ချောင်ဟုန်ယန် : ချန်ကျိုစစ်၊ မင်းဘယ်လိုလုပ်ပြီး ငါ့ကို အခွင့်ကောင်းယူရဲရတာလဲ_၆
Vol. 18 Ch. 241
ဤနှစ်ပေါင်းနှစ်ဆယ်အတွင်း ယီးဟုန်ဂေဟာမှ လူကယ်နိုင်ခြင်းမှာ အလွန်တရာ အံ့ဩမင်သက်ဖွယ်ကောင်းလှပေသည်။
အချိန်ခဏလေးအတွင်း၌ ချန်ကျဲ့၏ဂုဏ်သတင်းသည် သိုင်းလောကတစ်ခုလုံး ပျံ့နှံ့သွားကာ လူတစ်ယောက်သည် ချန်ကျဲ့အား “ရှောင်မုန့်ချန်”ဟု အမည်ပြောင်ပေးခဲ့သည်။ ၎င်းသည် ချန်ကျဲ့မှာ လေးစားမှုခံယူထိုက်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
စက်မက်ရှင်လေးပါးကဲ့သို့ ချန်ကျဲ့သွားရောက်သည့် နေရာတိုင်းတွင် လေးစားမှုဖြင့် ဆက်ဆံခံရမည်။
သေချာပေါက်ပင် ဤအရာအားလုံးမှာ အဓိပ္ပာယ်မရှိပေ။ ချန်ကျဲ့သည် ဤတစ်ကြိမ်တွင် ဩဇာအာဏာဖြင့် အနိုင်ယူခဲ့ခြင်း မဟုတ်ပေ။ အခြေအနေအပေါ် အခွင့်ကောင်းယူခဲ့ခြင်းသာ ဖြစ်သည်။ လူတို့သည် သူ့ကို ရှောင်မုန့်ချန်ဟု ခေါ်ကြသော်ငြား တကယ်တမ်းတွင် ရှောင်ကျူးကယ်ဟု ခေါ်ပါမှ ပို၍မှန်ကန်ပေလိမ့်မည်။
အပြင်လူများသည် အတွင်းပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အရှုပ်အထွေးများကို မမြင်နိုင်ပေ။
သူတို့သည် ချန်ကျဲ့မှာ ဩဇာအာဏာကြီးမားသူဖြစ်ပြီး အရင်ဆုံး ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၏ စွင်းပုအာကို အကူအညီ ခေါ်ယူသည်။ ထို့နောက် ကျားဖြူခန်းမ၏ ဖန်းရှစ်ကျုံး၊ ကာကွယ်ရေးဦးစီးချုပ် ကျန်းလီယဲ့တို့အပြင် နောက်ဆုံးတွင် ချောင်ကုန်သည်အဖွဲ့၏ ဒုတိယမြောက် ဩဇာအာဏာအရှိဆုံးသူဖြစ်သည့် စာပေပညာရှင်ပိုင်မော့ရှန်းနှင့် လင်းယုန်ခန်းမအရှင်သခင်နှင့် အခြားအင်အားကြီးပုဂ္ဂိုလ်ကြီးများကိုပါ ခေါ်ယူခဲ့သည်။
ထိုနှစ်ဦး၏နောက်၌ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့၏အရိပ်များလည်း ပါဝင်နေသေးသည်။
ဒါက မျန့်ရွှေရဲ့ ဩဇာအာဏာရှိပုဂ္ဂိုလ်ကြီး အားလုံးနီးပါးကို ဖိတ်ခေါ်ခဲ့တာပဲ။ အဲဒါဆို ဩဇာအာဏာကြီးမားတာပဲ မဟုတ်ဘူးလား။
သို့ဖြင့် လူများစွာတို့သည် ချန်ကျဲ့အား စစ်မက်အရှင်လေးပါး၏ မုန့်ချန်ကျွင်းအဖြစ် နှိုင်းယှဉ်ညွှန်းဆိုကြသည်။
ချန်ကျဲ့သည် မျန့်ရွှေစီရင်စုတစ်ခွင်သို့ လည်မျိုချိုးသကဲ့သို့သော အရှိန်နှုန်းဖြင့် ပျံ့နှံ့သွားပြီးဖြစ်သည့် သူ၏ ထိုအမည်အသစ်အကြောင်းကို မသိပါချေ။
ချန်ကျဲ့သည် သူ့ကို ကူညီပေးခဲ့သည့် လူကြီးမင်းအားလုံးကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် အနာဂတ်တွင် သေချာပြင်ဆင်ကာ လက်ဆောင်ဆက်သမည်ဖြစ်ကြောင်း ပြောဆိုကာ နှုတ်ဆက်ခဲ့သည်။
ထို့နောက် ချန်ကျဲ့သည် ရွေ့ရွေ့ကိုခေါ်၍ တစ်ယောက်တည်း အိမ်ပြန်ခဲ့သည်။
ချန်ကျဲ့ မသွားမီတွင် ကျိုးချူသည် ချန်ကျဲ့၏လက်ထဲသို့ ငွေလက်မှတ်တစ်ထပ်ကို ထိုးထည့်ပေး၏။ ၎င်းငွေလက်မှတ်များမှာ ငွေတုံးတစ်ထောင်ခန့် တန်ကြေးရှိပုံရပေသည်။
ကျိုးချူမှ ပြောသည်။
“သူဖုန်းစားဂိုဏ်းရဲ့ သားရဲတွင်းထဲမှာ ရှာတွေ့ခဲ့တာ။ စုစုပေါင်း ငွေတုံးနှစ်ထောင်ရှိတယ်။ ၂၀၀ကို ညီနောင်တွေကို ပေးလိုက်ပြီး ငါ့အတွက်ကို ၈၀၀ယူထားတယ်။ ဒါက မင်းဝေစုပဲ”
ချန်ကျဲ့မှ ရွေးချယ်စရာမရှိဘဲ လက်ခံရလေသည်။ ကျိုးချူမှ ဆက်ပြောသည်။
“အားနာမနေနဲ့။ ရွေ့ရွေ့အတွက် စားကောင်းတာလေးတွေ သွားဝယ်ကျွေးလိုက်ဦး– ဒီတစ်ခေါက်တော့ ရွေ့ရွေ့ ကြောက်သွားလောက်တယ်”
ချန်ကျဲ့သည် အမှန်တကယ် မငြင်းလိုက်နိုင်ပါချေ။ ခေါင်းညိတ်ရုံသာ တတ်နိုင်၏။ ထို့နောက် သူ ရွေ့ရွေ့ကို အိမ်ပြန်ခေါ်လာခဲ့သည်။ ရွေ့ရွေ့သည် ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးနောက်၌ လမ်းထောင့်ချိုးရှိ လိမ္မော်သီးသည်ကို မြင်သွား၏။
“အစ်ကိုကြီး ရွေ့ရွေ့ လိမ္မော်သီးစားချင်တယ်”
ချန်ကျဲ့သည် လိမ္မော်သီးသည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“ရွေ့ရွေ့ အဲဒီလိမ္မော်သီးတွေက ချဉ်တယ်”
“စားကောင်းပါတယ်”
ချန်ကျဲ့မှာ မတတ်သာတော့ဘဲ အနည်းငယ် ဈေးများနေသည့် လိမ္မော်သီးများကို ရွေ့ရွေ့အတွက် ဝယ်ပေးလိုက်ရလေသည်။ လိမ္မော်သီးသည်,သည် ချန်ကျဲ့ကို မှတ်မိသွား၍ အံ့အားသင့်စွာ မေးမြန်းသည်။
“လူကြီးမင်းရဲ့ သမီးလေးကို ယီးဟုန်ဂေဟာဆီ အလည်အပတ် ခေါ်သွားပေးတာလားဗျ”
ချန်ကျဲ့ လည်ချောင်းရှင်းလိုက်ပြီး ပြန်ပြောသည်။
“လောကီရေးရာအတွေ့အကြုံတွေ ရယူနေတာပေါ့ဗျာ”
မိုက်တယ်ဗျာ~
ဆိုင်ရှင်သည် ချန်ကျဲ့အား လေးစားသည့်အကြည့်များဖြင့် ကြည့်နေသည်။ ထို့နောက် သူ၏ရှေ့တွင်ပင် လိမ္မော်သီးစိမ်းများကို ခွာစားနေသည့် ရွေ့ရွေ့ကြောင့် အံ့ဩသွားတော့သည်။
“မင်း အဲဒါကို စားနိုင်တယ်လား”
ရွေ့ရွေ့သည် ရပ်တန့်သွားပြီး ဆိုင်ရှင်ကို မော့ကြည့်သည်။
“စားဖို့မဟုတ်ဘူးလား။ မဟုတ်ရင် ဘာလို့ ရောင်းတာလဲ”
ဆိုင်ရှင်မှာ ရွေ့ရွေ့၏အမေးစကားကြောင့် အကျပ်ရိုက်သွားသော်ငြား အမြန်ကမ်းလှမ်းလိုက်သည်။
“ဒီမှာ ဦးလေးက နှစ်လုံးအပိုထည့်ပေးလိုက်မယ်”
“ကျေးဇူးတင်ပါတယ် ဦးလေး”
ဆိုင်ရှင်သည် ချန်ကျဲ့ကိုကြည့်၍ ပြောသည်။
“လူကြီးမင်း ရိုင်းပျတယ်လို့ မထင်လိုက်ပါနဲ့။ ဒီနေရာကို မိန်းကလေးတွေ ခေါ်မလာနဲ့ဗျ၊ ညစ်ပတ်ပါတယ်”
“သိပါပြီ၊ နောက်ကို ခေါ်မလာတော့ပါဘူး”
ချန်ကျဲ့သည် ရွေ့ရွေ့နှင့်အတူ လိမ္မော်သီးဆိုင်မှ ထွက်လာခဲ့သည်။ ရွေ့ရွေ့သည် လိမ္မော်သီးများကို တမြုံ့မြုံ့ဝါးစားနေရင်း မေး၏။
“အစ်ကိုကြီး အဲဒီဦးလေးကြီးက ညစ်ပတ်တယ်ဆိုတာ ဘာပြောတာလဲ”
“မင်း အသက်ကြီးလာရင် နားလည်သွားလိမ့်မယ်”
ချန်ကျဲ့မှ ပြောသည်။
“အိုး ရွေ့ရွေ့ နောက်ဆိုလည်း ဒီကိုလာကစားလို့ရမှာလား အစ်ကိုကြီး”
ရွေ့ရွေ့မှ မေးသည်။
ချန်ကျဲ့ : (⊙o⊙)…
“ဒီနေရာက ဘာတွေပျော်စရာရှိလို့လဲ”
ချန်ကျဲ့ မေးလိုက်သည်။
“ရွေ့ရွေ့ ချွေ့ချွေ့လို့ခေါ်တဲ့ မမတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ရွေ့ရွေ့က အဲဒီမမနဲ့ ကစားချင်ပေမဲ့ မမက သူ့ကို ပြန်လာမရှာနဲ့တော့လို့ ပြောလိုက်တယ်။ အရမ်းထူးဆန်းတာပဲ”
ရွေ့ရွေ့မှ ပြောသည်။
ထိုအခါ ချန်ကျဲ့သည် ရွေ့ရွေ့၏ခေါင်းလေးကို ပွတ်သပ်လိုက်ပြီး ပြောသည်။
“သူပြောတာ မှန်တယ်။ ရွေ့ရွေ့ အဲဒီကို ထပ်မသွားသင့်ဘူး။ အဲဒီနေရာက ကောင်းတဲ့နေရာမဟုတ်ဘူး”
“ဟင်? ကောင်းတဲ့နေရာ မဟုတ်ဘူးဆိုရင် ဘာလို့ အရမ်းစည်ကားနေတာလဲ။ မမချွေ့ချွေ့ကရော ဘာလို့ အဲဒီမှာ နေနေတာလဲ”
ရွေ့ရွေ့မှ မေး၏။
ချန်ကျဲ့မှာ မည်သို့ရှင်းပြရမည် မသိပေ။ ဤမေးခွန်းမှာ အလွန်ဖြေရခက်သည်ဟု ခံစားနေရ၏။ သူဘယ်လို ရှင်းပြရပါမည်နည်း။
ချွေ့ချွေ့က အဲဒီနေရာကို ရောင်းစားခံရပြီး နောက်ဆုံးကျ…
ရွေ့ရွေ့က နားလည်နိုင်ခဲ့ရင်တောင်မှ သူဘယ်လို လက်ခံနိုင်လိမ့်မလဲ။
ထို့ပြင် ချန်ကျဲ့သည် ဤအရာအားလုံးကို ပြောင်းလဲနိုင်မည့်အင်အား မရှိပေ။ ဤကမ္ဘာသည် ဤသို့ဖြစ်လေရာ ချန်ကျဲ့လည်း အလိုက်သင့်နေထိုင်ရုံသာ တတ်နိုင်သည်။ မိသားစုကို ကာကွယ်ရခြင်းသည်ပင် အလွန်ခက်ခဲနေပြီးဖြစ်၏။ သူ့တွင် အင်အားအနည်းငယ် ကျန်ရှိသေးလျှင် မိမိနှင့် သိကျွမ်းသူများကို ကာကွယ်ပေးမည်ဖြစ်ပြီး အကယ်၍ အရန်အင်အား ထပ်မံကျန်ရှိသေးပါက ချန်ကျဲ့သည် မိုးကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို အုပ်မိုးပေးချင်ပါသည်။
သို့သော် ၎င်းသည် အလွန်တရာ ခက်ခဲသည့်တာဝန်ကြီး ဖြစ်ပေလိမ့်မည်။။
ချန်ကျဲ့သည် ကောင်းကင်ကို မော့ကြည့်လျက် ကမ္ဘာကြီးမှာ မည်မျှ သည်းမခံနိုင်စရာကောင်းသည်ကို တွေးနေခဲ့သည်။ လူကောင်းတစ်ယောက် ဖြစ်ရခြင်းသည်ပင် အတော်လေး စိန်ခေါ်မှုများနေပြီဖြစ်၏။
ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် ရွေ့ရွေ့မှ ရုတ်တရက် မေးလာ၏။
“အစ်ကိုကြီး အစ်ကိုကြီး အဲဒီနေရာကို မကြာခဏ သွားတတ်လား”
“မဟုတ်တာ ငါမသွားပါဘူး။ ကောလာဟလတွေ လျှောက်မဖြန့်နဲ့နော်”
ချန်ကျဲ့ ကမန်းကတန်း ပြန်ပြောလိုက်သည်။
“အိုး ဒါပေမဲ့ အဲဒီလိမ္မော်သီးတွေကို ဒီနားမှာပဲ ရောင်းတာတွေ့တယ်နော်။ အစ်ကိုကြီး အရင်တစ်ခေါက်ကလည်း လိမ္မော်သီးတွေကို အဲဒီဦးလေးကြီးဆီကနေ ဝယ်ခဲ့တာလား”
ချန်ကျဲ့၏နဖူးမှ သွေးကြောတစ်ချောင်း ထောင်သွားရသည်။
“အဲဒါက… အိမ်ပြန်ရောက်ရင် ပေါက်ကရတွေ လျှောက်မပြောနဲ့ဦး။ အဲဒီလိမ္မော်သီးတွေက… ဒီတိုင်း ဦးလေးကျိုးချူ ပေးလိုက်တာလို့ပဲ ပြောလိုက် ဟုတ်ပြီလား”
“ဘာလို့ မမကို လိမ်ပြောမှာလဲ”
ကလေးမလေးသည် လက်ထဲတွင် လိမ္မော်သီးတစ်လုံး ကိုင်ထားရင်း ပြောသည်။
“အဲဒါက လိမ်တာမဟုတ်ဘူး။ ချစ်တာပါ။ ရွေ့ရွေ့ အသက်ကြီးလာရင် နားလည်လာလိမ့်မယ်”
“ဟုတ်ကဲ့ပါ။ ဒါပေမဲ့ အစ်ကိုကြီးကတော့ ရွေ့ရွေ့ကို ဒီလိမ္မော်သီးတွေ ဝယ်ပေးဖို့အတွက် ဒီကို မကြာခဏ လာရတော့မှာပဲ”
ကလေးမလေးမှ ဆက်ပြောသည်။
ချန်ကျဲ့မှာ ကသိကအောက် ခံစားနေရ၏။ ရွေ့ရွေ့သည် သူ၏အစ်ကိုကြီးကို အမှားတစ်ခုခုကျူးလွန်ရန် တိုက်တွန်းနေသည့်အလားပင်။
“ဝယ်ပေးမှာလား ဝယ်မပေးဘူးလား”
“အင်းပါ။ အစ်ကိုကြီး အကောင်းဆုံးကြိုးစားပါ့မယ်”
ချန်ကျဲ့ ခေါင်းညိတ်ကာ ထိုတောင်းဆိုမှုကို သဘောတူလိုက်သည်။
ရွေ့ရွေ့မှ ပြန်ပြော၏။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
ရှည်လျားသည့် ညတာတွင် အရိပ်ကြီးတစ်ခုနှင့် အရိပ်အသေးလေးတစ်ခုတို့သည် လမ်းထိပ်တွင် ပျောက်ကွယ်သွား၏။
ထိုစဉ် အနောက်မြို့ သူဖုန်းစားဂိုဏ်းသို့ လူတစ်ယောက် ပြန်ရောက်လာသည်။ သို့သော် ထိတ်လန့်နေကြသည့် သူဖုန်းစားများကိုသာ မြင်တွေ့လိုက်ရ၏။ သူဖုန်းစားသည် ပြန်ရောက်လာသည့် အမျိုးသားကို မြင်သောအခါ မျက်ရည်များ စီးကျလာတော့သည်။
“သခင်၃ နောက်ဆုံးတော့ ပြန်လာပြီပဲ! ကျွန်တော်တို့ ပြဿနာတက်နေပြီ။ ပြဿနာအကြီးကြီး တက်နေပြီ”
“အော်ငိုနေတာကို ရပ်ပြီး ပြောစမ်း၊ ဘာဖြစ်တာလဲ”
ပြန်ရောက်လာသူ အမျိုးသားသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“သခင်၃၊ သခင်၄ သေသွားပြီ”
သူဖုန်းစားသည် အော်ငိုပြန်သည်။
“ဘာ?!”
အမျိုးသား၏မျက်ခုံးများ မြင့်တက်သွား၏။ ထို့နောက် မျက်လုံးများ ရုတ်ချည်းနီရဲလာတော့သည်။
“ဘယ်လိုဖြစ်တာလဲ”
“ဒီလိုပါ သခင်၃…”
ထို့နောက်
ဝုန်း!
မက်မွန်သားစားပွဲကြီးသည် ရွှေရောင်ဓားဖြင့် နှစ်ခြမ်းခုတ်ပိုင်းခံလိုက်ရသည်။ အမျိုးသား၏ နီရဲနေသည့် မျက်လုံးများမှာ တောက်လောင်နေခဲ့၏။
“ချန်ကျိုစစ်! ချန်ကျိုစစ်!”