ဖုန်းအဝင်တစ်ခု
Vol. 2 Ch. 158
“အတင့်ရဲတယ် …”
ချန်းဖန်၏စကားကိုကြားလျှင် အနီးမှလူများ၏ မျက်နှာများ မဲမှောင်သွားကြသည်။
သွမ့်ကျွင်းက အဓိပ္ပာယ်ပါစွာ ပြုံးလျက်ပြောသည် … “ကြည့်ရတာ မင်းက ငါတို့ကို စမ်းသပ်ဖို့ ဆုံးဖြတ်ထားပုံပဲ …။ ကောင်းပြီ။ ကျုပ် သွမ့်ကျွင်းက သေချာပေါက် လိုက်နာပေးရမှာပေါ့။ လာခဲ့ …”
တခြားလူများကလည်း ချန်းဖန်အား မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
လုယန်ရွယ်ကား စိတ်ပျက်လွန်းရကား သူမသည် တခြားတစ်ဖက်မှ သူသာ ဖြစ်လိုက်ချင်တော့သည်။
“ငတုံး … အရူး … အခု ဘယ်လို အခြေအနေဖြစ်နေလဲ မသိဘူးလား …”
မည်သို့မှ မတတ်သာသည့်အဆုံး သူမက အော်ဟစ်လိုက်သည် … “သွမ့်ကျွင်း … သခင်ကြီးဝူဆိုတဲ့ နာမည်ကိုသိရင် အခု ရပ်လိုက်တော့ …”
“ဘာ … သခင်ဝူ ဟုတ်လား …” အားလုံး အံ့အားသင့်သွားကြသည်။ နောက်ဆုံး သွမ့်ကျွင်းက ထပ်မေးသည် … “ကျန်းကျိုးမြို့က သခင်ကြီးဝူလား …”
“ရှင် သိပြီလား …” လုယန်ရွယ်က အေးစက်စွာ ပြောသည်။
သွမ့်ကျွင်း၏အတွေးများ မြန်ဆန်စွာ အလုပ်လုပ်သွားသည်။ သခင်ကြီးဝူဆိုသူကား ကျန်းကျိုးမြို့၏ သြဇာအာဏာ ကြီးမားသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူ့လို ပါးမွှားတစ်ယောက်က မည်သို့ ယှဉ်နိုင်မည်နည်း။ သို့သော်လည်း ကြုံရာကျပန်း မိန်းကလေးတစ်ယောက်က သခင်ကြီးဝူကို မည်သို့ သိမည်နည်း။ သံသယများရှိသော်လည်း သူက သေချာအောင် လုပ်လိုသည် … “ကောင်းပြီ … သခင်ကြီးဝူကို ဖုန်းဆက်ခိုင်းလိုက်ပါ”
လုယန်ရွယ်မှာ မည်သို့ပြောရမည် မသိဖြစ်သွားသည်။ ပထမတစ်ကြိမ် ဖုန်းခေါ်စဉ် သခင်ကြီးဝူက ဖုန်းကိုင်ခဲ့ခြင်းကား အလွန် ကံကောင်းသောကြောင့်ဖြစ်သည်။ ယခု တစ်ကြိမ် ထပ်ခေါ်ပါက အဘိုးကြီးကား သေချာပေါက် စိတ်အနှောင့်အယှက် ဖြစ်ပေတော့မည်။ သို့သော်လည်း သူမက အားတင်းကာ ပြောသည် … “စောင့်နေပါ … အဘိုးဝူ မကြာခင် ရောက်လာလိမ့်မယ် …”
သွမ့်ကျွင်း၏ မျက်လုံးများထဲ သဘောမကျသော အရိပ်အယောင်များ ပေါ်လာသော်လည်း ခေါင်းညိတ်သည် … “ကောင်းပြီ … ကျုပ်စောင့်မယ်”
သူတိုအုပ်စု ဘတ်စ်ကားဘေး၌ ရပ်နေကြကာ တစ်ယောက်နှင့် တစ်ယောက် စကားပြောခြင်း မပြုကြပေ။ လမ်းပေါ်တွင် အရာအားလုံး တိတ်ဆိတ်နေသည်။
ချန်းဖန်က လက်ပိုက်ကာ ဘတ်စ်ကားဘေးကို မှီ၍ ရပ်နေသည်။ သူကား ဖြစ်ပေါ်လာသော အခြေအနေအား စိတ်ဝင်တစား ကြည့်ကာ ပြုံးနေသည်။ ထိုသခင်ကြီးဝူ ဆိုသူမှာ အမှန်တကယ် တတိယသခင်ကြီးဝေ့ ပြောသော ကျန်းပေ့၏သစ္စာဖောက်လား သူသိလိုသည်။
သူကား သခင်ကြီးဝူကို ကိုယ်တိုင်တွေ့လိုခဲ့ရာ သည်အမှိုက်ထုပ်များက ထိုလူရောက်လာစေရန် တွန်းအားပေးနေမှတော့ သူလည်း အချိန်ကုန်သက်သာသွားပေသည်။
ချန်းဖန်ကလည်း တခြားလူများနှင့်အတူ စိတ်ရှည်စွာ စောင့်စားနေသည်။
ဆယ်မိနစ် …
မိနစ်နှစ်ဆယ် …
နာရီဝက်ခန့်အကြာ ကျာဂွါးကုမ္ပဏီ ထုတ်ကားတစ်စီး အဝေးမှ မောင်းလာသည်။
ကားက အနားသို့ ရောက်လာပြီး လူတစ်ယောက် ကားထဲမှ ထွက်လာ၏။ အခြေအနေကို တစ်ချက် အကဲခတ်လိုက်ပြီးနောက် ထိုလူက မေးသည် … “သွမ့်ကျွင်း … ဒါ ဘာသဘောလဲ …။ မင်းက သခင်ကြီးဝူရဲ့ ဧည့်သည်တွေကို နှောင့်ယှက်တော့မလို့လား …”
သွမ့်ကျွင်း ထိုလူကို ကောင်းကောင်းသိပေသည်။
“ဘယ်သူများလဲလို့ … ကျန်းချန် …”
“သခင်ကြီးဝူ ဘယ်မှာလဲ …။ သူက သူ့ကိုယ်စား အရှုံးသမားတစ်ယောက်ကို လွှတ်လိုက်တာပဲ …။”
ကျန်းချန်အား မြင်သည်နှင့် သွမ့်ကျွင်းမှာ ရင်ဘတ်ထဲမှ အလုံးကြီးတစ်ခု လျော့ပါး ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။
သည်လူကား ကျန်းကျိုးမြို့၏ မြို့ခံလုပ်ငန်းရှင် တစ်ယောက်ဖြစ်ကာ ဆယ်ဂဏန်းမျှသာရှိသော အလုပ်သမားများအားပိုင်ဆိုင်သော လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ သွမ့်ကျွင်းကား သည်လူရောက်လာခြင်းအတွက် မည်သို့ ကြောက်ရွံ့မည်နည်း။ ကျန်းချန်၏နယ်မြေမှာ သူ့ပိုင်နက် နယ်မြေနှင့် ဘေးချင်းကပ်ဖြစ်ရာ အချင်းချင်း ပြိုင်ဆိုင်မှုများ ရှိပေသည်။ သို့သော်လည်း သွမ့်ကျွင်း၏ကုမ္ပဏီမှာ ပြိုင်ဆိုင်မှုများ၌ များစွာ အသာစီးရထားပေသည်။
သခင်ကြီးဝူကိုယ်တိုင် ရောက်မလာခြင်း အတွက် လုယန်ရွယ်မှာ အလွန်စိတ်ပျက်ရပေသည်။
“သွမ့်ကျွင်း … ငါ့မှာ အချိန်သိပ်မရှိဘူး …။ ဒီလူတွေက သခင်ကြီးဝူရဲ့ ဧည့်သည်တွေပဲ …”
ကျန်းချန်၏ စကားတွင် သိပ်ခိုင်မာသော ရပ်တည်ချက် မရှိပေ။
သခင်ကြီးဝူ၏ အတွင်းရေးမှူးက သူ့အား ဖုန်းခေါ်ကာ သည်မိန်းကလေးများအား ကူညီရန် ပြောခဲ့သည်။ အတွင်းရေးမှူးကပင် သိပ်အလေးအနက် မရှိသည့်ဟန် ပြောခဲ့ရာ သူကလည်း သိပ်အရေးကြီးသည့်သူဟု မထင်ပေ။ ထို့ကြောင့် ကျန်းချန်က သည်နေရာကို လာရန် သိပ်အလောတကြီး မရှိခဲ့ပေ။
“ကောင်းပြီ …” သွမ့်ကျွင်း ခေါင်းညိတ်သည်။ သူကလည်း သခင်ကြီးဝူနှင့် တင်းမာမှု မဖြစ်ချင်ပေ။ သို့သော်လည်း သူက ချန်းဖန်အား လက်ညှိုးထိုးကာ မေးသည်။
“ဒါပေမဲ့ သခင်ကြီးဝူက သူ့ကို မဖိတ်ခေါ်ထားဘူး … ဟုတ်တယ်မလား”
ထိုမေးခွန်းအားကြားကာ ကျန်းချန် မှင်တက်သွားသည်။ အတွင်းရေးမှူးက သူ့အား မိန်းကလေးနှစ်ဦးဟုသာ ပြောခဲ့သည်။
သူက လုယန်ရွယ်အား ကြည့်ကာ ထိုမိန်းကလေးကြည့်ကာ သူမ၏အလှတရားကြောင့် အံ့သြရသည်။
ထိုစဉ် သွမ့်ကျွမ်းက ပြောသည် … “ဒီကောင်စုတ်လေးက တကယ်ပဲ မတောင်းပန်ချင်ဘူး ဆိုရင် သခင်ကြီးဝူ ကိုယ်တိုင် သူ့ကို လာကယ်မှပဲ ဖြစ်လိမ့်မယ်။ သခင်ကြီးဝူမဟုတ်ရင်လည်း သခင်လေးထန် ဒါမှမဟုတ် သခင်လေး ရှန်ဖြစ်ဖို့လိုတယ် …”
လုယန်ရွယ်ကား သခင်လေးထန်နှင့် သခင်လေးရှန် ဆိုသူတို့အား တစ်ခါမှ မကြားဖူးပေ။ သခင်ကြီးဝူကိုပင် ကိုယ်တိုင်လာရောက်ရန် သူမ မတတ်နိုင်ပေ။
သူမကား သခင်ကြီးဝူ၏ အလေးပေးမှုကို အချိန်ကြာမြင့်စွာ သိမ်းထားခဲ့ရသော်လည်း တကယ်တမ်း ပြဿနာ တက်ခဲ့သောအခါ သခင်ကြီးဝူကား သူ့လက်အောက်မှ လူတစ်ယောက်ကိုသာ စေလွှတ်ခဲ့သည်။
ထိုအတွေးများ ခေါင်းထဲသို့ ရောက်လာလျှင် လုယန်ရွယ်မှာဝမ်းနည်းမှုကို ခံစားရသည်။
“အစ်မယန်ဝူနဲ့ငါ ဘယ်လောက်ကွာတယ်ဆိုတာ ဒါပဲမလား …။ အစ်မယန်ဝူ ကျန်းကျိုးမြို့သို့ လာတုန်းက သခင်ကြီးဝူကိုယ်တိုင် လေးလေးစားစား ကြိုဆိုပြီးတော့ ဂရုစိုက်ခဲ့တယ်။ ဒါပေမဲ့ ငါဖုန်းခေါ်တော့ သူက သိပ်အလေးမထားခဲ့ဘူး။ အစ်မယန်ဝူကြောင့် မဟုတ်ရင် သူက သူ့လူတစ်ယောက် ကိုတောင် စေလွှတ်မှာ မဟုတ်လောက်ဘူး”
“ရှောင်ရွယ် … တစ်ခုခုလုပ်ပါဦး …” မြောင်ရှောင်းချန်ကား မျက်ရည်ကျတော့မည်ဖြစ်သည်။
လုယန်ရွယ်၏မျက်နှာက ပြာနှမ်းသွားပြီး ပြောသည် … “ငါ ဘာလုပ်နိုင်မှာလဲ …။ ငါက လုမိသားစုရဲ့ ကိုင်းခွဲမိသားစုတစ်ခုကပဲ …။ အစ်မယန်ဝူကြောင့်သာ မဟုတ်ရင် သခင်ကြီးဝူက ငါ့ဖုန်းကို ကိုင်မှာတောင် မဟုတ်ဘူး”
သူမ၏စကားကိုကြားလျှင် မြောင်ရှောင်းချန်၏မျက်လုံးများ၌ မျက်ရည်များ ကျလာသည်။ သူမက ချန်းဖန်အား ကူရာမဲ့စွာ ကြည့်သည်။
“ကောင်စုတ်လေး … အခု မင်းကို ဘယ်သူလာကယ်မလဲ သိချင်တယ်” အစ်ကိုဝူက နှာခေါင်းရှုံ့လျက်ပြောသည်။
အစ်ကိုဝူနှင့်အတူ လိုက်ပါလာကြသော လူစုကလည်း ချန်းဖန်အား ကြည့်ကာ လက်ဆစ်ချိုးသူ ကချိုး၊ ဗလများကို ဟန်ရေးပြသူ ကပြ လုပ်နေကြသည်။ ကားပေါ်မှ လူများမှာ အခြေအနေကို ထိတ်လန့်စွာ ကြည့်ကြသည်။
ထိုစဉ်မှာပင် ချန်းဖန်က ခေါင်းမော့ကာ ပြောသည် … “သခင်လေးထန် … သခင်လေးရှန် … အဲလူတွေတော့ မသိဘူး …။ ဒါပေမဲ့ ချင်းရွှေမြို့က တစ်ယောက်ကိုတော့ သိတယ် …။ သူ့ကို ဖုန်းခေါ်ရမလား”
“သခင်လေးထန်ထက် အဆင့်နိမ့်တဲ့ တစ်ယောက်ယောက်က မင်းရဲ့ သောက်ဖျင်ကို ကယ်နိုင်မယ် မထင်ဘူး …” အစ်ကိုဝူက ပြုံးလျက်ပြောသည်။
သွမ့်ကျွင်းက လက်ကာပြကာ လူအုပ်အား စောင့်ရန် အချက်ပြသည်။ သူက ချန်းဖန်အား အေးစက်စွာ တစ်ချက်ကြည့်ကာ မေးသည် … “အဲဒါ ဘယ်သူလဲ …”
သွမ့်ကျွင်းကား ချန်းဖန်ကို မကြောက်ပေ။ သို့သော်လည်း သူကား အမြဲသတိထားတတ်သူ ဖြစ်ရာ မပိုင်ဘဲ ခြင်မရိုက်တတ်သူ ဖြစ်သည်။
ခရီးသည်များမှာလည်း ခေါင်းယမ်းကြသည်။ သခင်ကြီးဝူပင် မကယ်နိုင်သော သူ့အား မည်သူတို့က ကယ်တင်နိုင်မည်နည်း။
လုယန်ရွယ်လည်း နှာခေါင်းတစ်ချက် ရှုံ့သည်။ ချန်းဖန်က သခင်ကြီးဝူကဲ့သို့သော အားကောင်းသော သူတစ်ယောက်နှင့် အဆက်အသွယ် ရှိမည်ဟု သူမယုံပေ။
ချန်းဖန်က ဖြည်းညင်းစွာ ပြောသည် … “ကျုပ် မှတ်ဉာဏ်သာ မမှားဘူးဆိုရင် … သူ့နာမည်က လျှိုကောတုန်းတဲ့ …”
“လျှိုကောတုန်း … အဲဒါ ဘယ်သူလဲ …” တစ်အုပ်စုလုံး ရယ်မောလိုက်ကြသည်။ အစ်ကိုဝူလည်း ရယ်မောလိုက်ကာ ချန်းဖန်အား သနားစဖွယ် ကြည့်သည်။
သို့သော်လည်း သွမ့်ကျွင်း၏မျက်နှာက ထိတ်လန့်ဟန်များ အထင်းသား …။
“လျှိုကောတုန်း … ချင်းရွှေမြို့က ထိပ်ပြောင်ကြီးလျှိုလား …”
သူက ထိုသို့ပြောလိုက်သည်နှင့် အားလုံး၏ ရယ်မောသံများ တိတ်ဆိတ်သွားသည်။
ချင်းရွှေမြို့၌ လျှိုကောတုန်းဟူသော နာမည်ထက် ထိပ်ပြောင်ကြီးလျှို နာမည်မှာ ပိုမို၍ လူသိများပေသည်။ မြို့သူမြို့သားတိုင်းမှာ ထိပ်ပြောင်ကြီးလျှို နာမည်ကို ကြားဖူးနားဝရှိကြ၏။
“မင်းက ထိပ်ပြောင်ကြီးလျှိုကို သိတာပေါ့ …”
သွမ့်ကျွင်းလည်း ချန်းဖန်ကို သံသယ မျက်လုံးများဖြင့် ကြည့်သည်။
“သွမ့်ကျွင်း … သူ့စကားကို နားမထောင်နဲ့ …။ သူဌေးလျှိုက ဘယ်လိုလုပ် ကောင်လေးတစ်ယောက်နဲ့ သိမှာလဲ …” တစ်ယောက်က အော်ဟစ်သည်။
သွမ့်ကျွင်းလည်း ချန်းဖန်ကို မယုံပေ။ သူက မြို့မျက်နှာဖုံးတစ်ယောက်ဖြင့် သိမည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။
လုယန်ရွယ်ပင် ချန်းဖန်အား မယုံကြည်ဟန်ဖြင့် မေးသည် … “နင် ထိပ်ပြောင်ကြီးလျှိုနဲ့ သိတယ်လို့ ပြောလိုက်တာလား …”
“ထိပ်ပြောင်ကြီးလျှိုဆိုတာ ဘယ်သူလဲ …” မြောင်ရှောင်းချန်က မေးသည်။
လုယန်ရွယ်က သူမအား ပြောပြသည်။ သူဌေးလျှို၏ အောင်မြင်မှုများအား ကြားသည်တွင် မြောင်ရှောင်းချန်လည်း ချန်းဖန်ကို သံသယဝင်လာသည်။
“ကောင်လေး … မင်းငါ့ကို လိမ်ရင် နှစ်ဆ နာမယ်မှတ် …” သွမ့်ကျွင်းက ချန်းဖန်အား ဒေါသတကြီး ပြောသည်။
ချန်းဖန်ကား ခြိမ်းခြောက်မှုကို မည်သို့မှ ခံစားရဟန် မရှိပေ။ သူက အိတ်ကပ်ထဲမှ ဖုန်းတစ်လုံးအား ထုတ်ကာ နံပါတ်တစ်ခုအား နှိပ်သည်။ စကားအချို့ပြောပြီး သူက ဖုန်းချလိုက်သည်။
“ဒါပဲလား …” အားလုံးက နားမလည်ပေ။
ဖုန်းခေါ်ဆိုခြင်း တစ်ခုက သူတို့အား လက်ခံယုံကြည် စေမည်လား။ လုယန်ရွယ်နှင့် မြောင်ရှောင်းချန်တို့မှာလည်း စိတ်ပျက်သွားကြသည်။ သွမ့်ကျွင်းပင် တိုက်ခိုက်ရန် ဟန်ပြင်ပြီးမှ ဖုန်းခေါ်သံတစ်ခု မြည်လာသည်။
“ဘယ်သူတုန်း ... ငါအလုပ်များနေတာ မသိဘူးလား …”
သွမ့်ကျွင်းက စိတ်တိုစွာ မြည်တွန်တောက်တီးပြီး ဖုန်းကို ကြည့်သည်။
ဖုန်းမျက်နှာပြင်ပေါ်မှ နာမည်ကို မြင်လျှင် သူ၏မျက်လုံးများက ပုစွန်မျက်လုံးများ အလား ပြူးကျယ်သွားသည်။
ခေါ်သူနာမည်ကား … သူဌေးလျှို ဟူ၏။
***