← Chapters

တတိယသခင်မလေးဟွား : ဖုန်းစန်း မင်း ကျိုစစ်ရဲ့မိသားစုကို ထိပါးရဲသလား_၅

Vol. 18 Ch. 246

တတိယသခင်မလေးဟွား : ဖုန်းစန်း မင်း ကျိုစစ်ရဲ့မိသားစုကို ထိပါးရဲသလား_၅

Vol. 18 Ch. 246

ဟမ်?!!

ချန်ကျဲ့သည် တတိယသခင်မလေးဟွားသည် နီဝမ့်ကျွင်းကို သဘောကျနေခဲ့ကြောင်း သိထားပြီးဖြစ်သည့်တိုင် ဤအခိုက်အတန့်တွင် အံ့အားသင့်မိမြဲ ဖြစ်ရလေသည်။

“ဘယ်လိုတောင် တယုတယ‌ ခေါ်ဝေါ်လိုက်တာလဲ”

ထိုသို့အတွေးနှင့်အတူ ချန်ကျဲ့သည် အလွန်အံ့အားသင့်ဟန်ဆောင်၍ ပြော၏။

“သခင်မက ကျွန်တော့်အစ်ကိုကြီးကို သိတယ်လား”

တတိယသခင်မလေးဟွားမှ ခေါင်းညိတ်သည်။

“သေချာပေါက်သိတာပေါ့။ ဒါမှမဟုတ် ကျွန်မက ရှင့်ရဲ့အစ်ကိုကြီးကို သဘောကျနေတာဆိုရင် ပိုမှန်လိမ့်မယ်”

ချန်ကျဲ့သည် တတိယသခင်မလေးဟွားကို ရုတ်ချည်း လေးစားမှုကိုဖော်ပြ၍ အရိုအသေပေးလိုက်သည်။

“အဲဒါဆိုရင်တော့ သခင်မက ကျွန်တော့်ရဲ့ မရီးပေါ့။ ကျွန်တော် ခုနက မလေးမစား ပြုမူမိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

ချန်ကျဲ့မှ သူမကို မရီးဟု ခေါ်လိုက်ခြင်းသည် တတိယသခင်မလေးဟွား၏ စိတ်နှလုံးကို ရွှင်ပျသွားစေခဲ့သည်။

သူမသည် အခြေအနေအတိအကျကို သေချာသိရှိပါ၏။ သူမတစ်ဦးတည်းသာ နီဝမ့်ကျွင်းကို သဘောကျနေခဲ့ခြင်းဖြစ်ပြီး ထိုလူယုတ်မာနီဝမ့်ကျွင်းသည်တော့ သူမကို ဘာမျှမပြောဘဲ ထွက်ပြေးသွားခဲ့ပြီး ခြေရာလက်ရာ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမ၏ နှလုံးသားတစ်ခုလုံးမှာ နီဝမ့်ကျွင်းအတွက် ဖြစ်‌နေခဲ့ပြီးလေပြီ။

ဤသို့အခိုက်အတန့်၌ ချန်ကျဲ့မှ သူမကို မရီးဟု‌ ခေါ်လိုက်ခြင်းသည် တတိယသခင်မလေးဟွား၏ စိတ်နှလုံးကို အမှန်တကယ်ပင် လှုပ်ခတ်သွားစေခဲ့ကာ ထို‌အခေါ်အဝေါ်လေးတစ်ခုသည် သူမကို ငွေတုံးတစ်သောင်း လက်ခံရရှိခြင်းထက် ပို၍ ပျော်ရွှင်စေပေသည်။

“ဘာကိုခွင့်လွှတ်ဖို့ပြောနေသေးတာလဲ၊ ငါတို့အားလုံးက မောင်နှမတွေပဲကို”

“မင်းက ဝမ့်ကျွင်းရဲ့ညီလေးဆိုမှတော့ အခုကစပြီး မင်းက ငါ တတိယသခင်မလေးဟွားရဲ့မောင်လေးပဲ။ မျန့်ရွှေစီရင်စုအတွင်းမှာ ငါမင်းကို ကူညီစောင့်ရှောက်မယ်”

“အာ မရီးကို ကျေးဇူးတင်ပါတယ်!”

ချန်ကျဲ့သည် ကျေးဇူးတင်စကားကို အမြန်ဖော်ပြပြောဆိုလိုက်ကာ စူးယွင်ကျင်းကိုလည်း အချက်ပြလိုက်သည်။ စူးယွင်ကျင်းသည် အမြဲလိုလို ထက်မြက်သူဖြစ်ရာ သူမလည်း ချက်ချင်း ကျေးဇူးတင်စကားဆိုသည်။

“ယွင်ကျင်း မရီးကို ဂါရဝပြုပါတယ်”

“မရီး ရွေ့ရွေ့လည်း မရီးကို ဂါရဝပြုပါတယ်”

“ဟားဟား ဒီကလေးမလေးကတော့!”

တတိယသခင်မလေးဟွားမှာ အလွန်အမင်း ‌ပျော်ရွှင်နေတော့သည်။ နီဝမ့်ကျွင်း၏ ညီနောင်ဖြစ်သူ၏ တစ်မိသားစုလုံးသည် သူမကို သူတို့၏မရီးအဖြစ် အသိအမှတ်ပြုကြ၏။

အဲဒီလူ နီဝမ့်ကျွင်းက အမြဲ ထုံးတမ်းအစဉ်အလာတွေကို စိုးရိမ်ပူပန်နေခဲ့တာ မဟုတ်လား။

အခု နောက်ဆုံးတော့ ရှင့်ညီနောင်က ကျွန်မရဲ့လူ ဖြစ်လာတော့မှာ။ နောက်ဆို ရှင် ကျွန်မကို ဘယ်လိုငြင်းမလဲ ကြည့်ပါဦးမယ်။

ရှင်က ကျွန်မ ‌သဘောကျရတဲ့သူဖြစ်နေပြီးမှတော့ ကျွန်မ ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး!

တတိယသခင်မလေးဟွားသည် အလွန်ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် သူမ၏ အလုပ်သမားကို‌ ပြော၏။

“အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေ အားလုံး ယူလာပေးစမ်း။ ငါ့ရဲ့မောင်လေးနဲ့ ညီမတွေ ရောက်နေတာ မမြင်ဘူးလား”

ထိုအခါ အလုပ်သမားသည် ချက်ချင်း အပြေးရောက်လာ၏။

ထို့နောက် အကောင်းစားသေရည်များနှင့် ဟင်းပွဲများကို တည်ခင်းပေးလေသည်။

ထို့နောက်တတိယသခင်မလေးဟွားသည် ချန်ကျဲ့ကို လက်ညှိုးညွှန်လျက် ထပ်ပြော၏။

“မင်းတို့ မှတ်ထားကြ။ အခုက စပြီးတော့ ငါ့မောင်ကို မြင်တဲ့အခါ သူ့ကို ဒုတိယသခင်လို့ ခေါ်ကြရမယ် သိပြီလား”

“ဟုတ်ကဲ့ပါ သူဌေး”

ဘာလို့ သူ့ကို ဒုတိယသခင်လို့ ခေါ်ရမှာလဲ။

နီဝမ့်ကျွင်းသည် ခေါင်းဆောင်သူဌေးဖြစ်ရာ သခင်ကြီးဖြစ်၏။ သို့ဖြစ်၍ ချန်ကျဲ့သည် အလိုအလျောက်ပင် ဒုတိယသခင်ဖြစ်၏။ ထို့ကြောင့် ချန်ကျဲ့ကို ဒုတိယသခင်ဟု သုံးနှုန်းခေါ်ဝေါ်ခြင်းမှာ ပြဿနာမရှိပေ။

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“မရီး ဒါက မသင့်တော်ပါဘူး”

“မင်းထိုင်နေ။ မင်းက ငါ့ကို မရီးလို့တောင် ခေါ်နေပြီးမှတော့ မရီးက မင်းကို သေချာပေါက် ကူညီရမှာပဲ။ မင်းရဲ့အစ်ကိုကြီးက ထွက်ပြေးတိမ်းရှောင်နေရတော့ မင်းကို ကူညီစောင့်ရှောက်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။ ဒါပေမဲ့ အခု မရီး ရှိနေပြီ။ မင်း မစိုးရိမ်နဲ့။ ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး”

ထိုအခါ ချန်ကျဲ့မှ ချက်ချင်း ပြန်ပြောသည်။

“ကျေးဇူးတင်ပါတယ် မရီး”

“ဒါပေမဲ့ မရီး၊ မရီးအနေနဲ့ အရမ်းကြီး အားစိုက်ထုတ်ပေးဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့ကို မနက်ဖြန်မနက်အထိ ဒီမှာ ပုန်းခိုခွင့်ပေးရင်ပဲ ရပါပြီ”

“ပုန်းမယ်? ဘာကို ပုန်းမှာလဲ”

“အဲဒီဖုန်းစန်းက ဘာကောင်မှ မဟုတ်ဘူး။ ငါ့မောင်တစ်ယောက်က ဘယ်လိုလုပ်ပြီး သူ့ဆီကနေ ပုန်းအောင်းနေရမှာလဲ။ မင်း ဘာမှမစိုးရိမ်နဲ့။ မရီး ဒီမှာ‌ရှိနေတယ်။ မင်းတို့ ကိုယ့်ဘာကိုယ် ကောင်းကောင်းစားသောက်နေကြပါ”

တတိယသခင်မလေးဟွားမှ ပြောသည်။

ထို့နောက် မကြာမီ၌ အပြင်ဘက်မှ မီးတုတ်ကိုင်ဆောင်သော လူတန်းရှည်ကြီးနှင့်အတူ ဆူညံပွက်လောရိုက်သံများကို ကြားလာရသည်။

သို့ဖြင့် အလုပ်သမားတစ်စုသည် ပြတင်းပေါက်အနီးသို့ကပ်၍ အပြင်သို့ ချောင်းမြောင်းကြည့်ရှုရာ ဓားလက်နက်ကိုင်ဆောင်သော လူ၇၀၊၈၀ခန့်သည် ရွှေရောင်တစ်ဖက်သွားဓားရှည်ကို ကိုင်‌ဆောင်သည့် ရက်စက်ကြမ်းကြုတ်သည့် အသွင်အပြင်ရှိသော အမျိုးသားတစ်ဦး၏ ဦးဆောင်မှုနောက်မှ လိုက်ပါလာနေသည့်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

၎င်းရွှေဓားသည် ရွှေချည်းသက်သက်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။

ရွှေသည် အလွန်ပျော့ပျောင်းသောကြောင့် ဓားသွန်းလုပ်ခြင်းငှာ မသင့်တော်ပေ။ ထို့ပြင် ထိုကဲ့သို့သော ရွှေဓားကို သွန်းလုပ်ပါက ရွှေစင်အမြောက်အများ ကုန်ကျမည်ဖြစ်၏။

တကယ်တမ်းတွင် ရွှေဓားဟု ညွှန်းဆိုရသည့် အကြောင်းအရင်းများမှာ ရွှေချထားရှိခြင်း၊ သို့မဟုတ် ရွှေဖြင့် မွမ်းမံစီခြယ်ထားခြင်း၊ ဓားတစ်ချောင်းလုံးတွင် ရွှေတစ်ခုမျှဖြင့် အလှဆင်သွန်းလုပ်ထားခြင်း စသည်တို့ ဖြစ်နိုင်သည်။

ထိုရွှေဓားကို ကိုင်ဆောင်ထားသည့် အမျိုးသားမှာ ဖုန်းစန်းဖြစ်သည်။

“သူဌေး လူတွေရောက်လာပါပြီ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“မရီး မီးငြှိမ်းလိုက်ရအောင်။ သူတို့ရဲ့အာရုံကို မဆွဲဆောင်မိစေနဲ့”

တတိယသခင်မလေးဟွားမှ ပြန်ပြောသည်။

“မီးငြှိမ်းမယ်တဲ့လား။ အဲဒါဆို ငါတို့ စားသောက်နေတာ ဘယ်လိုမြင်နိုင်တော့မလဲ”

“ရှောင်လျို့”

“သူဌေး”

“ငါ့ရဲ့တံဆိပ်ပြားကို ယူသွားပြီး သူ့ကို ထွက်သွားဖို့ပြောလိုက်!”

ထိုအခါ ရှောင်လျို့သည် ချက်ချင်း ပြန်လည်တုံ့ပြန်၍ တံခါးကို တွန်းဖွင့်ထွက်ခွာသွားပြီး အပြင်ဘက်ရှိ ရွှေဓားကိုင်ဆောင်သူ ဖုန်းစန်းနှင့် လူတစ်အုပ်၏ အာရုံကို ဆွဲဆောင်လိုက်သည်။

“လူကြီးမင်းတို့က ညသန်းခေါင်ကြီးမှာ ဘယ်ကိုသွားကြမလို့လဲဗျ”

ရှောင်လျို့မှ မေးလိုက်သည်။ ရှောင်လျို့၏အမေးစကားကို သူဖုန်းစားဂိုဏ်းသားများမှ ဒေါသတကြီး တုံ့ပြန်လာ၏။

“ငါတို့ ဘယ်သွားသွား မင်းနဲ့ဘာဆိုင်လို့တုန်းကွ ကောင်စုတ်လေး!”

သူတို့၏တုံ့ပြန်မှုကြောင့် ရှောင်လျို့မှ မျက်မှောင်ကြုတ်သွား၏။

“ရွှေဓားကိုင်ဆောင်သူ သခင်သုံးက လက်အောက်ငယ်သားတွေကို ဒီလိုပဲ စံမံထိန်းသိမ်းတာလားဗျ”

ထိုအခါ ဖုန်းစန်း မျက်မှောင်ကြုတ်သွားသည်။

“မင်းမှာ ဘာများ အကြံဥာဏ်ပေးစရာရှိလို့လဲ”

ရှောင်လျို့မှ ပြောသည်။

“ကျွ‌န်တော့်ရဲ့သခင်က သခင်သုံးကို လက်အောက်ငယ်သားတွေကို ပြန်ခေါ်သွားပြီး ပြဿနာတွေကနေ ရှောင်ကြဉ်ဖို့ အကြံပေးလိုက်ပါတယ်။

“မင်းရဲ့သခင်?”

ဖုန်းစန်းသည် မျက်မှောင်ကြုတ်ထား၏။ ရှောင်လျို့၏လက်များ ဆတ်ခနဲ လှုပ်ရှားသွား၏။

ရုတ်တရက် ငွေရောင်အလင်းတစ်စ ပျံထွက်လာခဲ့ရာ ဖုန်းစန်းမှ ၎င်းငွေစကို ဖမ်းယူလိုက်သည်။ ၎င်းသည် မျက်နှာပြင်ထက်တွင် “ဆီ”ဟု ရေးထွင်းထားသည့် ငွေစင်တံဆိပ်ပြားတစ်ခု ဖြစ်သည်။

“မှောင်ခိုဈေးကွက်ရဲ့သူဌေး ဆီကုန်သည်လား”

ဖုန်းစန်း မျက်လုံးအိမ်တို့ မှေးကျဉ်းသွား၏။

ဆီကုန်သည်က ဒီကိစ္စနဲ့ ဘယ်လိုပတ်သက်နေလို့လဲ။

သို့သော် ယနေ့အဖြစ်အပျက်မှာ မည်သူမည်ဝါဖြစ်စေ သူ၏ညီဖြစ်သူကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သောကြောင့် ဖုန်းစန်းသည်လည်း ဒီတိုင်း လွှတ်မပေးလိုက်နိုင်ပေ။ ထိုသို့အတွေးဖြင့် ဖုန်းစန်းမှ ပြောသည်။

“ဆီကုန်သည်လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ညီအစ်ကိုဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ ရန်ငြိုးအတွက် ကျွန်တော် လူသတ်သမားနဲ့ ကောင်းကင်တစ်ခုတည်းအောက်မှာ မရှင်သန်နိုင်ပါဘူး။ ဒီနေ့ ချန်မိသားစုကို ဥပမာအဖြစ်ပြသပြီး ချန်ကျိုစစ်ကို သုတ်သင်ရပါမယ်။ အဲဒါကြောင့် ဆီကုန်သည်လူကြီးမင်း‌အနေနဲ့ ကြားမဝင်ဖို့ တောင်းဆိုလိုပါတယ်”

ထိုစကားအဆုံး၌ သူတို့၏ရှေ့ရှိ တို့ဟူးဆိုင်ထဲမှ အေးစက်စက် နှာမှုတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟမ့်! မင်းကိုယ်မင်း ငါတို့ကျိုစစ်ကို သတ်ဖို့ ထိုက်တန်တယ်ထင်သလား”

“အရမ်းတွေ သေချင်စိတ်စောမနေနဲ့၊ ထွက်သွားစမ်း!”

ဖုန်းစန်းမှာ မျက်ခုံးတို့ ရုတ်ချည်း တွန့်ချိုးသွားရကာ ပြတင်းပေါက်အား စူးစိုက်ကြည့်နေခဲ့သည်။

အသံက မိန်းကလေးသံပဲ။ ဆီကုန်သည်က အမျိုးသမီးလား။

ဒါက ချန်ကျိုစစ် စီစဉ်ထားတဲ့ ထောင်ချောက်တစ်ခုဖြစ်နေမလား။

ဖုန်းစန်းသည် ထိုသို့တွေးတော၍ အေးစက်စွာ ပြောသည်။

“ဟမ့် ကျုပ် ဖုန်းစစ်က ပြဿနာမရှာသလို ကြောက်လည်း မကြောက်တတ်ဘူး။ ကျုပ်တို့ သိုင်းလောကသားတွေက ရန်ငြိုးချေဖျက်ခြင်းကို တန်ဖိုးထားကြတယ်။ ချန်ကျိုစစ်က ကျုပ်ရဲ့ညီကို သတ်ခဲ့တယ်။ အဲ‌ဒါကြောင့် ကျုပ် သူ့ကို ပြန်သတ်မယ်။ ဘယ်သူမှ ကျုပ်ကို တားလို့မရနိုင်ဘူး!”

“ဟားဟား တကယ်လား”

“ဘယ်သူမှ ကျုပ်ကို ဟန့်တားလို့မရနိုင်ဘူးတဲ့လား? သူဖုန်းစားဂိုဏ်းရဲ့ သူဖုန်းစားအိုကြီးတောင်မှ ငါ့ရှေ့မှာ ဒီလိုကြမ်းကြမ်းတမ်းတမ်း မပြောရဲလောက်ဘူး။ မင်းက တကယ်သတ္တိရှိသားပဲ”

ဖုန်းစန်းမှ ပြောသည်။

“ကျုပ် ဖုန်းစန်းက ဘယ်တုန်းကမှ သတ္တိမနည်းခဲ့ဖူးဘူး!”

All Chapters