ယုံကြည်သက်ဝင်မှု စွမ်းအား
Vol. 2 Ch. 165
"ဘာလဲ ရှင်က ကျွန်မကို စိတ်ဝင်စားနေလို့ ကျွန်မစကားတွေကို အရမ်း ဂရုစိုက်နေတာလား"
လုယန်ရွှယ်က စနောက်သည်။
"မင်းကို စိတ်ဝင်စားတယ်"
ချန်းဖန် ခပ်တိုးတိုး ရယ်ရင်း ခေါင်းယမ်းမိသည်။
အကယ်၍ သူက အတိတ်ဘဝ တွင်သာ လုယန်ရွှယ်နှင့် တွေ့ဆုံခဲ့ပါက စိတ်ဝင်စားကောင်း စိတ်ဝင်စားပေလိမ့်မည်။ အတိတ်ဘဝက ချန်းဖန် လုယန်ရွှယ်နှင့် တွေ့ဆုံခဲ့ပါက လုယန်ရွှယ်သည် သူ့အား မျက်လုံးပင် စွေကြည့်လိမ့်မည် မဟုတ်။
ကျန်းချူယန်၊ ရှုယုံဖေး၊ ယုဝမ်ကျင်း၊ လုယန်ရွှယ် ... ထိုမိန်းကလေးများ အားလုံးသည် သက်ဆိုင်ရာ နယ်ပယ်တို့တွင် ထင်ရှား ကျော်ကြားသော မိန်းမလှလေးများ ဖြစ်ကြသည်။ အတိတ်ဘဝက ချန်းဖန်ကဲ့သို့သော မိဘများ ဆုံးပါး သွားသည့်နောက် ရုန်းကန်နေရသည့် သာမန်ကောင်လေးမျိုးကို ထိုမိန်းကလေးများ အနေနှင့် စိတ်ဝင်စားလိမ့်မည် မဟုတ်ပါ။ အတိတ်ဘဝက သူ့ဘဝ တစ်ခုလုံး စုတ်ပြတ်သတ်ကာ အနိမ့်ကျဆုံး အခြေအနေတွင် ရှိနေခဲ့တာတောင်မှ သူ့အနားတွင် ရှိပေးခဲ့သူကား ရှောင်ချုံး ဖြစ်သည်။ ထို့ကြောင့် ပြန်လည် မွေးဖွားလာပြီးနောက် ချန်းဖန်၏ နှလုံးသားသည် သူချစ်ရသော ရှောင်ချုံးမှလွဲ၍ ဘယ်မိန်းကလေး အတွက်မှ ခုန်လှုပ်ခြင်း မရှိနိုင်တော့ပေ။
"စကားပြောတာ တော်လောက်ပြီ သွားကြရအောင် လင်းမြို့တော် အနှံ့ ရှင့်ကို လိုက်ပြပေးမယ်"
လုယန်ရွှယ်က ချန်းဖန်၏ လက်မောင်းအား လှမ်းချိတ်လိုက်ရင်း ပြုံးကာ ပြောသည်။
ထိုနှစ်ယောက် ထွက်သွားပြီးနောက် မလှမ်းမကမ်းရှိ အကွယ်တစ်နေရာမှ လုဟိုင်ရွှမ်း ထွက်ပေါ်လာသည်။ သူက မေးသည်။
"အဘိုးလုံ ချန်းပေ့ရွှမ်းကို ဘယ်လိုထင်လဲ"
"သူက သူ့ကိုယ်သူ ချူကျိုးမြို့က လာတာလို့ ပြောတယ် ယန်ရွှယ်နဲ့လည်း လမ်းမှာ တွေ့ခဲ့တာတဲ့ ဒါပေမဲ့ တချို့စကားတွေကို ချင့်ချိန်ပြီး ယုံဖို့လိုတယ်"
လုထျန်းလုံက သက်ပြင်းချကာ ပြောသည်။
"အဘိုးကတော့ ကျန်းပေ့ဒေသမှာ အရမ်း အစွမ်းထက်တဲ့ သိုင်းပညာ မိသားစုကြီး ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး မှော်ပညာ ဒါမှမဟုတ် ခန္ဓာကိုယ် လေ့ကျင့်ရေး ပညာနဲ့ သက်ဆိုင်တဲ့ မိသားစုတွေ အကြောင်းဆိုရင် ပိုတောင် မကြားမိသေးတယ် လုမိသားစုက ထျန်းနန်ဒေသမှာပဲ အခြေစိုက်ထား တာကြောင့်သာ မဟုတ်ရင် ဒီကိစ္စကို အမြန်ဆုံး အဖြေရှာလို့ ရလောက်တယ်"
လုထျန်းလုံက ထပ်မံ သက်ပြင်းချသည်။
"အများကြီး စိတ်မပူပါနဲ့ ဟိုင်ရွှမ်း ... အဘိုး ချူကျိုးမြို့ကို တိတ်တဆိတ် လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ် အနှေးနဲ့ အမြန်တော့ ဒီကိစ္စက အဖြေပေါ်မှာပါ မင်းရဲ့ အဓိက ဦးစားပေး တာဝန်က အတွင်းအား ကျင့်ကြံခြင်း ထိပ်ဆုံးအဆင့်ကို ရောက်ဖို့ပဲ အဘိုးတို့ လုမိသားစုက သိုင်းပညာ မိသားစုကြီး ဖြစ်တဲ့အတွက် ဒါက အရေးအကြီးဆုံးပဲ မိသားစုထဲမှာ ဆရာသခင် တစ်ယောက် ထပ်ပြီး ထွက်ပေါ်လာရင် ကျုံးဟိုင်မြို့က အရေးပါ အရာရောက်တဲ့ လူတွေတောင် လုမိသားစုကို အထင်သေးရဲမှာ မဟုတ်တော့ဘူး"
"ဟုတ်ကဲ့ပါ အဘိုး ကျွန်တော် နားလည်ပါပြီ"
လုဟိုင်ရွှမ်းက တည်ကြည် လေးနက်သော မျက်နှာထားနှင့် လေးလေးစားစား ပြန်ဖြေသည်။
လုထျန်းလုံလည်း ကျေနပ်စွာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
***
သိုင်းပညာရှင်များ ညီလာခံ ဒုတိယနေ့တွင် ပိုမို များပြားသော ပညာရှင်များ တဖွဲဖွဲ ရောက်ရှိလာကြသည်။
လူအရေအတွက်မှာ ခန့်မှန်းထားသည်ထက် အယောက်နှစ်ရာခန့် ပိုနေသေးသည်။ ကမ္ဘာပေါ်၌ ပုန်းကွယ်နေသော ပညာရှင်များ ထိုမျှ အရေအတွက် ရှိကြောင်း တွေ့လိုက်ရ၍ ချန်းဖန်ပင် အံ့ဩရသည်။
နေ့လယ်ဘက်တွင် ချန်းဖန်သည် သူ၏ ဆိုင်ငယ်လေး၌ အချိန်ကုန်ဆုံးပြီး ညဘက်တွင်တော့ လုယန်ရွှယ်၊ မြောင်ရှောင်းချန်တို့၏ ဆွဲခေါ်မှုဖြင့် လင်းမြို့တော်အနှံ့ လျှောက်သွားနေရသည်။
ချန်းဖန်သည် သူ၏ ရည်ရွယ်ချက်ဖြစ်သော ဝိညာဉ်ဆေးမြစ် ရှာဖွေခင်းမှာ ပြီးမြောက်သွားပြီ ဖြစ်ရာ အလျင်လိုခြင်း မရှိတော့ပေ။
"ကြည့်စမ်း ... ခန္ဓာကိုယ်အစွမ်း မြှင့်တင်တဲ့ ဆေးလုံးတွေပါလား ငါတော့ ကံကောင်းတာပဲ"
ဖုန်အလိမ်းလိမ်း အင်္ကျီများအား ဝတ်ဆင်ထားသော မုတ်ဆိတ်ရှည်ကြီးများ ရှိသည့် လူကြီးတစ်ယောက်သည် ချန်းဖန်၏ ဆိုင်ငယ်လေးသို့ ရောက်လာသည်။ ထိုလူက စားပွဲအား လက်ဖြင့် အားရဝမ်းသာ ရိုက်လိုက်ရင်း ပြောလေသည်။
"ကောင်လေး ဒီဆေးလုံးတွေ မင်းမှာ ဘယ်လောက်များများ ရှိလဲ ငါအကုန်ယူမယ်"
ထိုသို့ပြောရင်း လူကြီးသည် လောခ့်ချထားသော လက်ဆွဲအိတ်တစ်လုံးကို စားပွဲပေါ် တင်လိုက်သည်။ လူကြီးက လျှို့ဝှက်ကုဒ်အား ရိုက်ထည့်ပြီး ဖွင့်လိုက်သည်တွင် လက်ဆွဲအိတ်ထဲ၌ အစိမ်းရောင် ပိုက်ဆံများ အပြည့်ရှိနေသည်။ ထိုပိုက်ဆံများကား အမေရိကန် ဒေါ်လာများ ဖြစ်သည်။
လက်ဆွဲအိတ်ထဲရှိ ငွေပမာဏမှာ အနည်းဆုံး ဒေါ်လာသန်းချီ၍ ရှိပေမည်။
ချန်းဖန်ကမူ ထိုင်ခုံ၌ အေးဆေးစွာ ထိုင်နေဆဲ ဖြစ်ပြီး ထိုလူကြီးအား မော့ကြည့်ရန်ပင် စိတ်ကူးရှိပုံမရ။
"မင်းကို ငါပြောနေတာ ကြားလား"
လူကြီးက မျက်မှောင် ကြုတ်သွားကာ မေးသည်။ သိုင်းပညာရှင် အများစုမှာ စိတ်တိုလွယ်ကြသူများ ဖြစ်သည်။ အစွမ်းထက်လေလေ စိတ်တို လွယ်ကြလေလေ ဖြစ်ပြီး ခွန်အားသုံးကာ ဖြေရှင်း၍ ရသော အချို့ကိစ္စများတွင် ဘယ်သူကမှ အလကားသက်သက် အချိန်ကုန်ခံကြမည် မဟုတ်ပါ။
ချန်းဖန်သည် အဖက်မလုပ်စွာ ထိုင်နေဆဲ။
အနီးနားရှိ လူများမှာ လူကြီးအား သနားသည့် အကြည့်များဖြင့် ကြည့်မိကြသည်။ လူအုပ်ထဲမှ ထိုလူကြီးနှင့် အနည်းငယ် ရင်းနှီးဟန်ရသော လူတစ်ယောက်က လူကြီးအား ဘေးဘက်သို့ ဆွဲခေါ်သွားကာ ပြော၏။
"သွေးဓား ... မင်း စာမဖတ်တတ်ဘူးလား ရေးထားတယ်လေ သူ့ရဲ့ ဆေးလုံးတွေကို သက်တမ်းတစ်ထောင် ရှိတဲ့ ဆေးမြစ် ဒါမှမဟုတ် ရှားပါးတဲ့ မှော်ရတနာတွေနဲ့ပဲ လဲပေးတယ် တခြားနည်းနဲ့ ငွေချေတာကို လက်ခံမှာ မဟုတ်ဘူး"
"အဓိပ္ပာယ်မရှိတာ"
သွေးဓားက နှာခေါင်းရှုံ့လိုက်သည်။
"နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ဆေးမြစ်တွေက အင်အားကြီး မိသားစုတွေမှာပဲ ရှိနိုင်တာလေ ရှိတော့ရော ဘယ်သူက လဲမှာလဲ"
သွေးဓားက ချန်းဖန်အား နောက်တစ်ကြိမ် အသေအချာ စူးစမ်းကြည့်လိုက်သည်။ ဆိုင်ရှင် ကောင်လေးသည် အလွန် ချောမောသော ရုပ်ရည် ရှိသော်လည်း အစွမ်းထက်မည့်ပုံ မပေါ်ပါချေ။ သူ့နောက်တွင် ရပ်နေသော ကြွက်သားအပြည့်နှင့် သန်မာလှသော လူကတော့ သွေးဓား၏ အာရုံကို ဖမ်းစားသွားသည်။ သို့သော် ထိုလူကလည်း ခန္ဓာကိုယ် ကြီးမားသည်က လွဲလျှင် သူ့လက်သီးတစ်ချက်ကိုပင် ခံနိုင်လိမ့်မည် မဟုတ်ဟု သွေးဓားက တွေးလိုက်သည်။
ထိုသို့ တွေးသော်လည်း အတွေ့အကြုံရှိသော သိုင်းပညာရှင်တစ်ယောက် အနေနှင့် သွေးဓားက အလျင်လို မလှုပ်ရှားပေ။ ဘေးရှိ သူ့မိတ်ဆွေအား ထပ်မေးလိုက်သည်။
"သူက ပိုက်ဆံနဲ့ ဝယ်တာကို လက်မခံဘူး ဆိုတာနဲ့ပဲ ငါတို့က ဒီတိုင်း လက်ပိုက်ပြီး ရပ်ကြည့်နေရမှာလား"
"ခင်ဗျားမတိုင်ခင် တခြားသူတွေလည်း ကြိုးစားပြီးပြီ"
လူအုပ်ထဲမှ အခြား သိုင်းပညာရှင် တစ်ယောက်က လှောင်ပြောင်သံစွက်ကာ ပြောလာသည်။
"အဲကောင်လေးက ခန္ဓာကိုယ်အစွမ်း မြှင့်တင်တဲ့ ဆေးတွေတင် ယူလာတာ မဟုတ်ဘူး တခြား အဆင့်မြင့် ဆေးလုံးတွေလည်း သူ့မှာ ရှိသေးတယ် လုမိသားစု လီမိသားစုနဲ့ ဆေးနတ်ဘုရား တောင်ကြားတို့ကတောင် သူ့ကို ကမ်းလှမ်းကြသေးတယ် ဒါပေမဲ့ ဘယ်သူမှ မအောင်မြင်ကြဘူး မနေ့ညက သိုင်းပညာရှင် ခြောက်ယောက် စုပေါင်းပြီး အဲကောင်လေးကို တိုက်ခိုက်ဖို့ ကြိုးစားကြတယ် 'ကျွမ်းရှစ်' ဘုရားကျောင်းက ထို့ထူလီတောင် ပါသေးတယ် ဘာဆက်ဖြစ်သွားလဲ ခန့်မှန်းကြည့်"
"ထို့ထူလီ သူက ကျွမ်းရှစ်ဘုရားကျောင်းရဲ့ အစောင့်အရှောက် မဟုတ်လား ပြီးတော့ သူက ခန္ဓာကိုယ် အထူးပြု လေ့ကျင့်တဲ့သူလေ"
သွေးဓားပင် အနည်းငယ် အံ့ဩသွားသောကြောင့် အလျင်အမြန် မေးလိုက်သည်။
"ဘာဆက်ဖြစ်သွားလဲ"
သွေးဓားသည် ပြည်ပ၌ နေထိုင်သူ ဖြစ်တာတောင် ကျွမ်းရှစ်ဘုရားကျောင်း အကြောင်း ကြားဖူးသည်။ သူက ထို့ထူလီထက် အစွမ်းထက်သည်ဟု မိမိကိုယ်ကို ယုံကြည်မှု ရှိသော်လည်း ကျွမ်းရှစ်ဘုရားကျောင်းရှိ အစောင့်အရှောက်များသည် အလွန် အစွမ်းထက်ကြသည် ဟူသော အချက်ကတော့ ငြင်းမရပါ။
"သူတို့အားလုံး တစစီ ခြေမွပြီး အသတ်ခံလိုက်ရတယ် တကယ်ကို ခြေမွခံရလိုက်ရတာနော် သူတို့ထဲက တစ်ယောက်ပဲ အဲဒီနည်းနဲ့ မသေတာ ... ဒါပေမဲ့လည်း မလွတ်မြောက်ခဲ့ပါဘူး မမလေးကျင်းရီရဲ့ ရှေ့မှာတင် မှော်ပညာသုံးပြီး အသတ်ခံလိုက်ရတယ်"
"ဘယ်လို"
သွေးဓား ပင့်သက်ရှိုက်မိ သွားသည်။
"ဆေးနတ်ဘုရားတောင်ကြားက လူတွေက မှော်ပညာမှာ ကျွမ်းကျင်တဲ့အတွက် ကျော်ကြားတယ် မမလေးကျင်းရီ ဆိုရင် တာအိုရရိခင်းအဆင့်ရဲ့ အလယ်ဆင့်ကို ရောက်နေတဲ့အပြင် အစွမ်းထက်တဲ့ မှော်ရတနာတွေ အများကြီး ပိုင်ဆိုင်ထားမှာ အသေအချာပဲ ဒါတောင် အဲကောင်လေးက သူရှေ့မှာ လူတစ်ယောက်ကို မှော်ပညာသုံးပြီး သတ်နိုင်တယ်လား ပြီးတော့ ခန္ဓာကိုယ် အထူးပြု လေ့ကျင့်တဲ့ သိုင်းပညာရှင် တစ်ယောက်လည်း အသတ်ခံလိုက်ရသေးတယ် ဘာတွေ ဖြစ်နေတာလဲ"
"ငါပြောပါတယ် အဲလူငယ်လေးကို အထင်မသေးပါနဲ့လို့"
အခြားသော သိုင်းပညာရှင် တစ်ဦးကလည်း ခေါင်းယမ်းရင်း ဝင်ပြောသည်။
"မင်းတို့အားလုံးက လူငယ်လေးရဲ့ နုနုရွရွ ချောချောမောမော ပုံစံလေးကို ကြည့်ပြီး ဘာသိုင်းပညာမှ မယ်မယ်ရရ မတတ်လောက်ပါဘူးလို့ တွေးနေကြတာ ငါသိတယ် ဒါပေမဲ့ ငါပြောနိုင်တာကတော့ အဲဒီလူငယ်လေးက တာအိုရရိခင်း အဆင့်က ဆရာတစ်ဆူ ဖြစ်နိုင်တယ် သူ့နောက်မှာ ရပ်နေတဲ့ လူကလည်း အရမ်း အစွမ်းထက်တဲ့ ခန္ဓာကိုယ် အထူးပြု လေ့ကျင့်သူ တစ်ယောက်ပဲ"
"အရမ်း အစွမ်းထက်တဲ့ ခန္ဓာကိုယ် အထူးပြု လေ့ကျင့်သူ"
သွေးဓား၏ မျက်နှာမှာ ဖြူဖျော့သွားသည်။
သိုင်းပညာရှင် တစ်ယောက်က ပိုအစွမ်းထက်လေလေ 'ခန္ဓာကိုယ်အထူးပြု လေ့ကျင့်သူ' တစ်ယောက်၏ အစွမ်းကို နားလည်လေလေ ဖြစ်သည်။
ခန္ဓာကိုယ်အထူးပြု လေ့ကျင့်ခြင်း ဆရာတစ်ဆူ၏ အစွမ်းများအကြောင်း တွေးမိခြင်းက သွေးဓား၏ ဆံပင်များကိုပင် ထောင်မတ်သွားစေသည်။ သူက စိတ်ရှည်လက်ရှည် ရှင်းပြပေးသော ဘေးမှ သိုင်းပညာရှင်အား ရှိခိုး ဦးချမတတ် ကျေးဇူးတင် သွားရသည်။
အမြင်မှန် ရပြီးနောက် သွေးဓားသည် ချန်းဖန်၏ ဆိုင်ငယ်လေးထံသို့ ကပျာကယာ ပြေးသွားလိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ သူ့မျက်နှာပေါ်၌ အလွန် ရိုကျိုး၍ ကပ်ပါးရပ်ပါး ဆန်သော အပြုံးတစ်ခု ရှိနေသည်။
"ဆရာ ... ကျုပ်မှာ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဆေးမြစ်တော့ မရှိပေမဲ့ ဆရာ စိတ်ဝင်စားလောက်တဲ့ ပစ္စည်းတစ်ခုတော့ ရှိတယ်"
"ဟုတ်လား ထုတ်ကြည့်ပါဦး"
နောက်ဆုံးတော့ ချန်းဖန်တစ်ယောက် မော့ကြည့်ဖော် ရပြီ ဖြစ်သည်။
သွေးဓားလက်ထဲတွင် ကိုင်ထားသော ပစ္စည်းအား မြင်သောအခါ သူ၏ စိတ်ဝင်စားမှုတို့ မြင့်တက်သွားသည်။
သွေးဓား၏ လက်ထဲတွင် ထူးဆန်းသော ရွှေရောင် ရုပ်တုလေး တစ်ခုအား ကိုင်ထားသည်။ ရုပ်တု၏ ပုံစံမှာ အတော် ထူးဆန်းသည်ဟု ပြောရမည်။ လူခန္ဓာကိုယ်၊ သိမ်းငှက်ခေါင်းနှင့် ကျောနောက်ဘက်တွင် အတောင်ပံတစ်စုံ ပါဝင်သည်။ ရုပ်တုအား ပြုလုပ်ထားသော လက်မှုပညာမှာ အကြမ်းထည်သာ ဖြစ်ပြီး မထူးခြားပေ။ သို့သော် ထိုမထင်မရှား အကြမ်းထည် လက်မှုပညာဖြင့် သွန်းလုပ်ထားသော ရုပ်တုလေးတွင် ဖြတ်သွားဖြတ်လာများ သမင်လည်ပြန် လှည့်ကြည့်စေနိုင်သော ဘာမှန်းမသိသည့် ဆွဲဆောင်မှု တစ်မျိုးလည်း ကိန်းဝပ်နေပြန်၏။
"အားကောင်းတဲ့ ဝိညာဉ်စွမ်းအား ... မဟုတ်သေးဘူး ယုံကြည်သက်ဝင်မှု စွမ်းအားပဲ"
ချန်းဖန် မျက်မှောင် ကြုတ်မိသွားသည်။
သူ၏ နတ်ဘုရား စိတ်အာရုံ ရုပ်တုအတွင်းသို့ ရောက်သွားသည် ဆိုလျှင်ပဲ ပုံရိပ်ပေါင်း များစွာအား မြင်လိုက်ရသည်။ ထိုပုံရိပ်များထဲတွင် မရေမတွက်နိုင်သော အမျိုးသား အမျိုးသမီးများက လူခန္ဓာကိုယ်၊ သိမ်းငှက်ခေါင်းနှင့် ကျောနောက်ဘက်တွင် အတောင်ပံတစ်စုံ ပါရှိသော ထူးဆန်းသည့် ရွှေရောင် ရုပ်တု၏ ရှေ့တွင် ယုံကြည် သက်ဝင်မှု ပြင်းပြသော မျက်လုံးများဖြင့် ဒူးထောက်နေကြသည်။
"ဖောင်း"
အသံသဲ့သဲ့ နှင့်အတူ ရုပ်တုအတွင်းတွင် ရှိသော စွမ်းအင်များက ချန်းဖန်ဆီသို့ ဦးတည်ကာ ပေါက်ကွဲထွက်လာသည်။
ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲသွားကာ ချန်းဖန်၏ အသိစိတ်က ကန္တာရကဲ့သို့ ချစ်ချစ်တောက် ပူပြင်းနေသော ဖုန်းဆိုးမြေ တစ်ခုသို့ ရောက်ရှိသွားသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် ကြီးမားသော အဖြူရောင် ဝတ်ရုံကြီးများ လွှမ်းခြုံထားကြသည့် အမျိုးသား အမျိုးသမီးများက ရွှေရောင် ရုပ်တုဘက်သို့ ဦးတည်ကာ ဒူးထောက် နေကြသည်။ ထိုသူများ၏ မျက်လုံးများထဲရှိ အားကောင်းလှသော ယုံကြည်သက်ဝင်မှု စွမ်းအားက သာမန် မျက်စိနှင့်ပင် မြင်နိုင်သည်။
"ညစ်ညမ်းလိုက်တာ"
ချန်းဖန်သည်သာ တစ်ဦးတည်းသော မားမားမတ်မတ် ရပ်နေသူဖြစ်ရာ ရုပ်တုက အလျင်အမြန်ပဲ သတိထားမိသွားပုံ ရပြီး ထူးဆန်းသည့် စူးရှရှ အော်သံတစ်ခုဖြင့် အော်ဟစ်လိုက်သည်။
ရုတ်ခြည်းဆိုလို ရုပ်တုက သူ၏ ရွှေရောင် ခြေထောက်တစ်ဖက်အား မြှောက်ကာ ချန်းဖန်အား ဒေါသတကြီး ဖိခြေရန် ကြိုးစားလိုက်သည်။
"ယုံကြည်သက်ဝင်သူ တွေဆီက စွမ်းအားကို စုပ်ယူပြီး ရှင်သန်နေရတဲ့ နိမ့်ကျတဲ့ ဝိညာဉ် အသိစိတ်လေးကများ ငါ့ကို တိုက်ခိုက်ရဲတယ်"
ချန်းဖန် အထင်သေးစွာ ရေရွတ်လိုက်သည်။ သူက လက်ရှိတွင် ဝိညာဉ်အသိစိတ်မှ ဖန်တီးထားသော ကမ္ဘာတစ်ခုတွင် ရောက်ရှိနေခြင်း ဖြစ်ပြီး တကယ့် အပြင်လောက၌ ရုပ်တု၏ စွမ်းအားမှာ အရိပ်အယောင် တစ်ခုထက် မပိုပေ။
"ထွက်ပေါ်စမ်း"
မာန်သွင်းသံ တစ်ချက်နှင့်အတူ နတ်ဘုရား စိတ်အာရုံ၏ အစွမ်းက အပြင်ဘက်သို့ ထွက်ပေါ်လာပြီး တလက်လက် တောက်ပနေသော ငွေရောင်အလင်းတန်းများမှ တစ်ဆင့် ငွေရောင် ဓားရှည်တစ်ချောင်း ဖြစ်တည်လာသည်။
"သတ်"
ချန်းဖန်က လက်ညှိုးနှင့် လက်ခလယ်အား အသုံးပြု၍ လေပေါ်တွင် လွင့်မျောနေသော ငွေရောင်ဓားအား ရုပ်တုထံသို့ ညွှန်ပြလိုက်သည်။
ငွေရောင်ဓားသည် လေထဲ၌ အကြိမ်ရေ အနည်းငယ် တဝှီးဝှီး လည်နေပြီးမှ ရုပ်တုထံသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။ ရုပ်တုထံမှ လင်းလက်စွာ ဖြာထွက်လာသော ရွှေရောင် ယုံကြည်သက်ဝင်မှု စွမ်းအားများကြောင့် ငွေရောင်ဓား၏ ရောင်ဝါမှာ မှိန်ဖျော့သွားသော်လည်း ဓား၏ ထက်မြမှုကိုတော့ ထိခိုက်ဟန်မရ။
ငွေရောင်ဓားသည် ရုပ်တုအား ထောပတ်တုံး တစ်ခုကဲ့သို့ ရှင်းလင်းစွာ ဖြတ်တောက်သွားပြီး ဝိညာဉ်အသိစိတ်မှ ဖန်တီးထားသော ကမ္ဘာကိုပင် အနည်းငယ် တုန်ခါသွားစေသည်။ ရုပ်တု လဲကျသွားသည့်တိုင် ငွေရောင်ဓားကြောင့် ဖြစ်ပေါ်လာသော လေထဲရှိ လှိုင်းတွန့်ကြီးများမှာ ပျောက်ကွယ် မသွားသေးပေ။
လေထု ကွဲအက်သွားသလို အသံတစ်ခုနှင့်အတူ ချန်းဖန်လည်း လုမိသားစု အိမ်တော်အတွင်း ပြန်လည် ရောက်ရှိလာသည်။
သူ၏ မျက်လုံးများမှာ ဖိမှိတ်ထားပြီး နားကလည်း အူနေကာ ဘေးပတ်ဝန်းကျင်ရှိ စကားပြောသံတို့အား ကြားတစ်ချက် မကြားတစ်ချက် ...။ အတန်ကြာတော့မှ သူ့စိတ်ဝိညာဉ်ပေါ်တွင် သက်ရောက်နေသော ရုပ်တုထံမှ ဖိအားများ တဖြည်းဖြည်း ပျောက်ကွက်သွားပြီး နာကျင်မှုလည်း သက်သာလာသည်။
"ဝိညာဉ်အသိစိတ် ... နောက်တစ်ကြိမ်ဆို ဒီထက်ပိုပြီး သတိထားရမယ်"
ချန်းဖန် မျက်လုံးများ ဖွင့်လိုက်သည်။ တည်ငြိမ်စွာ ထိုင်နေဆဲ ဖြစ်သော်လည်း သေချာ သတိထားကြည့်ပါက သူ့မျက်နှာမှာ ပုံမှန်ထက် ဖြူဖျော့နေသည်။
နတ်ဘုရား စိတ်အာရုံအား အကောင်အထည် လက်နက်တစ်ခု အဖြစ် ဖန်တီး အသုံးပြုခြင်းသည် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့် သို့မဟုတ် ချီပြည့်စုံအဆင့်သို့ ရောက်ရှိနေသူများသာ လုပ်နိုင်သော အရာဖြစ်သည်။ ချန်းဖန်က ချီသန့်စင်ခြင်း အခြေခံအဆင့်၏ ထိပ်ဆုံးအဆင့်တွင်သာ ရှိနေသေးသော်လည်း ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းက စိတ်ဝိညာဉ်၌ ဒဏ်ရာ ရသွားစေခဲ့တာ ဖြစ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ရုပ်တု ရှိနေတဲ့ ယုံကြည်သက်ဝင်မှု စွမ်းအားတွေကိုသာ ငါရနိုင်မယ်ဆိုရင် ဒီအသေးအဖွဲ ဒဏ်ရာလောက်က မပြောပဘူး"
ချန်းဖန်သည် ရုပ်တုအား အလေးအနက် သတိထား၍ နောက်တစ်ကြိမ် ထပ်စစ်ဆေးလိုက်၏။
"ဆရာ ... ကျုပ်ရဲ့ကမ်းလှမ်းမှုကို ဘယ်လို သဘောရလဲ"
အချိန် အကြာကြီး စောင့်နေရှာသော သွေးဓားက မရဲတရဲနှင့် မေးလာသည်။
"သဘောတူတယ်"
ပြောပြောဆိုဆိုနှင့် ချန်းဖန်က ကြွေပုလင်း တစ်လုံးအား ထုတ်ကာ ပြောသည်။
"ဒါက ခန္ဓာကိုယ် သန့်စင်ဆေးလုံး အလုံးငါးဆယ် လုံလောက်ရဲ့လား"
"သေချာတာပေါ့ လုံလောက်ပါတယ်"
သွေးဓားသည် ဟန်ပင် မဆောင်နိုင်ဘဲ ပုလင်းအား လှမ်းယူကာ အဖုံး ဖွင့်ကြည့်လိုက်သည်တွင် နှာခေါင်းဝသို့ တိုးဝင်လာသော ဆေးနံ့သင်းသင်းလေးကြောင့် သူ့မျက်နှာကြီးမှာ ပြုံးရွှင်သွားရသည်။
သူက ရုပ်တုအား ထားခဲ့ပြီး ထွက်သွားတော့မည် ပြုသည်တွင် မထင်မှတ်ဘဲ ချန်းဖန်က သူ့လက်မောင်းအား လှမ်းဆွဲကာ မေးလာသည်။
"ဒီရုပ်တုနဲ့ ပတ်သက်ပြီး ခင်ဗျား သိသမျှ ပြောပြမယ်ဆိုရင် နောက်ထပ် ဆေးတစ်ပုလင်း ထပ်ပေးမယ်"
ချန်းဖန်၏ စကားကြောင့် သွေးဓား အလွန် အံ့ဩဝမ်းသာ ဖြစ်သွားသည်။
ချန်းဖန်က ဤရုပ်တုအား ယခုလောက်အထိ စိတ်ဝင်စားသွားလိမ့်မည်ဟု သူလည်း မထင်ခဲ့ပေ။ သူက အရှေ့ အလယ်ပိုင်းဒေသတွင် နယ်လှည့်ခဲ့စဉ် နယ်ခံသူဌေးတစ်ယောက်ထံမှ ရုပ်တုအား လက်ဆောင်ရခဲ့တာ ဖြစ်သည်။ ထိုရုပ်တုမှာ မယုံကြည်နိုင်ဖွယ် စွမ်းအားများ ရှိသည်ဟု ပြောကြသော်လည်း သူကတော့ ဘာမှ ရှာမတွေ့ပေ။ ထိုရုပ်တုအား ဆက်သိမ်းထားရခြင်း အကြောင်းကလည်း ရုပ်တု သွန်းလုပ်ရာတွင် အသုံးပြုထားသော ရွှေပမာဏမှာ များပြားလွန်း၍ ပစ်ထုတ်ရန် နှမြောမိတာကြောင့်သာ ဖြစ်သည်။
"ကိစ္စမရှိဘူး ကျုပ်သိသမျှ အားလုံးကို မခြွင်းမချန် ပြောပြပေးပါ့မယ်"
သွေးဓားက သူ့ရင်ဘတ် သူပုတ်လျက် ပြောလိုက်သည်။
သွေးဓားထံမှ ရုပ်တုနှင့် ပတ်သက်သမျှ အားလုံး နားထောင်ပြီးသောအခါ ချန်းဖန်လည်း နောက်ကွယ်မှ အကြောင်းအရင်းအား နားလည်သွားခဲ့၏။
***