လုမိသားစုမှ ဖိတ်ကြားမှု
Vol. 2 Ch. 161
“ဟေး ... ကောင်လေး မင်းဆီမှာ ဆေးလုံး ဘယ်လောက်ရှိလဲ။ ငါ တစ်လုံးကို ယွမ်တစ်သောင်း ပေးမယ်”
“စိတ်ကူးယဉ်မနေစမ်းပါနဲ့။ ဒီလို အရည်အသွေးမြင့် ရုပ်ခန္ဓာသန့်စင်ဆေးကို ဈေးပေါပေါနဲ့ ဝယ်ချင်နေတာလား ငါက မင်းရဲ့ သုံးဆတိုးပေးမယ် ...”
“ဆေးတစ်လုံးအတွက် ငါးသောင်း ပေးမယ် ...”
ဆေးလုံးကို သစ်စိမ်းကိုင်း၏ လီမိသားစုမှ အသိအမှတ်ပြု ခံပြီးသည်နှင့် ဝယ်ယူသူများက ချန်းဖန်ဆီသို့ လယ်ကွင်းထဲမှ အိမ်ရှင်မများသဖွယ် လျှော့ဈေးပေးနေသကဲ့သို့ တရုံးရုံး ရောက်လာကြတော့သည်။ အားလုံးမှာ ချန်းဖန်အတွက် ပိုက်ဆံများ ထုတ်ပေးရင်း ထိုကောင်လေးကို အလိုကြီးစွာ ကြည့်နေကြလေ၏။
သိုင်းပညာရှင်များအတွက် အကြီးမားဆုံး စိမ်ခေါ်မှုမှာ အထောက်အပံ့ အရင်းအမြစ်သာ ဖြစ်သည်။ အတွင်းအားလေ့ကျင့်ရေးသည် အလွန်ခက်ခဲလှပြီး လေ့ကျင့်သူ၏ ပါရမီ အရည်အချင်းလည်း များစွာ လိုအပ်သေးသည်။ အတွင်းအားအသုံးပြုသူသည် သူတို့၏ မျိုးဆက်များကို သူတို့ကဲ့သို့ တူညီသည့် စွမ်းအားများ ရလာလိမ့်မည်ဟု အာမ မခံနိုင်ကြချေ။
သို့သော်လည်း ရုပ်ခန္ဓာ မွမ်းမံသန့်စင်ဆေးသည် လူသားတစ်ယောက်၏ ခန္ဓာကိုယ်ကို အတွင်းအားများဖြင့် ပေါင်းစပ်နိုင်လိမ့်မည်။ ထိုအရာက သိုင်းပညာရှင်များ အိပ်မက် မက်နေသည့်အရာ ဖြစ်၏။
“ခင်ဗျားတို့ကို သတိပေးရဦးမယ်။ ဒီဆေးက အသုံးပြုသူရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်စွမ်းအားအတွက် လိုအပ်ချက် မြင့်မားတယ်။ အဲဒါအပြင် ခန္ဓာကိုယ် လေ့ကျင့်ကြသူအတွက်ပဲ အသုံးဝင်တယ် ...” ချန်းဖန်က ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
ချန်းဖန်၏ ပြောကြားချက်က အားလုံးကို တအံ့တဩ ဖြစ်သွားစေသည်။ အကယ်၍ ဆေးအသုံးဝင်မှုက ခန္ဓာကိုယ်လေ့ကျင့်သူတွေ အတွက်သာ ကန့်သတ်ထားတယ်ဆိုလျှင် တန်ဖိုးက သိသိသာသာ မြင့်နေလေ၏။ ထို့အပြင် အားအကောင်းဆုံး သိုင်းပညာရှင်အများစုက အတွင်းအား အသုံးပြုသူများ ဖြစ်သွားကြ၏။ အကြောင်းမှာ အတွင်းအားလေ့ကျင့်ခြင်းက ခန္ဓာကိုယ်လေ့ကျင့်ခြင်းထက် ပို၍ အလားအလားကောင်း၍ ဖြစ်သည်။ တရုတ်နောက်တောင်ပိုင်းမှ ဆရာချွေးသည် ထူးခြားလှသည့် ပါရမီရှင်ဟု ဆိုနိုင်သော်လည်း သူ့အတွက် ထို့ထက် အားကောင်းလာဖို့ရာ အလွန်ခက်ခဲပေသည်။
သို့သော်လည်း နောက်ဆုတ်လိုက်ခြင်းက လေလံပွဲ ပဋိပက္ခများကို ဖြေရှင်းပေး နိုင်မည့်ပုံ မပေါ်ပေ။ အတွင်းအားသည် ရရှိဖို့ရာ ခက်ခဲလှသည့် အတွက် ခန္ဓာကိုယ် လေ့ကျင့်ကြသူများက ထိုအခွင့်အရေးကို လက်လွတ်ခံကြမည် မဟုတ်ပေ။
“မီလီယံ ... ငါဆေးလုံးအတွက် တစ်မီလီယံ ပေးမယ် ဒီက ပေးနိင်သမျှ အမြင့်ဆုံးပဲ”
မျက်နှာ အဆီပြန်နေသော လူသန်ကြီး တစ်ယောက်က အော်ပြောလိုက်ပြီး သူ့ဘေးပတ်လည်ကို ကြည့်လိုက်သည်။
လူအုပ်ကြီးက ဖြည်းဖြည်းချင်း ငြိမ်ကျသွားတော့သည်။ အတွင်းအား ရရှိရန် ထိုဆေးလုံးများစွာကို မှီဝဲရလိမ့်မည်။ ထို့ကြောင့် ဈေးနှုန်းသည် လူအများ မတတ်နိုင်သည့် ကန့်သတ်ချက်သို့ ရောက်သွားသည်နှင့် ကမ်းလှမ်းချက်များက တစ်စ တစ်စ လျော့ပါးသွားတော့သည်။
“သူက စိန်ကျောက်ဘုရားကျောင်းကကွ၊ သူ့ဂိုဏ်းက သူတို့ရဲ့ ခန္ဓာကိုယ်လေ့ကျင့်ရေး စွမ်းရည်တွေကြောင့် လူသိများကြတယ်၊ သူတို့က ဒီဆေးလုံးတွေကို ဒီဈေးနဲ့ ဝယ်တာ သိပ်တော့ အံ့ဩစရာ မရှိတော့ပါဘူး ...”
တစ်ယောက်က ထိုလူသန်ကြီးကို မှတ်မိလိုက်သည်။
စိန်ကျောက်ဘုရား ကျောင်းဂိုဏ်းက ရေခဲတောင်က အစပြုပြီး ဖြစ်လာတယ်လို့ ကောလာဟလ ရှိဖူးသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က သူတို့သည် အပြင်အားလမ်းစဉ် ဆရာသခင် တစ်ယောက်ကို ဆရာတင်ခဲ့လေသည်။ သူတို့က ရုပ်ခန္ဓာမွမ်းမံသန့်စင်ခြင်း လမ်းစဉ်နှင့် ပတ်သက်သည့် ဂိုဏ်းများထဲတွင် အကြမ်းဆုံးဟု ဆိုလို့ရလေ၏။
သူ့ကမ်းလှမ်းချက်က အဆုံးသတ် ဖြစ်သွားသည်ကို မြင်၍ လူသန်ကြီးက ချန်းဖန်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်တော့သည် “ငါ့ညီ ... မင်းဆီမှာ ဆေးဘယ်လောက်ရှိလဲ။ ငါ အကုန်ယူမယ်”
အံ့ဩတကြီး ဖြစ်သွားသော ချန်းဖန်က ပြောလိုက်သည် ... “ကျုပ်က ပိုက်ဆံမလိုဘူး၊ ဆေးကို နှစ်တစ်ထောင်ဂျင်ဆင်း ဒါမှမဟုတ် ... ဆင်တူ အာနိသင်ရှိတာမျိုးနဲ့ လဲလို့ရတယ်။ အဲဒါဆိုရင် ခင်ဗျားလိုသလောက် ဆေးလုံးတွေ ပေးနိုင်တယ်”
“အာ ...” လူသန်ကြီးက စိတ်ပျက်သွားမိသည်။
ယနေ့ခေတ်တွင် နှစ်တစ်ရာ ဂျင်ဆင်းပင် ရရှိဖို့ ခက်ခဲနေရာ နှစ်တစ်ထောင်သက်တမ်းဆို ရရှိဖို့က အလှမ်းဝေးလှချေပြီ။ ရှာတွေ့ဖို့ရာပင် မဖြစ်နိုင်လောက်ချေ။
သို့သော်လည်း လဲလှယ်မှုက သစ်စိမ်းကိုင်း၏ လီမိသားစု အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။
အပ်တစ်ချောင်းလီ၏ မျက်လုံးက လင်းလက်လာပြီး ပြောလိုက်တော့သည် “ကျုပ်အိမ်မှာ နှစ်တစ်ထောင်ဂျင်ဆင်း နှစ်ခု ရှိတယ်၊ ဒါပေမဲ့လည်း သူတို့က အရမ်းရှားပါးလွန်းတော့ မိသားစု အမွေအနှစ်အနေနဲ့ သိမ်းထားတာ … ဒါပေမဲ့လည်း ဒီဂျင်ဆင်းနဲ့ ခင်ဗျားရဲ့ ဆေးနည်းနဲ့ လဲပေးမယ်ဆိုရင်တော့ ကျုပ်သဘောတူနိုင်တယ် …”
ချန်းဖန် တွေဝေသွားလေသည်။ သူသည် ရုပ်ခန္ဓာ မွမ်းမံသန့်စင်ဆေးနည်းကို စစ်တပ်ဆီ ပေးထားပြီးပြီ ဖြစ်၍ ထိုအကြောင်းအရာသည် လျှို့ဝှက်သတင်းအချက်အလက်များ ဖြစ်သွားလေပြီ။ အကယ်၍ သူက ထိုသတင်းကို လူကြားသို့ ချပြလိုက်ပါက သူ မပတ်သက်ချင်သည့် ပြဿနာများစွာ ဖြေရှင်းနေရလိမ့်မည်။
“ကျုပ်က ဆေးနည်းကို တခြားသူကို ပေးပြီးသွားပြီ ...” ချန်းဖန်က ခေါင်းခါရင်း ပြောလိုက်သည်။
“ကောင်းပြီလေ ဒါဆိုလည်း ကံမကောင်းတာပဲပေါ့ ...” အပ်တစ်ချောင်းလီက သက်ပြင်းချလိုက်တော့သည်။
သူက ထိုရုပ်ခန္ဓာ မွမ်းမံသန့်စင်ဆေးသည် ထိပ်တန်းဆေး ဖြစ်မည်မှန်း သိ၍ ပါဝင်ပစ္စည်းများမှာ ရရှိဖို့ရာ ပြင်ဆင်နိုင်ကြောင်း ပြောနိုင်သည်။ ထို့ကြောင့် ဆေးနည်းသာ ရရှိခဲ့လျှင် များများထုတ်လုပ်နိုင်လိမ့်မည်။ နိုင်ငံခြားမှ အဆက်အသွယ်များဖြင့် သူတို့သည် ထိုဆေးကို နိုင်ငံခြားမှ သိုင်းပညာ အဖွဲ့အစည်းများအထိ တင်ပို့နိုင်လိမ့်မည်။ ဥပမာအားဖြင့် ရှေးဟောင်းမွေထိုင်းကို လေ့ကျင့်ကြသော ဂိုဏ်းများဆီ ဖြစ်သည်။
ဤဆေးမှ ရရှိလာမည့် အကျိုးမြတ်သည် လူအများ စိတ်ကူးကြည့်လို့ ရမည် မဟုတ်ချေ။
“ဒါဆို ပိုက်ဆံနဲ့ ဝယ်လို့ရမလား ...” ချန်းဖန်က မျက်မှောင်ကြုတ်လျက် ထပ်မေးလိုက်သည်။
“ဟားဟား ...” အပ်တစ်ချောင်းလီက အားရပါးရ ရယ်မောလိုက်သည် ... “ခင်ဗျားက ကျုပ်တို့ လီအုပ်စုကို မကြားဖူးဘူး ထင်တယ်၊ ကျုပ်တို့က ဆေးပင်ဈေးကွက်ရဲ့ ရာခိုင်နှုန်း ကိုးဆယ်ကျော်နဲ့ တရုတ် ဆေးထုတ်လုပ်ရေးရဲ့ ရာခိုင်နှုန်း သုံးဆယ်ကျော်ကို ထိန်းချုပ်ထားတာ … ကျုပ်တို့မှာ ဆေးကုမ္ပဏီငါးခု ရှိသေးတယ်။ အဲဒီနှစ်ထောင်ချီ သတ်တမ်းရှိတဲ့ ဆေးပင်တွေက မိသားစုရတနာတွေ ဖြစ်တော့ မိသားစုအကြီးအကဲတွေပဲ သုံးလို့ရတယ် … ကဲ ခင်ဗျားက အဲဒီဂျင်ဆင်းအတွက် ဘီလီယံ ဘယ်လောက်ပေးမလဲ”
ချန်းဖန်က တိတ်ဆိတ်နေပြီးမ စိတ်ထဲတွင် ညည်းညူလိုက်တော့သည်။
သူက ဟောင်ကောင်မှ ချန်းမိသားစုနှင့် တစ်လှေတည်းစီးနေကြသူများ ဖြစ်ကြသည်။ ရောင်းဝယ်မှုသည် ရောင်းချသူ၏ စိတ်ကြိုက်သာ ဖြစ်ရာ ရောင်းချသူများက ကိုယ့်စိတ်ကြိုက် ရောင်းချခွင့် ရှိလေသည်။ နှစ်တစ်ထောင်ဆေးပင်များသည် လူသက်တမ်းကို ရှည်စေနိုင်သည့်အတွက် လီမိသားစုသည် ဝယ်ယူသူ ပြတ်လပ်မည့် ကိစ္စကို စိုးရိမ်စရာ မရှိချေ။
အပ်တစ်ချောင်းလီက ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်တော့သည်။ ဆေးနည်းမပါရှိဘဲ ထိုဆေးများက လီမိသားစု၏ မျှော်လင့်ချက်ကို ကျေနပ်စေမည် မဟုတ်ပေ။
ရုတ်တရက် သူက ချန်းဖန် ပြောသည်ကို ကြားလိုက်ရသည်။
“ကျုပ်က ရုပ်ခန္ဓာမွမ်းမံသန့်စင်ဆေးနည်းကို မရောင်းပေးနိုင်ပေမဲ့ ကျုပ်ဆီမှာ အခြားဆေးနည်းတွေ ရှိပါသေးတယ် ...”
ထိုသို့ ပြောလိုက်ပြီး ချန်းဖန်က နောက်ထပ် အဖြူအပြာ စပ်ထားသည့် တရုတ်ဆေးပုလင်းလေးကို ထုတ်ယူလိုက်ပြီးနောက် အထဲမှ အစိမ်းရောင်ဆေးကို ပြသလိုက်သည်။ အစိမ်းရောင် အလုံးလေးသည် ပြသစင်ပေါ်သို့ ရောက်သွားသည့်အခါ ဒေါက်ခနဲ ကျသွားလေသည်။ ချန်းဖန်ဘေး ပတ်လည်မှ လေထုတွင် နွေဦး ရနံ့ပြင်းများနှင့် အသက်ဝင်မှုများ ပေါင်းစပ်လာလေသည်။
“အဲဒါ ဘာကြီးလဲ ...”
အပ်တစ်ချောင်းလီက ထိုအဖြစ်အပျက်ကြောင့် အံ့ဩတကြီး ဖြစ်သွားလေ၏။ ထိုဆေးလုံးက ဆေးနတ်ဘုရားတောင်ကြားမှ မိန်းမငယ်လေး အာရုံကိုပါ ဆွဲဆောင်သွားနိုင်ခဲ့သည်။
“ဒီဆေးကို အမတေ စွမ်းအင်တိုးမြှင့်ဆေးလုံးလို့ ခေါ်တယ်၊ အဲဒါက သာမန်လူတွေကို ဖျားနာခြင်း ကင်းဝေးစေပြီးတော့ သူတို့သက်တမ်းကို ရှည်စေနိုင်တယ်၊ အတွင်းအား လေ့ကျင့်တဲ့သူ မှီဝဲရင် အသုံးပြုသူရဲ့ အတွင်းစွမ်းအားနဲ့ လေ့ကျင့်ရေးမှာပါ သိသိသာသာ တိုးတက်လာလိမ့်မယ်” ချန်းဖန်က ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
သူဖော်စပ်ဖူးသည့် အကောင်းဆုံးဆေးမှာ အမတေစုစည်းခြင်း ဆေးလုံးဖြစ်သည်။ သူတို့ကို ဆေးပင်နည်းနည်းဖြင့် ဖော်စပ်ထားပြီး ထောက်ပံ့မှုကို ကန့်သတ်ထားလေသည်။
ဒုတိယ အကောင်းဆုံးဆေးမှာ ဆန်းကြယ်ဆေးလုံး ဖြစ်သည်။ သူတို့ကို ယင်မြွေသွေးသားမှ ဖော်စပ်ထားတာ ဖြစ်၏။ တစ်လုံးကို မီလီယံတစ်ရာလောက် တန်လေသည်။ နှစ်ထစ်ထောင် ဂျင်ဆင်းကဲ့သို့ အကျိုးအာနိသင် ရှိလေသည်။
တတိယအကောင်းဆုံးဆေးမှာ အမတေ တိုးမြင့်ဆေးလုံးဖြစ်သည်။ သူတို့သည် အကြီးအကဲမန်ဝေ သုံးသည့် ဆေးလုံးများနှင့် အတူတူ ဖြစ်လေသည်။ နှစ်ဝက်အတွင်း ထိုဆေးလုံးများသည် အဘိုးကြီးကို သူ့ဒဏ်ရာဟောင်းများမှ ပြန်လည်အားဖြည့်လာနိုင်ပြီး လေ့ကျင့်ရေးများကို သိသိသာသာ တိုးတက်စေလိမ့်မည်။ ထိုစဉ်က အဘိုးကြီးသည် အတွင်းအားလေ့ကျင့်မှု၌ ထိပ်ဆုံးသို့ ရောက်ရှိဖို့ရာ ခြေတစ်လှမ်းသာ လိုတော့တာ ဖြစ်လေသည်။
ရုပ်ခန္ဓာ မွမ်းမံသန့်စင်ဆေးလုံးအတွက် သူတို့ကို အဆင့်အနိမ့်ဆုံး ဆေးလုံးဟု မှတ်ယူနိုင်ကြသည်။ အချိန်တိုအတွင်း ပမာဏများများ ထုတ်လုပ်နိုင်ကြသေးသည်။ ထို့အပြင် ထိုဆေးတွင် ရုပ်ပိုင်းအခြေအနေ တိုးတက်လာစေသည့် အသုံးဝင်မှု တစ်ခုသာ ရှိသည်။
“တစ်ချက်လောက် ကြည့်ပါရစေဦး ...” အပ်တစ်ချောင်းလီက အစိမ်းရောင်ဆေးလုံးကို ဂရုတစိုက် ကောက်ယူလိုက်ပြီး မျက်စိနား ကပ်ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူနှာခေါင်းထဲသို့ လန်းဆန်းလှသည့် လေထုက ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်မှ ဆဲလ်တစ်ခုချင်းစီကို အားဖြည့် လန်းဆန်းသွားစေသည်။ သူက ဆေးလုံးမျက်နှာပြင်ကို လက်သည်းဖြင့် အသာခြစ် လိုက်ပြီးတော့ အရသာခံ ကြည့်လိုက်သည်။ ထို့နောက်တွင် သူမျက်နှာတွင် တအံ့တဩ ဖြစ်လာမှုနှင့်အတူ မယုံကြည်နှိုင်မှုများက ထင်းနေလေသည်။
“ဒီဆေးလုံးက အသက်ဓာတ်နဲ့ ပြည့်နေတာပဲ ... ထိပ်တန်းအဆင့်ဆိုတာ သံသယဖြစ်စရာကို မလိုဘူး ...”.
လူအုပ်ကြီးက အပ်တစ်ချောင်းလီ စကားများ ကြားလိုက်ရသောအခါ ပွက်လောရိုက် သွားလေသည်။
ဆေးလုံးတွေကို အဆင့်အမျိုးမျိုး သတ်မှတ်ထားကြသည်။ အဆင့်နိမ့် ဆေးလုံးများမှာ ဈေးကွက်တွင် အလွယ်တကူ ရရှိနိုင်သည့် သာမန်ဆေးများထက် အနည်းငယ်သာ ပိုကောင်းလေသည်။ အလယ်အလတ်အဆင့်မှာ သမာရိုးကျ ဆေးများနှင့်ကွဲထွက်သွားလေပြီ။ ပါးကျီဂိုဏ်းမှ ကုသလိမ်းဆီသည် လတ်တလော ဖြစ်ထားသည့် ပြင်ပဒဏ်ရာများကို ကုသနိုင်စွမ်းရှိသည်။
ထိပ်တန်းအဆင့်သည် မြင်ဖူးဖို့ဆိုသည်ကတော့ အလှမ်းဝေးလှရာ ကြားတောင်မကြားဖူးကြချေ။
“ဒါက တကယ်ကို ထိပ်တန်းအဆင့်ပဲ၊ ဆရာလေး ကျွန်မတို့ကို ဆေးနည်းရောင်းချင်လားရှင့် ... ဆေးနတ်ဘုရား တောင်ကြားဂိုဏ်းမှာ ရှင်ရွေးချယ်စရာ နှစ်တစ်ထောင်ဆေးပင်တွေ အများကြီး ရှိပါတယ် ...” သစ်သားပုတီးကုံး ဝတ်ဆင်ထားသည့် မိန်းမငယ်လေးက ထပြောလိုက်သည်။
“မမလေးကျင်းယီ ...။ ဒီမှာ ရှေ့က လူတန်းရှိသေးတယ်လေ ... လီမိသားစုက မင်းထက် အရင် ဒီလူငယ်လေးနဲ့ ပြောဆိုနေတာလေ …” အပ်တစ်ချောင်းလီက စိတ်မကြည်စွာ ကြည့်ပြီး ပြောလိုက်သည်။
ထိပ်တန်းအဆင့် ဆေးလုံးများသည် ရရှိဖို့ရာ ခက်ခဲလှသည်။ လီမိသားစုတွင်ပင် မပြီးပြည့်စုံသည့် ဆေးနည်းများသာ ရှိလေ၏။
အားလုံးက ချန်းဖန်ကို အားကျစွာ ကြည့်မိကြ၏။
လီမိသားစုနှင့် ဆေးနတ်ဘုရား တောင်ကြားဂိုဏ်းတို့သည် သူတို့၏ ဆေးဘက်ဆိုင်ရာ လုပ်ငန်းများတွင် ချုပ်ကိုင်နိုင်မှုများကြောင့် အမြဲတမ်း မာနကြီလျက်ရှိကြသည်။ သို့သော်လည်း ယခုအခါ သူတို့သည် လူငယ်လေး တစ်ယောက်နှင့် ပတ်သက်၍ ယှဉ်ပြိုင်နေရသည်။ ဒုတိယသခင်ကြီးရှင်း၏ အကြည့်များကား အားကျမှုတို့ဖြင့် ဖုံးလွှမ်းနေလေသည်။ သူက ချန်းဖန်သည် ထိုသို့ရတနာမျိုးကို သယ်ဆောင်လာလိမ့်မည်ဟု တွေးမထားမိပေ။
“ဒီအတွက် ဘာမှငြင်းခုံနေစရာ မလိုပါဘူး ...” ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည် ... “ခင်ဗျားတို့ နှစ်ယောက်လုံးကို ဆေးနည်းပေးလို့ရတယ်။ ဒါပေမဲ့ ကျုပ်တစ်ယောက်ပဲ ဆေးဖော်စပ်နိုင်မှာ … ခင်ဗျားတို့တွေ တစ်ယောက်မှ လုပ်နိုင်မှာ မဟုတ်ဘူး”
အမတေ စွမ်းအင်တိုးမြှင့်ဆေးလုံးသည် ကောင်းကင်ဆေးလုံးဟု ယူဆ၍ ရသည်။ ထို့ကြောင့် ထိုဆေးလုံးကို ဖော်စပ်ဖို့ရာအတွက် နည်းလမ်းကား အင်မော်တယ် ကျင့်ကြံခြင်းကို အရင်းပြုလာခြင်း ဖြစ်၏။
“အမှန်ပဲလား ...” အပ်တစ်ချောင်းလီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
မမလေးကျင်းယီက နောက်ဆုတ်လိုက်ပြီး ထပ်မေးလိုက်သည် ... “တကယ် ရှင်တစ်ယောက်တည်း ဖော်စပ်နိုင်တာလား၊ ရှင်က ဆေးဆရာလား ...”
မမလေးကျင်းယီ၏ မေးခွန်းများကို ကြားပြီး ချန်းဖန်ကို လေးစားနေကြသော အားလုံးက စိတ်ထင့်သွားလေ၏။
ဆေးလုံးများသည် ကုန်ဆုံးနိုင်သောကြောင့် ဤဆေးနည်းကို ရရှိသောသူက ဆေးဆရာ ဖြစ်နေလျှင် အကျိုးများစွာ ရရှိနိုင်လိမ့်မည်။ အကယ်၍ သိုင်းပညာမိသားစုတစ်ခုက ထိုဆေးဆရာကို ငှားရမ်းနိုင်လျှင် မိသားစုကြားမှ အတွင်းအားအသုံးပြုသူ အရေအတွက်ကို ဆယ်စုနှစ် တစ်ခုတိုင် အာမခံပေးနိုင်လိမ့်မည်။ သို့သော်လည်း ယနေ့ခေတ်တွင် ဆေးဆရာများ ဖြစ်လာဖို့ အတော်အတန် ခက်ခဲပေသည်။ အများစုက လီမိသားစု သို့မဟုတ် ဆေးနတ်ဘုရား တောင်ကြားအတွက် အလုပ်လုပ် ပေးကြသူများသာ ဖြစ်ကြသည်. အရမ်းရမ်းကို ရှားပါးလှသည့် ဆေးဆရာမှသာ ထိုမိသားစုနှစ်ခုမှ ထွက်ပြီး တခြားတစ်ယောက်ကို အလုပ်အကျွေးပြုကြလိမ့်မည်။
အဖြစ်အပျက်များကို ဘေးမှ လေ့လာနေသည့် လုဟိုင်ရွှမ်ပင် တအံ့တဩ ဖြစ်သွားလေသည်။ သူက ချန်းဖန်ကို ကြည့်လိုက်သော်လည်း သူ့အတွေးများကို မမြင်နိုင်ချေ။
“အမှန်ပဲ” ချန်းဖန်က ဝန်ခံလိုက်လေသည်။
အပ်တစ်ချောင်းလီနှင့် အခြားလူများက သံသယရှိနေဆဲ ဖြစ်သည်၊ သို့သော်လည်း ချန်းဖန်က သူ့ကိုယ်သူ ခိုင်ခိုင်မာမာ ပြောဆိုနေသောကြောင့် လူလိမ်ဟု တွေးဖို့ပင် ခက်ခဲလှသည်။ သူတို့သည် ထိုလူငယ်လေးကို လူလိမ်ဟု သတ်မှတ်လျှင်ပင် သူ့ဆေးလုံးများက အစစ်အမှန် ဖြစ်သည်။ ဖြစ်နိုင်သည်က သူ့နောက်တွင် အားကောင်းသော ဆေးဆရာ တစ်ယောက်များ ရှိနေ၍သာ စကားအဖြစ် ပြောဆိုရဲခြင်း ဖြစ်လိမ့်မည်။
“မင်းကို ထောက်ပံ့ပေးဖို့က မှန်ကန်တာပေါ့၊ ငါတို့ လီမိသားစုက နှစ်တစ်ထောင်ဂျင်ဆင်းပေးပြီးတော့ အိမ်တော်ဧည့်သည် အဖြစ် ခန့်အပ်ချင်ပါတယ် …” အပ်တစ်ချောင်းလီက လက်နှစ်ဖက် ယှက်လျက် လေးလေးစားစား ပြောလိုက်သည်။
“ဆေးနတ်ဘုရား တောင်ကြားကလည်း အတူတူပါပဲ။ ပြီးတော့ ကျွန်မတို့ရဲ့ ဆေးစာကြည့်တိုက်ကို အကန့်သတ်မဲ့ ဝင်ထွက်သွားနိုင်တယ် ...” ကျင်းယီက ထပ်ပြောလိုက်သည်။
အားလုံးက ချန်းဖန်ကို မျှော်လင့်တကြီး စောင့်စားနေကြသည်။ အကယ်၍ ချန်းဖန်က အင်အားကြီး မိသားစုနှစ်ခုထဲမှ တစ်ခုကို ရွေးချယ်လိုက်လျင် သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် အောင်မြင်ကျော်ကြားလာလိမ့်မည်။
ချန်းဖန်က တိတ်တဆိတ် ဆက်နေလေ၏။ သူသည် မည်သူ့ ကမ်းလှမ်းချက်ကို လက်ခံရမည်ဆိုတာ မသေချာသေးပေ။
ရုတ်တရက် လုဟိုင်ရွှမ်ကလည်း အားရပါးရ ရယ်မောပြီး ... “ညီလေးချန်း တကယ်လို့ ငါတို့ လုမိသားစုမှာ ဧည့်သည်တော်အဖြစ် ရောက်လာမယ်ဆိုရင် ငါတို့က လုအုပ်စုရဲ့ ရှယ်ယာ ငါး ရာခိုင်နှုန်းကို ပေးမယ်၊ ပြီးတော့ မင်းဘာကို ရွေးရွေး စိတ်ကြိုက်သုံးခု ဖြည့်ဆည်းပေးမယ် ...”
လူအုပ်ကြီးက လုဟိုင်ရွမ် စကားများ ကြားသောအခါ အုံ့ကြွလာလေ၏။
လုမိသားစုသည် လင်းမြို့တွင် တည်ရှိကာ နယ်မြေအတွင်းမှ အချမ်းသာဆုံး မိသားစုတစ်ခု ဖြစ်ပြီး ကုမ္ပဏီများစွာကို ထိန်းချုပ်ထားလေသည်။ သူတို့ပိုင်ဆိုင်မှုမှာ ဘီလီယံ ဆယ်ချီ ရှိလေသည်။ ထို့ကြောင့် သူတို့ ရှယ်ယာ ငါးရာခိုင်နှုန်းကား ချမ်းသာကြွယ်ဝမှု တစ်ဘီလီယံလောက် ရှိသည်။
ထို့အပြင် နောက်ဆုံး ကမ်းလှမ်းချက်ကား ပိုက်ဆံများထက် ပိုအဖိုးတန်လေသည်။
လုမိသားစု၏ သခင်သည် သိုင်းပညာ ဆရာသမား တစ်ယောက်ဖြစ်သည်။ သူ့မျက်နှာသာပေးမှုကား တစ်ဘီလီယံ ယွမ်ထက် ပိုတန်ဖိုးကြီးလေ၏။
အပ်တစ်ချောင်းလီနှင့်ကျင်းယီတို့က လုဟိုင်ရွမ် ကမ်းလှမ်းချက် ကြားသောအခါ တုန်လှုပ်မိသွားသည်။ သူတို့သည် ဆေးလောကတွင် အုပ်စိုးနိုင်သော်လည်း လုမိသားစု၏ အင်အားကို မှီဖို့ရာ အဝေးကြီး လိုသေးသည်။ အားလုံးက ချန်းဖန်ကို ကြည့်လိုက်ကြပြိး သူ့ဆုံးဖြတ်ချက်ကို မျှော်လင့်တကြီး စောင့်စားနေကြသည်။
လုဟိုင်ရွမ်က ချန်းဖန်သည် သူ့ကမ်းလှမ်းချက်ကို လက်ခံမည်ဟု ယုံကြည်ချက် ရှိသည်။ လွန်ခဲ့သည့် နှစ်သုံးရာလောက်ကတည်းက လုမိသားစုသည် တရုတ်တွင် အလွှမ်းမိုးနိုင်ဆုံး သိုင်းပညာရှင် မိသားစုထဲမှ တစ်ခု အပါအဝင် ဖြစ်၏။ မိသားစု လွှမ်းမိုးမှုနှင့်အတူ သူတို့မိသားစုထဲမှ ဆရာသခင် အကြီးအကဲကြောင့် ချန်းဖန်သည် သူတို့နှင့် ပူးပေါင်းရုံမှအပ ရွေးချယ်စရာ မရှိချေ။
အံ့ဩစေသည်က ချန်းဖန်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည် ... “ကျုပ်က နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဆေးပင်ပဲ လိုတာ ကျန်တာ မလိုဘူး ...”
လူအုပ်ကြီးကား တအံ့တဩ ဖြစ်သွားလေသည်။ ချန်းဖန်သည် လုဟိုင်ရွမ်၊ ဆေးနတ်ဘုရား တောင်ကြားနှင့် လုမိသားစုမှ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်လေသည်။ လုဟိုင်ရွမ်၏ မျက်နှာကား တည်လာလေပြီး စိတ်ပျက်သွားတော့သည်။
သူ့ဘဝတွင် တစ်ယောက်ယောက်ဆီမှ ပထမဆုံးအကြိမ် အငြင်းခံရခြင်း ဖြစ်သည်။
***