← Chapters

စုပြုံတိုက်ခိုက်ခြင်း

Vol. 2 Ch. 167

စုပြုံတိုက်ခိုက်ခြင်း

Vol. 2 Ch. 167

"ဒီတော့ ကျွန်တော်သာ ဆေးညွှန်းတွေကို အေးအေးဆေးဆေး ထုတ်ပေးရင် ခင်ဗျားတို့က ကျွန်တော် တောင်းဆိုတာ ဘာမဆို ဖြည့်‌ဆည်းပေးမှာလား"

ချန်းဖန်က မျက်လုံးများ မှေးစင်း၍ မေးလိုက်သည်။

"သခင်လေးပေ့ရွှမ်း ... ကျွန်မတို့က အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ထားပြီး တောင်းဆိုနေတာပါ ရှင်သာ ကျွန်မတို့ ဆေးညွှန်းကို ပြန်ပေးမယ်ဆိုရင် ဆေးနတ်ဘုရား တောင်ကြားရဲ့ အကြီးအကဲ တစ်ယောက်နဲ့ တန်းတူ ရာထူးတစ်ခု ကျွန်မတို့ ပေးနိုင်တယ် ကျွန်မတို့ရဲ့ ဆေးပညာ စာကြည့်တိုက်ကိုလည်း တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်ခွင့် ပေးဦးမယ့်အပြင် ရှင်သာ ဆန္ဒရှိရင် ဘယ်အကြီးအကဲ ဆီမှာမဆို ဆေးပညာကို ‌သင်ယူနိုင်တယ်"

ကျင်းရီက ညင်သာစွာ ပြောသည်။

အကြီးအကဲချီသည် ဘေးဘက်တွင် မတ်တတ်ရပ်နေပြီး ကျင်းရီ၏ စကားအား ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံဟန်ပြသည်။ မည်သို့သော လိုက်လျောမှုများ ပေးရပါစေ အကြီးအကဲချီတို့၏ ရည်ရွယ်ချက်မှာ ချန်းဖန်အား ဆေးနတ်ဘုရား တောင်ကြား လက်အောက်သို့ သိမ်းသွင်းကား ဆေးညွှန်းနှစ်ခုကို အရယူရန် ဖြစ်သည်။

"အကြီးအကဲတစ်ယောက်နဲ့ တန်းတူရာထူး ဆန္ဒရှိရင် ဘယ်အကြီးအကဲ ဆီမှာမဆို ဆေးပညာသင်ခွင့"

အံ့ဩတကြီး ရေရွတ်သံများ နေရာအနှံ့မှ ထွက်ပေါ်လာသည်။

ဆေးနတ်ဘုရား တောင်ကြားရှိ အကြီးအကဲ တစ်ဦးချင်းစီတိုင်းသည် ‌မှော်ပညာရှင်များ ဖြစ်ရုံသာမက ဆေးပညာတွင်လည်း ချွင်းချက်မရှိ ထူးချွန်ကြသည်။ မရေမတွက်နိုင်သော သိုင်းပညာ မိသားစုများ၊ သိုင်းဂိုဏ်းကြီးများက ထိုအကြီးအကဲများ ဖော်စပ်သည့် ဆေးများပေါ်တွင် မှီခိုနေရသည်။ ထို့ကြောင့် သိုင်းပညာရှင် အများစုအတွက် ကျင်းရီ၏ ကမ်းလှမ်းမှုမှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိလွန်းနေတာ ဖြစ်သည်။

"ငါသာ သူ့နေရာမှာဆိုရင် ဆေးညွှန်းတွေကို ချက်ချင်း လွှဲပေးလိုက်ပြီ ဒါက အနာဂတ်မှာ ရလာမဲ့ အောင်မြင်မှုတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး"

တ‌စ်စုံတစ်ယောက်က ဝင်ပြောလာ၏။

"ငါလည်း လက်ခံတယ် ဦးနှောက်ရှိတဲ့ ဘယ်သူမဆို အဲလိုပဲ ဆုံးဖြတ်မှာ"

နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်ပြန်သည်။

လူအများ၏ 'ဦးနှောက်မရှိတဲ့ကောင်' ဟူသည့် သဘောဖြင့် ကြည့်ခြင်း ခံနေရသော ချန်းဖန်ကမူ နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး ပြန်မေးလိုက်သည်။

"တကယ်လို့ ခင်ဗျားတို့ တောင်ကြားက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ဝိညာဉ်‌ဆေးမြစ်တွေကို လွှဲပေးမယ် ဆိုရင်တော့ ဆေးနှစ်မျိုးကို ဘယ်လို ဖော်စပ်ရမလဲ ဆိုတာ သင်ပေးမယ် ဘယ်လိုလဲ"

"မောက်မာနေတဲ့ အရူး"

အကြီးအကဲချီ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။

ကျင်းရီသည် အစောပိုင်းက ချန်းဖန်အပေါ် အပြစ်ရှိသလို ခံစားနေရသော်လည်း ယခု ချန်းဖန်၏ မောက်မာလှသော စကားများကြောင့် နင်သွားရသည်။

"ကောင်းပြီ မင်းက ဒီလောက် ခေါင်းမာနေမှတော့ ငါတို့အနေနဲ့ ခက်ခဲတဲ့လမ်းကို ရွေးရတော့မှာပေါ့"

အကြီးအကဲချီက ခေါင်းယမ်းသည်။

"မင်းက ငါတို့တောင်ကြားရဲ့ သစ္စာ‌ဖောက်ကို ကူညီပြီး လျှို့ဝှက်ဆေးညွှန်းတွေကို ပေါက်ကြားစေခဲ့တယ် ဒါကြောင့် စည်းမျဉ်းတွေအရ မင်းကို ငါတို့ ဖမ်းရလိမ့်မယ်"

"ခင်ဗျားတို့က ကျွန်တော့်ကို ဒီနေရာမှာပဲ ဖမ်းမယ်ပေါ့"

ချန်းဖန်က အနည်းငယ် အံ့ဩစွာ မေးမိသည်။ စိုးရိမ်ပူပန်ခြင်းတော့ စိုးစဉ်းမျှ မရှိပေ။

ချန်းဖန်နောက်တွင် တစ်ချိန်လုံး တိတ်ဆိတ်စွာ ရပ်နေခဲ့သော ထုံရှန်းသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလာပြီး ချန်းဖန်အား သူ့ခန္ဓာကိုယ်နှင့် ကွယ်ထားလိုက်သည်။ ထုံရှန်း၏ ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်ကြီးမှာ ကြေးနီရောင် သန်းလို့နေပြီး သူလှမ်းလိုက်သော ခြေလှမ်းကြောင့် ကြမ်းပြင်ပင် အက်သွားရသည်။

"သူက တကယ့်ကို ခန္ဓာကိုယ် အထူးပြု ကျင့်ကြံတဲ့ ဆရာသခင်အဆင့် သိုင်းပညာရှင်ပဲ"

သိုင်းပညာရှင် အများစုမှာ ထုံရှန်း၏ ရုန့်ရင်း ကြမ်းတမ်းသော သွင်ပြင်နှင့်တင် ထိတ်လန့်ကြရသည်။

လုမိသားစု တစ်ခုလုံးတွင်ပင် အထွတ်အထိပ် ပညာရှင် အဆင့်သို့ ရောက်နေသော မိသားစုခေါင်းဆောင် တစ်ယောက်သာ ထုံရှန်းနှင့် ရင်ဆိုင်နိုင်ပေလိမ့်မည်။

အကြီးအကဲချီသည် တာအိုရရိြှခင်း အဆင့်မှ မှော်ပညာရှင် တစ်ယောက် ဖြစ်သော်လည်း အနီးကပ် တိုက်ခိုက်မှုတွင် အများကြီး အားမပြင်းလောက်ပေ။ ထို့ပြင် မှော်ပညာရှင် တစ်ယောက်သည် ပြိုင်ဘက်နှင့် မိမိကြားတွင် အကွာအဝေး တစ်ခု ခြားထားဖို့ လိုသေးသည်။ ယခုမူ ထုံရှန်းနှင့် အကြီးအကဲချီတို့မှာ ဆယ်ပေခန့်သာ ကွာတော့သည်။

"ဟားဟား ... ဒီတော့ မင်းရဲ့ ‌မောက်မာမှု‌တွေက ဒီ‌တစ်ယောက်အပေါ် အပြည့်အဝ ယုံကြည်နေလို့ပေါ့လေ"

အကြီးအကဲချီက ချန်းဖန်အား လှောင်ပြောင်လိုက်သည်။ သူက ထုံရှန်းအား နည်းနည်းလေးမှ ဂရုစိုက်ပုံ မရဘဲ အော်ရယ်လိုက်သေး၏။

"ငါ့မှာသာ ယုံကြည်မှုအပြည့် မရှိရင် ဒီနေ့ မင်းကို ရအောင် ဖမ်းမယ်လို့ ဘယ်ပြောပါ့မလဲ"

"ဪ"

ချန်းဖန်က အံ့ဩသွား ဟန်ဆောင်လိုက်ရင်း အာမေဋိတ်သံ တစ်ခုပင် ထွက်ပြလိုက်သည်။

ကြည့်ရသည်မှာ အကြီးအကဲချီတွင်လည်း ဝှက်ဖဲတချို့ ရှိသေးပုံ ရသည်။

အချိန်ခဏအတွင်း ဆူညံ ပေါက်ကွဲသံများ အပြင်ဘက်မှ ထွက်ပေါ်လာသည်။

"အစ်ကိုချီ ... ခင်ဗျားက ကျုပ်အကြောင်း ပြောနေတာလား"

"ဘုန်း ဘုန်း"

စကားသံနောက်တွင် ပြင်းထန်လှသော ခြေသံများပါ ကပ်ပါလာသည်။ လူတိုင်းမှာ ထုံရှန်းကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ်နှင့် လူတစ်ယောက်များ ထပ်ရောက်လာသလား ဟူ၍ တွေးလိုက်မိကြသည်။

သို့သော် အားလုံး၏ မြင်ကွင်းထဲသို့ ‌ဝင်လာသည်မှာ ပိန်လှီလှီနှင့် သာမန် ခန္ဓာကိုယ် အရွယ်အစား ရှိသော လူအိုကြီးတစ်ယောက် ဖြစ်သည်။

လူအိုကြီးမှာ နဖူးပြောင်ပြီး မျက်နှာက အရေးအကြောင်းများဖြင့် ရှုံ့တွနေသည်။ သူ၏ ခန္ဓာကိုယ်က ပုံမှန် ဖြစ်သော်လည်း ကြွက်သားအပြည့်နှင့် အလွန် သန်မာမည့်ပုံ ပေါ်သည်။ လူအိုကြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကြမ်းပြင်မှာ တစ်ခါ အက်သွားသည်ကို မြင်သောအခါ လူတိုင်း ထိတ်လန့်ကြရသည်။

လူအိုကြီး၏ နောက်တွင်မူ အသားညိုညို ဗလတောင့်တောင့်နှင့် လူအနည်းငယ် လိုက်ပါလာသည်။ ထိုလူအားလုံးမှာ လူအိုကြီးထက် ဗလပိုရှိကြပြီး 'ကျွမ်းရှစ်' ဘုရားကျောင်းမှ ထို့လူလီ၏ ပုံပန်းသွင်ပြင်နှင့် အလွန်တူသည်။

"ကျွမ်းရှစ် ဘုရားကျောင်းက အစောင့်အရှောက်ချုပ် ဆရာဟန်ထျန်း"

လူအိုကြီးအား မှတ်မိသွားသော တစုံတယောက်က ပင့်သက်ရှိုက်ကာ ရေရွတ်လိုက်သည်။

"ဒီတိုက်ပွဲမှာ ဆရာဟန်ထျန်းလည်း ဝင်ပါတော့မလို့လား ဆရာဟန်ထျန်းက ကျွမ်းရှစ်ဘုရားကျောင်းရဲ့ အစွမ်းအထက်ဆုံးလူလေ"

"ဟိုကောင်လေးတော့ သေပြီ ငါကြားဖူးတာ ... ဆရာဟန်ထျန်းက အရမ်းကို လက်စားချေလိုစိတ် ပြင်းပြတာတဲ့ ကျိန်းသေပေါက် သူ့တပည့် ထို့ထူလီအတွက် လက်စား လာချေတာပဲ ဖြစ်ရမယ်"

လူအများစုမှာ ခေါင်းယမ်းကာ သက်ပြင်းချမိကြသည်။

အကြီးအကဲချီတို့ အုပ်စုတွင် မှော်ပညာရှင်များသာမက ကျွမ်းရှစ် ဘုရားကျောင်းမှ အစွမ်းအထက်ဆုံး သူပါ ထပ်အားဖြည့်လိုက်သောအခါ ချန်းဖန်အတွက် သိပ်မလွယ်နိုင်တော့ဟု အားလုံးက ယူဆကြသည်။

ကျင်းရီသည် ခေါင်းယမ်းရင်း ချန်းဖန်၏ ခေါင်းမာမှုအား ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

"မင်းက ချန်းပေ့ရွှမ်းလား"

ဆရာဟန်ထျန်းမှာ လူသေးသလောက် အသံ တော်တော်ကျယ်သည်။

"မင်းက ငါ့တပည့် ထို့လူလီကို သတ်ခဲ့တယ် မင်းအပြစ်ကို ငြင်းချင်သေးလား"

"မငြင်းဘူး"

ချန်းဖန်၏ အသံက ရေသေကဲ့သို့ တည်ငြိမ်လွန်းလှသည်။

"ကောင်းပြီ ဒီနေ့ ငါက ငါ့တပည့်အတွက် လက်စားချေပေးပြီး မင်းရဲ့ဘဝနဲ့ ပြန်ပေးဆပ်ရ‌စေမယ်"

ဆရာဟန်ထျန်းသည် အလွန် ဖြောင့်မတ်လှသည့် လေသံနှင့် အခိုင်အမာ ကြေညာလိုက်သည်။

"ထုံရှန်းက ခင်ဗျားတပည့်ကို သတ်တယ် မှန်တယ် ဒါပေမဲ့ ခင်ဗျားတပည့်ကရော အရင်က ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးဘူးလား သူလုပ်ခဲ့တဲ့ အပြစ်တွေ အတွက်ကရော"

ချန်းဖန်က ပြန်မေးလိုက်သည်။

"ဟမ့် ထို့ထူလီက ငါ့တပည့်ပဲ သူ့အသက်က တခြား ဘယ်သူ့ထက်မဆို ပိုပြီး တန်ဖိုးရှိတယ်"

ဆရာဟန်ထျန်းက မောက်မာစွာ ပြောသည်။

"ဟင်း ... ဒါပေါ့ ခင်ဗျား မျက်လုံးထဲမှာ ကျွန်တော်အပါအဝင် တခြားသူတွေရဲ့ အသက်က ပုရွက်ဆိတ်တွေလောက်တောင် တန်ဖိုးရှိမှာ မဟုတ်ဘူး"

ချန်းဖန် သက်ပြင်းချလိုက်သည်။ ထို့နောင် ထုံရှန်း၏ ပခုံးအား လက်ဖြင့် ဖွဖွပုတ်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်ပေးလိုက်သည်။ သူက လုံလောက်သော စကားတို့အား ပြောပြီး ဖြစ်သည်။ လူလို နားမလည်သူများနှင့် ထပ်ပြောနေလို့လည်း အကျိုးထူးတာ မရှိပေ။

သခင်ထံမှ ခွင့်ပြုချက် ရပြီးနောက် ထုံရှန်းသည် မာန်သွင်းသံ တစ်ချက်နှင့်အတူ ဆရာဟန်ထျန်းထံသို့ ပြေးဝင်သွားသည်။ သူ၏ လက်သီးချက်က လေထုကိုပင် အက်ကွဲ‌သွားစေ၏။

ထုံရှန်း၏ လက်သီးချက်မှာ မည်သည့် အကွက်မှ မပါသော သာမန် လက်သီးတစ်ခုဟု ထင်ရသော်လည်း တကယ်တမ်းတွင် ကောင်းပိုင်ရှင်း၏ ပါးကျီ ထောင့်ဖြတ်လက်သီးထက်ပင် အားပြင်းသည်။ အကြီးအကဲချီနှင့် လုထျန်းလုံတို့ပင် အနည်းငယ် အံ့ဩသွားကြသည်။ ဆရာဟန်ထျန်းကမူ စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လိုက်သည်။

"ကောင်းတယ် ကောင်လေး လာစမ်းပါ"

လူတိုင်းသည် ထုံရှန်း၏ ကြောက်မက်ဖွယ် လက်သီးချက်နှင့် ဆရာဟန်ထျန်း၏ သေး၍ကျစ်သော လက်သီးချက်တို့ ထိပ်တိုက် တွေ့သွားသည်ကို မျက်တောင် မခတ်ဘဲ ကြည့်မိကြသည်။

"ဘန်း"

အသံကျယ် တစ်ခုနှင့်အတူ ဆရာဟန်ထျန်း အနောက်ဘက်သို့ လွင့်ပျံ ထွက်သွားသည်။ ဒါဇင်ချီသော စားပွဲများကို ဖောက်ထွက်‌သွားပြီး သိုင်းပညာရှင် အချို့ကို ဝင်တိုက်ပြီးမှ နံရံနှင့် ဆောင့်မိကာ ရပ်တန့်သွားသည်။

ဆရာဟန်ထျန်း ဝင်တိုက်သွားသော သိုင်းပညာရှင်များမှာ ဘေးဘက်သို့ လွင့်စဉ်ထွက်ကာ အရိုးသုံးချောင်းခန့် ကျိုးသွားကြသည်။ ဆရာဟန်ထျန်းကမူ ကြီးကြီးမားမား ထိခိုက်သွားဟန် မရဘဲ ကြက်သီးထဖွယ် အော်သံကြီး တစ်ခုနှင့်အတူ ပြန်ထလာသည်။

"သိပ်ကောင်းတယ် ငါနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်တဲ့ သိုင်းပညာရှင်နဲ့ မတွေ့ရတာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ စိတ်လှုပ်ရှားစရာပဲ"

ပွဲကြည့်သူ သိုင်းပညာရှင်များမှာ တိုက်ပွဲ ဧရိယာနှင့် လွတ်ရာကျွတ်ရာသို့ အလျင်အမြန် ရွေ့လျားလိုက်ကြသည်။ အရှေ့မှ နံရိုး သုံးချောင်းခန့် ကျိုးသွားသော သိုင်းပညာရှင်များကဲ့သို့ ဘယ်သူမှ ပဲ‌လှော်ကြား ဆားမညှပ်ချင်ကြပါ။

"လူအိုကြီးက ဘယ်ဆိုးလို့လဲ ထုံရှန်းဆီက လက်သီးတစ်ချက်ကို ခံနိုင်တယ်"

ချန်းဖန် လူအိုကြီးအား အနည်းငယ်ပင် အထင်ကြီးမိသွားသည်။

ထုံရှန်းသည် စုန်း‌တ‌‌စ္ဆေဂိုဏ်း၏ 'ကြေးနီအလောင်းကောင်' ပညာရပ်ကို အသုံးပြုကာ ပြုပြင်ခြင်း ခံထားရသူ ဖြစ်သည်။ နောက်ပိုင်းတွင် ချန်းဖန်ကလည်း 'ကျားနတ်ဆိုး' ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်ကို သုံးကာ ထပ်ဆင့် ပြုပြင်ပေးထားပေးသည်။ သို့ဖြစ်ရာ ယေဘုယျအားဖြင့် ထုံရှန်း၏ ခွန်အားက ပြိုင်ဘက်ကင်းပေသည်။

'ကျားနတ်ဆိုး' ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်သည် တော်ဝင် ကျားနတ်ဆိုး မိသားစု၏ လျှို့ဝှက် ပညာရပ်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ထိုပညာရပ်ဖြင့် အဆုံးစွန်ထိ သန့်စင်ခံရပြီးပါက ကျောက်ဖြစ်ရုပ်ကြွင်းအလား နှစ်တထောင်ခန့် နေနိုင်မည်ဖြစ်ပြီး နေကဲ့သို့ ချစ်ချစ်တောက် ပူနေသော ချော်ရည်များကပင် ထိုလူ၏ အရေပြားကို ထိခိုက်စေနိုင်တော့မှာ မဟုတ်။

ထုံရှန်းသည် ကျားနတ်ဆိုး ပညာရပ်၏ ပထမအဆင့်ကိုသာ အောင်မြင်ထား သေးသော်လည်း ခန္ဓာကိုယ် ခွန်အား သက်သက်ကို နှိုင်းယှဉ်ပါက ချန်းဖန်နှင့်ပင် တန်းတူရှိသည်။ ထို့ကြောင့် ထုံရှန်းအား အနိုင်ယူနိုင်သော သိုင်းပညာရှင်ကား မရှိသလောက် ရှားပေလိမ့်မည်။

"နောက်တစ်ခေါက်"

ဆရာဟန်ထျန်းက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

သို့နှင့် ထုံရှန်းနှင့် ဆရာဟန်ထျန်းတို့ နှစ်ယောက် နောက်တစ်ကြိမ် လုံးထွေးသွားကြပြီး အကြိမ်တိုင်းလည်း ဆရာဟန်ထျန်းမှာ အနောက်ဘက်သို့ လွင့်ပျံ ထွက်သွားရသည်ချည်းသာ။

"ဘန်း ဘန်း ဘန်း"

လူအိုကြီး ဟန်ထျန်းမှာ အကြိမ်ပေါင်းများစွာ လွင့်ပျံထွက်ကာ နံရံနှင့် မရေမတွက်နိုင်အောင် ဆောင့်မိနေသော်လည်း သားရေ ဘောလုံးကြီးအလား ကြီးကြီးမားမား ဒဏ်ရာမရှိဘဲ ပြန်ထလာသည်။

"သူက ... လူရော ဟုတ်ရဲ့လားကွာ"

တိုက်ပွဲအား စောင့်ကြည့်နေကြသော သိုင်းပညာရှင်များမှ နဖူးပြင်မှ စီးကျလာသော ချွေးအေးများအား သုတ်ရင်း ရေရွတ်မိကြသည်။

နှစ်ယောက်သားသည် နာကျင်မှုအား လုံးဝ မခံစားတတ်သော ကမ္ဘာဦး သားရဲကြီးများကဲ့သို့ မရပ်မနား လုံးထွေး သတ်ပုတ်နေကြသည်။ ညီလာခံ ကျင်းပသော လုမိသားစုပိုင် အဆောက်အဦကြီးမှာ ထိုနှစ်ယောက်၏ လက်ချက်ဖြင့် အချိန်မရွေး ပြိုကျတော့မည့် အလား လှုပ်ယမ်းလို့ နေသည်။

ပွဲကြည့်သူများသည် ဆရာဟန်ထျန်း၏ ‌မယုံနိုင်ဖွယ် ခံနိုင်ရည်အားကို အံ့ဩမိကြသည့် တစ်ဖက်တွင် ထုံရှန်း၏ ကြောက်မက်ဖွယ် ခွန်အားကိုလည်း သတိပြုမိကြသည်။

"ဒီလို အသုံးမကျတဲ့ အကူအညီ အားကိုးနဲ့ ခင်ဗျားက ကျွန်တော့်ကို ဖမ်းချင်တယ်တဲ့လား"

ချန်းဖန်သည် ဘယ်နှကြိမ်မြောက်မှန်း မသိစွာ လွင့်ထွက်သွားသော ဆရာဟန်ထျန်းအား ညွှန်ပြရင်း မေးလိုက်သည်။

အကြီးအကဲချီက တော်တော် သတ္တိရှိသည်ဟု ဆိုရမည်။ ထုံရှန်းတို့ နှစ်ဦး တိုက်ပွဲဖြစ်နေရာ အနီး ပတ်ဝန်းကျင်တွင် ယခုထက်ထိ ရပ်နေရဲသူမှာ ချန်းဖန်နှင့် သူသာ ရှိသည်။

တိုက်ပွဲတွင် ထုံရှန်းက သိသိသာသာ အသာစီး ရနေသည်ကို မြင်သောအခါ အကြီးအကဲချီ၏ မျက်လုံးများထဲ၌ အနည်းငယ် စိတ်ပျက်သွားသော အရိပ်အယောင်တို့ ပေါ်လာသည်။ သို့သော် ခဏသာ။

"ဟမ့် ချန်းပေ့ရွှမ်း အဆုံးသတ်မှာ ရယ်နေနိုင်သေးတဲ့ သူက ဘယ်သူဖြစ်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့"

အကြီးအကဲချီက လည်ချောင်းရှင်းလိုက်ပြီး ဘေးပတ်လည်သို့ တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုစွန်း ... ဘယ်အချိန်ရောက်မှ ထွက်လာဖို့ စဉ်းစားထားတာလဲ"

"ညီလေးချီ ... ငါက မင်းခေါ်မယ့် အချိန်ကို စောင့်နေတာပါကွ"

အက်ကွဲနေသော အသံတခုက ပွဲကြည့် ပရိသတ်များကြားမှ ထွက်ပေါ်လာသည်။

ထို့နောက် ခပ်ဝဝ မျက်နှာနီနီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် လူအုပ်ကြားမှ လျှောက်လှမ်းလာသည်။ လူကြီးသည် အသက်လေးဆယ်ခန့် ရှိမည်ဟု ထင်ရသော်လည်း သူ၏ ရင့်ကျက်သော မျက်လုံးများက လေးနက်နေပြီး ပုံပန်းသွင်ပြင်ကိုကြည့်ကာ အသက်ကို မခန့်မှန်းနိုင်ပေ။

"ရှင်းရီဂိုဏ်းရဲ့ အကြီးအကဲ စွန်းဝူတိပါလား မယုံနိုင်စရာပဲ"

လူအုပ်ကြီး ပွက်လောရိုက်သွားသည်။

စွန်းဝူတိသည် သိုင်းပညာရှင်များအကြား ဒဏ္ဍာရီတစ်ခု ဖြစ်ပြီး တစ်ချိန်က သိုင်းဂိုဏ်းများအကြား အလွန် ပြဿနာရှာသူ ဟူ၍ နာမည်ကြီးသည်။ စွန်းဝူတိ၏ ဝါသနာမှာ အခြား သိုင်းပညာရှင်များအား နှစ်ယောက်ချင်း တိုက်ခိုက်ရန် အားအားယားယား လိုက်လံ စိန်ခေါ်နေတတ်ခြင်း ဖြစ်ကာ တစ်ဖက်လူက စိန်ခေါ်မှုကို လက်မခံလျှင်လည်း ပြဿနာ ရှာတတ်သေးသည်။ နောက်ဆုံး ယဲ့နန်ထျန်းအား စိန်ခေါ် တိုက်ခိုက်ကာ ရှုံးနိမ့်ခဲ့သောကြောင့် နောက်ပိုင်း နှစ်များတွင် ပြဿနာအိုး စွန်းဝူတိအကြောင်း သိပ်မကြားရတော့ပေ။

"စွန်းဝူတိက အမှန်ဆိုရင် အသက်‌ခြောက်ဆယ်လောက် ရှိပြီ ဒါပေမဲ့ ကြည့်လိုက်ရင် လေးဆယ်ကျော်လောက်ပဲ ထင်ရတယ် ငါ့အထင် သူက အတွင်းအားပညာမှာ အထွတ်အထိပ် ပညာရှင်အဆင့်ကို ရောက်ဖို့ သိပ်မလိုလောက်တော့ဘူး"

လူအုပ်ထဲမှ တစ်ယောက်က ခန့်မှန်းလိုက်သည်။

စွန်းဝူတိသည် အားလုံး၏ အကြည့်များအောက်တွင် တည်ငြိမ်စွာ ရပ်နေပြီး အစောပိုင်းက ဟိတ်ဟန်အပြည့် ရှိနေသော အကြီးအကဲချီပင် စွန်းဝူတိရှေ့၌ ကျောတစ်ဖြောင့်တည်း ရပ်ကာ ငြိမ်နေသည်။

စွန်းဝူတိက အတွင်းအားကို ခန္ဓာကိုယ် အပြင်ဘက်သို့ ထုတ်လွှင့်လိုက်သည်တွင် သူ့မျက်လုံးများထဲ၌ မီးတောက်တစ်ခု လင်းလက်သွားသည်။

ရုတ်တရက် ချန်းဖန်သည် အတွင်းအား ပညာရှင်၊ မှော်ပညာရှင်နှင့် ခန္ဓာကိုယ် အထူးပြု ကျင့်ကြံသော သိုင်းပညာရှင်တို့၏ စုပြုံတိုက်ခိုက်ခြင်း ခံရတော့မည့် ပစ်မှတ်တစ်ခု ဖြစ်သွားသည်။

***

All Chapters