← Chapters

အထွတ်အထိပ်အဆင့် သိုင်းသမားတွေကို ဘယ်တော့မှ မစော်ကားနဲ့

Vol. 2 Ch. 155

အထွတ်အထိပ်အဆင့် သိုင်းသမားတွေကို ဘယ်တော့မှ မစော်ကားနဲ့

Vol. 2 Ch. 155

ချန်းဖန်၏စကားက လူတိုင်း၏ မျက်နှာ အမူအရာများအား မယုံကြည်နိုင်ဖွယ် အမူအရာများ ဖြစ်သွားစေသည်။

“တပ်ကြပ်ခေါင်းဆောင်  ...” ဟော်တုန်းလိုင်ကား ချွေးများပင် စို့လာသည်။ အခြေအနေမှာ ထိန်းချုပ်မရသော အဆင့်သို့အထိ ရောက်လာမည်ဟု သူမထင်ထားပေ။ သို့သော်လည်း အမှားပြုလုပ်သူများမှာ သူ၏ဂိုဏ်းတူ တူလေးနှင့် သူ၏ဆရာဦးလေးများဖြစ်ကြသည်။

ချန်းဖန်ကို မည်သူဟု သူတို့က တွေးထင်ကြသနည်း။ ချန်းဖန်ကား ထန်လုံအဖွဲ့၏ တပ်ကြပ်ခေါင်းဆောင် တာဝန်ယူရန် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ ကိုယ်တိုင် ဖိတ်ကြားထားသူ ဖြစ်သည်။ သူကား အထွတ်အထိပ် အဆင့်သိုင်းသမားများ ကဲ့သို့ စွမ်းအားကြီး၏။

“တပ်ကြပ်ခေါင်းဆောင်ချန်း  ... ခင်ဗျားက ကျုပ်တို့အကြား ရန်ငြိုးဖွဲ့ဖို့ ကြိုးစားနေတာလား” မုရှမ်းက မျက်မှောင်ကြုတ်ကာ မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်သည်။

“ကျုပ်က ဟုတ်တယ်ပြောရင်ရော  ...” ချန်းဖန်ကား ထူးမခြားနားသော လေသံဖြင့် ပြောသည်။

“ခင်ဗျားက အတင်းတွန်းအား ပေးနေမှတော့ ကျုပ်က လက်အိတ်ချွတ် ရတာပေါ့” မုရှမ်းက သူ၏လက်များအား ဆုပ်ကာ အနည်းငယ် ဦးညွှတ်သည်။ သူက ချန်းဖန်အား အထူးတလည် လေးစားမှုအား ပြသခြင်းဖြစ်သည်။

ပါးကျီဂိုဏ်းမှ လူများအားလုံးမှာ သုန်မှုန်နေကြသည်။

မုရှမ်း၏ ဦးညွှတ်ဟန်ကား သိုင်းသမားများသာ သိသော အမှတ်သညာဖြစ်သည်။ ဆိုလိုသည်ကား တိုက်ပွဲအဆုံးသတ်၌ လူတစ်ယောက်တည်းသာ အသက်ရှင်ရမည်။ သိုင်းသမားများကား သူတို့၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သော တိုက်ပွဲများတွင်သာ ဤသို့သော၊ ပြင်းထန်သော ဆုံးဖြတ်ချက်များအား ပြုလုပ်လေ့ရှိကြသည်။

မုရှမ်း၏ခိုင်မာသော ဆုံးဖြတ်ချက်အား မြင်လျှင် တပ်ကြပ်ကုသည် တိတ်ဆိတ်နေမိ၏။ မုရှမ်း၏ ဦးညွှတ်မှုမှာ သူ့အား ရပ်တန့်ရန် ကြိုးစားသူများ အားလည်း တားဆီးခြင်း တစ်မျိုးဖြစ်သည်။

ထိုအခြေအနေ ကိုမြင်လျှင် အဘိုးအိုမှာ စိတ်ပျက်ဟန် မရသည့်အပြင် အားရသောဟန်ဖြင့် လက်နှစ်ဖက်အား ဆုပ်ကာ ပြောသည်  ... “ကောင်းတယ်  ... ပါးကျီဂိုဏ်းရဲ့ စိတ်ဓာတ်ကို ပြလိုက်  ...”

အဘိုးအို၏ စကားကိုကြားလျှင် တပ်ကြပ်များမှာ ခေါင်းယမ်းမိကြသည်။ အဘိုးအိုကား ခေတ်သစ်တွင် ခေတ်ဟောင်း အတွေးအခေါ်များနှင့် နေထိုင်သူ ဖြစ်နေသည်။ ပါးကျီဂိုဏ်း ဆုတ်ယုတ်သွားခြင်းမှာ မထူးဆန်းတော့။

“ကောင်းပြီ  ... လုပ်ကြရအောင်  ...” ချန်းဖန်က ထူးမခြားနားစွာ ပြောသည်။ မုရှမ်းအား တိုက်ခိုက်သည်မှာ သူ့အတွက် အချိန်ဖြုန်းခြင်း ဟူသော အမူအရာဖြစ်သည်။

သူက ပြိုင်ဘက်အား ကြီးမားသော လေးစားမှုအား ပြသကာ ဦးညွှတ် ခဲ့သော်လည်း သူပြန်ရသည်ကား ထီမထင်သော ဟန်ပင်ဖြစ်နေသည်။

ရုတ်တရက် သူက မြေပြင်အား ဆောင့်နင်းကာ အော်လိုက်သည်  ...

“ယား  ...”

မုရှမ်း၏ လှုပ်ရှားဟန်မှာ ကောင်းပိုင်ရှင်းနှင့် အတူတူဖြစ်သော်လည်း အင်အားမှာ ပိုမိုပြင်းထန်ပေသည်။

အင်အားတစ်ခု သူ့ခြေထောက်တွင် လာရောက်စုစည်းလျှင် ကွန်ကရစ် ကြမ်းပြင်မှာ တစ်ဖန် အက်ကွဲပွင့်ထွက် သွားပြန်သည်။ မြေပြင်အား အရှိန်ယူကာ ရှေ့သို့ တစ်ဟုန်ထိုးလှမ်းလျက် လက်ဝါးဖြင့် ရိုက်လိုက်၏၊။

မြေပြင်မှ အက်ကွဲ ပွင့်ထွက်လာသော ကွန်ကရစ် အပိုင်းအစများပင် ချန်းဖန်ထံသို့ လွင့်လာခဲ့သည်။ ထိုအပိုင်းအစများမှာ မုရှမ်း၏ အတွင်းအားများကြောင့် လွင့်စဉ်လာခြင်းဖြစ်ရာ အုတ်နံရံကိုပင် ဖောက်ထွင်းနိုင်သည်။

“သတိထား  ...”

ရေခဲမျက်နှာ ထိတ်လန့်သွားသည်။

မုရှမ်းကား ကောင်းပိုင်ရှင်းထက် အားကောင်းလွန်းနေသည်။

“ခေတ်သစ်လက်နက်တွေ မပါဘဲ ထန်လုံတစ်ဖွဲ့လုံး ပေါင်းတိုက်ရင်တောင်မှ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”

မုရှမ်း မည်မျှ အားကောင်းသည်ကို မြင်ကာ အားလုံးမှာ ပါးစပ်ဟနေကြသည်။ မုရှမ်းကား အတွင်းအား ကျင့်ကြံခြင်း၏ အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီးဖြစ်ကာ ကြီးမားသော ခွန်အားအား ပိုင်ဆိုင်သည်။ ဤသို့ဆိုလျှင် အထွတ်အထိပ် အဆင့်သိုင်းသမားများမှာ မည်မျှ အားကောင်းမည်နည်း။

ဗလကြီး၏ မျက်လုံးများက စူးရှနေပြီး မုရှမ်း၏ လှုပ်ရှားမှုများအား မမှိတ်မသုန် ကြည့်နေ၏။ သူကား လက်ကို ဓားရိုးထက်သို့ တင်ထားပြီး ရန်သူအား အချိန်မရွေး တိုက်ခိုက်နိုင်ရန် ဟန်ပြင်ထားသည်။

“ဝှီး  ... ထန်း  ... ထန်း  ... ထန်း  ...”

ချန်းဖန် လက်ဝှေ့ယမ်းကာ ကွန်ကရစ် အပိုင်းအစများအား လမ်းကြောင်းများ ပြောင်းစေသည်။ သူ၏ချောမွတ်သော လက်မှာ စတီးများဖြင့် ပြုလုပ်ထားသည်ထက် မာနေ၏။ ကွန်ကရစ်စများမှာ သူ၏ အသားအရေပေါ်တွင် ခြစ်ရာမျှ မထင်။

ထိုစဉ် မုရှမ်းကား ချန်းဖန်ထံသို့ ပြေးဝင်လာနေခဲ့သည်။ ခြေလှမ်းတိုင်းတွင် မြေပြင်မှာ နိမ့်ပါးအက်ကွဲ သွားရပြီး အပိုင်းအစများမှာ အရပ်မျက်နှာမျိုးစုံသို့ လွင့်စဉ်ရ၏။ သူကား ရပ်တန့်မရနိုင်သော ယာဉ်တစ်စီး အလား ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာနေသည်။

အားလုံးမှာ ထိုစွမ်းအားကို ကြည့်ပြီး ကြောက်လန့်နေကြသည်။

“တပ်ကြပ်ခေါင်းဆောင်က ဘယ်လို ရင်ဆိုင်မလဲ မသိဘူး”

ချန်းဖန်ကား သူတို့၏စိတ်ထဲတွင် နတ်ဘုရားတစ်ပါး၏ တည်ရှိမှုမျိုး ဖြစ်သော်လည်း တကယ်တမ်း မုရှမ်း၏စွမ်းအားကို မြင်လျှင် တုန်လှုပ်ကြရသည်သာ။

“အဓိပ္ပာယ် မရှိတာ  ...။ တပ်ကြပ်ခေါင်းဆောင် တစ်ချက်ရိုက်ရင် အဲကောင် လကမ္ဘာသို့ လွင့်သွားလိမ့်မယ်” သံမဏိက ပြောသည်။

မုရှမ်းကား ချန်းဖန်အနီးသို့ မြန်ဆန်စွာရောက်လာသည်။ သူက လက်နှစ်ဖက်အား ကြက်ခြေခတ် ပုံစံပြုလုပ်ကာ ဝင်လာခြင်းဖြစ်သည်။ သူက ပစ်မှတ်အနီးသို့ ရောက်လာသည်နှင့် လက်နှစ်ဖက်လုံးအား ခေါင်းပေါ်သို့မြှောက်ကာ ကြက်ခြေခတ် သဏ္ဌာန်ဖြင့်ပင် ရိုက်ချလိုက်သည်။

ရိုက်ချက်ကား ကြီးမားသော ကျောက်ဆောင်ကို သေချာပေါက် ပြိုပျက် စေနိုင်ပေသည်။

တစ်ဖက်လူမှာ အထွတ်အထိပ် အဆင့်သိုင်းသမား မဟုတ်လျှင် သူ၏တိုက်ကွက်ကို မည်သူမှ ခုခံနိုင်မည် မဟုတ်ကြောင်း မုရှမ်း ကောင်းကောင်း ယုံကြည်ပေသည်။ ပါးကျီဂိုဏ်းကား ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် နာမည် ကျော်ကြားသည်။ ထို့အပြင် မုချန်းကား ခုခံခြင်း၌ အားမချန်ထားတော့ဘဲ ရှိရှိသမျှသော စွမ်းအားများအားလုံးကို ထိုရိုက်ချက်၌ ထည့်သွင်းထားခြင်း ဖြစ်၏။ သူ၏ရိုက်ချက်ကား အထွတ်အထိပ် အဆင့်သိုင်းသမား တစ်ယောက်နီးပါး အားကောင်းပေသည်။

“ခေါင်းဆောင်  ...”

ပါးကျီလက်သိုင်းမှ ဖြစ်ပေါ်လာသော တူရိုက်ဟန်ကား ချန်းဖန်ထံသို့ ကျဆင်းလာ လုနီးပါး ဖြစ်သော်လည်း ချန်းဖန်ကား တစ်လက်မမျှပင် နေရာမှ မရွေ့သေး။

ချန်းဖန်က ပြိုင်ဘက်၏ အကွက်တွင် မိန်းမောနေသည့် အလား  ...။

ထန်လုံအဖွဲ့မှ လူများမှာလည်း စိုးရိမ်မှုများ ဖြစ်ပေါ်လာကြကာ ပြိုင်တူပင် နာမည်ထုတ်ဖော်ကာ အော်ဟစ်သတိ ပေးရသည်အထိ  ...။

ဟော်တုန်းလိုင် မှာလည်း မျက်နှာပျက်သွားသည်။ မုရှမ်း၏ရိုက်ချက် မည်မျှအားကောင်းသည်ကို သူအသိဆုံး ဖြစ်သည်။ ထိုရိုက်ချက်သာ ချန်းဖန်၏ ခေါင်းပေါ်သို့ ကျသွားခဲ့ပါက ချန်းဖန်၏ ခေါင်းမှာ သံမဏိဖြင့် ပြုလုပ်ထားလျှင်ပင် အသက်ရှင်ရန် မလွယ်ပေ။

“ဟ  ...”

ရိုက်ချက်က ချန်းဖန်၏ ခေါင်းထက်သို့ ကျလုနီးတွင်ပင် သူက လမ်းကြောင်းကို ပြောင်းလိုက်ရာ ပခုံးပေါ်သို့သာ ကျဆင်းလာခဲ့သည်။

ဒိန်း  ...

အသံကား ကြီးမားသော တူတစ်လက်က ကြေးခေါင်းလောင်းပေါ်သို့ ထုရိုက်သံဖြစ်သည်။ မမြင်ရသော အသံလှိုင်းက ချန်းဖန်နှင့်မုရှမ်း တို့ထံမှ ရိုက်ခတ်လာခဲ့သည်။

အနီးမှ လူအတော်များများမှာ အသံလှိုင်းကြောင့် နောက်ကို ဆုတ်သွားရသည်။ ဗလကြီး၊ ယွဲ့ချန်ချိုးနှင့် သံမဏိတို့သာ မူလနေရာ၌ ရပ်နေကြသည်။ ပါးကျီဂိုဏ်း ဘက်၌ကား ကောင်းရှောင်းမန် တစ်ယောက်သာ ကောင်းကောင်းမရပ်နိုင်ဘဲ နောက်ဆုတ်ရသည်။ အဘိုးအိုက လက်ဆန့်တန်းကာ သူမအား ထောက်ကူပေးသည်။

“ဘာဖြစ်သွားတာလဲ  ...”

“ဆရာဦးလေး နိုင်သွားလား  ...”

“တပ်ကြပ်ခေါင်းဆောင်ကို နိုင်စေချင်တယ်  ...”

အားလုံးက လေ့ကျင့်ရေးကွင်း အလယ်သို့ စူးစိုက်ကြည့်နေကြသည်။

တိုက်ပွဲနေရာ၌ ဖုန်မှုန့်များဖြင့် ရစ်သိုင်းနေရာ မြင်ကွင်းရှင်းလင်းသွားရန် အတန်ကြာ စောင့်နေရပေသည်။ ထိုစဉ်မှာပင် အဘိုးအို၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ အတန်ကြာလျှင် သူ၏မျက်နှာက ပြာနှမ်းသွား၏။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ  ...”

“ဘာဖြစ်တာလဲ ဆရာဘိုးဘိုး  ...” ဟော်တုန်းလိုင်က မြန်ဆန်စွာ မေးသည်။

အဘိုးအို၏မျက်နှာ၌ အသက်ဓာတ်များ ဆုတ်ယုတ်သွားဟန်ရပြီး သုန်မှုန်တိတ်ဆိတ်နေသည်။

ဖုန်မှုန့်များ ကင်းစင်သွားပြီး နောက်ပိုင်း မြင်ကွင်းကြည်လင်လာသောအခါ မုရှမ်း၏လက်က ချန်းဖန်၏ပခုံးပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်ခဲ့သည်ကို မြင်ကြသည်။ သို့သော်လည်း ကောင်လေးကား ထိုအားကောင်းသော ရိုက်ချက်အောက်၌ ဘာမှ ဖြစ်ဟန်မရပေ။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ  ...”

မုရှမ်းက အထိတ်တလန့်ဖြင့် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်လျှင် လက်တစ်လျှောက် နာကျင်သော ခံစားချက်အား ရသည်။ သူကား သံမဏိတုံးကို ရိုက်နှက်ခဲ့ရသလို ခံစားချက်နှင့်အတူ တဆစ်ဆစ် နာကျင်မှုများက သူ့အရိုးများ အက်ကွဲသွားသည့် အနေအထား  ...။

သို့သော် ချန်းဖန်ကား ခြစ်ရာမျှပင် မထင် ကောင်းမွန်သော အခြေအနေ၌ ရှိနေသည်။

“လောကမှာ ဒီလို အားကောင်းတဲ့သူ ရှိလို့လား  ...” မုရှမ်းမှာ မျက်လုံးများ ပြူးကျယ်စွာ ပြောသည်။

ချန်းဖန်က သူ၏ပခုံးမှာ ဖုန်များအား ခါလိုက်ပြီး ခေါင်းယမ်းသည်။

“ခင်ဗျားက ကျုပ်ပြိုင်ဘက် မဟုတ်ဘူးလို့ ပြောပြီးပြီ”

မုရှမ်း၏ မျက်နှာမှာ စာရွက်တစ်ရွက်အလား ဖြူဆုတ်သွားသည်။ ချန်းဖန်၏စကားအား သူမငြင်းနိုင်ပေ။

အဘိုးအိုမှာလည်း ရင်ထဲ လှိုက်တက်လာသော၊ အားကောင်းသော ခံစားချက်အား ခံစားရသည်။ နောက်ဆုံးတွင် သူသည်လည်း သက်ပြင်းရှည် တစ်ချက်အား ချကာ လက်နှစ်ဖက်အား ဆုပ်ကိုင်လျက် ချန်းဖန်အား ဦးညွှတ်သည်။

“ကျုပ်က အထွတ်အထိပ် အဆင့်သိုင်းသမား တစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူး။ ကျုပ်က တကယ့် ပညာရှင်တစ်ယောက်ကို သတိမမူမိခဲ့တာပဲ”

ကောင်းရှောင်းမန်နှင့် တခြား ပါးကျီအဖွဲ့သား များမှာလည်း ချန်းဖန်ကို ထိတ်လန့်တကြား ကြည့်နေကြဆဲဖြစ်သည်။

ကောင်လေးမှာ သူမထက် ငယ်ရွယ်ဟန်ရသော်လည်း အထွတ်အထိပ် အဆင့်သိုင်းသမား တစ်ယောက်ကဲ့သို့ စွမ်းပေသည်။

တပ်ကြပ်ကုနှင့် တခြားလူများ မှာလည်း ပါးစပ်များ အဟောင်းသား  ...။

မှန်သည်  ... ချန်းဖန်ကား အထွတ်အထိပ် အဆင့်သိုင်း ပညာရှင်တစ်ယောက်  ...။

ထို့အပြင် အလွန်ငယ်ရွယ်သော အထွတ်အထိပ် အဆင့်သိုင်းသမားတစ်ယောက်  ...။

ထန်လုံအဖွဲ့သားများမှာ သူတို့၏ အဆုတ်များ ကွဲအက်မတတ် အော်ဟစ်ကာ အောင်ပွဲခံကြသည်။ အထွတ်အထိပ် အဆင့်သိုင်းသမား တစ်ယောက် မည်မျှ အားကောင်းသည်ကို သူတို့ မသိသော်လည်း သူတို့၏ တပ်ကြပ်ခေါင်းဆောင်မှာ စွမ်းအားမြင့် သိုင်းသမားများ အကြားတွင်ပင် အသိအမှတ် ပြုရသောသူ တစ်ယောက်ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

“ခင်ဗျား ကိုယ့်ခြေထောက်ကို ကိုယ်ချိုးပြီးတော့ ထွက်သွားလို့ရပြီ” ချန်းဖန်က တိုက်တွန်းပြောဆိုသည်။

မုရှမ်းကား ချန်းဖန်၏စကားကိုကြားကာ ကြောက်ရွံ့သွားသည်။ သူက အဘိုးအိုအား လှမ်းကြည့်သည်။ သို့သော်လည်း အဘိုးအိုက ခေါင်းငုံ့ကာ ဆွေးမြေ့စွာ ပြောသည်  ... “မင်းက အထွတ်အထိပ် အဆင့်သိုင်းပညာရှင် တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့ပြီ။ ငါတို့အမှားကို လက်ခံပြီး အပြစ်ခံယူပါ့မယ်”

“မုရှမ်း  ... ငါတို့က ဆရာသခင် တစ်ယောက်ကို အရှက်ရစေခဲ့ပြီ။ သူပြောသလို လုပ်ပါ”

အဘိုးအို၏စကားကို ကြားလျှင် မုရှမ်းက မာန်သွင်းအော်ဟစ်ကာ သူ၏လက်ဖြင့် ခြေထောက် နှစ်ချောင်းအား ရိုက်ချိုးသည်။

“ခွပ်  ... ခွပ်  ...”

ခြေထောက်နှစ်ချောင်းမှ အသည်းခိုက်မတတ် နာကျင်မှုအား ခံစားရသော်လည်း အပြင်ပန်း၌ ထိုခံစားချက်များ မပေါ်အောင် မုရှမ်း အတတ်နိုင်ဆုံး ကြိုးစားသည်။

ကောင်းရှောင်းမန်နှင့်ကောင်းပိုင်ရှင်းတို့ နှစ်ယောက်လည်း အဖြစ်အပျက်ကို မှင်တက်လျက် ငေးကြည့်နေကြသည်။ သို့သော်လည်း သူတို့၏ ဆရာဦးလေးအတွက် ကာကွယ်ပြောဆိုခြင်း မပြုကြပေ။ သူတို့က သိုင်းပညာလမ်းစဥ်သို့ စတင်လိုက်စားသည်နှင့် ဦးဆုံး သင်ယူရသည်ကား အထွတ်အထိပ် အဆင့်သိုင်းသမားများအား မစော်ကားရန် ဖြစ်သည်။

အထွတ်အထိပ် အဆင့်သိုင်းအဆင့်ကား သိုင်းသမားများ အမြင့်ဆုံး ရနိုင်သော အောင်မြင်မှုဖြစ်သည်။ သူတို့ကား တရုတ်ပြည်တွင် နတ်ဘုရား တစ်ပိုင်းများ ဖြစ်ကြကာ သူတို့အား စော်ကားသူများ မှာလည်း ထိုအပြုအမူအတွက် ထိုက်သင့်သော တန်ဖိုးများအား ပေးဆပ်ရပေမည်။

ထန်လုံအဖွဲ့ဝင်များပင် ရုတ်တရက် အပြောင်းအလဲပေါ်တွင် အံ့သြပနန်း ဖြစ်နေရသည်။ မိမိ၏ခြေထောက်အား ကိုယ်တိုင် ရိုက်ချိုးခဲ့သော မုရှမ်း၏စိတ်ထဲတွင် ဘာရှိနေသည်ကို သူတို့နားမလည်ကြပေ။

“ဆရာချန်း  ... ခင်ဗျား ကျေနပ်ပါပြီလား” အဘိုးအိုက သူ၏အသံကို ပုံမှန်ထက် မမြင့်စေရန် ထိန်းကာ မေးသည်။ သူကား ချန်းဖန်ကို သူ၏ အကြီးအကဲ တစ်ယောက်အလား ဆက်ဆံ၏။

“ဒါက လုံလောက်ပါတယ်” ချန်းဖန်ကလည်း လက်ဝှေ့ယမ်းကာ ပြောသည်။

“ဒါဆိုလည်း ကျုပ်တို ပြန်ပါဦးမယ်” အဘိုးအိုက နောက်လှည့်ကာ စတင်ထွက်ခွာသည်။ သူ့နောက်တွင် ကောင်းရှောင်းမန်နှင့် ကောင်းပိုင်ရှင်းတို့မှာလည်း အဘိုးအိုနောက်မှ လိုက်ပါကြသလို တခြားလူကြီး တစ်ယောက်ကလည်း မုရှမ်းအား သူ၏ကျောတွင် ပိုးသည်။

“ဒါပေမဲ့ ကျုပ်မသွားခင် ဆရာချန်း သိအောင် တစ်ခုတော့ ပြောချင်ပါတယ်။ ပါးကျီဂိုဏ်းမှာ ကိုယ်ပိုင် အထွတ်အထိပ် အဆင့်သိုင်းပညာရှင် ရှိလာတဲ့အခါ သူက ခင်ဗျားဆီလာပြီး ဒီကိစ္စအတွက် ဖြေရှင်းပါလိမ့်မယ်”

“ကျုပ် စောင့်နေပါ့မယ်” ချန်းဖန်က အဆင်သင့် ဖြေသည်။

“ကောင်းပါပြီ” အဘိုးအိုက ချန်းဖန်အား လေးနက်စွာ ကြည့်ပြီး ထွက်ခွာသွားသည်။

ပါးကျီဂိုဏ်းမှ လူများကား ထွက်ခွာသွားသောအခါ ရောက်လာခါစကဲ့သို့ ထောင်လွှားသော ပုံစံမဟုတ်တော့ပေ။

ဟော်တုန်းလိုင်က သက်ပြင်းရှည် တစ်ချက်ချသည်။

အခြေအနေက ဤသို့ အဆုံးမသတ်ခဲ့သင့်ပေ။ သူက ချန်းဖန်အား အပြစ်မတင်ပေ။ ပါးကျီဂိုဏ်းကသာ သူတို့၏ ပြဿနာအား ကိုယ်တိုင် သယ်ဆောင်လာခြင်း ဖြစ်သည်။

“ကံကောင်းတာက သူတို့က ဂိုဏ်းရဲ့ အထူးဆေးဝါးတွေကို သုံးပြီး ကျိုးသွားတဲ့ အရိုးတွေကို ပြန်ကုစားနိုင်တယ်။ ငါးလလောက်က ပြန်ကောင်းဖို့ လုံလောက်လိမ့်မယ်”

ပါးကျီဂိုဏ်းကား တရုတ်ပြည်၌ နက်ရှိုင်းခိုင်မာစွာ အမြစ်တွယ်ထားသော ဂိုဏ်းဖြစ်သည်။ နှစ်ပေါင်းများစွာ အတွင်း သူတို့ကား ထူးဆန်းအံ့ဖွယ် ဆေးဝါးအချို့ကို စုဆောင်းနိုင်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းနှစ်များတွင် ထိုဆေးဝါးများမှာ ပိုမို ရှာဖွေရ ခက်ခဲလာခဲ့၏။ သူတို့ အလဟဿ မသုံးပစ်နိုင်ပေ။

ယခုကား ချန်းဖန်ကို စိတ်လှုပ်ရှား ပျော်ရွှင်နေသော ထန်လုံ အဖွဲ့သားများ ဝိုင်းဝန်းချီးကျူး ထောပနာပြု နေကြပေသည်။

သူတို့ ချန်းဖန် အပေါ်ထားသော လက်ကျန် သံသယများမှာ မြူမှုန်မျှ မကျန် ကွယ်ပျောက်သွားပြီ ဖြစ်သည်။

“လူငယ် အထွတ်အထိပ် အဆင့်ပညာရှင်  ... သိုင်းပညာ ညီလာခံမှာ လူတွေရဲ့ အံ့သြနေတဲ့ မျက်နှာတွေကို တွေ့မြင်ဖို့ မစောင့်နိုင်တော့ဘူး  ...” တပ်ကြပ်ကုက စိတ်ထဲတွင် တွေးနေသည်။

ဟော်တုန်းလိုင်၏ စိတ်နှလုံးမှာလည်း နောင်တများဖြင့် ပြည့်နှက်နေသည်။ ချန်းဖန်အား ပါးကျီဂိုဏ်း ကိုယ်စားပြုတက်ရန် ဖိတ်ခေါ်ခဲ့ကာ ထိုကိစ္စမှာ ဂိုဏ်းဟု ဂုဏ်ယူဖွယ်ရာ ကိစ္စဖြစ်ခဲ့သင့်သည်။ သို့သော်လည်း သူ၏ ကြိုးစားအားထုတ်မှုမှာ သဲထဲရေသွန် ဖြစ်ခဲ့ရ၏။

***

All Chapters