တတိယသခင်မလေးဟွား : ဖုန်းစန်း မင်း ကျိုစစ်ရဲ့မိသားစုကို ထိပါးရဲသလား_၄
Vol. 18 Ch. 245
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါက ရှောင်လွှဲလို့ မရနိုင်တော့ပါဘူး။ လူကိုက သတ်ပြီးသွားပြီ၊ တခြားဘာများလုပ်နိုင်ဦးမှာလဲ”
“အဲဒါကြောင့် ကျေးဇူးပြုပြီး တတိယသခင်မလေးဟွားက ကျွန်တော့်ကို ကာကွယ်ပေးပါ”
ထိုအခါ တတိယသခင်မလေးဟွားမှ ပြန်လည်တုံ့ပြန်၏။
“ရှင်က ဖုန်းစစ်ကို သတ်ခဲ့ပြီး ဖုန်းစန်းကို ဒေါသထွက်စေခဲ့တာကို ကျွန်မက ရှင့်ကို ကာကွယ်ပေးရဲမယ်လို့ ထင်နေသေးတာလား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်တော်က တတိယသခင်မလေးဟွားကို သိကျွမ်းတာ မကြာသေးပေမဲ့ သခင်မရဲ့ စိတ်အတွင်းထဲက အားနည်းသူကို ဖေးမကူညီတတ်တဲ့ သူရဲကောင်းစိတ်ဓာတ်ကို ကျွန်တော် မြင်တွေ့နိုင်ပါတယ်၊ အဲဒီသူလိုမျိုး…”
“ဟမ်?”
တတိယသခင်မလေးဟွားမှ ပြောလာ၏။
“ဘာကို ဘယ်လိုမျိုးလဲ”
“အိုး ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့မြို့က သိကျွမ်းတဲ့ အစ်ကိုကြီးတစ်ယောက်ပါ”
“ရှန်းထောင်မြို့လား”
ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။
တတိယသခင်မလေးဟွားမှ မေးမြန်း၏။
“ရှင့်ရဲ့အစ်ကိုကြီးနာမည်က ဘယ်သူလဲ”
ချန်ကျဲ့၏ မျက်နှာအမူအရာပြောင်းလဲသွား၏။ ထို့နောက် ပြောသည်။
“ဘာမှ ထူးခြားတဲ့သူ မဟုတ်ပါဘူး။ ဒီတိုင်း လယ်သမားတစ်ယောက်ပါပဲ”
ချန်ကျဲ့မှ ထိုသို့ပြောလိုက်စဉ် သူ၏အင်္ကျီလက်မောင်းထဲမှ အနက်ရောင်ဆွဲပြားတစ်ခု ထွက်ကျလာခဲ့၏။ ၎င်းဆွဲပြားသည် သာမန်ကျောက်နက်တစ်ခုမှ ပြုလုပ်ထားပုံရကာ အလွန်သာမန်ဆန်ပြီး တန်ဖိုးမရှိသည့်ပုံစံမျိုး ဖြစ်သည်။
သို့သော် ၎င်းဆွဲပြား ပြုတ်ကျခဲ့သည်တွင် တတိယသခင်မလေးဟွား၏ မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ချန်ကျဲ့ကို ကြည့်လာ၏။
ချန်ကျဲ့သည် ၎င်းဆွဲပြားမှာ မရည်ရွယ်ပါဘဲ မတော်တဆ ပြုတ်ကျသွားသည့်အလား၊ ၎င်းဆွဲပြားကို လူမမြင်စေချင်သည့်အလား အမြန်ပြန်၍ ကောက်ယူသိမ်းဆည်းလိုက်သည်။
ချန်ကျဲ့၏ ဤနည်းဗျူဟာမှာ မသေသပ်လှပေ။ ပုံမှန်အားဖြင့် တတိယသခင်မလေးဟွားသည် တစ်ချက်ကြည့်ရုံမျှဖြင့် ၎င်းကို ထိုးထွင်းသိမြင်နိုင်လိမ့်မည်ဖြစ်သော်ငြား ဆွဲပြားကို မြင်တွေ့လိုက်ချိန်တွင် သူမ၏ စိတ်အစဉ်မှာ ဗလာကျင်းသွားခဲ့ပြီး ထိုအမျိုးသားအကြောင်း အတွေးများဖြင့်သာ အလုံးစုံ ပြည့်နှက်သွားခဲ့သည်။
၎င်းဆွဲပြားကို နီဝမ့်ကျွင်းမှ ပေးထားခဲ့ခြင်းဖြစ်သည်။
ယခင်က ခရိုင်မင်းသမီးကို အစားအသောက်ပို့ဆောင်ရန်အတွက် နီဝမ့်ကျွင်း၏ လူ့အရေပြားမျက်နှာဖုံးကို ချန်ကျဲ့ ဝတ်ဆင်ခဲ့စဉ်က နီဝမ့်ကျွင်းသည် ချန်ကျဲ့၏ပုံပန်းသွင်ပြင်မှာ လှည့်စားရန် မလုံလောက်မည်စိုးသောကြောင့် လူ့အရေပြားမျက်နှာဖုံးနှင့်အတူ ဆွဲပြားအသေးလေးတစ်ခုကိုပါ ချန်ကျဲ့ကို ပေးခဲ့သည်။ နောက်ပိုင်း သူတို့နှစ်ဦး ခွဲခွာကြချိန်တွင် နီဝမ့်ကျွင်းသည် ၎င်းဆွဲပြားကို ပြန်ယူမသွားခဲ့ပေ။ အမှတ်တရပစ္စည်းအဖြစ် သိမ်းဆည်းထားရန်သာ ပြောခဲ့သည်။
ထိုအချိန်မှ စတင်၍ ချန်ကျဲ့သည် ဤဆွဲပြားကို အမှတ်တရပစ္စည်းအဖြစ် ကိုယ်နှင့်မကွာ သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။
ဒီနေ့ စနစ်၏သတင်းအချက်အလက်များထဲ၌ တတိယသခင်မလေးဟွားသည် နီဝမ့်ကျွင်းကို သဘောကျခဲ့သည်ဟု ဖော်ပြထားခဲ့သည်။ သို့ဖြစ်ရာ တတိယသခင်မလေးဟွားသည် နီဝမ့်ကျွင်း၏ ပစ္စည်းများကို မှတ်မိနိုင်ကောင်း၏။ တတိယသခင်မလေးဟွားမှ ပစ္စည်းကို မှတ်မိသွားသည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့အနေဖြင့် များများစားစား ရှင်းပြပြောဆိုနေရန် မလိုအပ်တော့ဘဲ တတိယသခင်မလေးဟွား၏ ယုံကြည်မှုကို အလွယ်တကူ ရရှိနိုင်လိမ့်မည် ဖြစ်သည်။
ချန်ကျဲ့ အကဲခတ်မမှားပါက တတိယသခင်မလေးဟွားသည် ဤဆွဲပြားကို မှတ်မိသွားပြီဖြစ်၏။
“ကျွန်မ အဲဒီဆွဲပြားလေးကို ကြည့်လို့ရမလား”
ချန်ကျဲ့သည် အချိန်အတော်ကြာ တွေဝေတွန့်ဆုတ်နေခဲ့၏။ သို့သော် စူးယွင်ကျင်းသည် သူ၏အတွေးများကို နားလည်စွာဖြင့် ကြားဝင်ဖျန်ဖြေသည်။
“ယောက်ျား၊ အစ်မဟွားက ကျွန်မတို့အပေါ် အမြဲ ကြင်နာမှုနဲ့ ဆက်ဆံခဲ့တဲ့သူပါ။ ရှင် အစ်မကို တစ်ချက်လောက် ပေးကြည့်လိုက်ပါ”
“အင်း ကောင်းပါပြီ”
ချန်ကျဲ့ ဆွဲပြားကို ကမ်းပေးလိုက်သည်။ တတိယသခင်မလေးဟွားသည် ဆွဲပြားကို လေးလေးနက်နက်ကြည့်သည်။
ဒါက သေချာပေါက် သူ့ဟာပဲ။
ဒီဆွဲပြားကို သူ့အဖေက သူနဲ့ သူ့ညီလေးအတွက် တစ်ယောက်တစ်ခုစီ ထွင်းပေးခဲ့တာလို့ သူပြောခဲ့ဖူးတယ်။ ရုပ်ပုံထွင်းထားတာက ရုပ်ဆိုးနေတာတောင်၊ ကျားဖြစ်ရမယ့် ရုပ်ပုံက ကြွက်နဲ့ ပိုတူနေတာတောင်မှ သူ အမြဲ ဒီဆွဲပြားကို ကိုယ်နဲ့မကွာ ဆောင်ထားလေ့ရှိခဲ့တာ။
မည်သို့ပင်ဖြစ်စေ ၎င်းသည် နီဝမ့်ကျွင်း အမြဲဝတ်လေ့ရှိသည့်အရာ ဖြစ်သည်။
သို့သော် ယခု၌ ချန်ကျိုစစ်၏လက်ထဲသို့ ရောက်နေခဲ့သည်။
တတိယသခင်မလေးဟွား၏ စူးရဲသော အကြည့်များ ကျရောက်လာခဲ့ရာ ချန်ကျဲ့မှာ တစ်ကိုယ်လုံး အေးစိမ့်သွားရသည်။
ကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်၏ ပစ်မှတ်ထားခံလိုက်ရသည့်အလားပင်။ သူ၏ မွေးစားအဖေဖြစ်သော တည်ရှိမှုထံတွင်သာ ခံစားရသည့် ကြောက်ရွံ့မှုတစ်မျိုးကို ခံစားလိုက်ရပေသည်။
ဒါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဆိုတာလား။
တတိယသခင်မလေးဟွားက စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်လား?!
ဤတစ်ကြိမ်တွင်တော့ ချန်ကျဲ့ အံ့ဩထိတ်လန့်ရမည့် အလှည့်သို့ ကျရောက်သွားခဲ့၏။ တတိယသခင်မလေးဟွားသည် သာမန်လူတစ်ယောက် မဖြစ်နိုင်ဟု ချန်ကျဲ့ သိသည်။ သို့သော် ဤမျှအထိ သာမန်ထက် ထူးခြားသာလွန်နေခြင်းကိုမူ ယခုမှ သိရှိလိုက်ရခြင်းပင်။ မျန့်ရွှေစီရင်စု၏ စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်များသည် အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်များဖြစ်ကြောင်း ချန်ကျဲ့သိထားသည် မဟုတ်ပါလော။
တတိယသခင်မလေးဟွားက အစောင့်အရှောက်ကြီး၁၃ဦးထဲကလား။ ဒါမှမဟုတ် ဒီတိုင်း အပြင်လူပဲလား။
ချန်ကျဲ့ စိတ်ထဲမှ တွေးတောနေခဲ့သည်။
တတိယသခင်မလေးဟွား၏ အသံသည် အေးစက်နေခဲ့သည်။
“ရှင် ဒီပစ္စည်းကို ဘယ်ကနေ ရခဲ့တာလဲ”
“မိတ်ဆွေတစ်ယောက် ပေးထားတာပါ”
“ရှင့်မိတ်ဆွေရဲ့ မျိုးရိုးနာမည်က နီလား”
“မဟုတ်ပါဘူး၊ နီ မဟုတ်ပါဘူး။ သူ့ရဲ့မျိုးရိုးနာမည်က ကျန်းပါ၊ လောင်ကျန်းလို့ ခေါ်တယ်”
ချန်ကျဲ့ လုပ်ကြံပြောဆိုလိုက်သည်။
ထိုအခါ တတိယသခင်မလေးဟွားသည် မျက်မှောင်ကြုတ်သွား၏။
“လောင်ကျန်းပေါ့ ကောင်းပြီ။ ရှင်က ကျွန်မကို အမှန်အတိုင်း ပြောမပြနိုင်မှတော့…”
ထိုသို့ပြောရင်း တတိယသခင်မလေးဟွားသည် အလွန်လျင်မြန်စွာသော အရှိန်နှုန်းဖြင့် စူးယွင်ကျင်းကို ဖမ်းဆွဲရန် ဦးတည်သည်။
ချန်ကျဲ့လည်း အံ့အားသင့်မှုဖြင့် ပင့်သက်ရှိုက်မိသွားရကာ စူးယွင်ကျင်းကို ကယ်တင်ရန် အမြန် တိုက်ခိုက်ရသည်။
သို့သော် တတိယသခင်မလေးဟွား၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် ချီစွမ်းအင်အကာအကွယ်ကြောင့် နောက်သို့ သုံးလှမ်းမျှ ပြန်ကန်ထွက်သွားရ၏။
စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပဲ!
အမှန်တကယ်ပင် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်များသာလျှင် ပိုင်ဆိုင်နိုင်သည့် ချီစွမ်းအင်အကာအကွယ် ဖြစ်ပေသည်။
ထိုအခိုက်အတန့်၌ တတိယသခင်မလေးဟွားသည် စူးယွင်ကျင်း၏ ပခုံးကို ဆုပ်ကိုင်ထားလျက် ချန်ကျဲ့ကို ကြည့်၍ မေးမြန်းသည်။
“ချန်ကျိုစစ်၊ ရှင် ဒီပစ္စည်းကို ဘယ်ကနေ ရခဲ့လဲဆိုတာကို ပြောရင်ပြော၊ မဟုတ်ရင် ကျွန်မ ရှင့်ဇနီးကို ဖုန်းစန်းဆီ လက်လွှဲပေးလိုက်မယ်!”
“မလုပ် မလုပ်ပါနဲ့ တတိယသခင်မလေးဟွား။ ကျွန်တော်တို့ကြားမှာ ရန်ငြိုးမရှိပါဘူး။ ဘာလို့များ ကျွန်တော့်ကို ဒီလိုမျိုး ထိခိုက်အောင် လုပ်ရတာပါလဲ”
တတိယသခင်မလေးဟွားမှ ပြောသည်။
“ကျွန်မ မေးတာကိုဖြေ၊ ရှင် ဒါကို ဘယ်က ရခဲ့တာလဲ”
“ကျွန်တော်ပြောပြီးပြီလေ၊ မိတ်ဆွေတစ်ယောက်ပေးခဲ့တာပါလို့”
“ရှင့်ကို ဒီပစ္စည်းပေးခဲ့တဲ့လူရဲ့ မျိုးရိုးနာမည်က နီ လား!”
တတိယသခင်မလေးဟွားသည် ချန်ကျဲ့ထံမှ အကြည့်မလွှဲပေ။
ချန်ကျဲ့သည် အချိန်ခဏမျှ တိတ်ဆိတ်သွားခဲ့၏။ ထို့နောက် ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်သည်။
“အင်း ဟုတ်ပါတယ်”
တတိယသခင်မလေးဟွားမှ ဆက်ပြောသည်။
“ရှင်နဲ့ သူနဲ့က ဘယ်လိုဆက်ဆံရေးလဲ။ သူက ဒီလိုအရေးကြီးတဲ့ပစ္စည်းကို ရှင့်ကို ပေးခဲ့ရအောင်အထိဆိုတော့?”
ချန်ကျဲ့သည် အချိန်ခဏမျှ စဉ်းစားနေခဲ့ပြီးနောက်မှ ပြန်ပြော၏။
“ကျွန်တော်ပြောပြရင် ကျွန်တော့်ဇနီးကို လွှတ်ပေးနိုင်မလား။ ပြီးတော့ အကယ်၍ သခင်မ အနေနဲ့ ကျွန်တော့်ကို တရားရုံးတော်ဆီ ပို့ဆောင်မယ်ဆိုရင်လည်း ကျေးဇူးပြုပြီး ကျွန်တော့်ဇနီးကို မငြိစွန်းပါစေနဲ့။ ယွင်ကျင်းက ဘာမှမသိပါဘူး”
“ယောက်ျား”
စူးယွင်ကျင်းမှ ခေါ်လာသည်တွင် သူတို့နှစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ဤအရာအားလုံးသည် ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့၏ ကြိုတင်တွက်ချက်မှုများထဲတွင် ပါဝင်သည်ဖြစ်၏။ ချန်ကျဲ့သည် ဤအသိအမှတ်ပြုလောက်စရာ ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်ထားပြီးဖြစ်ကာ ဤသို့တုံ့ပြန်မှုအပါအဝင် တတိယသခင်မလေးဟွားထံမှ တုံ့ပြန်မှု အမျိုးမျိုးကို မျှော်လင့်မှန်းဆထားခဲ့ပြီး ဖြစ်သည်။
သို့ဖြစ်ရာ ချန်ကျဲ့တို့ ဇနီးမောင်နှံနှစ်ဦးသည် ဆွေးနွေးတိုင်ပင်ထားပြီးဖြစ်သောကြောင့် စိုးရိမ်ပူပန်ခြင်း မရှိကြပေ။
တတိယသခင်မလေးဟွားသည် အနည်းငယ် မျက်မှောင်ကြုတ်ထား၏။
“ရှင် စိုးရိမ်ဖို့ မလိုပါဘူး။ ကျွန်မနဲ့ ယွင်ကျင်းက ညီအစ်မတွေပဲ။ ရှင်သာ အမှန်အတိုင်းပြောပြလိုက်ပါ။ ယွင်ကျင်း ဘာမှမဖြစ်စေရဘူးလို့ ကျွန်မ ကတိပေးတယ်”
ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။
“တကယ်တော့ ကျွန်တော့်ရဲ့အစ်ကိုကြီးက နီဝမ့်ကျွင်းပါ။ အစကတော့…”
ချန်ကျဲ့သည် သူနှင့် နီဝမ့်ကျွင်း၏ ဆုံစည်းမှုအကြောင်းကို ပြန်ပြောင်းပြောပြသည်။ နီဝမ့်ကျွင်း၏ အသက်ကို မည်သို့မည်ပုံ ကယ်ဆယ်ခဲ့ကြောင်းနှင့် အဘယ်သို့ သွေးသောက်ညီနောင်များ ဖြစ်လာခဲ့ကြောင်းတို့ကို ပြောပြခဲ့သည်။
တတိယသခင်မလေးဟွားသည် စူးယွင်ကျင်း၏ ပခုံးကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးလိုက်သည်။
တတိယသခင်မလေးဟွားသည် ဖြည်းဖြည်းချင်း ထိုင်ချလိုက်၏။
“အန္တရာယ်များလိုက်တဲ့ အရေးကိစ္စဖြစ်ခဲ့တာပဲ။ ကျိုစစ်၊ ကျွန်မ ရှင့်အပေါ် အများကြီး အကြွေးတင်နေခဲ့ပြီ”
ထိုသို့ပြောလျက် တတိယသခင်မလေးဟွားသည် ပြန်ထရပ်ပြီး ချန်ကျဲ့ကို အလေးအနက် အရိုအသေပြုသည်။
ချန်ကျဲ့ ထိတ်လန့်သွား၏။
“တတိယသခင်မလေးဟွား ဒါက ဘာလုပ်တာလဲဗျာ”
စူးယွင်ကျင်းသည် တတိယသခင်မလေးဟွားကို အမြန် ထူမတ်ပေးလိုက်သည်။
“အစ်မဟွား ဒါက ဘာလုပ်တာလဲ”
တတိယသခင်မလေးဟွားမှ ပြောသည်။
“ငါ့ကို မတားနဲ့။ ဒါက ငါ့ရဲ့ဝမ့်ကျွင်းကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျိုစစ်ကို စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြတာပဲ”