အားလုံးကို သတ်ပစ်လိုက်
Vol. 2 Ch. 163
“ဒေါင် ...”
ထုံရှန်း၏ ခြေထောက်ကို ငွေဓားက လာရောက်ထိမှန်သည့်အခါ သံမဏိနှင့်ထိတွေ့သည့်အလား ပြန်ကန်ထွက်သွားသည်။
“သေစမ်း ...”
တင်းဖိန်းက အတော်လေး အံ့အားသင့်မိသွားသည်။
သူက ဓားပစ်လွှတ်ရာ၌ အရည်အချင်းများကြောင့် နာမည်ကျော်ကြားသည်။ သူသည် သစ်သီးခွာ ဓားတစ်လက်ဖြင့် နံရံကို ထိုးဖောက်နိုင်သည်။ ယခု သူသုံးလိုက်သည့် ငွေဓားသည် အဆများစွာ ပိုကောင်းပေသည်။ ထိုဓားသည် သံနှင့် ဇင့်၊ နီကယ်နှင့် အခြားသော ဒြပ်များ ပေါင်းစပ်ထားသည့် ဒြပ်ပေါင်းမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ အလွန်ချွန်ထက်လှ၍ သတ္တုအလွှာများကိုပင် ထိုးဖောက်သွားနိုင်သည်။ သို့သော်လည်း ထုံရှန်း ခြေထောက်နှင့် ထိတွေ့သည့်အခါ ပြန်ကန်ထွက်လာခြင်းက ထိုဧရာမလူကြီး၏ အင်အားကို သက်သေပြနေခြင်းသာ ဖြစ်သည်။
ထိုတုန်လှုပ်မှုက တင်းဖိန်းကို ကတုန်ကယင် ဖြစ်သွားစေသည်၊ သူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး အရိပ်ထဲ ပြန်ဝင်လိုက်သည်။
သို့သော်လည်း ဒုတိယသခင်ရှင်းနှင့် စွန်းအရူး တို့က တင်းဖိန်း၏ ကျရှုံးမှုကို စိတ်ထဲမထားပေ။ ဒုတိယသခင်ရှင်းက အော်ပြောလိုက်သည် ... “ဒီလူကောင်ကြီးကို အဆုံးသတ်ပစ်ကြစို့။ သူက အတွင်းအား လေ့ကျင့်သူပဲ ဖြစ်ဖြစ် ခန္ဓာကျင့်စဉ် လေ့ကျင့်တာပဲ ဖြစ်ဖြစ် သူသေတာနဲ့ ချမ်းပေ့ရွမ်းက အကာအကွယ် မရှိတော့ဘူး ...”
သူက သူတို့၏ လုပ်နည်းလုပ်ကွက် များကို ပြောမနေတော့ဘဲ အားလုံးကို ထုံရှန်းအပေါ် အာရုံစိုက် ထားခိုင်းလိုက်သည်။
ထုံရှန်းက မတ်မတ်ရပ်နေဆဲ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ကြီးကား အားလုံးရှေ့တွင် ဘွားခနဲ ပေါ်လာလေ၏။ သူ့ကို ပြင်းပြင်းထန်ထန် မတိုက်ဖို့ဆိုတာ ခက်ခဲလှပေသည်။
“သွားပြီ … အစ်ကိုကြီးက သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး ...” လုယန်ရွယ် မျက်နှာက ဖြူဖျော့သွားလေသည်။
သူမက ထိုသိုင်းပညာရှင်များ၏ အင်အားကို သိ၏။ သို့သော်လည်း သာမန်လူက မည်မျှပင် အားကောင်းနေပါစေ ထိုအတွင်းအားများဖြင့် ပေါင်းစပ်ထားသော တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ သိုင်းပညာရှင် မိသားစုတွင် ကြီးပြင်းလာ ရသည့်အတွက် သူမက လက်ဝှေ့ချန်ပီယံ တစ်ယောက်ကို အတွင်းအားအသုံးပြုသူက အလွယ်တကူ အနိုင်ယူသွားသည့် ကိစ္စရပ်မျိုးကို တွေ့ဖူးသည်။
“စိတ်မပူနဲ့ ထုံရှန်းက သူတို့ကို ရင်ဆိုင်လိမ့်မယ် ...” ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောရင်း တည်တည်ငြိမ်ငြိမ် ကျန်ရှိနေသေး၏။
ထိုအချိန်တွင် စွန်းအရူး က ထုံရှန်းဆီ ရောက်နေလေပြီ။
သူက ထုံရှန်းကို လက်သီးဖြင့် ထိုးချလိုက်တော့သည်၊။ သူ့၏ ရန်လိုနေသည့် လက်သီးကား လေဟုန်ခွင်း၍ ရောက်ရှိလာသည်။ လမ်း တစ်ဝက်တစ်ပျက်တွင် ဦးတည်ရာကို ပြောင်းလိုက်ပြီး လက်ကို ဘေးဘက်သို့ ဝှေ့ယမ်းလိုက်သည်မှာ သစ်ပင်ကို ခုတ်တော့မည့် ပုဆိန်အလား ဖြစ်သည်။ ထို့နောက် သူ့တိုက်ခိုက်မှုက အရှိန်မြင့်သွားပြီး နောက်တွင် လေပြင်းများ ကပ်ပါလာလေသည်။ အဆုံးသတ်တွင် သူက အတွင်းအားနှင့် အရှိန်ကို အခွင့်ကောင်းယူကာ သူ့လက်ဖြင့် ဆတ်ခနဲ တိုက်ခိုက်လိုက်တော့သည်။ သူ့လက်သီးက အဆိပ်ပြင်းပါးစပ်ကဲ့သို့ ပြောင်းလဲသွားပြီး ထုံရှန်းး ရင်ဘတ်ပေါ် ကျရောက်လာလေသည်။
ထို့နောက် စွန်းအရူး က ရှင်းယီလက်သီး၏ အခြေခံလေးမျိုးဖြစ်သည့် “ဖောင်၊ဖီး၊ ဟိန်၊ ပုန့်” ကို ပြသလိုက်တော့သည်။ ဆတ်ခနဲ တိုက်ခိုက်မှုက ရှင်းယီလက်သီး ဒဏ္ဍာရီဖြစ်စေသည့် စံနမူနာပင် ဖြစ်သည်။ အကယ်၍ သာမန် ရှင်းယီလက်သီး လေ့ကျင့်သူက သူ့လက်သီးကိုသာ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ပါက အလွန်အမင်း အံ့အားသင့်သွားလိမ့်မည်။
“ဒီတိုက်ခိုက်မှုက သူ့ကို ထိစေလိမ့်မယ် ...”
စွန်းအရူး က သူ့ကိုယ်သူ ယုံကြည်ချက်ရှိရှိ တွေးထားသည်။
ယခုနောက်ဆုံး ဆတ်ခနဲ တိုက်ခိုက်မှုသည် သာမန်ထက် ထူးကဲသော ခန္ဓာလမ်းစဉ် လေ့ကျင့်ထားသူများနှင့် ရင်ဆိုင်ရာတွင်လည်း အကျိုးသက်ရောက်မှု ရှိစေလိမ့်မည်။ နေရာအငယ်လေးအပေါ်တွင် အာရုံစိုက်ထားပြီး ထိုးထွင်းမှုကို နက်ရှိုင်းစေသည်။
“ဘမ်း ...”
စွန်းအရူး က သူ့လက်သီးသည် ထုံရှန်းရင်ဘတ်ပေါ်သို့ ရောက်သည့်အခါ တအံ့တဩ ဖြစ်မိသွားသည်။ ချို့မိသွားဖို့ပင် ဆိုမထားနှင့်။ ထို့အစား သူ့လက်ချောင်းများသာ ပြန်ကန်အားကြောင့် နာကျင်သွားလေ၏။
“မဖြစ်နိုင်တာ ...”.
စွန်းအရူး က ထိုအဖြစ်အပျက်ကို တုန်လှုပ်တကြီး ဖြစ်သွားတော့သည်။
သူက အာရုံစုစည်းဖို့ ကြိုးစားနေစဉ် ထုံရှန်းက သူ့ဆီ လက်သီးတစ်ချက် ထိုးလွှတ်လိုက်သည်။
ထုံရှန်းတိုက်ခိုက်မှုသည် သာမန် မထူးမခြားနားဟု ထင်ရ၏။ ကြည့်ရသည်မှာ သာမန် လူတစ်ယောက်၏ လက်သီးဖြင့် ကွာခြားမှု မရှိချေ။ သို့သော်လည်း ထုံရှန်း၏ အဆုံးမရှိသည့် အင်အားက သူ့လိုအပ်ချက်များကို ပြီးပြည့်စုံသွားစေသည်။ သူ့လက်သီးကား မီနီဗင်ကားလေးကို ဖြတ်သန်းနိုင်သည့်အထိ အားကြီးလေသည်။
စွန်းအရူး အတွက် ရှောင်ရှားဖို့ရာ နောက်ကျသွားလေပြီ။ ထို့ကြောင့် သူက ထိပ်တိုက် ရင်ဆိုင်မှုကို ရှောင်ရှားဖို့ရန် ဘေးသို့ လှည့်ချလိုက်တော့သည်။
ထုံရှန်းလက်သီးက စွန်းအရူး ၏ ဘေးဘက်ကို မိသွားပြီး ချက်ချင်းဆိုသလို နာကျင်စွာ အော်ညည်းမှု ထွက်လာလေသည်။ သူ့ခန္ဓာက မီတာအနည်းငယ်လောက် လွင့်စဉ်သွားလေ၏ “သူက … အားကြီးတယ် ...”
ဒုတိယသခင်ရှင်းနှင့်အခြားလူများက စွန်းအရူး ရှုံးနိမ့်မှုကြောင့် နောက်သို့ ပြန်ဆုတ်လိုက်တော့သည်။
စွန်းအရူး က အတွင်းအားလေ့ကျင့်ရေးနှင့် ရှင်းယီလက်သီး ပညာရှင် ဖြစ်သည်၊။ သူက ရှင်းယီလက်သီးကို လေ့ကျင့်ထားသော်လည်း ထုံရှန်းကို မယှဉ်နိုင်ချေ။
“ဘေးဖယ်နေ ...”
တင်းဖိန်းက အော်ပြောလိုက်ပြီး ဒုတိယသခင်ရှင်းကို သတိပေးဖို့ရာ ကြိုးစားလိုက်သည်။
ဒုတိယသခင်ရှင်းသည် အော်ဟစ်မှုကြောင့် အသိပြန်ဝင်လာပြိး သူ့ကိုယ်သူ အာရုံစုစည်းဖို့ ကြိုးစားလိုက်သည့်အခါ ထုံရှန်းက သူ့ဆီ ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ချွေးပေါက်များပင် ပွင့်ထွက်လာပြီး နှလုံးသားလည်း အဆက်မပြတ် အခုမြန်နေလေသည်။ သူက ခန္ဓာကိုယ်ထဲမှ အင်အား အားလုံး စုစည်းလိုက်ပြီး နောက်သို့ ဆုတ်လိုက်ရသည်။ သူ့ခန္ဓာမြေကြီးပေါ် ကျသည့်အချိန်တွင် ထုံရှန်း၏ ခန္ဓာကိုယ်ကြီးက ချက်ချင်း ရောက်ရှိလာပြီး ...
“ဘုန်း ...”
ဒုတိယသခင်ရှင်း ရပ်နေခဲ့သည့် နေရာကား ထုံရှင်း အလေးချိန်ကြောင့် ချို့င့်ကြီး ဖြစ်သွားတော့သည်။ ပလက်ဖောင်းကား ကြေမွသွားပြီး ပပ်ကြားအပ်ကြီး ဖြစ်သွားကာ ကျောက်စရစ်ခဲများနှင့် ကျောက်တုံးများက နေရာပေါင်းစုံ လွင့်စဉ်သွားလေသည်။
“အဲလူက ကြောက်စရာကြီး ...”
ဒုတိယသခင်ရှင်း နောက်ကျောတွင် ချွေးများနစ်နေလေသည်။ အကယ်၍ တိုက်ခိုက်မှုက သူ့ပေါ်ကျရောက်လာပါက သူ့ကို ကြိတ်ချေပြီးသား ဖြစ်သွားလိမ့်မည်။ သူက ထုံရှန်းကို အထင်မသေးရဲချေ။ ထို့ကြောင့် သူက အကူများ ခေါ်လာခြင်း ဖြစ်သည်။ သို့သော်လည်း သူက ထုံရှန်း၏ အစစ်အမှန်အင်အားကို လျော့တွက်မိဟန် ရှိသည်။
“အား …”
အမှောင်ထဲမှ နောက်ထပ် နာကျင်၍ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
ဒုတိယသခင်ရှင်းသည် သူ့ကိုယ်သူ တည်ငြိမ်ဖို့ ကြိုးစားနေစဉ် သူ့နောက်လိုက် သိုင်းပညာရှင် တစ်ဦးကို ထုံရှင်းက ကြက်ကလေးအလား ခြေမွပစ်လိုက်လေသည်။ ထုံရှန်းက ထိုသနားစရာကောင်းသော လူကို မြေပြင်ပေါ် အဆက်မပြတ် ဆောင့်ချနေလေ၏။
“ဘုန်း ဘုန်း ...”
အဆက်မပြတ် ဆောင့်ချခြင်း ခံနေသော မြေကြီးပင် အက်လာလေသည်။ ထုံရှန်းလက်ထဲမှ လူသည် လူရုပ်ပင် မပေါက်တော့ချေ။
“ဒါက ရူးချင်စရာကြီး မြန်မြန် ထွက်သွားရအောင် ...”
အထိခိုက်မခံရသေးသော နောက်ဆုံး သိုင်းပညာရှင်က ကြောက်မက်ဖွယ်မြင်ကွင်းကြောင့် တုန်ယင်လာပြီး မျက်နှာတွင် သွေးရောင်ပင် မရှိတော့ချေ။
ထုံရှန်းက အခြားသော ထူးခြားဆန်းပြားသော နည်းလမ်းများကို အသုံးမပြုခဲ့ပေ။ သူ့လှုပ်ရှားမှုများက ရိုးရှင်းသော်လည်း သေလောက်သည့်အထိ အားပြင်းကာ သက်ရောက်မှု ရှိလေသည်။
ထိုသိုင်းပညာရှင်များသည်သူတို့နယ်ပယ်တွင် လွမ်းမိုးနိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး အတော်အတန်ကြီးမားသော ဂုဏ်သတင်းများ ရှိကြသည်။ သို့သော်လည်း ထုံရှန်းရှေ့တွင် သူတို့သည် ရွှံ့အရုပ်အလား ကျိုးလွယ်ပျက်လွယ် ဖြစ်နေကြသည်။
“ငါ့ကြိုးစားကြည့်ဦးမယ်”
စိန်ကျောက်ဘုရားကျောင်းမှ လူသန်ကြီးသည် အော်ပြောလိုက်သည့်အခါ သူ့ဝန်းကျင်မှ လေများပင် တဝီဝီ ဖြစ်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်း သူ့ခန္ဓာကိုယ် အရွယ်အစားက ကြီးမားလာပြီး အမြင့်လည်း နှစ်မီတာအထိ ရောက်လာလေသည်။ ထုံရှန်း ပခုံးအထိ ရောက်သွားပြီ ဖြစ်၏။
သူသည် ရွှေရေကန်မှ ထွက်လာသည့်အလား သူ့ခန္ဓာကိုယ်မှ ရွေရောင်တဖြိတ်ဖြိတ် ဖြာထွက်နေလေသည်၊။
“ဒါက စိန်ကျောက်ဘုရားကျောင်းက စိန်ကျောက်ခန္ဓာကိုယ်လား ...”
ဒုတိယသခင်ရှင်း မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။
စိန်ကျောက်ဘုရားကျောင်းသည် နေ့နေ့ညည ခန္ဓာကိုယ်ကို လေ့ကျင့်နေကြသည့်အတွက် သူတို့၏ ခန္ဓာကိုယ်အင်အားကြောင့် လူသိများသည်။
သိုင်းပညာရှင်တစ်ဦးက စိန်ကျောက်ခန္ဓာကျင့်စဉ်မှာ အမြင့်ဆုံး ရောက်သွားလျှင် သူသည် ကျည်ဆန်တို့ ဓားတို့ဖြင့် မထိခိုက်နိုင်တော့ချေ။ သူသေပြီး ဆယ်နှစ်ကြာသည့်တိုင် မပျက်မစီး ကျန်ရှိနေမည် ဖြစ်သည်။
လူသန်ကြီးက ဤအုပ်စုတွင် အားအကောင်းဆုံး သိုင်းပညာရှင်ဟု ယူဆ၍ ရသည်။ သူက သူ့တစ်ဘဝလုံးကို မြှုပ်နှံထားပြီး သူ့ခန္ဓာအင်အား တိုးတက်အောင် လုပ်ခဲ့သည်။ သူ့အင်အားက အတွင်းအား အသုံးပြုသူများကြားတွင် ထူးကဲသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူက သူ့အတွက် ရုပ်ခန္ဓာမွမ်းမံဆေးလုံး အလိုရှိလျှင်ပင် တစ်ယောက်မှ ငြင်းဆန်ကြမည် မဟုတ်ပေ။
သို့သော်လည်း လူသန်ကြီးက စွမ်းအားများ စုစည်းနေစဉ် ထုံရှန်းက ထွက်ပြေးသည့် သိုင်းပညာရှင်များကျု ဖမ်းကာ သူ့ခန္ဓာဖြင့် ချိုးချေပစ်လိုက်လေပြီ၊ သနားစရာကောင်းသော ဝိညာဉ်လေးက ဘောလုံးတစ်လုံးကဲ့သို့ ကြေမွသွားလေသည်။
“ဘုန်း ...”
ထုံရှန်းက မြေပြင်ပေါ်တွင် တွင်းတစ်တွင်း လုပ်လိုက်ပြန်သည်။ ထိုနေရာတွင် သွေးများ စွန်းထင်းနေလေ၏။
သုံးဆယ် စက္ကန့်ပင် မရှိသေးချေ။ ငါးယောက်ကနေ နှစ်ယောက်အထိ လျော့ကျသွားလေ၏။ လူသန်ကြီးနှင့် ဒုတိယသခင်ရှင်းသာ ကျန်ရှိတော့သည်။
“တော်တယ်။ စိန်ကျောက်ဘုရားကျောင်းက မဟုတ်ဘဲ အပြင်လူက ဒီလို ခန္ဓာကိုယ်အားကောင်းတာ မြင်ရလိမ့်မယ်လို့ ထင်မထားဘူး ...”
လူသန်ကြီးက အားရပါးရ ရယ်မောလိုက်လေသည်။
သူ့စကားအဆုံးတွင် သူက ထုံရှန်းဆီ ပြေးသွားလိုက်တော့သည်။
လူသန်ကြီး၏ ခြေလှမ်းတစ်ခုချင်းစီက ပလက်ဖောင်းပေါ်တွင် ခြေရာများပင် ကျန်ရစ်နေပြီး သားရဲရူးတစ်ကောင်သဖွယ် ပြေးထွက်သွားတော့သည်။ ခန္ဓာလမ်းစဉ် အသုံးပြုသူ နှစ်ဦး ထိပ်တိုက်ရင်ဆိုင်ရာတွင် နည်းစနစ်များက အားသီးသန့်လောက် မပါဝင်ချေ၊ အားအပြင်းဆုံး ထိုးနိုင်သည့်သူက အနိုင်ရမည် ဖြစ်၏။
“သူက ရူးနေတာပဲ …”
ဒုတိယသခင်ရှင်းက စိတ်ထဲတွင် ကျိန်ဆဲလိုက်တော့သည်။ သို့သော်လည်း မြင်ကွင်းက သူ့ကို မျှော်လင့်ချက်တော့ ပေး၏။ အကယ်၍ လူသန်ကြီးက ထုံရှန်းကို အနိုင်ရခဲ့မည်ဆိုလျှင် သူကြံစည်ထားသည့်အတိုင်း ထွက်ပြေးရန်မလိုပေ။ သို့သော်လည်း နောက်မြင်ကွင်းက သူ့နှလုံးသားကို အောက်ခြေထိ စုန်းစုန်းမြှုပ်သွားစေသည်။
သူက ထုံရှန်းသည် လက်နှစ်ဖက်ကို မြှောက်ရင်း လူသန်ကြီး ပခုံးကို ကိုင်ဆုပ်ထား လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် ထုံရှန်းက သူ့လက်ကို ဆတ်ခနဲ ဘေးသို့ ရွေ့လိုက်လေသည်။
“အား ...”
လူသန်ကြီး၏ အရိုးများက အလယ်ကနေ ထက်ခြမ်း ပိုင်းကွဲထွက်သွားလေသည်။
ဒုတိယသခင်ရှင်းက ထိုအဖြစ်အပျက်ကြောင့် မလှုပ်မယှက် ဖြစ်မိသွားသည်။ သူ့စိတ်ထဲမှ စိန်ကျောက် ဘုရားကျောင်း၏ ခန္ဓာနှင့်အတူ စိန်ကျောက်ဘုရားကျောင်းက ပြိုလဲသွားပြီး ဟာသပြက်လုံးတစ်ခု ဖြစ်သွားလေသည်။ စိန်ကျောက်ကား အလွယ်တကူ ခြေမွခံလိုက်ရ၏။
တစ်မိနစ်ခန့်ပင် မရှိသေးချေ။ ဒုတိယသခင်ရှင်းနောက်မှ လိုက်လာသော သိုင်းပညာရှင် ငါးယောက်ထဲမှ လေးယောက်ကား သေဆုံးသွားသည် သို့မဟုတ် မေ့လဲသွားကြသည်။ တင်းဖိန်း မည်သည့်နေရာသို့ ရောက်နေမှန်း ဘယ်သူမှ မသိကြချေ။
ယခုအခါ ဒုတိယသခင်ရှင်းသာ ကျန်ရှိတော့သည်။ လမ်းမအလယ်တွင် မတ်တတ်ရပ်နေသည်။ ထိုစဉ် လမ်းမကြီးက အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။
မြောင်ရှောင်ချန်နှင့် လုယန်ရွယ်တို့က အချင်းချင်း ဖက်ထားကြပြီး တအံ့တဩ ဖြစ်နေကြသည်။ သူတို့သည် အမြင်အာရုံ လှည့်စားနေသည်ဟုပင် ထင်နေကြသေး၏။
သူတို့သည် သူတိုကို ဝန်းရံထားသည့် သိုင်းညာရှင် ခြောက်ယောက်ကို ကြောက်ပေမဲ့ ထုံရှန်း ရောက်လာသောကြောင့် စိတ်အေးသွားလေသည်။ လမ်းမတစ်လျှောက်နှင့် သူတို့အနီးရှိ ရှိနေသည့် အပေါက်များကြောင့် သူတို့ရှေ့ရှိ ပုံရိပ်သည် နတ်ဆိုးနှင့် တူညီလေသည်။ မြင်ကွင်းက အိပ်မက်မှန်နေကာ လုယန်ရွယ်က လက်တွေ့လား အိပ်မက်လား မခွဲခြားနိုင်တော့ပေ။
ဘာတွေ ဖြစ်သွားတာလဲ … ချန်းဖန်က သာမန်ကောင်လေး ဖြစ်ပြီးတော့ သူ့အစ်ကိုဝမ်းကွဲက အနည်းငယ် စိန်ခေါ်စိတ်နှင့် သာမန်လူ မဟုတ်ပေဘူးလား။ ဘယ်လိုလုပ် အားကောင်းလာတာလဲ။
“ဘမ်း”
မိန်းကလေးများက ကိစ္စများကို နားလည်အောင် ကြိုးစားနေစဉ်တွင် ဒုတိယသခင်ရှင်းက ချန်းဖန်ရှေ့ ဒူးထောက်ချလိုက်သည်။
“မစ္စတာချန်း၊ မစ္စတာချန်း ကျုပ်တောင်းပန်ပါတယ်၊ နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး။ ကျေးဇူးပြုပြီးတော့ အရင်တုန်းက အချိန်တွေ ထောက်ထားပြီ့းတော့ ခွင့်လွှတ်ပေးပါ၊ ကျုပ်ဘဝတစ်လျှောက်လုံ ခင်ဗျားရဲ့ သစ္စာရှိ ခွေး ဖြစ်ပေးပါ့မယ် ...”
သူက ချန်းဖန်ရှေ့ ဒူးထောက်က တောင်းဆိုလိုက်ပြီး နဖူးဖြင့် မြေကြီးကို အဆက်မပြတ် ဆောင့်နေလိုက်သည်။ မကြာခင်တွင် အရေပြား ကွဲထွက်သွားပြီး သွေးများ စီးကျလာလေသည်။ သို့သော်လည်း နာကျင်မှုနှင့် သွေးများက သူ့ဦးတိုက်မှုကို နှေးမသွားစေပေ။ သူက ထုံရှန်းအင်အားကို ကြောက်မိသည်။ သိုင်းပညာရှင်အဖြစ် သူ့ဘဝတစ်လျှောက်လုံးတွင် အဆိုးရွားဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။
“ဘုန်း ဘုန်း ...”
လေးလံပြီး အားကောင်းလှသည့် ခြေသံက သူ့ဆီ ချဉ်းကပ်လာလေသည်။ ဒုတိယသခင်ရှင်းက သူရှေ့ကို မော့မကြည့်ရဲပေ။ ထို့အစားက သူက မြန်မြန် ဦးတိုက်လိုက်သည်။ သွေးများက ပလက်ဖောင်းပေါ်ရှိအချိုင့်လေးတွင် ပြည့်နေလေချေပြီ။
“ကျုပ် ခင်ဗျားကို တစ်ခါ ပြောဖူးပါတယ်။ ခင်ဗျားသာ ကျုပ်အတွက် အလုပ်လုပ်ပေးရင် ရုပ်ခန္ဓာမွမ်းမံဆေး ပေးမယ်လို့ မပြောခဲ့ဘူးလား။ ဘာလို့ အခုလို လုပ်ရတာလဲ ...” ချန်းဖန်က သက်ပြင်းသာ ချလိုက်တော့သည်။
“ဆရာချန်း တောင်းပန်ပါတယ် ... တောင်းပန် ...”
ဒုတိယသခင်ရှင်းက သူ့ကိုယ်သူ ထပ်၍ ရှင်းမပြရဲတော့ပေ။ ယခုအချိန် သူအကောင်းဆုံး လုပ်နိုင်သည့်အရာမှာ ဆက်တိုက်ဦးတိုက်ခြင်းသာ ဖြစ်သည်။
“ကောင်းပြီလေ ခင်ဗျားက တခြားလူတွေအတွက် သဘောထားပိုကောင်းပြီးတော့ အသုံးလည်း ဝင်နေတာပဲ ...” ချန်းဖန် လေသံက အနည်းငယ် ပျော့ပျောင်းလာလေသည်။
ဒုတိယသခင်ရှင်းက နောက်ဆုံးတွင် မျှော်လင့်ချက် အမျှင်အတန်းလေးကို တွေ့လေ၏။ လုယန်ရွယ်ပင် ချန်းဖန်က သူ့အား လွတ်ပေးလိမ့်မည်ဟု တွေးမိသွားသည်။
သို့သော်လည်း ချန်းဖန်က ဆက်ပြောလိုက်သည် “ဒါပေမဲ့ အဲဒါက အပြစ်မပေးတော့ဘူးလို့ ပြောတာ မဟုတ်ဘူး …”
“ဘယ်လို ...”
ဒုတိယသခင်ရှင်းက နောက်တစ်ကြိမ် တုန်လှုပ်တကြီး ဖြစ်သွားပြန်သည်။
ချန်းဖန် စကားမဆုံးခင်တွင် ဒုတိယသခင်ရှင်းက ဆိုင်းမဆင့် ဘုံမဆင့် လွားခနဲ ခုန်ကာ ပြေးတော့သည်။ သို့သော်လည်း ခြေနှစ်လှမ်းမြောက် လှမ်းစဉ်တွင် သူ့အမြင်အာရုံကား မှောင်မိုက်သွားလေသည်။
ထုံရှင်း၏ လက်ကြီးက ဒုတိယသခင်ရှင်း ဦးခေါင်းကို ပတ်ထားပြီး မျက်လုံးကို ကာထားလေသည်။
“ဘမ်း”
ဧရာမလူကြီး၏ လက်ချောင်းလေး အနည်းငယ်ညှစ်ရုံမျှဖြင့် ဒုတိယသခင်ရှင်း အသက်ပါသွားလေသည်။
ထို့နောက်တွင် ချန်းဖန်က ဆက်ပြောလိုက်သည် “ငါ ချမ်းပေ့ရွမ်းကို လာနှောင့်ယှက်တဲ့ တစ်ယောက်မှ အလွတ်မပေးနိုင်ဘူး”
လုယန်ရွယ်က သူမ မျက်လုံးပင် မယုံနိင်ချေ။
သူမက ဤညကား ထိုသို့ အဆုံးသတ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ရေကန်တစ်လျှောက် လမ်းကား ယခုတွင် အပေါက်များဖြင့် ပြည့်နေလေသည်။ နတ်ဆိုးနှင့် တူသည့် ဧရာမလူကြီးသည် လမ်းလယ်ခေါင်တွင် မတ်မတ်ရပ်နေသည်။ မိန်းကလေးနှစ်ယောက်ကား ဖက်ထားကြပြီး မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်နေကြသည်။ ထိုသည်က အိပ်မက်ဆိုးသာ ဖြစ်လိမ့်မည်။
ချန်းဖန်က လမ်းမီးရောင်အောက်တွင် ရပ်နေပြီး လက်ကို နောက်ပစ်ထားလေ၏။ သူ့အမြင်အရ ဤမြင်ကွင်းသည် လုံးဝမဆိုးချေ။ တကယ်တော့ တမူထူးခြားသည်ဟုပင် တွေးမိသေး၏။
***