← Chapters

ငါ့ညီ‌နောင်ကို သတ်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ အသတ်ခံရမယ်!

Vol. 18 Ch. 248

ငါ့ညီ‌နောင်ကို သတ်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ အသတ်ခံရမယ်!

Vol. 18 Ch. 248

ခြံဝင်းကြီးထဲမှ အလောင်းများ တစ်လောင်းပြီးတစ်လောင်း သယ်ဆောင်သွားနေသည်။

အလောင်းသယ်ထုတ်နေသည့် ငါးဖမ်းကုန်သည်အဖွဲ့သားများ၏ မျက်နှာအမူအရာတို့မှာလည်း ဝမ်းနည်းပူဆွေးနေကြ၏။

အလောင်းထမ်းစင်ပေါ်ရှိ အဖြူရောင်ပိတ်စ ဖုံးလွှမ်းအပ်သော ခန္ဓာကိုယ်ထက်တွင် သူတို့၏ နောက်ဆုံးသော ဂုဏ်သိက္ခာတစ်စ လဲလျောင်းအပ်၏။

မနေ့ကပင် သူတို့အားလုံးသည် အတူတူစားသောက်နေခဲ့ကြသေးပြီး သခင်၅၏ ညီမဖြစ်သူ ပျောက်ဆုံးသွားသည်ဟု ကြားသောအခါ အသီးအရွက်ဈေးကြီးတစ်ခုလုံးသည် ကူညီရှာဖွေပေးခဲ့ကြသည်။ အချို့သည် ဖုန်းစစ်တို့ကို ရင်ဆိုင်ရန်အတွက် ချန်ကျဲ့နှင့်အတူ လိုက်ပါခဲ့သေး၏။

ယခုတွင်တော့ သူတို့သည် အလောင်းများအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

သူတို့တွင်လည်း ဇနီးမယားနှင့် သားသမီးများရှိသည်၊ မိသားစုနှင့် သူတို့အပေါ် မှီခိုနေသူများ ရှိသည်။ သို့သော် ဤသည်မှာ သေခြင်းရှင်ခြင်းဟူသည် တခဏမျှသော အခိုက်အတန့်လေးဖြစ်နိုင်သည့် သိုင်းလောက၏ပုံစံဖြစ်ပေသည်။

ချန်ကျဲ့၏စိတ်အခြေအနေမှာ မှိုင်းညို့နေသည်။ တကယ်ကြီး တွေးကြည့်ရမယ်ဆိုရင် သူ့ကြောင့် သေဆုံးသွားရသည်ဟု ဆိုနိုင်ပေသည်။

ချန်ကျဲ့၏အမှား မဟုတ်သည့်တိုင် အရင်းအမြစ်သို့ ပြန်ကြည့်လိုက်သော် သူတို့ကို သေမင်းဆီသို့ ဦးတည်စေခဲ့သူမှာ သူဖြစ်ပေသည်။

တန်းကွမ်းမင်သည် အနားလျှောက်လာပြီး ချန်ကျဲ့၏ပခုံးကိုပုတ်၍ ပြောသည်။

“ညီငယ်၅ ကျော်လွှားနိုင်ဖို့ပဲ ကြိုးစားပါ။ ဖုန်းစန်းက အရူးအနှမ်းကောင်ပဲ။ မဟုတ်ရင် ဘယ်သူကများ ငါတို့ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ကို ရုတ်တရက် တိုက်ခိုက်ရဲမှာတဲ့လဲ”

“ဒီကိစ္စကို အလွယ်တကူ လွှတ်ပေးလိုက်လို့ မဖြစ်ဘူး”

လုရုံလည်း ရောက်လာခဲ့၍ ချန်ကျဲ့မှ မေးမြန်းသည်။

“ကျွန်တော်တို့ ဘယ်အချိန်ကို လက်စားချေကြမလဲ”

တန်းကွမ်းမင်မှ ပြန်ပြောသည်။

“ငါတို့ ရှာဖွေနေပါပြီ။ အနောက်မြို့က သူဖုန်းစားဂိုဏ်းရဲ့ ဌာနချုပ်နေရာကို စစ်ဆေးဖို့လူလွှတ်ခဲ့ပေမဲ့ အခွံလွတ်ဖြစ်နေပြီ။ လက်စားချေဖို့က မလွယ်ကူမှာကို စိုးရိမ်မိတယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“လက်စားချေမယ့်အချိန်ကျရင် ကျွန်တော့်ကို ခေါ်လိုက်ပါ”

တန်းကွမ်းမင်မှ ခေါင်းညိတ်သည်။

ထို့နောက်တွင် ငါးဖမ်းကုန်သည်အဖွဲ့သားများစွာသည် ပြေးလွှားလျက် ရောက်လာကြ၏။

“သခင်၃၊ သခင်၄၊ သခင်၅.. ‌ခန်းမအရှင်သခင် ရောက်လာပါတယ်”

ထိုစကားအဆုံး၌ မှုန်မှိုင်းနေသည့် မျက်နှာအမူအရာဖြင့် ဖန်းရှစ်ကျုံးကို မြင်တွေ့လိုက်ရသည်။ ဖန်းရှစ်ကျုံး၏နောက်တွင် ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့လည်း အလျင်စလိုဖြင့် လိုက်ပါလာသည်။

ထို့နောက် တဒင်္ဂတွင် ကျိုးချူလည်း ရောက်လာသည်။

ထိုအခိုက်အတန့်၌ ကျားဖြူခန်းမ၏ အဆင့်အတန်းမြင့်ပုဂ္ဂိုလ်များ အားလုံးနီးပါး စုဝေးရောက်ရှိနေကြသည်။ ဖန်းရှစ်ကျုံးသည် နံရံထောင့်ရှိ သပ်ရပ်စွာ စီရီထားရှိသော ပိတ်ဖြူစအုပ် အလောင်းများအနီးသို့ တိုးကပ်သွားသည်။

ဖန်းရှစ်ကျုံးသည် ပိတ်ဖြူစကို အသာ မ,ယူ၍ အတွင်းထဲကို ကြည့်လိုက်သည်တွင် ချက်ချင်း လက်သီးဆုပ်လိုက်၏။ သူ၏မျက်နှာထက်ရှိ သွေးကြောများသည်လည်း ဖောင်းလာခဲ့ကာ နားထင်သွေးကြောများလည်း တဒိတ်ဒိတ် ခုန်လာသည်။ ထိန်းချုပ်မှုကင်းမဲ့လုနီးအထိ ဒေါသထွက်နေကြောင်း ထင်ရှားလှ၏။

“ဘယ်သူလုပ်တာလဲ”

ဖန်းရှစ်ကျုံး၏ အမေးကို ဘေးတွင်ရပ်နေသည့် ဖုန်းရွှမ်မှ ဖြေသည်။

“မွေးစားအဖေ နံရံပေါ်မှာ…”

ထိုအခါ ဖန်းရှစ်ကျုံး နံရံသို့ မော့ကြည့်လိုက်ရာ မျက်လုံးအစုံ၌ ကြမ်းကြုတ်ခက်ထန်မှုများ ဖြတ်ပြေးသွား၏။

“ဖုန်းစန်း!”

ထိုအမည်နှစ်လုံးကို ရေရွတ်ပြီးနောက် ဖန်းရှစ်ကျုံးမှ ချက်ချင်း ဟိန်းဟောက်ပြောဆို၏။

“ငါနဲ့ အထဲလိုက်ခဲ့”

ထိုအချိန်၌ ဖုန်းရွှမ်၊ ကျန်းချွမ်နှင့် ကျိုးချူတို့လည်း အခန်းထောင့်ရှိ အလောင်းများကို ကြည့်လိုက်ကြသည်။ သေချာစေ့စပ်စွာ စစ်ဆေးကြည့်ရှုပြီးနောက် ကျိုးချူမှ မျက်နှာသုန်မှုန်စွာဖြင့် ပြောလာသည်။

“ကျိုစစ် နှပ်ချေးထူလေး ဆုံးသွားပြီ”

“နှပ်ချေးထူလေး?”

ချန်ကျဲ့ အံ့အားသင့်သွား၏။ ကျိုးချူမှ ပြောသည်။

“အင်း မနေ့ညက မင်းနဲ့အတူ ခြံဝင်းထဲကို ရှေ့ဆုံးက အတူလိုက်ဝင်တဲ့ ကလေးလေ။ သူက ၁၇နှစ်ပဲ ရှိသေးတာ”

ကျိုးချူ၏ သတိပေးမှုကြောင့် ချန်ကျဲ့ ထိုကလေးကို မှတ်မိသွား၏။

ကျိုးချူမှ ဆက်ပြောသည်။

“သူ့မျက်လုံးတွေ ဖောက်ထုတ်ခံထားရတယ်၊ သူ့လျှာကို ဆွဲဖြတ်ခံထားရတယ်၊ သူက ခွေးတိရစ္ဆာန်ကောင်တွေရဲ့ အသားကို ကုတ်ခြစ်ဆွဲဖဲ့တာ ခံခဲ့ရတယ်။ သူ့ခန္ဓာကိုယ်မှာ ကောင်းတဲ့နေရာဆိုလို့ တစ်နေရာမှ မကျန်ရစ်ခဲ့ဘူး။ သူက ၁၇နှစ်ပဲ ရှိသေးတာလေ! အဲဒီသားရဲတိရစ္ဆာန်ကောင်တွေက!”

ထိုအခါ ချန်ကျဲ့သည် အံကိုတင်းတင်းကြိတ်လို့ လက်သီးတင်းတင်းဆုပ်ထားမိ၏။

“နှာချေးထူလေးနဲ့ ညီအစ်ကို၁၂ယောက်ရဲ့ ရန်ငြိုးကို– သေချာပေါက် လက်စားချေရမယ်။ ငါတို့ညီနောင်တွေကို သတ်တဲ့သူတွေကို သေချာပေါက် ပြန်သတ်ပစ်မယ်!”

ကျိုးချူမှ ပြန်ပြောသည်။

“ငါတို့ညီနောင်တွေကို သတ်တဲ့သူတွေကို သေချာပေါက် ပြန်သတ်ပစ်မယ်!”

ချန်ကျဲ့နှင့် ကျိုးချူတို့နှစ်ဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး လေးလံသော စိတ်နှလုံးများဖြင့် အခန်းထဲသို့ ဝင်လိုက်ကြသည်။

အခန်းထဲ၌ ဖန်းရှစ်ကျုံးသည် ဒေါသပြင်းပြနေသည့် မျက်နှာအမူအရာဖြင့် ထိုင်နေသည်။

“ထိုင်ကြ”

မွေးစားသား‌၆ဦးသည် အစဉ်လိုက် နေရာယူလိုက်ကြသည်။ ထို့နောက် ဖန်းရှစ်ကျုံးမှ ပြောသည်။

“ဒီနေ့အဖြစ်အပျက်က မင်းတို့အားလုံးမြင်တဲ့အတိုင်းပဲ ဖုန်းစန်းက ကျားဖြူခန်းမရဲ့လူတွေကို ဒီလိုမျိုးသတ်ဖြတ်ရဲတဲ့အထိ မျက်နှာပြောင်တိုက်ပြီး ရက်စက်ရမ်းကားလွန်းတယ် – ဒီကိစ္စကို ဘယ်လိုမှ လျစ်လျူရှုလို့ မဖြစ်နိုင်ဘူး”

ထိုအခါ မွေးစားသား၆ယောက်သည် ဖန်းရှစ်ကျုံးမှ အမိန့်တစ်ခုခု ချမှတ်ပေးတော့မည်ကို သိရှိသောကြောင့် တိတ်ဆိတ်နေကြ၏။

ထို့နောက် ဖန်းရှစ်ကျုံးမှ ပြောသည်။

“ငါ ခန်းမအရှင်သခင်ရဲ့ အမိန့်ကို ထုတ်ပြန်မယ်။ အခုကစပြီး ချက်ချင်း ကျားဖြူခန်းမအဖွဲ့သားအားလုံး သူဖုန်းစားဂိုဏ်းနဲ့ တိုက်ပွဲအတွက် အသင့်ပြင်ကြမယ်။ အရင်ဆုံး ငါတို့ပိုင်လမ်းမ၄ခုပေါ်မှာ တွေ့ရသမျှ သူဖုန်းစားဂိုဏ်းသားအားလုံးကို ဖမ်းဆီးရမယ်”

“ဒုတိယအနေနဲ့ ဖုန်းစန်းကို သိုင်းလောကသတ်ဖြတ်ရေးအမိန့် ထုတ်ပြန်မယ်။ ဖုန်းစန်းကို သတ်နိုင်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ၊ ကျားဖြူခန်းမကို ဖုန်းစန်းရဲ့ဦးခေါင်း ဆက်သနိုင်တဲ့ ဘယ်သူမဆို ငွေတုံးငါးထောင် ဆုချီးမြှင့်မယ်”

“ပြီးတော့ ဖုန်းရွှမ်၊ ကျန်းချွမ်၊ လုရုံ၊ တန်းကွမ်းမင်၊ မင်းတို့လေးယောက်က လက်ရွေးစင်တပည့်တွေကို ခေါ်ထားပြီး အချိန်မရွေး တိုက်ခိုက်နိုင်ဖို့ အသင့်ပြင်ထား”

“ကျိုစစ်၊ ကျိုးချူ မင်းတို့က လမ်းမကြီး၄ခုကို ကင်းလှည့်ဖို့အတွက် ယာယီတာဝန်ယူမယ်”

ခဏရပ်သွားပြီးနောက် ဖန်းရှစ်ကျုံးမှ ထပ်ပြောသည်။

“အားဖူ”

“ရှိပါတယ်”

“စာရွက်နဲ့ စုတ်တံ!”

ဦးလေးဖူသည် စာရွက်နှင့် စုတ်တံကို ကမ်းပေးသည်။ ဖန်းရှစ်ကျုံးမှလည်း ချက်ချင်း စာတစ်စောင်ရေးသည်။

ရေးပြီးနောက် ဖန်းရှစ်ကျုံးမှ ဖော်ပြသည်။

“သူဖုန်းစားအိုကြီးဆီကို လူတစ်ယောက်လွှတ်လိုက်။ ဖုန်းစန်းကို လက်လွှဲမပေးရင် ကျားဖြူခန်းမက သူဖုန်းစားဂိုဏ်းကို စစ်ကြေညာမယ်လို့ ပြောလိုက်ပါ။ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရမှုလို နောက်ဆက်တွဲအကျိုးဆက်တွေကို ခံယူရလိမ့်မယ်လို့!”

ဦးလေးဖူမှ ပြောသည်။

“ကျွန်တော် ကိုယ်တိုင်သွားပြီး သတင်းပါးလိုက်ပါမယ်”

“မဟုတ်ဘူး”

ဖန်းရှစ်ကျုံးမှ ခေါင်းခါ၏။

“တပည့်တစ်ယောက်ပဲ လွှတ်လိုက်။ သူဖုန်းစားဂိုဏ်းက ဂုဏ်သိက္ခာရှိတဲ့လူတစ်စု မဟုတ်ဘူး”

ထိုအခါ ဦးလေးဖူသည် ခေါင်းညိတ်လိုက်ပြီး သူဖုန်းစားဂိုဏ်းသို့ ချက်ချင်း လူတစ်ယောက် စေလွှတ်လိုက်သည်။ ဖန်းရှစ်ကျုံးမှ ပြောသည်။

“မင်းတို့လေးယောက် သူဖုန်းစားဂိုဏ်းရဲ့ ဌာနခွဲနေရာတွေကို လူတွေခေါ်သွားပြီး စောင့်ကြည့်နေ။ တစ်ခုခုလှုပ်ရှားမှုရှိခဲ့ရင် တိုက်ခိုက်မယ် မတိုက်ခိုက်ဘူးဆိုတာကို ငါပြန်ပြောပေးမယ်”

“ဟုတ်ကဲ့ပါ မွေးစားအဖေ”

ထိုစကားအဆုံး၌ ဖန်းရှစ်ကျုံး၏ မွေးစားသားလေးဦး–

“မျက်နှာရှစ်ပါးဗုဒ္ဓ ဖုန်းရွှမ်”၊ “သံမဏိမျက်နှာကျား ကျန်းချွမ်”၊ “ကြေးနီလက် လုရုံ”၊ “ဝတ်ရုံဖြူစာပေပညာရှင် တန်းကွမ်းမင်”-- သူတို့အားလုံးသည် သူဖုန်းစားဂိုဏ်း၏ အခြားဌာနခွဲနေရာများသို့ လက်ရွေးစင်တပည့်များနှင့်အတူ ထွက်ခွာသွားကြသည်။

ဖန်းရှစ်ကျုံး၏ မွေးစားသားလေးဦးစလုံးသည် အလွန်အင်အားကြီးမား၏။ ဖန်းရှစ်ကျုံးမှ သူတို့ကို လေ့ကျင့်ရန်အတွက် အသုံးပြုလေ့ရှိသည့် အရင်းအမြစ်များသည် အရေးပါအရာရောက်လေရာ တစ်ဦးချင်းစီတိုင်းမှာ သံမဏိအရိုးအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့ထဲတွင် အသန်မာ‌ဆုံးသူမှာ ကျန်းချွမ်နှင့် ဖုန်းရွှမ်တို့ကဲ့သို့ သံမဏိအရိုးအဆင့်တွင် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီးဖြစ်သူများဖြစ်ကြပြီး သူတို့၏အင်အားမှာ ထူးခြားပြောင်မြောက်လှပေသည်။

လွန်ခဲ့သည့်နှစ်ဝက်ခန့်က သံမဏိအရိုးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် တန်းကွမ်းမင်သည်လည်း အမှောင်စွမ်းအင်အဆင့်ဖြစ်၍ အတော်လေး အထင်ကြီးဖွယ်ကောင်းလှသည်။

ဤသို့မွေးစားသားလေးဦးကို အတူတကွ စေလွှတ်လိုက်သည်ဖြစ်ရာ ဤသည်မှာ ဖန်းရှစ်ကျုံး၏ ‌အမျက်ဒေါသအတွက် သက်သေအထောက်အထားဖြစ်ပေသည်။

…

သူဖုန်းစားဂိုဏ်း၊ ‌တောင်မြို့ ဌာနခွဲ။

ဤသည်မှာ အလှဆင်မွမ်းမံမှုများ စိုးစဉ်းမျှမရှိသော အလွန်ကြီးမားသည့် ခြံဝင်းကြီးတစ်ခုဖြစ်သော်ငြား ဥယျာဉ်ကြီးတစ်ခင်းတော့ စိုက်ပျိုးထားသည်။

ခြေဗလာဖြင့် အဝတ်စုတ်များ ဝတ်ဆင်ထားသည့် သူဖုန်းစားအိုကြီးသည် ဥယျာဉ်ကြီးထဲရှိ အပင်တစ်ပင်ချင်းစီတိုင်းကို မြေဩဇာနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ရေလောင်းပေးနေသည်။

ဥယျာဉ်၏အပြင်၌ လူနှစ်ဦးရပ်နေသည်။ တစ်ဦးသည် ပိုးထည်များ ဝတ်ဆင်ထားပြီး ရွှေဓားတစ်လက်ကို ကိုင်ဆောင်ထား၏။

All Chapters