ ဝတ်ထားတဲ့အဝတ်တွေက အရမ်းလှတာပဲ”

ရွေ့ရွေ့သည် ခမ်းနားကြီးကျယ်သည့် မြင်ကွင်းရှိသော ဥယျာဉ်အတွင်းသို့ ‌ဝင်ရောက်လာသည့် ဖွားဖွားကြီးလျိုအလားပင်။ သူမသည် ဤမျှ ခမ်းနားထည်ဝါသော ဝတ်စုံများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။

ရှူး ရှူး~

“မွှေးလိုက်တာ”

ရွေ့ရွေ့သည် အနံ့လျှောက်ခံကြည့်နေရင်း ချောင်ဟုန်ယန်ကို မြင်သွားပြီး မျက်လုံးရွဲကြီးများဖြင့် မေးမြန်း၏။

“မမ၊ မမက ဘာလို့ ပန်းတွေလို မွှေးနေရတာလဲ”

ဤမျှချစ်ဖို့ကောင်းသည့် ကလေးမလေးကို မြင်လိုက်ရသည်တွင် ချောင်ဟုန်ယန်မှ ‌ပြုံးလိုက်ပြီး ပြောသည်။

“ဘာလို့‌ဆို မမက ပန်းလေးမို့လို့လေ”

“ဝါး မိုက်လိုက်တာ၊ ရွေ့ရွေ့လည်း ပန်းလေးဖြစ်ချင်တယ်”

ချန်ကျဲ့မှ ပြောလိုက်၏။

“ရွေ့ရွေ့”

ထိုစဉ် ချန်ကျဲ့သည် ရွေ့ရွေ့ကို ‌ဆွဲခေါ်လိုက်ပြီး အရိုအသေပြုလိုက်သည်။

“ညီမလေးရဲ့ ရိုင်းပျမှုအတွက် တောင်းပန်ပါတယ်”

ချောင်ဟုန်ယန်သည် ချန်ကျဲ့ကို ကြည့်လာ၏။

“မင်းရဲ့ညီမလေးက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။ ဒါဆိုလည်း ပြီးခဲ့တာတွေကို ပြီးပါစေတော့။ ပျော်ပါးချင်တဲ့ သူတွေ ဆက်နေနိုင်ပါတယ်။ တခြားကိစ္စရှိတဲ့သူတွေကတော့ သွားနိုင်ပါပြီ”

“ရှင်တို့တွေ ဒီမှာ စုပြုံနေရင် ကျွန်မတို့ စီးပွားရေးလုပ်မရဘူး”

ထိုအခါ ချန်ကျဲ့မှ ပြောလိုက်သည်။

“လိုက်လျောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြန်ရွေးနုတ်တဲ့ ကျသင့်ငွေကရောဗျ”

ချောင်ဟုန်ယန်မှ ပြန်ပြော‌သည်။

“ဒီနေ့တော့ ပေးချေဖို့ မလိုတော့ပါဘူး။ အနာဂတ်မှာ အခွင့်ကြုံတဲ့အခါမှ ငါမင်းကို တောင်းပါ့မယ်”

ချန်ကျဲ့ ချက်ချင်း ကျေးဇူးတင်စကားဆိုလိုက်သည်။

ပြဿနာများဖြေရှင်းပြီးသည်ကို မြင်သောအခါ ပွဲကြည့်သူများသည်လည်း တစ်‌ယောက်ပြီးတစ်ယောက် ထွက်သွားကုန်ကြသည်။ သို့သော် ချင်းယင်သည် ထွက်မသွားသေးပေ။ ထိုအစား မိန်းကလေးနှစ်ဦးကို ရွေးချယ်လိုက်ပြီး ပြောသည်။

“ဒီကိုရောက်နေပြီးမှတော့ ယီးဟုန်ဂေဟာမှာ ဘာတွေများ စိတ်ဝင်စားစရာရှိမလဲ ကြည့်ကြတာပေါ့”

အစောင့်အရှောက်ကြီး၁၃ဦးထဲမှ လင်းယုန်၊ ကျား၊ ကျားသစ်သုံးဖော်သည် ရှေ့မျိုးဆက်များကဲ့သို့ အရမ်းကြီး မတင်းကြပ်ပေ။

ခဏကြာပြီးနောက်၌ ယီးဟုန်ဂေဟာသည် နဂိုတည်ငြိမ်အေးဆေးသည့် အနေအထားသို့ ပြန်ရောက်သွားခဲ့သည်။ သို့သော် ချန်ကျိုစစ်ဟူသည့် အမည်ကိုမူ လူတိုင်းနီးပါး ဆွေးနွေးပြောဆိုနေကြ၏။

ချန်ကျိုစစ်သည် ထူးခြားပြောင်မြောက်လှပေသည်။ ညီမဖြစ်သူအား အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဝက်ခန့်၏ ထောက်ပံ့မှုဖြင့် ကယ်တင်ခဲ့သည်။

တကယ့်ကို မြို့ထဲမှာ မုန်တိုင်းထန်စေနိုင်တဲ့ အမျိုးသားပေပဲ။

All Chapters