အကူအညီ
Vol. 2 Ch. 157
ထိုအချိန်တွင် ကားထဲမှ လူများမှာ ဆူညံပွတ်လောရိုက်နေကြပြီဖြစ်သည်။ မြောင်ရှောင်းချန်မှာလည်း ကြောက်လန့်ခြင်းကြီးစွာ ဖြစ်နေသည်။ သူမကား တက္ကသိုလ် ကျောင်းသူတစ်ဦးသာဖြစ်ပြီး သူမ၏ဆရာများက ဤသို့သော အခြေအနေများတွင် မည်သို့လုပ်ရမည်ကို မသင်ပေးထားပေ။ သူမက လုယန်ရွယ်၏ လက်များအား ဆုပ်ကိုင်ကာ မေးသည် … “ရှောင်ရွယ် … ငါတို့ ဘာလုပ်ကြမလဲ”
တခြားသော ခရီးသည်များကလည်း ချန်းဖန်အား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်ကြသည်။
လူအများအပြားက ချန်းဖန်အား ကားပေါ်မှ ဆင်းသွားစေလိုကြသည်။ သို့သော်လည်း ထုံရှန်းအား ကြောက်သောကြောင့် မည်သူမှ မဟရဲကြ။
ကားသမားက သက်ပြင်းချကာ ပြောသည် … “လူငယ်လေး … မင်းတို့ ဆင်းသွားဖို့ ငါပြောခဲ့တာပဲ။ အခု ငါတို့ပါ ရောပြီး ပြဿနာတက်ပြီ”
“အဲဒီအစ်ကိုဝူဆိုတာ အဲလောက်မဟုတ်ဘူး။ ဒါပေမဲ့ သူ့နောက်ခံ သွမ့်ကျွင်းဆိုတာ သတိထားရမည့်သူပဲ …”
“ဟိုမှာ ကြည့်လိုက် … အဲ့ဒါ သွမ့်ကျွင်းပဲ …”
အားလုံးက ကားသမား ညွန်ပြသော နေရာအား ကြည့်ကြသည်။ သူတို့က ကားသမားညွန်ပြရာသို့ ကြည့်လိုက်လျှင် လူအုပ်ထဲတွင် အနောက်တိုင်းဝတ်စုံဖြင့် လူငယ်တစ်ယောက်က စီးကရက်ကို လက်တွင်ညှပ်ကာ ဂျစ်ကားတွင် မှီလျက် ရပ်နေသည်ကိုမြင်ရသည်။
“သွမ့်ကျွင်းက စွမ်းရည်မြင့် တိုက်ခိုက်ရေးသမား တစ်ယောက်ပဲ။ တစ်ခါတုန်းက လူရှစ်ယောက်ကို သူတစ်ယောက်တည်းနဲ့ အနိုင်ယူဖူးတယ်” ကားသမားက ခေါင်းယမ်းကာ ပြောသည်။
“ဒီနေရာကို ဖြတ်သန်းသွားဖူးတဲ့သူတိုင်း သွမ့်ကျွင်းကို သိကြတယ်။ အစ်ကိုဝူကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ မင်းကို သူက ဒီအတိုင်းတော့ လွှတ်ပေးမှာ မဟုတ်ဘူး”
“သူပြောတာ မှန်တယ် …။ လူငယ်လေး … ကားပေါ်က ဆင်းပြီး သူ့ကို တောင်းပန်သင့်တယ် …” တခြားသော ခရီးသည်များကလည်း ပြောသည်။
ချန်းဖန် ကားပေါ်မှ ဆင်းသွားသည်ကို အတော်များများက လိုလားကာ သည်နည်းဖြင့် သူတို့ ပြဿနာထဲ၌ ဝင်ပါခြင်း မရှိနိုင်တော့ပေ။
ချန်းဖန်ကား အထူးအထွေ အံ့သြခြင်းမရှိပေ။
မည်သို့ဆိုစေ တစ်ကိုယ်ကောင်းဆန်ခြင်းကား သေမျိုးများ၏ သဘာဝသာဖြစ်ပေသည်။
“ဟွန့် … အစတည်းက သူမရူးမိုက်ခဲ့ရင် ဒီလို မဖြစ်လာဘူး …။ အခုတော့ နောက်ကျသွားပြီ” လုယန်ရွယ်က အေးစက်စွာ ပြောသည်။
ချန်းဖန်က ပြုံးလိုက်ပြီးမှ သူမပြောသည်ကို မငြင်းတော့ပေ။ ချန်းဖန် ထိုင်ရာမှ ထသည်။
“ရှင် တကယ် ကားပေါ်က ဆင်းမလို့လား” မြောင်ရှောင်းချန်က သူ၏လက်မောင်းအား ဆွဲကာ စိုးရိမ်စွာ ပြောသည် … “သူတို့က တောင်းပန်ရုံနဲ့ မကျေနပ်ရင် ဘယ်လိုလုပ်မလဲ။ အစ်ကိုက တစ်ယောက်တည်းပဲ … ဒါပေမဲ့ … သူတို့က … အများကြီး …”
“အေးဆေး … ငပျော့ကောင်တွေ …။ သူတို့ ငါ့ကို ဘာမှ မလုပ်နိုင်ပါဘူး” ချန်းဖန် ပြုံးသည်။ ထို့နောက် သူက ထုံရှန်းနှင့်အတူ ကားပေါ်မှ ဆင်းသွား၏။
လုယန်ရွယ် မည်သို့မှ စိတ်တင်းထားနိင်ဟန်မရတော့ဘဲ လှမ်းပြောလိုက်သည် … “ဟေး … နင်လိုချင်ရင် ငါကူညီနိုင်တယ်”
ချန်းဖန်က သူမပြောသည်ကို မကြားချင်ယောင်ဆောင်ကာ ကားပေါ်မှ ဆင်းသွားပြီးဖြစ်သည်။
“စိတ်ကြီးဝင်နေတဲ့အကောင် …” လုယန်ရွယ်က ကျိန်ဆဲ၏။
“ဒါကို ထားလိုက် … ရှောင်ရွယ် … တစ်ခုခုလုပ်ပါဦးနော် …။ ကျေးဇူးပြုလို့ …” မြောင်ရှောင်းချန်ကား ငိုမဲ့မဲ့ဖြစ်နေလေပြီ။
“ကောင်းပြီ”
လုယန်ရွယ်က စက္ကန့်အနည်းငယ် တွန့်ဆုတ်နေသည်။ ချန်းဖန်က သူမကြောင့်သာ မဟုတ်လျှင် ဤသို့ ပြဿနာတက်မည် မဟုတ်ကြောင်း သူမသိသည်။ ထို့ကြောင့် သူမလည်း အံကြိတ်ကာ ဖုန်းနံပါတ်တစ်ခုအား ရိုက်နှိပ်လိုက်သည်။
ဖုန်းဝင်သွားလျှင် တစ်ဖက်မှ အိုမင်းရင့်ရော်သော အသံတစ်ခုအား ကြားရ၏။
“ဟယ်လို … ဘယ်သူလဲ”
“အဘိုးဝူ … သမီးပါ … ရှောင်ရွယ် …” လုယန်ရွယ်က ချစ်စဖွယ်ပြုံးကာ ပြောသည်။
“ရှောင်ရွယ် …” အဘိုးအိုက အနည်းငယ် စဉ်းစားပြီးနောက်တွင် မိန်းကလေး၏နာမည်နှင့် အသံကို တွဲ၍ မှတ်မိလာဟန်ရသည်။ သို့သော်လည်း သူကား သိပ်တက်ကြွဟန် မရဘဲ ပျင်းရိစွာ ပြောသည် … “အော် … ဘာဖြစ်လို့လဲ … ရုတ်တရက်ကြီး …”
“သမီးက အခု ချင်းရွှေမြို့မှာ … သမီးဒီမှာ နည်းနည်း ပြဿနာတက်နေတယ်။ သူငယ်ချင်းတစ်ယောက် သွမ့်ကျွင်းနဲ့ စကားများနေလို့ …” ယန်ရွယ်က သတိထားကာ ရှင်းပြသည်။
သူမက ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လျှင် ချန်းဖန်က အစ်ကိုဝူဆိုသူနှင့် စကားပြောနေသည်ကို တွေ့ရသည်။
“သွမ့်ကျွင်း …” အဘိုးအိုက စက္ကန့်ပိုင်းမျှ တွေဝေနေပြီးမှ ပြန်ပြောသည် … “အာ … မင်းက ရှောင်ဒေသက ကောင်လေးကို ပြောတာပဲ …”
“အဲဒါ အဆင်ပြေတယ် … ရှောင်ရွယ်။ ငါ ဖြေရှင်းပေးမယ်”
“ကျေးဇူးတင်ပါတယ် … အဘိုးဝူ” လုယန်ရွယ်က ပြုံးလျက် ပြောသည်။
“မင်းအစ်မက မင်းကို ငါ့ဆီ အပ်ထားမှတော့ မင်း ဘေးကင်းဖို့ ငါ့တာဝန်ပါပဲ” အဘိုးအိုက ပြောပြီး ဖုန်းချသွားသည်။
ဖုန်းကျသွားပြီးနောက်တွင် လုယန်ရွယ်၏အပြုံးမှာ ကွယ်ပျောက်သွား၏။
“ဘယ်လိုလဲ … ရှောင်ရွယ် …” မြောင်ရှောင်းချန်က မျှော်လင့်တကြီးမေးသည်။
“စိတ်မပူနဲ့တော့ …။ ငါပြောလိုက်ပြီ” လုယန်ရွယ်က အတင်းပြုံးပြသော်လည်း အမှန်တကယ်အားဖြင့် အတော်စိတ်ပျက်နေသည်။
သူမကား သည်အခွင့်အရေးကို သေရေးရှင်ရေး အချိန်အခါမျိုးအတွက် ထားခြင်းဖြစ်သော်လည်း ယခု ဘာမဟုတ်သည့် ကိစ္စတစ်ခုအတွက် အသုံးချလိုက်ရပြီ။
ပုဂ္ဂိုလ်ရေး အလေးပေးမှုများမှာ တစ်ခါတစ်ရံ အကန့်အသတ်ရှိပေသည်။ နောင်တွင် ထိုလူထံမှ အကူအညီတောင်းရန် မလွယ်ကူတော့ပေ။
“သွားရအောင် … အပြင်မှာ ဘာဖြစ်နေလဲ ငါသိချင်တယ်” လုယန်ရွယ်မှာ အဘိုးအို၏ အာမခံမှုအား ရရှိပြီးနောက်တွင် အနည်းငယ် ယုံကြည်မှုများ ရလာပြီး ကားပေါ်မှ ဆင်းသည်။
ထိုအချိန်တွင် အစ်ကိုဝူနှင့် တခြားလူများက ချန်းဖန်နှင့် ငြင်းခုန်နေကြသည်။
သူတို့အုပ်စုမှာ ထုံရှန်းအား ကြောက်နေကြသည်မှာ ထင်ရှား၏။ သူတို့မှာ လူအုပ်ဖြင့် မဟုတ်လျှင် ထွက်ပြေးသွားခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။
“ဟေး ကောင်လေး … မင်း တစ်ခုခု မပြောတော့ဘူးလား။ ဘယ်လိုပြောပြော မင်းက ငါ့မိတ်ဆွေကို ဒဏ်ရာရစေခဲ့တာပဲ” သွမ့်ကျွင်းက ပြောသည်။
“ဘာကို ပြောရမလဲ …” ချန်းဖန်က တည်ငြိမ်စွာ ပြောသည်။
“ငါ့ညီက မင်းနဲ့ ခုံချင်းလဲချင်တာပဲ ရှိတာ …။ ဒါပေမဲ့ မင်းက သူ့ကို ကားထဲက လွှင့်ပစ်လိုက်တယ် …။ အခု သူ့မျက်နှာကို ကြည့်စမ်း …။ စုတ်ပြတ်သတ်နေတာပဲ …။ မင်းက သူ့ကို တောင်းပန်ပြီးတော့ ဆေးဖိုးပေးရမယ်” သွမ့်ကျွင်းက အခိုင်အမာပြောသည်။
အစ်ကိုဝူ ကားထဲမှ လွှင့်ပစ်ခံခဲ့ရစဉ် မြေပြင်နှင့် မျက်နှာ မိတ်ဆက်ခဲ့ပေသည်။
“ဆေးဖိုး …” ချန်းဖန်က မပွင့်တပွင့်ပြုံးသည် … “ဘယ်လောက်များ ပေးရမလဲ”
“ငါ့မျက်နှာ ဒဏ်ရာတွေ အများကြီး ဖြစ်သွားတယ် …။ အနည်းဆုံး ယွမ်တစ်သောင်းလောက် လိုတယ် …” အစ်ကိုဝူက အော်ဟစ်သည်။
“တစ်သောင်း …” အားလုံးက အံ့အားသင့်သွားကြသည်။ ချန်းဖန်က ခေါင်းယမ်းကာ ပြောသည် …” ဒီလောက်က ဘယ်လုံလောက်ပါ့မလဲ …”
“ဘာကို ဆိုလိုတာလဲ …”
အားလုံးက အံ့အားသင့်သွားကြသည်။ တစ်ဖက်လူက ဤသို့ တုံ့ပြန်လာမည်ဟု သူတို့မထင်ထား။ အစ်ကိုဝူ၏ မျက်နှာမှာ ပြုံးရွှင်သွားသည်။ ထိုမျှ လျော်ကြေးရလျှင် သူ့ဒဏ်ရာကား တန်သွားလေပြီ။
သို့သော်လည်း သွမ့်ကျွင်းက မျက်နှာသေဖြင့် ပြောသည် … “မိတ်ဆွေ … မင်းက တကယ်ပေးမှာ မဟုတ်ဘူး … ဟုတ်တယ်မလား …”
တခြားလူများမှာလည်း ချန်းဖန်၏မချိုမချဉ် မျက်နှာပေးမှ ရိပ်ဖမ်းသံဖမ်း သိလိုက်ကြသည်။
“ရပ်လိုက် …”
ရုတ်တရက် သူတို့ မိန်းကလေး အသံတစ်သံကို ကြားကြရသည်။
သူတို့အားလုံး လှမ်းကြည့်လိုက်လျှင် မိန်းမလှနှစ်ယောက် သူတို့ထံသို့ လမ်းလျှောက်လာသည်ကို မြင်၏။ ရှေ့မှ ဦးဆောင်လာသူ မိန်းကလေးကား အတော်ဆွဲဆောင်မှု ကောင်းပေသည်။
“အာ ... ချီးပဲ … အစ်ကိုဝူ … ခင်ဗျား ဘာလို့ ပြဿနာဖြစ်လဲ နားလည်လိုက်ပြီ”
မိန်းကလေးအား ကြည့်ကာ အားလုံး၏မျက်လုံးများ ဝင်းဝင်းတောက်လာကြသည်။ အစ်ကိုဝူကလည်း ပြုံးလျက်ပြောသည် … “ကြည့်လိုက် … ငါ သူမအနားကပ်ဖို့ ကြိုးစားတာ အပြစ်လား …”
အစ်ကိုဝူ၏မျက်နှာ၌ ဝင့်ကြွားသောအပြုံးတစ်ခု ပေါ်လာသည်။
လုယန်ရွယ်က လျှောက်လာကာ တစ်ဖက်အုပ်စုအား ပြောသည် …” ရှင်က သွမ့်ကျွင်းမလား … တော်လောက်ပြီ။ ဒီကိစ္စကို မေ့ပြီး ကိုယ့်လမ်းကိုယ်သွားရအောင် …”
“ဟေး … ကောင်မလေး …။ မင်းက သွမ့်ကျွမ်းရဲ့ မိန်းကလေး မဟုတ်ဘူးမလား။ ဟုတ်တယ်ဆိုရင် ငါတို့က အစ်ကိုဝူကိုတောင် ပြန်တောင်းပန်ခိုင်းလိုက်ဦးမယ် …” တစ်ယောက်က စနောက်သည်။
အစ်ကိုဝူက ထိုလူအား ရယ်မော၍ ဆဲသည်။
မြောင်ရှောင်းချန်မှာ ဒေါသတကြီး ပြန်ပြောမည် လုပ်သော်လည်း လုယန်ရွယ်က ရှေ့မှ ပြောသည် …
“သွမ့်ကျွင်း … ရှင် ဘယ်လိုထင်လဲ ...”
သွမ့်ကျွင်းက ဖြည်းညင်းစွာ ပြောသည် … “တောင်းပန်လိုက် … ဒါဆို ကျေအေးပေးလိုက်မယ်”
လုယန်ရွယ်က အနည်းငယ် တွန့်ဆုတ်နေသည်။ အဘိုးအို၏ အကူအညီထက် မိမိကိုယ်ကို အားကိုးကာ ပြဿနာအား ဖြေရှင်းနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သူမက ချန်းဖန်အား ကြည့်သည်တွင် ချန်းဖန်က သွမ့်ကျွင်းအား ပြောသည် …
“ကောင်းတယ် …။ ခင်ဗျား မိတ်ဆွေက ကျုပ်ကို ကန်တော့လိုက်။ ဒါဆို သူ့ကို ခွင့်လွှတ်ပေးမယ်”
***