← Chapters

တတိယသခင်မလေးဟွား : ဖုန်းစန်း မင်း ကျိုစစ်ရဲ့မိသားစုကို ထိပါးရဲသလား_၃

Vol. 18 Ch. 244

တတိယသခင်မလေးဟွား : ဖုန်းစန်း မင်း ကျိုစစ်ရဲ့မိသားစုကို ထိပါးရဲသလား_၃

Vol. 18 Ch. 244

ဒုန်း!

ချန်ကျဲ့သည် သတင်းအချက်အလက်များကို ဖတ်ကြည့်ပြီးနောက် ထိုင်မနေနိုင်တော့ဘဲ ထရပ်လိုက်သည်။

“ရှင်မ ရှင်မ”

ချန်ကျဲ့မှ နှစ်ကြိမ်ထိတိုင် ခေါ်သည်။ စူးယွင်ကျင်းသည် ထုပ်ပိုးနေဆဲဖြစ်၏။ ချန်ကျဲ့မှ ပြောသည်။

“ကျန်တာတွေ ထားလိုက်တော့၊ တန်ဖိုးရှိတာတွေပဲ ယူပြီး အမြန်သွားစို့”

စူးယွင်ကျင်းမှ မေးသည်။

“ယောက်ျား ဒီလောက်တောင် အရေး‌ကြီးတာလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အရမ်းအရေးကြီး‌တယ်”

စူးယွင်ကျင်း နားလည်သွားပြီး အထုပ်‌အပိုးအသေးလေးကို ဆွဲကိုင်လျက် ရွေ့ရွေ့နှင့်အတူ ချန်ကျဲ့ဆီသို့ လျှောက်လာသည်။ ရွေ့ရွေ့မှ မေး၏။

“ရွေ့ရွေ့တို့ ဘယ်သွားကြမလို့လဲ”

ထိုမေးခွန်းကြောင့် ချန်ကျဲ့ အကျပ်ရိုက်သွားရသည်။

ချန်ကျဲ့ မျက်မှောင်ကြုတ်ထားလျက် သတင်းအချက်အလက်များကို တစ်ဖန်ပြန်၍ ဂရုတစိုက် ဆန်းစစ်ကြည့်သည်။

နံပါတ်တစ်အချက်သည် သူ သိပြီးသားဖြစ်၏။ ဖုန်းစန်းသည် အလွန်အင်အားကြီးမားသည့် သံမဏိအရိုးအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာဖြစ်သော ရွှေကျီးတစ်ဖက်သွားဓားရှည်သိုင်းကို ကျွမ်းကျင်သည့်အပြင် ရန်ငြိုးထားတတ်သူဖြစ်ကြောင်းလည်း ချန်ကျဲ့ သိထားသည်။ ချန်ကျဲ့၏ လက်ရှိအင်အားအရ သေချာပေါက် အခွင့်အရေးမရှိနိုင်ပေ။

ထို့ပြင် ဇနီးဖြစ်သူနှင့် ရွေ့ရွေ့လည်း ရှိနေရာ တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။

နံပါတ်လေးအချက်တွင် ဖုန်းစန်းသည် သူဖုန်းစစ်ကို သတ်ခဲ့သည့်အကြောင်းကို သိရှိသွားပြီး သူ့ကိုသတ်ရန် လူများခေါ်လာနေပြီဟု‌ ဖော်ပြထားသည်။ ထို့ပြင် ကျားဖြူခန်းမသို့ သွားရာလမ်းကြောင်းတစ်လျှောက်ကိုလည်း ပိတ်ဆို့ထားလေပြီ။

တကယ်တမ်းတွင် ၎င်းမှာလည်း အဓိပ္ပာယ်ရှိပါ၏။ ချန်ကျဲ့ ခိုလှုံနိုင်သည့် တစ်ခုတည်းသောနေရာမှာ ကျားဖြူခန်းမသာလျှင် မဟုတ်ပါလော။

ကြုံရာကျပန်း တည်းခိုခန်းတစ်ခု ရှာဖွေတည်းခိုပါကလည်း ဖုန်းစန်းမှ သူ့တို့ကို ရှာမတွေ့နိုင်ဟု ချန်ကျဲ့ မယုံကြည်ပေ။ ဖုန်းစန်းသည် တည်းခိုခန်းများကို မစစ်ဆေးဘဲ နေလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူဖုန်းစားဂိုဏ်း၏ ကျယ်ပြန့်သည့်ဆက်နွယ်ချိတ်ဆက်မှုများအားဖြင့် ရှာမတွေ့အောင် ပုန်းအောင်းခြင်းဟူသည် မည်သို့မျှ ရိုးရှင်းသည့်အရာ မဖြစ်နိုင်တော့ပေ။

သို့ဖြစ်၍ ဤကိစ္စသည် အလွန်တရာ အရေးကြီး၏။

နံပါတ်နှစ်နှင့်သုံးတို့သည် ဖုံးကွယ်ထားသည့် အချက်အလက်များကို ဖော်ပြပေးထားသော်ငြား ချန်ကျဲ့အတွက် အခုချက်ချင်း အသုံးဝင်နိုင်သည့်အရာများ မဟုတ်ပေ။ ချန်ကျဲ့သည် ရှာ‌‌မ‌တွေ့အောင် မည်သို့ ပုန်းအောင်းရမည်ကိုသာ သိလိုသည်။ ယီးဟုန်ဂေဟာ၏နောက်ကွယ်ရှိ ပိုင်ရှင်အကြောင်းကို မသိလိုပေ။

ထို့နောက် ချန်ကျဲ့သည် နံပါတ်ငါးအချက်ကို

ကြည့်နေရင်း အတွေးထဲ နစ်မျောသွားခဲ့သည်။

နံပါတ်၅အချက် စိတ်ဝင်စားဖွယ်ဖြစ်၏။ တို့ဟူးဆိုင်ပိုင်ရှင် တတိယသခင်မလေးဟွားသည် အစ်ကိုနီနှင့် သိကျွမ်းနေခဲ့ပြီး အစ်ကိုနီကိုလည်း ချစ်ကျွမ်းဝင်နေပုံရသည်။ ချန်ကျဲ့သည် ရှန်းထောင်မြို့မှ ရောက်လာခဲ့သူဖြစ်သောကြောင့် အစ်ကိုနီနှင့် ဆုံတွေ့ခဲ့နိုင်သည်ဟူသည့် မျှော်လင့်ချက်ဖြင့်ပင် ချန်ကျဲ့အပေါ် အာရုံထားပြီး အလေးပေးဆက်ဆံခဲ့ဖူးသည်။

တတိယသခင်မလေးဟွားက အချစ်ရူးတစ်ယောက်ဖြစ်ပါရောလား။ ဒါပေမဲ့ အစ်ကိုနီရဲ့ သဘောထားကိုတော့ မသိနိုင်သေးဘူးပဲ။

ချန်ကျဲ့ စဉ်းစားနေရင်း ရုတ်တရက် တန့်သွား၏။ ထို့နောက် မျက်လုံးများ တောက်ပလာသည်။

“အာ ငါဘာလို့ ဒီလောက်တောင် တုံးအရတာလဲ။ ဒါက အဆင်သင့်ပြင်ပေးထားတဲ့ အမိုးအကာပဲလေ”

ထိုသို့အတွေးရသည်နှင့် ချန်ကျဲ့သည် စူးယွင်ကျင်းနှင့် ရွေ့ရွေ့တို့ကိုကြည့်၍ ပြောလိုက်သည်။

“သွားကြမယ်”

ထို့နောက် ညီအစ်မနှစ်ယောက်ကို လက်ဖက်တစ်ချက်စီတွင် ပွေ့ပိုက်၍ ခြံဝင်းထဲမှ ပျံသန်းခုန်ထွက်လိုက်သည်။

တံခါးဝရှိ လှံရှည်ကို ကောက်ယူနေစဉ် စူးယွင်ကျင်းမှ မေးသည်။

“ယောက်ျား ကျွန်မတို့ ဘယ်ကိုသွားနေတာလဲ”

ချန်ကျဲ့သည် ပတ်ဝန်းကျင်ကို သတိတကြီး အကဲခတ်သည်။ မည်သူမျှ ရှိမနေကြောင်း သေချာသောအခါမှသာ ပြော၏။

“ကိုယ့်နောက်လိုက်ခဲ့”

…

ထိုစဉ် ချန်မိသားစုနေအိမ်၏ မနီးမဝေးရှိ တို့ဟူး‌‌ဆိုင်၌

အဖိုးကြီးကျုံးသည် ဆေးတံကို ဖွာရှိုက်ရင်း တတိယသခင်မလေးဟွားကို တစ်နေ့တာ၏ စာရင်းဇယားများကို တင်ပြနေသည်။ ဒီနေ့ မှောင်ခိုဈေးမှာ ရှားပါးဆေးမြစ်တွေ ရောင်းချခဲ့တာက ငွေတုံးငါးထောင်၊ လျှို့ဝှက်သိုင်းကျမ်း၁၀အုပ်နဲ့အတူ သံနဲ့ ဆားလို လူသုံးကုန်ပစ္စည်းတွေအပါအဝင် ရှားပါးတဲ့ နေ့စဉ်သုံးပစ္စည်းတွေလည်း ရောင်းချခဲ့ရတယ်။

“လတ်တလောမှာ သံသတ္တုရိုင်းရဲ့ဈေးနှုန်းက သိသိသာသာ တက်နေခဲ့ပါတယ်။ လက်ဆုပ်လက်ကိုင်ရယူထားဖို့ဆိုတာ မလွယ်ကူပါဘူး”

အဖိုးကြီးကျုံး၏စကားကို တတိယသခင်မလေးဟွားမှ ပြန်ပြောသည်။

“အမ်း မျန့်ရွှေစီရင်စုက သံပြတ်လပ်မနေပါဘူး။ သတ္တုတွင်းနှစ်ခုတောင် ရှိတာပဲလေ”

ထိုအခါ အဖိုးကြီးကျုံးမှ ပြောသည်။

“အဲဒီလိုဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လတ်တလောမှာတော့ အကြောင်းအရင်းတချို့ကြောင့် ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ သံသတ္တုတွေက ဈေးကွက်ထဲ မရောက်ခင်မှာတင် သိမ်းဆည်းခံလိုက်ရပါတယ်။ အဲဒါကြောင့် အရမ်းနည်းပါးတဲ့ ပမာဏလေးကပဲ ဈေးကွက်ထဲမှာ စီးဆင်းနေနိုင်တာကြောင့် ဈေးနှုန်းတွေက တစ်ဟုန်ထိုးမြင့်တက်နေတာပါ”

တတိယသခင်မလေးဟွားမှ မှတ်ချက်ပြု၏။

“ကြည့်ရတာတော့ သူတို့လူအချင်းချင်းပဲ လုပ်နေကြပုံပဲ။ ငါးဖမ်းကုန်သည်အဖွဲ့က သံသတ္တုတွေကို ဘာအတွက် စုဆောင်းနေတာများလဲ”

အဖိုးကြီးကျုံးသည် ဆေးတံကို တစ်ချက်ရှိုက်သွင်းလိုက်ပြီးနောက် ပြောသည်။

“အဲဒါတော့ မသိရပါဘူး။ တော်ဝင်တရားရုံးတော်က တောင်းခံနေလို့များလား”

“မဖြစ်နိုင်ဘူး။ အကယ်၍ တော်ဝင်တရားရုံးတော်ဘက်က တောင်းခံနေတာကြောင့်ဆိုရင် ချောင်ကုန်သည်အဖွဲ့ရဲ့ သံသတ္တုတွေကျ ဘာလို့ ပြင်ပအထောက်အပံ့တွေ လျော့မသွားရတာလဲ”

တတိယသခင်မလေးဟွား၏ အမေးစကားကို အဖိုးကြီးကျုံးမှ ပြန်ဖြေသည်။

“ဒါဆိုရင် ခေါင်းဆောင်က ဘာကြောင့် ပြဿနာဖြစ်တယ်လို့ ထင်လဲ”

တတိယသခင်မလေးဟွားမှ ပြန်ပြောသည်။

“ကျွန်မလည်း အဲဒါအထိတော့ မသိနိုင်ဘူး။ ဒီတိုင်း မျန့်ရွှေစီရင်စုမှာ နိမိတ်ဆိုးတွေ ထင်ဟပ်လာနေပြီလို့ ခံစားရရုံပါပဲ”

ဒေါက် ဒေါက် ဒေါက်…

တတိယသခင်မလေးဟွားနှင့် အဖိုးကြီးကျုံးတို့ စာရင်းဇယားများ ရှင်းလင်းနေစဉ်တွင် အပြင်ဘက်မှ တံခါးခေါက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

တတိယသခင်မလေးဟွားနှင့် အဖိုးကြီးကျုံးတို့မှာ ရပ်တန့်သွားရပြီး နှစ်ဦးသား အကြည့်ချင်းဖလှယ်လိုက်ကြသည်။ မနီးမဝေးရှိ ‌မှောင်ခိုဈေး၏ အလုပ်သမားနှစ်ဦးသည်တော့ ဓားများဆွဲထုတ်လိုက်ကြကာ တံခါးကိုကျောမှီနားစွင့်လျက် မျက်လုံးတို့သည်တော့ တတိယသခင်မလေးဟွားကို ကြည့်နေကြသည်။

“ဘယ်သူလဲ”

တတိယသခင်မလေးဟွားမှ အော်မေးလိုက်သည်။

ထိုအခါ အပြင်ဘက်မှ အသံတုံ့ပြန်လာသည်။

“အစ်မဟွား ကျွန်မပါ စူးယွင်ကျင်း”

“ယွင်ကျင်း ဒီလောက်နောက်ကျနေပြီကို ဘာကိစ္စရှိလို့လဲ။ ခဏစောင့် အစ်မ မင်းကို တံခါးဖွင့်ပေးမယ်”

ထိုသို့ပြောရင်း တတိယသခင်မလေးဟွားသည် လက်ဝှေ့ယမ်းအချက်ပြလိုက်၏။ အဖိုးကြီးကျုံးလည်း သူ၏ဆေးတံနှင့် ပစ္စည်းပစ္စယများကို သိမ်းဆည်း‌ကာ နောက်ဖေးတံခါးမှ ထွက်ခွာသွားတော့သည်။ မှောင်ခိုဈေး၏ အလုပ်သမားနှစ်ဦးသည်လည်း ဓားများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး တတိယသခင်မလေးဟွားသည်လည်း အနောက်ခန်းသို့ ပြန်သွားလိုက်သည်။

ထို့နောက် တတိယသခင်မလေးဟွားသည် အပြုံးမျက်နှာဖြင့် ထရပ်၍ တံခါးဝသို့သွားသည်။

ထို့နောက် တံခါးဖွင့်လိုက်သည်။ ထိုအခါ စူးယွင်ကျင်း၊ ရွေ့ရွေ့နှင့် ချန်ကျိုစစ်တို့ကို မြင်တွေ့လိုက်ရသည်။

တတိယသခင်မလေးဟွားမှာ တွေဝေသွားရ၏။

“ရှင်တို့က?”

စူးယွင်ကျင်းမှ ပြောသည်။

“အစ်မဟွား ကျွန်မတို့ တစ်ယောက်ယောက်ကို အပြစ်ပြုမိခဲ့တယ် ထင်ပါတယ်။ တစ်ယောက်ယောက်က ကျွန်မတို့ကို သတ်ဖို့ကြိုးစားနေတယ်”

“မင်းတို့ကိုသတ်မယ်!”

တတိယသခင်မလေးဟွားသည် အံ့ဩထိတ်လန့်သွား၏။ ထို့နောက် ဘေးဖယ်ရပ်ပေးလိုက်ရင်း ပြောသည်။

“လာ အထဲဝင်ခဲ့၊ အထဲမှာပြောရအောင်”

“ကျေးဇူးတင်ပါတယ် အစ်မဟွား”

သူတို့သုံးဦးစလုံး အထဲဝင်ပြီးနောက်၌ တတိယသခင်မလေးဟွားသည် ချန်ကျဲ့ကို ကြည့်လာပြီး ပြောသည်။

“တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ ကျွန်မရဲ့ ညီမလေးစူးတို့ညီအစ်မကတော့ ဘယ်သူ့ကိုမှ ပြဿနာရှာမှာ မဟုတ်ဘူး။ ရှင် တစ်ယောက်ယောက်ကို အပြစ်ပြုခဲ့သေးလား”

ချန်ကျဲ့မှ ပြန်ဖြေသည်။

“တတိယသခင်မ‌လေးဟွားကို ‌အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒီကိစ္စက တကယ်ပဲ ကျွန်တော့်ကြောင့်ပါ။ ဒီနေ့ ရွေ့ရွေ့ ပျောက်သွားတဲ့အ‌ကြောင်းကို သခင်မလည်း သိလောက်မှာပါ”

တတိယသခင်မလေးဟွားမှ ပြောသည်။

“ကျွန်မ သိတယ်။ ဒါပေမဲ့ အခု ရွေ့ရွေ့ပြန်ရောက်နေပြီပဲလေ မဟုတ်ဘူးလား”

“ဒါပေမဲ့ ရွေ့ရွေ့ကို ကယ်တုန်းက ကျွန်တော်…”

ချန်ကျဲ့သည် ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောင်းပြောပြသည်။ တတိယသခင်မလေးဟွားသည် အရာအားလုံးကို သိရှိပြီးသားဖြစ်သည့်တိုင် မသိချင်ဟန်ဆောင်၍ ချန်ကျဲ့အား အဆုံးအထိ ပြောပြစေသည်။ ထို့နောက်မှ ရုတ်ချည်း ပြော၏။

“အဲဒီတော့ ရှင့်ကို သတ်ချင်နေတဲ့သူက ဖုန်းစန်းပေါ့!”

ချန်ကျဲ့ အတည်ပြုပေးလိုက်သည်။

“ဟုတ်ပါတယ်”

တတိယသခင်မလေးဟွားမှ ပြောသည်။

“ရှင်က တကယ်ကြီး မထိပါးသင့်တဲ့သူကို သွား ထိပါးခဲ့မိတာပဲ။ အဲဒီဖုန်းစန်းက သိုင်းလောကမှာ ခွေးရူးဆိုတဲ့ အမည်ပြောင်နဲ့ အရူးစန်းဆိုပြီး ကျော်ကြားတယ်။ သူက သည်းခံနိုင်စွမ်း အရမ်းနည်းပါးပြီး အငြိုးအတေးကြီးမားတဲ့သူပဲ။ ရှင်က အခု သူ့ညီကို သတ်လိုက်တာဆိုတော့ သူကတော့ လက်စားချေမပြီးမချင်း ရပ်တန့်မှာ မဟုတ်တော့ဘူးပဲ”

All Chapters