တိုင်းတစ်ပါး မျိုးနွယ်စုများ၏ အရှင်သခင်
Vol. 2 Ch. 166
"ရှေးနတ်ဘုရား တစ်ပါးရဲ့ ရုပ်တု သိမ်းငှက်ခေါင်း လူခန္ဓာကိုယ်နဲ့ ဆိုတော့ ဒီရုပ်တုက အီဂျစ်ဘုရင် ဖေးယို့ရဲ့ အစောင့်အရှောက် ဟောရပ်စ်ရဲ့ ရုပ်တုပေါ့"
ချန်းဖန် ခေါင်းတညိတ်ညိတ်နှင့် ရေရွတ်လိုက်သည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရုပ်တုက သူ့လက်ထဲတွင် ရှိနေသ၍ ဇစ်မြစ်အား အချိန်မရွေး စုံစမ်းနိုင်ပေသည်။
သွေးဓား၏ ပြောပြချက်အရ ရုပ်တုသည် နိုင်းမြစ်ဝှမ်းဒေသရှိ ဘုရားကျောင်း တစ်ခုမှ လာသည်ဟု ဆိုသည်။ ၁၈ရာစုလောက်က ပြင်သစ်တို့ နိုင်းမြစ်ဝှမ်း ဒေသတလွှားအား သိမ်းယူစဉ်ကာ ရုပ်တုသည် ပြင်သစ်စစ်သား တစ်ယောက်၏ ယူဆောင်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် နှစ်တွေ ကြာလာသည်နှင့်အမျှ ပိုင်ရှင် အဆင့်ဆင့် ပြောင်းလဲခဲ့ပြီး အရှေ့ အလယ်ပိုင်း ဒေသမှ သူဌေးတစ်ယောက်က ဝယ်ယူထားခဲ့တာ ဖြစ်သည်။
"ရုပ်ထုမှာ အရမ်းကို အားကောင်းတဲ့ ယုံကြည်သက်ဝင်မှု စွမ်းအားတွေ ရှိတယ် ဒါပေမဲ့ ငါခံစားမိသလောက် ဆိုရင် သက်ဝင်ယုံကြည်သူ တွေက ရုပ်တုအပေါ်မှာ အကြွင်းမဲ့ ယုံကြည် ကိုးကွယ်ကြရုံတင် မကဘူး ချစ်မြတ်နိုးတဲ့ ခံစားချက်တွေလည်း ပါဝင်နေတယ် စိတ်ဝင်စားစရာပဲ"
ချန်းဖန်သည် လက်တစ်ဖက်ဖြင့် မေးစေ့အား ပွတ်ရင်း တွေးဆဆနှင့် ရေရွတ်နေမိသည်။
ယုံကြည်သက်ဝင်မှု စွမ်းအား ဆိုသည်ကလည်း ကျင့်ကြံခြင်း လမ်းစဉ်ရှိ များပြားလှသော စွမ်းအင်များထဲမှ တစ်ခုဖြစ်သည်။ ယုံကြည် သက်ဝင်မှုစွမ်းအားသည် ဝိညာဉ်စွမ်းအင်၏ အခွဲတစ်ခု ဟုလည်း ဆိုနိုင်သည်။ ဥပမာ ပြောရသော် ဝိညာဉ်စွမ်းအင် ပြည့်ဝနေသော ကျောက်တုံးတစ်တုံးအား ကျောက်ဆစ်ထုသမား တစ်ယောက်က နတ်သမီးရုပ်တု တစ်ခု ထုလုပ်ကာ ၎င်းတို့ရွာ၏ ဘုရားကျောင်းအတွက် လှူဒါန်း ပူဇော်လိုက်သည် ဆိုပါစို့။ အချိန်ကြာလာသည်နှင့်အမျှ ရွာသူရွာသားတို့ထံမှ ရရှိနေသော ယုံကြည်သက်ဝင်မှု စွမ်းအားများနှင့် ကျောက်တုံး၏ ရှိရင်းစွဲ ဝိညာဉ်စွမ်းအင်တို့ ပေါင်းစပ်ပြီး နတ်ဘုရားမကျ မိစ္ဆာမကျသော ဝိညာဉ်အသိစိတ်တစ်ခု ဖြစ်ပေါ်လာနိုင်သည်။
ယခု ထူးဆန်းသည့် ရွှေရုပ်တု အတွင်းရှိ ဝိညာဉ် အသိစိတ်မှာလည်း ထိုကဲ့သို့ အလားသဏ္ဌာန် တူသည်။
ယုံကြည်သက်ဝင်မှု စွမ်းအား များများရလေလေ ဝိညာဉ်အသိစိတ်မှာ အစွမ်းထက်လေလေ ဖြစ်သည်။ ထို့ပြင် အလွန် သိပ်သည်းသော ယုံကြည်သက်ဝင်မှု စွမ်းအားများ စုဝေးလာပါက ဝိညာဉ်အသိစိတ်သည် စင်ကြယ်သော နတ်ဘုရားမီးတောက် တစ်ခုအား မွေးဖွားသန့်စင်နိုင်မှာ ဖြစ်၏။
ထိုနည်းလမ်းကား ကျင့်ကြံသူများကြား၌ အလွန် ရေပန်းစားသည်။ ချန်းဖန်၏ အတိတ်ဘဝက နတ်ဘုရားမီးတောက်၏ အစွမ်းကို သုံးကာ နတ်ဘုရား ခန္ဓာကိုယ် တည်ဆောက်ပြီး အစစ်အမှန် နတ်ဘုရားများ ဖြစ်လာကြသော ဝိညာဉ်အသိစိတ် တချို့ကိုပင် မြင်ဖူးခဲ့သည်။ ထို့ကြောင် ချန်းဖန်သည် ယုံကြည်သက်ဝင်မှု စွမ်းအားနှင့် စိမ်းမနေခြင်း ဖြစ်သည်။
"နတ်ဘုရားမီးတောက်က ငါ့အတွက် အကျိုးမရှိပေမဲ့ ယုံကြည်သက်ဝင်မှု စွမ်းအားကတော့ မတူဘူး ငါ့ရဲ့ စိတ်ဝိညာဉ်က လောလောဆယ်မှာ အားနည်းနေသေးတယ်"
ဝိညာဉ်အသိစိတ်နှင့် ရင်ဆိုင်စဉ်က ခံစားခဲ့ရသော စိတ်ဝိညာဉ်မှ နာကျင်မှုကို ပြန်တွေးမိသောကြောင့် ချန်းဖန် ရေရွတ်လိုက်သည်။
"တကယ်လို့ ယုံကြည်သက်ဝင်မှု စွမ်းအားကို ငါ့ရဲ့ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်နိုင်ခဲ့မယ် ဆိုရင် စိတ်တန်ခိုးလည်း တိုးတက်လာမှာ အမှန်ပဲ"
လက်ရှိတွင် ချန်းဖန်၏ စိတ်တန်ခိုးသည် မီတာတစ်ရာခန့် အထိသာ ဖြန့်ကြက်နိုင်သေးသည်။ သို့သော် ရွှေရုပ်တုအတွင်းရှိ များပြားလှသော ယုံကြည်သက်ဝင်မှု စွမ်းအားများနှင့်သာ ဆိုပါက သူ့စိတ်ဝိညာဉ်မှ ဒဏ်ရာကို ကုသနိုင်ရုံသာမက စိတ်တန်ခိုး ဖြန့်ကြက်နိုင်စွမ်း သည်လည်း မီတာတစ်ထောင်ခန့် အထိ မြင့်တက်သွားပေလိမ့်မည်။
"လောကကြီးရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ ဥပဒေသက အရာအားလုံးဟာ စဉ်ဆက်မပြတ် ပြောင်းလဲနေတယ် ဆိုတာပဲ ၁၈ရာစုလောက်က လူတိုင်းရဲ့ ယုံကြည်သက်ဝင်မှုကို ရခဲ့ပြီး နတ်ဘုရားမီးတောက်ကို ပိုင်ဆိုင်နိုင်ဖို့ သိပ်မလိုတော့တဲ့ ဝိညာဉ်အသိစိတ်တောင် ထင်မှတ်မထားတဲ့ အပြောင်းအလဲကြောင့် အခုလို နိမ့်ကျသွားခဲ့ရတယ်"
ရွှေရောင်ရုပ်တုအား ကြည့်ရင်း ချန်းဖန် ရေရွတ်မိသည်။ ထိုစကားတို့က သူ့ကိုယ်သူ ပြင်းထန်စွာ သတိပေးနေခြင်းလည်း ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း လမ်းကြောင်းက မျှော်မကြည့်နိုင်လောက်အောင် အဝေးကြီး ကျန်နေသေးသည်။ သူ့အနေနှင့် ယခုထက်ပိုပြီး ကြိုးစားပါမှ လိုရာခရီးကို ရောက်နိုင်မည် ဖြစ်သည်။
ယန်ဇီမြစ်ရေက အရှေ့ဘက် မြစ်ကမ်းတစ်လျှောက် ဆက်လက် စီးဆင်းနေမည် ဖြစ်ကာ သူ့အနေနှင့် ရေစီးကြောင်းအတိုင်း မျောပါသွားရသော အားနည်းသည့် မြက်ပင်ငယ်လေး မဖြစ်လိုပေ။
ချန်းဖန်၏ လက်ရှိ ကျင့်ကြံဆင့်တွင် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့် ဒါမှမဟုတ် ချီပြည့်စုံအဆင့် ရှိသည့် ကျင့်ကြံသူ တစ်ယောက်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် အသက်ရှင်လျက် ထွက်ပြေးနိုင်မည်ဟု ယုံကြည်ချက် ရှိ၏။ သို့သော် ထို့ထက်မြင့်သော အဆင့်များနှင့် ရင်ဆိုင်ရပါကမူ မသေချာတော့ပေ။
"တကယ်လို့သာ ချီပြည့်စုံဆင့် အထက်က လူနဲ့သာ ရင်ဆိုင်ရရင် လျှို့ဝှက်ပညာရပ် တစ်ခုကို သုံးပြီး ရွှေအမြုတေ အတင်းအကျပ် ဖွဲ့စည်းတာပဲဖြစ်ဖြစ်၊ ငါ့ဝိညာဉ်ကို လောင်စာအဖြစ် အသုံးချပြီး တိုက်ခိုက်တာပဲဖြစ်ဖြစ် ... အဲဒီနှစ်နည်းက လွဲလို့ ရွေးချယ်စရာ မရှိဘူး"
ချန်းဖန် ခေါင်းယမ်းကာ ညည်းညူမိသည်။
ဘယ်နည်းနှင့်မဆို ထိုသို့သော တိုက်ပွဲမျိုးမှ အသက်ရှင်လျက် လွတ်မြောက်နိုင်ရန် တန်ဖိုးကြီးကြီး ပေးဆပ်ရမှာ ဖြစ်သည်။
လျှို့ဝှက်နည်းလမ်းဖြင့် အတင်းအကျပ် ဖွဲ့စည်းကာ ရရှိလာသော ရွှေအမြုတေကား အဆင့်ဆင့် ကျင့်ကြံပြီးမှ ရရှိလာသော ရွှေအမြုတေထက် အဆများစွာ နိမ့်ကျပေသည်။ ထို့ပြင် ထိုရွှေအမြုတေသည် အသုံးပြုသူ၏ စွမ်းအင်အား ခဏတာ တစ်ရှိန်ထိုး မြင့်တက်သွားစေနိုင်သော်လည်း သေခြင်း၊ ရှင်ခြင်း တိုက်ပွဲကြားမှ အခြေအနေကို လွန်မြောက်သွားပါက အသုံးပြုသူ၏ ရုပ်နှင့်နာမ် တကွဲတပြား ဖြစ်သွားခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးမျိုး ရှသည်။ တစ်ဖက်တွင်လည်း ဝိညာဉ်အား လောင်စာအဖြစ် အသုံးချကာ တိုက်ခိုက်ခြင်း နည်းလမ်းသည် အလွန် အန္တရာယ်များကာ အောင်မြင်သွားလျှင်ပင် အသုံးပြုသူအနေနှင့် နှစ်ရာချီ၍ ကျင့်ကြံခြင်းတွင် အဆင့်တက်ဖို့ ခက်ခဲသွားပေလိမ့်မည်။
"ကောင်းပြီ ကောင်းပြီ ... လီမိသားစုနဲ့ ဆေးနတ်ဘုရား တောင်ကြားက ဝိညာဉ်ဆေးမြစ်တွေကို အရယူပြီးရင် ကျင့်ကြံခြင်း အပေါ်မှာပဲ အာရုံစိုက်ထားတော့မယ် သီးခြား တံခါးပိတ်နေပြီး ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်ကို မရောက်မချင်း ဘယ်သူနဲ့မှ အဆက်အဆံ မလုပ်တော့ဘူး"
ချန်းဖန် စိတ်ပိုင်းဖြတ်လိုက်သည်။
"ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်ကို ရောက်ပြီးရင် အီဂျစ်ကိုသွားပြီး ယုံကြည်သက်ဝင်မှု စွမ်းအား သိပ်သိပ်သည်းသည်း ရှိနေတဲ့ ရုပ်တုတွေ အများကြီး သွားရှာရမယ် ပြောလို့မရဘူး ယုံကြည်သက်ဝင်မှု စွမ်းအားတွေရဲ့ အကူအညီနဲ့ ချီပြည့်စုံအဆင့်ကို ရောက်သွားနိုင်တယ်"
ချန်းဖန် တစ်ဦးတည်း အတွေးများစွာဖြင့် ရေရွတ်နေစဉ်တွင်ပဲ လူအုပ်ကြီးမှာတော့ သွေးဓား၏ ဆေးလုံး လဲလှယ်မှု အောင်မြင်သွားခြင်းကြောင့် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။
သိုင်းပညာရှင် တော်တော်များများတွင် နှစ်ထောင်ချီ သက်တမ်းရှိသော ဝိညာဉ်ဆေးမြစ်များ မရှိကြသော်လည်း မှော်ရတနာ အနည်းအကျဉ်းတော့ ပိုင်ဆိုင်ကြသည်။ သို့နှင့် သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် ချန်းဖန်အနီးတွင် ဝိုင်းအုံလာကြပြီး ၎င်းတို့၏ မှော်ရတနာများကို အကဲဖြတ်ကာ ဆေးလုံးများနှင့် လဲလှယ်ရန် မေးမြန်းကြတော့သည်။
"ဒါက သာမန် ကျောက်မျက် ရတနာလေးပဲ"
"အင်း ... ဒီတစ်ခုက မှော်ရတနာနဲ့ တူပေမဲ့ အသုံးမဝင်တဲ့ မှော်ရတနာ ဖြစ်နေတယ်"
"ဒါက ... နည်းနည်းတော့ အသုံးဝင်မဲ့ပုံပဲ ဆေးလုံး ဆယ်လုံးပေးမယ်"
သိုင်းပညာရှင် အများစု၏ ရတနာများမှာ ချန်းဖန်အတွက် အသုံးဝင်လှသည် မဟုတ်သော်လည်း သူက တချို့တစ်ဝက်အား ဈေးနှိမ်၍ ဝယ်ထားလိုက်သည်။ မည်သို့ပင် အရည်အသွေး ညံ့နေပါစေဦး ဝိညာဉ်သန့်စင်ခြင်း အစီအရင်ကို သုံးကာ အရည်အသွေးအား အရေအတွက်ဖြင့် အစားထိုးပြီး ဝိညာဉ်စွမ်းအင် တချို့ စုပ်ယူနိုင်သေးသည် မဟုတ်ပါလား။
"ဆရာချန်း ... ဒါကိုရော ဘယ်လိုထင်လဲ"
ရုတ်တရက် ချိုသာလှသော အသံလေးနှင့် အတူ ချန်းဖန်အနီးတွင် ဝိုင်းအုံနေသော လူအုပ်မှာ ဘေးသို့ ရှဲသွားပြီး အလယ်မှ လှပသော မိန်းကလေးတစ်ယောက် ထွက်ပေါ်လာသည်။
ဆေးနတ်ဘုရားတောင်ကြားမှ မမလေးကျင်းရီ ...။
ကျင်းရီ၏ လက်ထဲတွင် မီးမြိုက်ထားဟန်ရသော သစ်တုံး ခပ်သေးသေး တစ်ခုအား ကိုင်ဆောင်ထားသည်။
"အဲဒါဘာလဲ ကြည့်ရတာတော့ မီးသွေးတုံးနဲ့ တူတယ်"
"အဲဒါက မှော်ပညာရှင်တွေ အသုံးပြုလေ့ရှိတဲ့ မိုးကြိုးဒဏ်သင့် သစ်သားကွ မမလေးကျင်းရီက ဘာလို့ မှော်ပညာရှင်တွေ အသုံးပြုတဲ့ ရတနာနဲ့ ဆရာချန်းကို ကမ်းလှမ်းရတာလဲ ဆရာချန်းက တာအိုရရိခင်း အထက်ဆင့်က မှော်ပညာရှင် တစ်ယောက် ဆိုတဲ့ ကောလာဟလက မှန်နေတာလား"
တီးတိုး ဆွေးနွေးသံများ နေရာအနှံ့မှ ထွက်ပေါ်လာသည်။
ချန်းဖန်ပင် ကျင်းရီလက်ထဲရှိ သစ်သားတုံးအား မြင်လိုက်ချိန်၌ အံ့ဩသွားသည်။ သူ့စိတ်တွင်းမှ ရေရွတ်လိုက်မိသည်။
'မူလဝိညာဉ်သစ်သား'
ချန်းဖန်သည် အတွင်းစိတ်ထဲ၌ အံ့ဩသွားသော်လည်း အပြင်ပန်းကမူ အနည်းငယ်မျှ မပြောင်းလဲသော မျက်နှာနှင့် သစ်သားတုံးအား ဘေးသို့ တွန်းထုတ်ကာ ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး ကျွန်တော် စိတ်မဝင်စားဘူး"
ကျင်းရီက နားလည်ရခက်စွာ ပြုံးရင်း ပြောလာသည်။
"ဒီဝိညာဉ်သစ်သား အပိုင်းအစလေးက မပြောပလောက်တဲ့ လက်ဆောင်ပါ ကျွန်မတို့ ဆေးနတ်ဘုရား တောင်ကြားက ဆရာချန်းလို့ လူငယ် ပါရမီရှင်နဲ့ မိတ်ဆွေဖွဲ့ချင်တယ်"
"အဲဒီလိုလား"
ညင်သာလှသော လေသံနှင့် ဆန့်ကျင်စွာ ချန်းဖန်၏ မျက်လုံးများက အေးစက်စက် ဖြစ်လို့နေသည်။ သူက ပြတ်သားစွာ ထပ်ပြောသည်။
"ကျေးဇူးပဲ ဒါပေမဲ့ မလိုဘူး"
ကျင်းရီက ဒေါသထွက်သွားသော်လည်း သူမ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ် မသွားသေးပေ။
ချန်းဖန်၏ အတွေးကမူ ရိုးရှင်းသည်။ သူက ဆေးနတ်ဘုရား တောင်ကြား၏ သရုပ်မှန်အား သိပြီးချိန်ကတည်းက တစ်ချိန်တွင် ထိုဂိုဏ်းအား အမြစ်ပြတ် ချေမှုန်းရန် တွေးထားပြီး ဖြစ်သည်။ ထိုအချိန်ရောက်လျှင် မူလဝိညာဉ်သစ်သား အပိုင်းအစ သာမက ထိုလူများ ပိုင်ဆိုင်သော ရတနာ မှန်သမျှက သူ့အပိုင် ဖြစ်လာမှာ ဖြစ်သည်။ သို့ဖြစ်ရာ ကျင်းရီ ပေးလာသော သစ်သား အပိုင်းအစ သေးသေးလေးအား ကျေးဇူးတင်ခံကာ ယူနေစရာ မလိုအပ်ပေ။
လူတိုင်းမှာ ကျင်းရီ၏ ကမ်းလှမ်းမှုကိုပင် ငြင်းပယ်ပစ်သော ချန်းဖန်အား ဆွံ့အစွာ ကြည့်မိကြသည်။
ထိုအကောင်ကား ရက်အနည်းငယ်အတွင်း လုမိသားစု၊ လီမိသားစု၊ ဆေးနတ်ဘုရား တောင်ကြားနှင့် ကျွမ်းရှစ်ဘုရားကျောင်းတို့အား တစ်ပြိုင်နက်တည်း အပြစ်ပြု ထားလေရာ သတ္တိကောင်းလွန်းနေသည်လော၊ ရူးမိုက်လွန်းသည်လော ဘယ်သူမှ မဆုံးဖြတ်တတ်တော့ပေ။
ကျင်းရီ ထွက်ခွာသွားသည့်နောက် သိုင်းပညာရှင်များမှာ ချန်းဖန်ထံ၌ ဆေးလုံးနှင့် လဲလှယ်ရန် ရတနာများ လာမပြကြတော့။ ချန်းဖန်က ဝိညာဉ်သစ်သား အပိုင်းအစကိုပင် မဆိုင်းမတွ ငြင်းပစ်ခဲ့ရာ သူတို့၏ အစုတ်အပဲ့ မှော်ရတနာလေးများအား ချန်းဖန်ရှေ့သို့ ယူဆောင်လာရန် တုံ့ဆိုင်းသွားကြတာ ဖြစ်သည်။
ချန်းဖန်သည် ထိုင်ခုံ၌ တိတ်ဆိတ်စွာ ပြန်ထိုင်လိုက်ပြီး ဝိညာဉ် သန့်စင်ခြင်း အစီအရင်ကို အသက်သွင်းလိုက်သည်။ တဖြည်းဖြည်းနှင့် ရုပ်တုအတွင်းရှိ သိပ်သည်းလှသော ယုံကြည်သက်ဝင်မှု စွမ်းအားများမှာ အသန့်စင်ဆုံး ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲလာပြီး ချန်းဖန်၏ ထိခိုက် ဒဏ်ရာ ရသွားသော စိတ်ဝိညာဉ်သို့ တဖြည်းဖြည်းချင်း အားဖြည့်ပေးနေကြသည်။
***
နှစ်ရက်ကြာပြီးနောက်၊ သိုင်းပညာရှင်များ ညီလာခံအတွင်း၌ ...။
ဝင်ပေါက်အနီးတွင် လူအများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"ဆေးနတ်ဘုရား တောင်ကြားက အကြီးအကဲ ရောက်လာတယ် ဟုတ်လား?"
"အဲဒါ အကြီးအကဲချီပဲ ... တာအိုရရိခင်း အထက်ဆင့်က မှော်ပညာရှင်"
"အကြီးအကဲချီက နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့တာ မဟုတ်ဘူးလား ဒီနေ့မှ ရုတ်တရက်ကြီး ပေါ်လာမယ်လို့ ဘယ်သူက ထင်မှာလဲ လုမိသားစုရဲ့ ဖိတ်ခေါ်မှုကြောင့် ရောက်လာတာပဲ ဖြစ်ရမယ်"
လူတိုင်းက အကြီးအကဲချီအတွက် လမ်းဖယ်ပေးကြသည်။ ခဏအကြာတွင် တာအိုဝတ်စုံ ဆင်မြန်းထားသော မုတ်ဆိတ်ဖြူများနှင့် အဘိုးကြီး တစ်ယောက် လုထျန်းလုံနှင့်အတူ လူအုပ်ကြားမှ ထွက်ပေါ်လာသည်။
အဘိုးကြီး၏ မျက်လုံးများက တစ်ဝက်ခန့် ပိတ်နေသော်လည်း အကြည့်တို့က စူးရှသည်။
ထိုအဘိုးကြီးကား ... ဓမ္မကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းခန့်သာ လိုတော့သော တာအိုရရိခင်း အထက်ဆင့်မှ မှော်ပညာရှင်၊ ဆေးနတ်ဘုရား တောင်ကြား၏ အကြီးအကဲချီပင်။
အကြီးအကဲချီသည် ခန်းမထဲသို့ ရောက်လျှင်ရောက်ချင်း ချန်းဖန်ထံသို့ ဦးတည်ကာ လျှောက်သွားသည်။
"တစ်ခုခု ဖြစ်တော့မဲ့ အနံ့တွေ ရနေတယ်"
"မှောပညာရှင်တွေက သဘာဝအရကို ခန္ဓာကိုယ် လေ့ကျင့်တဲ့ သိုင်းပညာရှင်တွေအပေါ် အနိုင်ယူနိုင်တဲ့ အားသာချက်တွေ အများကြီးပဲ ရှိတယ်"
"ဒီကောင်လေးတော့ ဒီတခေါက် တကယ် ဒုက္ခရောက်ပြီ!"
အနီးနားရှိ လူများမှာ ချန်းဖန်၏ ကျရှုံးမှုအား မြင်ရရန် မစောင့်နိုင်တော့ဘဲ အချင်းချင်း ဆွေးနွေးနေကြသည်။
ထိုအချိန်အတွင်း အကြီးအကဲချီက ချန်းဖန်ထံ ရောက်သွားပြီဖြစ်ကာ မေးလေ၏။
"မင်းက ချန်းပေ့ရွှမ်းလား"
"ဟုတ်တယ် အဲဒါ ကျွန်တော်ပါ"
ချန်းဖန်က မော့ကြည့်ကာ ပြန်ဖြေသည်။
"မင်းရောင်းနေတဲ့ ခန္ဓာကိုယ် သန့်စင်ဆေးလုံးတွေနဲ့ စွမ်းအင်တိုးမြှင့် ဆေးလုံးတွေက ဆေးနတ်ဘုရား တောင်ကြားက အခိုးခံလိုက်ရတဲ့ဟာတွေ ဆိုတာ မင်းသိထားလား"
အကြီးအကဲချီက ခေါင်းယမ်းကာ စိတ်မကောင်းဟန်ဖြင့် ဆက်ပြောသည်။
"မကြာသေးခင် အချိန်က ဆေးနတ်ဘုရား တောင်ကြားကို သစ္စာဖောက်ပြီး ပစ္စည်းတွေ ခိုးသွားတဲ့ တပည့်တစ်ယောက် ရှိခဲ့တယ် သူ ခိုးသွားတဲ့ ပစ္စည်းတွေထဲမှာ အဲဆေးနှစ်မျိုးရဲ့ ဆေးညွှန်းတွေလည်း အပါအဝင်ပဲ"
"ဘာ"
ကြားလိုက်ရသည်ကြောင့် လူတိုင်း အံ့ဩသွားကြသည်။
အကြီးအကဲချီ လိမ်နေသည်ကို ရိပ်စားမိသူ တချို့ကတော့ ချန်းဖန်အား သနားစွာ ကြည့်မိကြသည်။
မည်သို့ပင်ဆိုစေ ဆေးနတ်ဘုရား တောင်ကြား၏ အကြီးအကဲတစ်ယောက် အနေနှင့် အကြီးအကဲချီ ပြောသော စကားကသာ အမှန်ဖြစ်သည်။ လူတစ်ယောက်၏ ခွန်အားက တကယ့် အမှန်တရားကို ပြောင်းလဲပစ်နိုင်သည်။
"အဲဒီလို ဖြစ်ခဲ့တာလား"
ချန်းဖန်၏ အသံက အံ့ဩသွားသည့်ပုံ ပေါ်သော်လည်း သူ့နှုတ်ခမ်းများက လှောင်ပြောင် သရော်လိုဟန် အပြည့်နှင့် တွန့်ကွေးလို့ နေသည်။
"အင်း ... ကံမကောင်းခဲ့တာပဲ"
အကြီးအကဲချီက သက်ပြင်းချကာ ဆက်ပြောသည်။
"ဒါပေမဲ့ ကျင်းရီက မထင်မှတ်ဘဲ ဒီပွဲမှာ မင်းကို တွေ့ခဲ့တော့ ငါတို့ ပျောက်ဆုံးသွားတဲ့ ဆေးညွှန်းတွေကို ပြန်ရဖို့ အခွင့်အရေး ပေါ်လာခဲ့ပြီ စိတ်မပူပါနဲ့ ငါတို့နဲ့ ပူးပေါင်းရင် မင်းအတွက် မနစ်နာစေရပါဘူး"
"တကယ်လို့ ကျွန်တော်က ဆေးညွှန်းတွေကို ထုတ်မပေးရင်ရော?"
ချန်းဖန်က တည်ငြိမ်စွာ ပြန်မေးသည်။
"ဒီလို ဆိုရင်တော့ မင်းကို ဂိုဏ်းစည်းကမ်းအတိုင်း စီရင်ရမှာပဲ"
အကြီးအကဲချီ၏ အသံထဲတွင် စိတ်ပျက်သွားမှုအား အတိုင်းသား ပေါ်လွင်နေသည်။
"ငါတို့ဂိုဏ်းကို သစ္စာဖောက်သွားတဲ့ကောင် အတွက်ကတော့ ... ပြစ်ဒဏ်က သေခြင်းတရား တစ်ခုပဲရှိတယ်"
လေးစားဖွယ် ပုံပန်းသွင်ပြင်နှင့် မကိုက်ညီစွာ အကြီးအကဲချီ၏ လေသံထဲတွင် သတ်ဖြတ်လိုမှုတို့ ပြည့်နှက်နေသည်။
ဧရိယာတစ်ခုလုံး အမှားမခံသော လေထု တစ်ခုအတွင်း ကျရောက်သွားပြီး တိတ်ဆိတ်သွားသည်။ ဘယ်သူကမှ ချန်းဖန်ဘက်မှ ဝင်ပြောမပေးရဲကြ။ လွန်ခဲ့သော ရက်ပိုင်းအထိ ချန်းဖန်နှင့် အဆင်ပြေ နေခဲ့သော လုထျန်းလုံပင် ခေါင်းရှောင်နေသည်။ သူ့အတွင်းစိတ်ထဲတွင် ချန်းဖန် ဒုက္ခရောက်တော့ မည်အား ပျော်ရွှင်နေတာပင် ဖြစ်နိုင်သေး၏။
ချန်းဖန်နှင့် ထုံရှန်း နှစ်ဦးတည်းသာ လူအုပ်အလယ်တွင် မလှုပ်မယှက် ရှိနေကာ ဆေးနတ်ဘုရား တောင်ကြားမှ လူများနှင့် အကြည့်ချင်း အားပြိုင်နေကြ၏။
***