ငါ့ညီနောင်ကို သတ်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ အသတ်ခံရမယ်!_၃
Vol. 18 Ch. 250
သူဖုန်းစားဂိုဏ်းတစ်ခုလုံးသည် ကြောက်ခမန်းလိလိသော တိုက်ခိုက်မှုကြီးကို စတင်တော့မည်ကဲ့သို့ နိမိတ်မကောင်းသော ခံစားချက်ကြီးကို ကျိုးဖန်း ခံစားမိလိုက်သည်။
ဤသို့အခြေအနေမျိုးကို သူသိသည်။ ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့တို့သည် မြောက်များစွာသော ဂိုဏ်းအဖွဲ့များစွာထဲမှ အဘယ်သို့ ထင်ရှားကျော်ကြားလာခဲ့သနည်း။ ရန်လိုမင်းထက်ပြုမူ၍ ပြဿနာပတ်ရှာခြင်းကဲ့သို့ နည်းလမ်းများကို အသုံးပြုခဲ့ခြင်းသာ မဟုတ်ပါလော။
ဤသို့ပြုမူဆောင်ရွက်ခြင်းကို သိုင်းလောကတစ်ခွင် အင်အားဖြင့် အာရုံဆွဲဆောင်တည်ဆောက်ခြင်းဟု ခေါ်၏။
အင်အားကို ထုတ်ဖော်ပြသမှသာ အလားတူ အကျိုးအမြတ်များကို ရရှိနိုင်ပေမည်။
ခေါင်းဆောင်ကြီးသည် မျန့်ရွှေစီရင်စု၏ တတိယမြောက် အကြီးဆုံးဂိုဏ်းကြီးဟူသည့် နေရာကို ရယူလိုခြင်းဖြစ်ကြောင်း ကျိုးဖန်း ခံစားမိလိုက်၏။
ကျားဖြူခန်းမ၏ သတင်းပို့သူကို ဝင်ခွင့်ပြုလိုက်ပြီးနောက်
မကြာမီတွင် ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ယောက် ဝင်ရောက်လာခဲ့ကာ သူဖုန်းစားအိုကြီးကို အရိုအသေပြု၍ ပြောသည်။
“လူကြီးမင်းကို ဂါရဝပြုပါတယ်!”
…
သူဖုန်းစားအိုကြီးသည် ထိုအဖွဲ့သားကို ကြည့်လိုက်ပြီး မေးမြန်းသည်။
“ဖန်းရှစ်ကျုံးက ဘာဖြစ်စေချင်တာတဲ့လဲ”
ထိုအခါ ငါးဖမ်းကုန်သည်အဖွဲ့သားသည် ရင်ဘတ်အတွင်းထဲမှ စာတစ်စောင်ကို ထုတ်လိုက်သည်။
“ကျွန်တော်က စာပေးပို့ဖို့ ရောက်လာခဲ့တာပါ”
သူဖုန်းစားကြီးသည် စာကို လက်ကမ်းယူရင်း ပြော၏
“ဒီကိုပေးပါဦး”
သူဖုန်းစားအိုကြီးသည် စာကို လျင်မြန်စွာ ယူလိုက်ပြီးနောက် မျက်နှာအမူအရာကင်းမဲ့စွာဖြင့် အစမှ အဆုံးထိ ဖတ်သည်။ ထို့နောက် စာကို ပြန်ခေါက်လိုက်ပြီး ပြော၏။
“အင်း ဒီစာထဲမှာပါတဲ့ ကိစ္စတွေကို ငါသတိထားမိပါတယ်။ မင်းတို့ ခန်းမအရှင်သခင်ဖန်းကို ပြောလိုက်ပါ။ ငါ့ဘက်က စိတ်ကျေနပ်စေမယ့်အဖြေတစ်ခု ပေးပါ့မယ်လို့”
ငါးဖမ်းကုန်သည်အဖွဲ့သားမှ အရိုအသေပြုလိုက်ပြီး ပြောသည်။
“ဟုတ်ကဲ့ပါ”
ထို့နောက် ငါးဖမ်းကုန်သည်အဖွဲ့သားလည်း ပြန်ထွက်သွားခဲ့သည်။ သူဖုန်းစားအိုကြီးသည် စာကို နောက်တစ်ကြိမ်ပြန်ဖတ်ရင်း မျက်နှာအမူအရာသည် တဖြည်းဖြည်း အေးစက်လာ၏။
သို့ဖြင့် ကျိုးဖန်းမှ မေးလိုက်သည်။
“ခေါင်းဆောင်ကြီး၊ ဖန်းရှစ်ကျုံးက ဘာပြောလဲ”
သူဖုန်းစားအိုကြီးသည် ရယ်မောလျက် ပြောလာသည်။
“ဟားဟား ကိစ္စတွေကိုဖြေရှင်းဖို့အတွက် ငါတို့ဘက်က ဖုန်းစန်းကို လက်လွှဲမပေးဘူးဆိုရင် သူတို့က သူဖုန်းစားဂိုဏ်းနဲ့ စစ်ကြေညာမယ်တဲ့လေ”
ကျိုးဖန်း မျက်မှောင်ကြုတ်သွား၏။
“ခေါင်းဆောင်ကြီး ခုနက သူ့ကို စိတ်ကျေနပ်စေမယ့်အဖြေ ပေးပါ့မယ်လို့ ပြောလိုက်တုန်းက တကယ်တော့ ဖုန်းစန်းကို ဖန်းရှစ်ကျုံးဆီ လက်လွှဲပေးဖို့ အတွေးမရှိဘူးမလား”
“ဖုန်းစန်းကို လက်လွှဲပေးရမယ်တဲ့လား? ဟားဟားဟား…”
သူဖုန်းစားအိုကြီးသည် အားရပါးရ ရယ်မောတော့သည်။
“ဖုန်းစန်းက ရွှေဓားအစောင့်အရှောက်ရဲ့ တပည့်ပဲ။ သူ့ကို လက်လွှဲပေးလိုက်ရင် အထက်ကို ငါဘယ်လိုရှင်းပြရမလဲ။ ပြီးတော့လည်း ဖုန်းစန်းက ဘာအမှားမှ ကျူးလွန်မထားဘူးလေ။ ငါးဖမ်းကုန်သည်အဖွဲ့သား နည်းနည်းလောက်ကို သတ်ခဲ့ရုံလေးပဲကို”
“အဲဒါဆို ခေါင်းဆောင်ကြီး စိတ်ကျေနပ်စေမယ့်အဖြေကရော?”
သူဖုန်းစားအိုကြီးမှ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ဖန်းရှစ်ကျုံးက စိတ်ရှည်တဲ့သူ မဟုတ်ဘူး။ ငါတို့ သူပြောတဲ့အတိုင်း သဘောမတူရင် သူ သေချာပေါက် စစ်ကြေညာလိမ့်မယ်။ တိုက်ပွဲဖြစ်မှာကို ငါမကြောက်ဘူး၊ ဒါပေမဲ့ အခြေအနေက အရမ်း ရုတ်တရက်ဆန်လွန်းနေတယ်။ တခြား ဌာနခွဲတွေက အခုအချိန်မှာ မပြင်ဆင်ထားရသေးဘူး။ သူတို့ ပြင်ဆင်နိုင်ဖို့အတွက် ငါ အချိန်ဆွဲဖို့လိုအပ်တယ်လေ။ အဲဒါကြောင့် အရင်ဆုံး ဖန်းရှစ်ကျုံးကို စိတ်အေးဆေးအောင်လို့ ပြောလိုက်တာ”
“အခုချက်ချင်း တခြားဌာနခွဲတွေကို အကြောင်းကြားလိုက်။ ဂိုဏ်းသားအားလုံး နေရာမှာ ချက်ချင်းစုဝေးပြီး တိုက်ပွဲအတွက် ပြင်ဆင်ကြမယ်!”
ထိုစကားတွင် ကျိုးဖန်း၏ မျက်ခုံးများ ဆတ်ခနဲ လှုပ်ရှားသွားရသည်။
“ခေါင်းဆောင်ကြီး ကျွန်တော်တို့ တကယ်ကြီး တိုက်ပွဲဖြစ်ကြတော့မှာလား”
သူဖုန်းစားအိုကြီးမှ ပြောသည်။
“ငါတို့ မတိုက်ခိုက်ရင် ငါတို့သူဖုန်းစားဂိုဏ်းက မျန့်ရွှေစီရင်စုမှာ ဘယ်တော့မှ ထပ်ပြီး မားမားမတ်မတ် ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး!”
ထိုအခါ ကျိုးဖန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်ရသည်။
“ဟုတ်ကဲ့ပါ”
ငါးဖမ်းကုန်သည်အဖွဲ့သားသည် အနောက်မြို့သို့ အမြန်ပြန်လာပြီး ဖန်းရှစ်ကျုံးအား အခြေအနေကို တင်ပြသည်။ တင်ပြချက်ကို နားထောင်ပြီးနောက် ဖန်းရှစ်ကျုံးသည် အေးစက်စက် လှောင်ရယ်၏။
“စိတ်ကျေနပ်မယ့်အဖြေတဲ့လား ဟက်။ ဖုန်းရွှမ်နဲ့ တခြားသူတွေကို အကြောင်းကြားလိုက်။ လှုပ်ရှားဖို့ အချိန်ကျပြီလို့!”
ထိုအခါ ဖန့်ဖူမှ ပြောသည်။
“ခန်းမအရှင်သခင်၊ ဒီလိုက အရမ်းကြီး အလျင်စလို ဖြစ်နေမလား။ သူဖုန်းစားအိုကြီးကလည်း ကျွန်တော်တို့ကို စိတ်ကျေနပ်စေမယ့်အဖြေ ပေးပါ့မယ်လို့ ပြောလိုက်တယ် မဟုတ်လား”
ထိုအခါ ဖန်းရှစ်ကျုံးမှ ပြောသည်။
“စိတ်ကျေနပ်စေမယ်? ဟားဟား လူကို လက်လွှဲမပေးလိုက်ဘူးဆိုကတည်းက တောင်းဆိုချက်ကို မလိုက်လျောချင်ဘူးလို့ ဆိုလိုပြီးသားပဲ။ အလဟသ စကားတွေနဲ့ အချိန်ဖြုန်းနေဖို့ မလိုတော့ဘူး။ သတ်ပစ်! လူကို လက်လွှဲမပေးခင်အထိ ဆက်တိုက် သတ်ပစ်!”
“ဟုတ်ကဲ့!”
…
စစ်ပွဲဟူသည် အမြဲ မမျှော်လင့်ဘဲ ဖြစ်ပွားတတ်သည်ဖြစ်၏။
စစ်ပွဲသည် အလွန်လျင်မြန်စွာ စတင်ခဲ့သည်။
တစ်နေ့တွင် ကြိုတင်အသိပေးမှု တစ်ချက်တလေမျှ မရှိပါဘဲ မျန့်ရွှေစီရင်စုတစ်ခွင်ရှိ အမျိုးမျိုးသော သူဖုန်းစားဂိုဏ်းခွဲများတွင် သွေးချောင်းစီးသော တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့လေသည်။
အချိန်တစ်ခုကြာပြီးနောက်၌ ၎င်းတိုက်ပွဲသည် မျန့်ရွှေစီရင်စု၏ အထင်ကရပုဂ္ဂိုလ်ကြီးများကို နှိုးဆော်သွားခဲ့သည်။
ငါးဖမ်းကုန်သည်အဖွဲ့ :
“ချန်ကျိုစစ်”
“အို ဟုတ်သား တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ”
“ဒီလိုပါ…”
အသေးစိတ်ကို နားထောင်ပြီးနောက် နန်ပါးထျန်းမှ ပြောသည်။
“အင်း မထူးဆန်းတော့ပါဘူး။ လက်စသတ်တော့ သူ့ရဲ့ကျားဖြူခန်းမအဖွဲ့သားတွေ ပါဝင်နေလို့ ငါ့ရဲ့အစ်ကိုကြီးက အရမ်း ဒေါသထွက်သွားတာပဲ”
“ခေါင်းဆောင် ကျွန်တော်တို့ ကျားဖြူခန်းမကို ကူညီပေးရဦးမလား”
“အခုတော့ မလိုသေးဘူး၊ ဒီတိုင်း ပွဲစောင့်ကြည့်နှင့်ကြတာပေါ့”
ထန်ဇီယွဲ့မှ ပြောသည်။
“ဟုတ်ကဲ့”
သူတို့နှစ်ဦး စကားပြောနေစဉ် အစေခံမလေးတစ်ဦးမှ အပြေးဝင်ရောက်လာသည်။
“သခင်ကြီး”
အစေခံမလေး၏ လေးစားမှုမဲ့သော အပြုအမူကြောင့် နန်ပါးထျန်းမှ အမိန့်ပေး၏။
“တစ်ယောက်ယောက် လာခဲ့စမ်း၊ ဒီစွမ်းဆောင်ရည်ညံ့ဖျင်းလွန်းတဲ့ အစေခံကို ကွပ်မျက်ပစ်လိုက်စမ်း!”
“ခဏနေပါဦး”
ထိုစဉ် အခန်းထဲမှ နူးညံ့သည့် အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအခါ နန်ပါးထျန်းသည် ရုတ်ချည်း လက်မြှောက်အချက်ပြ၍ ပြော၏။
“နေဦး!”