← Chapters

တတိယသခင်မလေးဟွား : ဖုန်းစန်း မင်း ကျိုစစ်ရဲ့မိသားစုကို ထိပါးရဲသလား

Vol. 18 Ch. 242

တတိယသခင်မလေးဟွား : ဖုန်းစန်း မင်း ကျိုစစ်ရဲ့မိသားစုကို ထိပါးရဲသလား

Vol. 18 Ch. 242

“ရွေ့ရွေ့ အများကြီး မစားနဲ့။ ဒီ‌လိမ္မော်သီးတွေက ချဉ်တယ်။ မင်း သုံးလုံးတောင် စားပြီးနေပြီ”

ချန်ကျဲ့သည် ရွေ့ရွေ့မှ လိမ္မော်သီးများကို တစ်စိတ်ပြီးတစ်စိတ် ဝါးစားနေသည်ကို ကြည့်နေရင်း မထိန်းချုပ်နိုင်စွာ ပြောရတော့သည်။ ဤလိမ္မော်သီးများကို ထိုမျှအထိ စားနေပါက အစာအိမ်ထိခိုက်လိမ့်မည်အား စိုးရိမ်သည်။

သို့သော် ရွေ့ရွေ့သည် လုံးဝ ဂရုစိုက်ပုံမရပေ။ သူမ၏အစာအိမ်မှာ သံမဏိဖြင့်ပြုလုပ်ထားသည့်အလား ပြုမူနေပေသည်။

“ရွေ့ရွေ့ နောက်ထပ်သုံးလုံး စားနိုင်သေးတယ်”

ကလေးမလေး၏ ထိုသို့တုံ့ပြန်မှုကို ချန်ကျဲ့မှ တစ်စုံတစ်ရာ ပြန်ပြောတော့မည်တွင် ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားရ၏။

ရှေ့တည့်တည့်တွင် အသီးအရွက်ဈေးကြီးရှိ ချန်ကျဲ့၏အိမ်ရှိသည်။ သို့သော် သူ၏အိမ်တံခါးနားတွင် ခိုးကြောင်ခိုးဝှက်ပြုမူနေသည့် ‌လူနှစ်ယောက်ရှိနေသည်။ ထိုလူနှစ်ယောက်သည် စုတ်ပြဲနေသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး တုတ်များကိုင်ဆောင်ထားရာ သူဖုန်းစားဂိုဏ်းသားများဖြစ်ကြောင်း သေချာပေသည်။

ချန်ကျဲ့၏ စိတ်အစဉ်မှာ နစ်မွန်းသွားရသည်။

သူတို့ တကယ်ကြီး ငါ့အိမ်ကို ရှာတွေ့သွားတာပဲ။

တစ်ပြိုင်နက်တည်း၌ မကောင်းသည့်ခံစားချက်ကြီးလည်း ဖြစ်တည်လာသည်။ ချန်ကျဲ့ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။ အခြား သံသယဝင်ဖွယ်လူများ မတွေ့တော့မှသာ ထောင့်တစ်ခုသို့ ရွှေ့သွားလိုက်ပြီး ပြောသည်။

“ရွေ့ရွေ့ အစ်ကိုကြီးကို ဒီမှာစောင့်နေ။ အစ်ကိုကြီးမှာ လုပ်စရာကိစ္စလေးရှိလို့ မကြာခင် ပြန်လာခဲ့မယ်”

ရွေ့ရွေ့သည် ချန်ကျဲ့ကို မော့ကြည့်လျက် မေးမြန်းသည်။

“ဒါဆို လိမ္မော်သီးနောက်တစ်လုံး စားလို့ရလား”

ချန်ကျဲ့ အံ့ဩသွား၏။ ရွေ့‌ရွေ့၏ လောဘကြီးသည့် ကြောင်မလေးကဲ့သို့သော အမူအရာကို ကြည့်‌၍ ပြောလိုက်သည်။

“နောက်တစ်လုံးပဲနော်”

“အမ်း နောက်ဆုံးတစ်လုံးပဲ”

ကလေးမလေးသည် လက်‌လေးတစ်ချောင်းထောင်၍ ပြောလာရာ ချန်ကျဲ့လည်း လိမ္မော်သီးစိမ်းတစ်လုံးကို ပေးလိုက်ရသည်။

“ဒီမှာ‌ပဲနေနော်။ ဘယ်မှလျှောက်မသွားနဲ့။ သိပြီလား”

“အင်း”

ရွေ့ရွေ့ သဘောတူကြောင်း ခေါင်းညိတ်ပြသည်။ ထိုအခါ ချန်ကျဲ့သည် လှံရှည်ကို ကောက်ယူကိုင်ဆောင်၍ ရှေ့သို့ တည်ငြိမ်အေးဆေးသော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားသည်။

ထိုအချိန်၌ သူဖုန်းစားနှစ်ဦးသည် ချန်ကျဲ့၏အိမ်တံခါးကို စောင့်ကြည့်နေကြဆဲ ဖြစ်သည်။

“မင်း အကုန်လုံး သေချာ စစ်ဆေးပြီးပြီဆိုတာ သေချာရဲ့လား။ ချန်ကျိုစစ် ဒီမှာနေတယ်ဆိုတာ သေချာတယ်မလား”

“စိတ်အေးအေးထားစမ်းပါ။ လုံးဝ မှန်တယ်။ ငါ‌ သေသေချာချာ စစ်ဆေးပြီးပြီ။ ဒီခြံဝင်းကို ဖန်းရှစ်ကျုံးပိုင်တာ။ နောက်ပိုင်းကျ ချန်ကျိုစစ်ကို ပေးလိုက်တယ်။ အဲဒါကြောင့် ချန်ကျိုစစ်က ဒီမှာနေနေတာပဲ”

“ဒါဆို ရှင်းပြီပေါ့။ အနီးကပ် သေချာစောင့်ကြည့်ကြမယ်။ အဖိုးကုံးက သခင်၃ကို သတင်းပို့ဖို့ ပြန်သွားပြီဆိုတော့ ဒီနေ့ညပဲ ချန်ကျိုစစ်ကို သတ်ဖို့ ရောက်လာလောက်တယ်။ ချန်ကျိုစစ်သာ ထွက်ပြေးသွားခဲ့ရင် ငါတို့တော့ အဆုံးသတ်ပြီပဲ!”

“စိတ်ချထားစမ်းပါ။ ငါတို့ တစ်ချိန်လုံး တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတာပဲလေ။ ဒါပေမဲ့ မင်းမြင်လိုက်လား။ ခြံဝင်းထဲက မိန်းမငယ်လေးက အရမ်းလှတာပဲ။ သခင်၃က ချန်ကျိုစစ်ကို သတ်ပြီးတာနဲ့ ငါ့အထင်တော့ အဲဒီမိန်းမငယ်လေးကို ပျက်စီးအောင် ကစားပစ်လောက်တယ်။ ငါတို့လည်း ပျော်ပါးဖို့ ဝေစုတစ်ခုစီ ရနိုင်မလား မသိနိုင်ဘူးလေ”

“ဟားဟား အဲဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့ကွာ။ ငါ အဝေးကြီးကနေ ချောင်းကြည့်တာတောင်လေ.. အဲဒီမိန်းမငယ်လေးက တကယ့်ကို စိတ်ဝိဉာဉ်သူခိုးပဲကွာ”

သူဖုန်းစားသည် သူ တစ်စိတ်တစ်ပိုင်း ပါဝင်ပျော်ပါးနိုင်လောက်မည့် ကြည်နူးသာယာဖွယ် မြင်ကွင်းကို စိတ်ကူးယဉ်ခြင်းဖြင့် ထိုစိတ်ကူးထဲ လုံးဝ နစ်မြောသွားတော့သည်။

သို့သော် နောက်တဒင်္ဂ၌ တစ်ယောက်ယောက်မှ သူ့အား ပခုံးလာပုတ်သည်ဟု ခံစားလိုက်ရ၏။

“မင်း အသာနေစမ်းပါ”

သို့သော် သူ၏နောက်ရှိ လူသည် ‌နားမလည်နိုင်ဘဲ ပခုံးကို ထပ်ပုတ်သည်။

“ဘယ်သူလဲဟ!”

သူဖုန်းစားသည် ရုတ်ချည်း ခေါင်းလှည့်ကြည့်လာပြီး ထို့နောက်တွင် သူ၏လည်မျိုသို့ လှံရှည်ဖြင့် ချိန်ရွယ်ခံလိုက်ရ၏။ သူဖုန်းစား၏ခန္ဓာကိုယ်မှာ ရုတ်ချည်း တောင့်ခဲသွားခဲ့သည်။

နောက်ထပ် သူဖုန်းစားသည်လည်း ခေါင်းလှည့်ကြည့်ရာ ချန်ကျဲ့ကို မြင်တွေ့လိုက်သည်။

ထိုသူဖုန်းစားသည် ဘာမျှမပြောဘဲ လှည့်ပြေးလေသည်။ သို့သော် ချန်ကျဲ့၏လှံရှည်သည် သူ၏ခြေထောက်ကို ထိုးဖောက်သွားကာ မြေပြင်သို့ လဲကျသွားတော့သည်။

ထို့နောက် လျှပ်တစ်ပြက်အတွင်း၌ လှံရှည်မှာ ခြေထောက်မှ ဆွဲထုတ်ခံလိုက်ရပြီး ပထမသူဖုန်းစား၏ လည်မျိုကို ချိန်ရွယ်ဖိချုပ်လိုက်ပြန်သည်။

“သ သခင်ကြီးရယ် ဘာ ဘာလုပ်တာလဲဗျာ”

“မင်းကို ဘယ်သူလွှတ်လိုက်တာလဲ”

ချန်ကျဲ့၏အမေးကို သူဖုန်းစားမှ ပြန်ပြောသည်။

“ဘယ်သူ ဘယ်သူလွှတ်လိုက်တာလဲလား။ ကျွန်တော်တို့က ဒီနေရာကို တောင်းရမ်းဖို့အတွက် လာခဲ့တဲ့ သူဖုန်းစားလေးတွေပါဗျာ”

ချန်ကျဲ့ ရယ်မောလိုက်၏။

“အို အဲ့လိုလား”

“ဒါဆို မင်း ငါဘယ်သူလဲသိလား”

သူဖုန်းစားသည် မြေပြင်တွင် လဲကျနေသည့် သူဖုန်းစားကို လှမ်းကြည့်လိုက်ပြီး ပြောသည်။

“မ မသိပါဘူး”

ချန်ကျဲ့သည် မြေပြင်တွင် လဲနေသည့် သူဖုန်းစားကို လှည့်ကြည့်၍ မေးသည်။

“မင်း ငါ့ကို မှတ်မိလား”

“မ မမှတ်မိပါဘူး”

ချန်ကျဲ့မှ ရယ်မော၏။

“မင်း မျက်လုံးလွှဲလိုက်တယ်။ မင်းငါ့ကို သိတယ်မလား”

“သခင်ကြီးကတော့ နောက်နေပါပြီ။ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး သခင်ကြီးလိုလူမျိုးကို သိပါ့မလဲ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ငါ လိမ်ပြောတဲ့သူတွေကို မကြိုက်ဘူး”

ထိုသို့ပြောလျက် ချန်ကျဲ့သည် မြေပြင်တွင်လဲနေသည့် သူဖုန်းစား၏ ရင်အုံကို လှံဖြင့် ထိုးစိုက်လိုက်သည်။

“အား…”

ရင်ဘတ်ကို ထိုးစိုက်ခံလိုက်ရသည့် သူဖုန်းစားသည် ချန်ကျဲ့ကို မယုံကြည်နိုင်စွာ ပြူးကြည့်လာသည်။ ထို့နောက် သွေးအိုင်ထဲတွင် ဖြည်းဖြည်းချင်း လဲကျသွားတော့သည်။

“အား!”

အခြားသူဖုန်းစားသည်လည်း ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အော်ဟစ်၏။ သို့သော် ချန်ကျဲ့၏လှံရှည်သည် သူ၏လည်တိုင်သို့ ပြန်ရောက်လာပြန်သည်။

“မင်းကတော့ လိမ်မပြောပါဘူး ဟုတ်တယ်မလား”

“ကျွန် ကျွန်တော် မလိမ်ပါဘူး၊ မလိမ်ပါဘူး!”

သူဖုန်းစားသည် ကြောက်ရွံ့ထိတ်လန့်လျက် သူ၏သစ္စာဖြောင့်မတ်မှုကို ကျယ်လောင်စွာ ကြေညာပြောဆိုလာသည်။

“မင်းကို ဘယ်သူလွှတ်လိုက်တာလဲ”

“အဖိုးကုံးပါ”

“အဖိုးကုံး?”

“ဟုတ်ပါတယ် အဖိုးကုံးပါ”

“သူက ဒီနေရာကို ဘာကိစ္စလဲ”

ချန်ကျဲ့မှ မေးသည်။

သူဖုန်းစားမှ ပြန်ပြောသည်။

“သခင်ကြီးက သခင်၄ကို သတ်လိုက်တာကို အဖိုးကုံး မြင်လိုက်တယ်။ အဖိုးကုံးက ခွေးတိုးပေါက်ကနေ ‌ထွက်ပြေးလာခဲ့ပြီး ကျွန်တော်တို့ကို ဒီနေရာကို ခေါ်လာခဲ့တာ။ ပြီးတော့ ကျွန်တော်တို့ကို ဒါက သခင်ကြီးရဲ့အိမ်လို့ ပြောခဲ့ပြီး အဖိုးကုံးကတော့ သခင်၃ကို စောင့်ဖို့ ပြန်သွားပါတယ်”

“ဖုန်းစန်းလား”

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ဖုန်းစန်းပါ။ ဖုန်းစန်းက ကျွန်တော်တို့ရဲ့ အဖွဲ့ခေါင်းဆောင်ပါ။ ဂိုဏ်းခေါင်းဆောင်နဲ့တွေ့ဖို့ တောင်မြို့ကို သွားနေခဲ့တာ။ အခုလောက်ဆိုရင်တော့ သူပြန်ရောက်လောက်ပြီ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အဲဒီတော့ အဖိုးကုံးက ငါက ဖုန်းစစ်ကို သတ်ခဲ့တဲ့အကြောင်းကို သတင်းပို့ဖို့ ပြန်သွားပြီးတော့ မင်းတို့က ငါပြန်လာပြီလားဆိုတာကို ‌ဒီမှာစောင့်ကြည့်နေကြတာပေါ့။ အတော်လေးကို ရှင်းလင်းတိကျတဲ့ အလုပ်တာဝန်ခွဲဝေမှုပါပဲလား ဟမ်!”

သူဖုန်းစားမှ တောင်းပန်တိုးလျှိုးသည်။

“သခင်ကြီးရယ် ကျွန်တော်က အစေအပါးတစ်ယောက်ပါပဲ။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”

ချန်ကျဲ့မှ တွေးတောဆင်ခြင်ပြီးနောက် ပြောသည်။

“အမ်း မင်းက အတော်လေး အသေးစိတ်ကျတာပဲ။ ကောင်းပြီ၊ ငါရောက်မလာခင်တုန်းက မင်း ဘာပြောနေတာလဲ”

“အာ သခင်ကြီး၊ ကျွန် ကျွန်တော်က ဒီတိုင်း တောင်ပြောမြောက်ပြော လျှောက်ပြောနေတာပါ။ ကျေးဇူးပြုပြီး ကျွန်တော်ပြောခဲ့တာတွေကို လျစ်လျူရှုပေးပါ”

ချန်ကျဲ့ : “ငါမင်းကို ဘာလုပ်ခိုင်းတာလဲ။ ပြောစမ်း!”

“ကျွန် ကျွန်တော်ပြောခဲ့တာက ခြံဝင်းထဲက မိန်းမငယ်လေးက အဝေးကနေ ကြည့်တာတောင် အရမ်းလှတာပဲ…”

“ပြီးတော့ရော?”

ချန်ကျဲ့၏အသံမှာ အတက်အကျ မရှိသကဲ့သို့ သတ်ဖြတ်လိုခြင်းအငွေ့အသက်လည်း မရှိပေ။ သူဖုန်းစားသည်တော့ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေရင်းဖြင့် ဆက်ပြောသည်။

“စိတ်ဝိဉာဉ်သူခိုးပါ”

ချန်ကျဲ့ ရယ်မောလိုက်သည်။

“အင်း မင်းက အတော်‌လေး အမြင်ကောင်းသားပဲ”

ဝှစ်!

လှံရှည်ကြီးသည် သူဖုန်းစား၏လည်မျိုကို အားဖြင့် ထိုးဖောက်သွားပြီး လည်ဂုတ်နောက်မှ အဖျားထွက်လာသည်။ သူဖုန်းစားမှာ နံရံနှင့် ရက်ရက်စက်စက် တွဲစိုက်ခံလိုက်ရတော့သည်။

“ကြည့်ရတာ အခုတော့ မင်းလည်း ဝိဉာဉ်တစ်ခု ချိတ်မိသွားပြီထင်ပါရဲ့”

ချန်ကျဲ့မှ လှံရှည်ကို ပြန်ဆွဲထုတ်လိုက်ရာ သူဖုန်းစား၏ခန္ဓာကိုယ်သည် မြေပြင်သို့ ဖြည်းဖြည်းချင်း လဲကျသွား၏။ ဤဖြစ်ရပ်ကို မြင်တွေ့သူ ရှိ၊မရှိ စစ်ဆေးရန် ချန်ကျဲ့ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။ ထို့နောက် ရွေ့ရွေ့ရှိရာဘက်သို့ ကြည့်သည်။

ရွေ့ရွေ့သည် သူမ၏လိမ္မော်သီးကိုသာ အာရုံစိုက်ထားပြီး သူ့အပေါ် အာရုံမရှိကြောင်း မြင်တွေ့လိုက်ရပေသည်။

All Chapters