← Chapters

ချူကျိုးဂိုဏ်း၏ ဆွဲဆောင်မှု အရှိဆုံးမိန်းကလေး

Vol. 2 Ch. 156

ချူကျိုးဂိုဏ်း၏ ဆွဲဆောင်မှု အရှိဆုံးမိန်းကလေး

Vol. 2 Ch. 156

ပါးကျီဂိုဏ်း ထွက်သွားပြီးနောက် ချန်းဖန်က စစ်သားများအား လေ့ကျင့်ရန် တာဝန်ပေးသည်။ ထို့နောက် သူက မနက်ဖြန် လင်းမြို့သို့ သွားရောက်ရမည့် ခရီးအတွက် ပြင်ဆင်သည်။ သိုင်းပညာ ညီလာခံမှာ လင်းမြို့၌ ကျင်းပမည်ဖြစ်သည်။

ချန်းဖန်အတွက် သာမန် သိုင်းသမားများထက် ရတနာများစွာ ပိုင်ဆိုင်သည့် သိုင်းပညာရှင်များမှာ ပိုအရေးကြီးပေသည်။ သာမန်လူများနှင့် မတူဘဲ အတွင်းအား အသုံးပြုသူများမှာ တောင်ကုန်းတောင်တန်းများ၏ အတွင်းပိုင်းများသို့ သွားရောက် ရှာဖွေနိုင်ကြကာ သာမန်လူများ လက်ဖြင့်ပင် မရွယ်နိုင်သော ရတနာများအား တွေ့ရှိနိုင်ကြသည်။

ရတနာများ ရှိနေသေးသော၊ မရှာဖွေရသေးသော တောအုပ်များနှင့် တောင်တန်းများ တရုတ်ပြည်တွင် များစွာ ရှိသေးပေသည်။ ထိုရတနာ အများစုမှာ သိုင်းပညာရှင်များ၏ လက်ထဲတွင်ဖြစ်ကြောင်း သူတထစ်ချ ပြောနိုင်ပေသည်။

ထန်လုံအဖွဲ့၏ လေ့ကျင့်မှုများမှာ မှန်ကန်သော လမ်းကြောင်း၌ ရှိနေပြီးဖြစ်ကာ ချန်းဖန်က လေ့ကျင့်ရေး အစီအစဉ်များအား တခြားသော တပ်ကြပ်များဖြင့် လွှဲထားနိုင်ပြီဖြစ်သည်။ စစ်သည်များမှာ ချန်းဖန် ခရီးထွက်မည်ကို မသိရာ တပ်ကြပ်အချို့နှင့် ယွီချင်တို့သာ သူ့အား လာရောက်ပို့ဆောင်ကြ၏။

“တပ်ကြပ်ခေါင်းဆောင်  ... ဖြစ်ခဲ့တာတွေအတွက် ကျုပ် စိတ်မကောင်းပါဘူး  ...” အတူ လျှောက်လာရင်း ဟော်တုန်းလိုင်က အားနာဟန်ဖြင့် ပြောသည်။

“ဖြစ်ခဲ့ပြီးတာက ဖြစ်ခဲ့ပြီးတာပဲ။ သွားရအောင်” ချန်းဖန်က သူ၏ပခုံးအား အသာပုတ်ကာ ပြောသည်  ... “ခင်ဗျားက တခြားပါးကျီဂိုဏ်းက လူတွေလို မဟုတ်ဘူးဆိုတာ သိပါတယ်”

“ကျေးဇူးတင်ပါတယ်  ... တပ်ကြပ်ခေါင်းဆောင်”

ဟော်တုန်းလိုင်ကား ချန်းဖန်၏ အသိအမှတ်ပြုမှုကြောင့် စိတ်အေးသွားရသည်။ အထွတ်အထိပ် အဆင့်ပညာရှင် တစ်ယောက်၏ အသိအမှတ် ပြုခြင်းခံမှုကို သိုင်းသမားတိုင်း အိပ်မက်မက် ကြပေသည်။

“ခေါင်းဆောင်ချန်း  ... ကျွန်မက အထက်လူကြီးဆီကို ရှင်ခရီးထွက်မယ့် အကြောင်း သတင်းပို့ပြီးပါပြီ။ ရှင်က သဘောရှိ ဒီကို လာနိုင်၊ သွားနိုင်ပါတယ်။ ရှင့်အတွက် အခန်းကိုလည်း အမြဲတမ်း အဆင်သင့် လုပ်ထားပြီးတော့ တပ်ကြပ်ခေါင်းဆောင် နေရာကိုလည်း ရှင့်အတွက် အမြဲတမ်း ချန်လှပ်ထားမှာပါ” ယွီချင်က ပြောသည်။

“ကျေးဇူးပါပဲ  ...” ချန်းဖန် ခေါင်းညိတ်သည်။

အဖွဲ့၏ တိုးတက်မှုများအား မြင်တွေ့ပြီးနောက် လီမုချန်းတစ်ယောက် မည်မျှ အံ့အားသင့် သွားမည်ကို သူခန့်မှန်းနိုင်ပေသည်။ ထိုအောင်မြင်မှုက ချန်းဖန်အပေါ် လီမုချန်း ပိုမို၍ပင် ယုံကြည်လာနိုင်ပေသည်။

အခြေအနေများမှာ ချန်းဖန်၏ အစီအစဉ်များ အတိုင်း ဖြစ်လာခဲ့သည်။ သူ့မိဘများနှင့် ချစ်သူ၏ ဘေးကင်းမှုကို မိမိတစ်ယောက်တည်း အားဖြင့် အာမ မခံနိုင်ပေ။ သို့သော်လည်း လီမုချန်း၏ ယုံကြည်မှုနှင့် အကာအကွယ်တို့မှာ ကွဲပြားခြားနားပေသည်။

“သူတို့ ဘေးကင်းနိုင်ရင် ငါလည်း ငါ့ကိစ္စကို ကောင်းကောင်း အာရုံစိုက် နိုင်တော့မယ်” ချန်းဖန်က မိမိကိုယ်ကို တွေးသည်။

ထန်လုံအဖွဲ့ အခြေစိုက်စခန်းမှ ရဟတ်ယာဉ်ဖြင့် သူ ထွက်လာပြီးနောက် ချူကျိုးမြို့မှ ထုံရှန်းအား ဝင်ခေါ်ခဲ့၏။

ထုံရှန်းကား နှစ်မီတာ ခန့်မြင့်မားသော သတ္တုဓာတ် လူ့ဘီလူးတစ်ဦး ဖြစ်ပေသည်။ သူ့သွင်ပြင်က သာမန်ပြည်သူ တစ်ယောက်အား မှင်တက် စေနိုင်သည်။ ချန်းဖန်က သူ့ရုပ်သွင်အား ဖုံးကွယ်စေရန် ပုံရိပ်ယောင် အဆောင်အစီအရင် တစ်ခုအား စီရင်ပေးထားခဲ့သည်။

အဆောင်အစီအရင်၏ သက်ရောက်မှုက ထုံရှမ်းအား လူသန်ကြီးတစ်ဦး အနေဖြင့်သာ လူအများက မြင်စေသည်။

သို့သော်လည်း ထုံရှန်းနှင့် ခရီးသွားရခြင်းကား ချန်းဖန်အတွက် အတော်လက်ဝင်သည်။ ထုံရှန်း၏ သတ္တုဓာတ် သဘာဝမှာ မီးရထားဘူတာနှင့် လေဆိပ်တို့၏ စစ်ဆေးရေးဂိတ် များအား ဖြတ်ကျော်ရန် အခက်အခဲ ရှိပေသည်။

ထို့ကြောင့် ချန်းဖန်မှာ ဘတ်စ်ကားများအား စီးကာ ခရီးသွားရသည်။ ကားသမားက ချန်းဖန်၏ နုပျိုငယ်ရွယ်မှုများ မြင်လျှင် ကားခ အပိုတောင်းမည်ဟု ကြံရွယ်ခဲ့သေးသည်။ သို့သော် ဘေးမှ ကြီးမားသန်မာသော အဖော်တစ်ယောက်အား မြင်တွေ့ပြီးနောက် သူက ဒစ်စကောင့်ပင် ပေးလိုက်သေးသည်။

“ဟိုင်း  ... ကျွန်မနာမည် မြောင်ရှောင်းချန်ပါ  ...”

ချန်းဖန်နှင့် သူ့ဘေးမှ လူသန်ကြီးတို့မှာ ဘတ်စ်ကားပေါ်သို့ တက်လျှင် လူအများ၏ အာရုံကို ဆွဲဆောင်နေသည်။ ထုံရှန်းက နောက်တန်းတွင် တစ်ယောက်တည်း ထိုင်လျှင် သူ၏ မျက်နှာသေနှင့် ကြီးမားသော သွင်ပြင်တို့ကြောင့် မည်သူမှ အနားတွင် လာမထိုင်ရဲကြ။ ချန်းဖန်က ထုံရှန်း၏ရှေ့ မှ အနည်းငယ် လှမ်းသောခုံတန်း တစ်ခုတွင် ထိုင်သည်။ သူ့မျက်စောင်းထိုးတွင်ကား အသက်၂၀ အရွယ် မိန်းကလေးနှစ်ယောက် ထိုင်နေကြ၏။

မိန်းကလေးတစ်ယောက်ကား ဆွဲဆောင်မှုရှိကာ လက်ဖုံးဘလောက်စ် အင်္ကျီအတိုအား ဝတ်ထားသည်။ မျက်မှန်နက်ဖြင့် သူမကား ဖက်ရှင်ကျကာ အမိုက်စားပုံစံဖြစ်နေသည်။

“ကျုပ် နာမည် ချန်းဖန်ပါ  ...”

ချန်းဖန် အနည်းငယ် ခေါင်းညိတ်သည်။

ချန်းဖန်၏ ပြန်လှန်နှုတ်ဆက်မှုဖြင့် တစ်ဖက်ကလည်း စတင်၍ မိမိကိုယ်ကို မိတ်ဆက်သည်။ သူမမှာ ချူကျိုးတက္ကသိုလ်မှ ကျောင်းသူတစ်ယောက် ဖြစ်ကြောင်း ချန်းဖန် သိလိုက်ရသည်။ သူမကား လင်းမြို့သို့ သူမ၏အတန်းဖော်နှင့် ခရီးသွားနေခြင်းဖြစ်သည်။

လင်းမြို့ကား ဆယ်စုနှစ်ပေါင်းများစွာ အခိုင်အမာ ရပ်တည်နိုင်သော ရှေးဟောင်းမြို့ဖြစ်သည်။ ထိုမြို့ကား ရှေးခတ်ကတည်းက စည်ကား၏။

“အဲဒါ ရှင့် ခရီးဖော်လား။ သူက တော်တော် ကြီးမားသန်မာတာပဲ။ သူက ဘတ်စကက်ဘော အဖွဲ့တစ်ခုကို ဝင်ပါသင့်တယ်  ...”

မြောက်ရှောင်းချန်က ထုံရှန်းအား လက်ညှိုး ညွန်ပြကာ မေးသည်။

“အာ  ... ကျုပ်ရဲ့ ဝမ်းကွဲအစ်ကိုပါ။ သူက အရမ်းဖော်ရွေတယ်” ချန်းဖန်က ပြုံးလိုက်သည်။

“အော်  ... ဟုတ်လား  ...” မြောင်ရှောင်းချန် ခေါင်းညိတ်သည်။ ချန်းဖန် ကားပေါ်သို့ တက်လာကတည်းက ချန်းဖန်နှင့် မိန်းကလေးတို့ စကားစမြည် ပြောဆိုခဲ့ကြသော်လည်း မြောက်ရှောင်းချန်၏ အဖော်မှာ အိပ်ငိုက်နေရာမှ နိုးလာဟန်ရသည်။

“ရှောင်းချန်  ... နင် ဘယ်သူနဲ့ စကားပြောနေတာလဲ”

တခြားမိန်းကလေး တစ်ယောက်က သူမ၏လက်များအား ဆန့်တန်းလိုက်ကာ သမ်းဝေသည်။ သူမ၏ အင်္ကျီလက်ရှည်က လက်မောင်းရင်းသို့ ရှောကျသွားလျှင် ချောမွတ်နေသော အသားရောင်အား မြင်ရသည်။

ချန်းဖန်က တခြားမိန်းကလေး တစ်ယောက်အား လှမ်းကြည့်လျှင် သူမ၏ ထူးထူးခြားခြား အလှတရားကြောင့် မှင်တက် ငေးမောမိသည်။ သူမကား အချိုးကျသော ခန္ဓာကိုယ်နှင့် ကြည်လင်သော မျက်လုံးအစုံကို ပိုင်ဆိုင်သည်။ အပြစ်ကင်းသော ရုပ်ရည်၌ ဆွဲဆောင် နိုင်စွမ်းသော အငွေ့အသက်က သူမ မျက်နှာအား ထပ်ခါထပ်ခါ ကြည့်မိစေနိုင်ပေသည်။ သူမကား ကျန်းချူရန်နှင့် ယွင်ချန်ချန်တို့ထက် မနည်းသော ဆွဲဆောင်မှုအား ပိုင်ဆိုင်သည်။

သူမကား လှသည်ဆိုသည့်တိုင် သူမ၏ဟန်ပင်မှာ အေးစက်၏။

မြောင်ရှောင်းချန်က သူမအား ချန်းဖန်နှင့် မိတ်ဆက် ပေးသောအခါတွင်လည်း သူမက ခေါင်းတစ်ချက်သာ ညိတ်ပြသည်။ ထို့နောက် သူမက သူမ၏ဖုန်း၌ အာရုံဝင်စားနေတော့၏။

“ယန်ရွယ်က ဒီအတိုင်းပဲ  ... စိတ်မရှိပါနဲ့  ...” မြောင်ရှောင်းချန်က ပြုံးလျက်ပြောသည်။ နောက်ပိုင်းသိရသည်မှာ ထိုမိန်းကလေး၏ နာမည်မှာ လုရန်ရွယ်ဟူ၍ဖြစ်သည်။ သူမကား ချူကျိုးတက္ကသိုလ်၌ အကျော်ကြားဆုံးသော မိန်းကလေးတစ်ဦး လည်းဖြစ်ကာ စိတ်ဝင်စားသူများစွာ ရှိသည်။

သူမကား ကြည့်ကောင်း လွန်းလှရာ လူအများ စိတ်ဝင်စားမှုကို ရရှိမည်မှာ သေချာသည်။ သူမက အနည်းငယ် စိတ်ကြီးဝင်နေခြင်း မှာလည်း ဖြစ်သည့်ပေ၏။

သို့သော်လည်း ချန်းဖန်ကား သူမ၏အလှ အပေါ် သိပ်အလေးမထားပေ။ ချန်းဖန်ကား သူမထက် အဆများစွာ လှသော မိန်းကလေး ပေါင်းများစွာကို မြင်ဖူးပြီးဖြစ်သည်။

“ကောင်းပြီ  ... ရှောင်ဖန်။ လင်းမြို့ကို ရောက်ရင် ဘာအစီအစဉ်ရှိလဲ။ ငါတို့နဲ့ လျှောက်လည်ချင်လား”

မြောင်ရှောင်းချန်က ချန်းဖန်အား ကြည့်သည်။

မိန်းကလေး နှစ်ယောက်အတွက် ဤအတိုင်း ခရီးသွားခြင်းမှာ အန္တရာယ်များပေသည်။ အထူးသဖြင့် ချန်းဖန်၏ ဘေးမှ လူသန်ကြီးမှာ သူမတို့အတွက် ဘေးကင်း လုံခြုံမှုကို ကောင်းကောင်း ပေးနိုင်ပေသည်။

လုယန်ရွယ်သည် မြောင်ရှောင်းချန်၏ ဖိတ်ခေါ်မှုကို ကြားပေသည်။ သူမက မျက်မှောင်များကို ကွေးညွတ် လိုက်ပြီးမှ တိတ်ဆိတ်နေလိုက်သည်။

ချန်းဖန်က လုယန်ရွယ်၏ သဘောမကျမှုကို ခံစားမိရာ အကြောင်းပြချက် အချို့ပေးကာ ငြင်းဆန်လိုက်၏။

မြောင်ရှောင်းချန် စိတ်ပျက်လက်ပျက် သက်ပြင်းချမိသည်။

ရုတ်တရက် ဘတ်စ်ကားက လမ်းဘေးသို့ ကပ်သွားပြီး သန်မာသော လူငယ်တစ်ယောက် ကားပေါ်သို့ တက်လာသည်။ လူငယ်မှာ ကားသမားနှင့် သိကျွမ်းဟန်ရပြီး ကားသမားက သူ့အား အစ်ကိုဝူဟု ခေါ်သည်။ လူငယ်ကား ကားခပင် ပေးစရာမလိုပေ။

လူငယ်က လုယန်ရွယ်အား ချက်ချင်း သတိထားမိသည်။ သူ့မျက်ခုံးများ မြင့်တက်သွားကာ ချက်ချင်း လှမ်းလာခဲ့သည်။ သူက ချန်းဖန်၏ ဘေးသို့ လျှောက်လာကာ မာကျောစွာပြောသည်  ...

“ကောင်လေး  ... နောက်မှာ သွားထိုင်  ...”

ပြောနေရင်းနှင့်ပင် သူ၏မျက်လုံးများက လုယန်ရွယ် ထံသို့သာ ရောက်နေသည်။

လုယန်ရွယ်က လူငယ်၏အကြည့်ကို ခံစားမိကာ ဂျာကင်တစ်ထည် ကောက်စွပ်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်နေသည်။

ချန်းဖန်က မျက်မှောင်ကြုတ်ကာ မေးသည်  ... “မင်း ငါ့ကို ပြောတာလား  ...”

“ဘာလို့လဲ  ... ဟုတ်တာပေါ့  ... နောက်မှာ သွားထိုင်  ...။ အဲမှာ ခုံတွေ အများကြီးရှိတယ်”

အားလုံး တိတ်ဆိတ်နေကာ မည်သူကမှ ဝင်ပါလိုဟန် မရပေ။

“ဟေး ကောင်လေး  ... သူပြောသလို ဘာလို့ မလုပ်တာလဲ  ...”

ချန်းဖန် သက်ပြင်းချကာ ဖြည်းညင်းစွာ ထရပ်သည်။

လုယန်ရွယ်လည်း ချန်းဖန် မည်မျှ အလွယ်တကူ လက်လျှော့သည်ကို မြင်ကာ စိတ်ပျက်ဟန်များ ဖြစ်လာသည်။

“ဒါမှပေါ့  ...” အစ်ကိုဝူက ချန်းဖန်၏ ပခုံးကို အသာပုတ်ကာ ပြောသည်  ... “မင်းရဲ့ အစ်ကိုဝူ ပြောတာကိုနားထောင်  ...။ အစ်ကိုဝူက မင်းအတွက် သကြားလုံး ဝယ်ကျွေးမယ်  ...”

ချန်းဖန်က အသာအယာ ပြောသည်  ... “ကျုပ်က ခင်ဗျားအတွက် ဖယ်ပေးတာ မဟုတ်ဘူး။ သူ့အတွက် နေရာဖယ်ပေးတာ”

“ဘယ်သူလဲ  ...” အစ်ကိုဝူက နားမလည်ဟန်ဖြင့် မေးသော်လည်း ဧရာမ လက်တစ်ချောင်းက သူ၏ပခုံးပေါ်သို့ ရောက်လာသည်။

“ချီးတဲ့မှပဲ  ...” သူနောက်လှည့် လိုက်သည်နှင့် ကြောက်လန့်တကြား အော်ဟစ်မိသည်။ သို့သော်လည်း လက်က သူ၏လည်ပင်းသို့ ရောက်လာသောအခါ မည်သည့်အသံမှ မထွက်နိုင်တော့ပေ။

ထုံရှန်းကား နှစ်မီတာ ခန့်ရှည်ကာ ကားခေါင်မိုးကို တိုက်မိမည်စိုး၍ ခေါင်းငုံ့ထား ရသည်။ သူကား သေးငယ်သော သေတ္တာထဲ၌ ပိတ်လှောင် ထားခံရသော ဘီလူးတစ်ကောင် နှင့်တူ၏။

“ချီး  ... အစ်  ... ကို  ... တောင်းပန်ပါတယ်  ...”

လူငယ် တုန်လှုပ်သွားရသည်။

သို့သော်လည်း သူ၏ တောင်းပန်မှုမှာ အနည်းငယ် နောက်ကျခဲ့သည်။ ထုံရှန်းက သူ၏ လည်ပင်းအား ဆုပ်ကိုင်ကာ လူငယ်အား ကားပေါ်မှ လွှင့်ပစ်လိုက်ပြီး ဖြစ်သည်။

အားလုံးမှာ ထိုမြင်ကွင်းအား ကြည့်ပြီး ထိတ်လန့်ကြသော်လည်း မည်သူမှ စကားတစ်ခွန်းမှ မဟကြပေ။

ဘတ်စ်ကားမှာ အတန်ကြာ မောင်းပြီးနောက်တွင် ကားသမားက တိတ်ဆိတ်ခြင်းကို ခွင်းသည်  ... “လူငယ်လေး  ... ကားပေါ်က ဆင်းသွားလို့ ရမလား  ... မင်းကို ကားခ မတောင်းဘူး”

“စိတ်မပူပါနဲ့” လူငယ်က ပြုံးသည်။

ကားသမားက နောက်ထပ် စကားမဆိုရဲတော့ဘဲ သက်ပြင်းချကာ ကားကို ဆက်မောင်းသည်။

အဖြစ်အပျက်က လုယန်ရွယ်အား စိတ်ဝင်စားစေဟန် ရသည်။ သူမက ချန်းဖန်နှင့် မျက်လုံးချင်း ဆုံအောင် ကြိုးစားသော်လည်း အကြိမ်အနည်းငယ် မအောင်မြင်သောအခါ စိတ်ရှည်တော့ဟန် မရတော့ပေ။

ကားမှာ တရွေ့ရွေ့ သွားနေခဲ့သည်။

ချန်းဖန်မှာ မျက်လုံးများအား မှေးကာ အိပ်နေသော်လည်း ရုတ်တရက် သတိတစ်ချက် ဝင်လာသည်။ သူ၏ မသေမျိုးစိတ် စွမ်းအားက သွားတွေ့သည်မှာ ဂျစ်ကားအချို့ လမ်းကို ပိတ်ဆို့ရပ်နေခြင်းပင်။ လူအချို့က လက်ဝှေ့ယမ်းရာ ကားကို ရပ်တန့်စေလိုဟန် သဘောရှိသည်။

ဂျစ်ကားများပေါ်မှ လူငယ်တစ်စု ထွက်လာကြသည်။

ခေါင်းဆောင်ကား အစ်ကိုဝူဖြစ်ပေသည်။

“ငါ့ကို ကားပေါ်က ဘယ်သူလွှင့်ပစ် လိုက်တာလဲ။ ဒီအတွက် မင်းပေးဆပ်ရမယ်”

အစ်ကိုဝူက ကျိုးနေသော နှာခေါင်းအား လက်ဖြင့်ကိုင်ကာ အော်ဟစ်သည်။

***

All Chapters