အထွတ်အထိပ်တစ်ယောက်၏ စွမ်းအား
Vol. 2 Ch. 169
အဘိုးအို ဟန်ထန်းကဲ့သို့ အတွင်းအား ထိပ်သီးအဆင့် ကျင့်ကြံသူကား ထုံရှန်း၏ တိုက်ခိုက်မှု တစ်ခု အတွင်းမှာပင် သေဆုံး သွားခဲ့ရပြီ ဖြစ်သည်။ လုထန်လုံနှင့် အခြားလူများမှာ အရိုးများအထိ အေးစက် လာခဲ့သည်။
"ယား..."
ထုံရှန်းက နောက်တစ်ကြိမ် အော်ဟစ် ဟိန်းဟောက်ရင်း စွန်းဝူတိထံ ပြေးဝင်လာပြန်သည်။ ကြံခိုင် သန်မာသော ကိုယ်မှ ကျားနတ်ဆိုး တစ်ကောင်၏ အရှိန်အဝါများထွက်ပေါ်နေပြီး သူ၏ ခွန်အား၊ လျင်မြန်မှု စသည်တို့ကား တကယ့် နတ်ဆိုး တစ်ကောင်အလားပင်။
စွန်းဝူတိက တစ္ဆေ၊ သရဲတစ်ကောင်ကို မြင်ရသည့် အလား လျင်မြန်စွာ နောက်ဆုတ်ရန် ကြိုးစားသည်။ အစစ်အမှန် သရဲဆိုလျှင်ပင် သူ ဤမျှ ကြောက်လိမ့်မည် မဟုတ်ပေ။ ယခုအရာကား အချိန်မရွေး သူ့အသက်ကို နှုတ်ယူမည့် တကယ့် ကျားနတ်ဆိုး တစ်ကောင် ဖြစ်နေသည် မဟုတ်ပါလား။
"ဘာတွေ ဖြစ်ပျက်နေတာလဲ”
စွန်းဝူတိ အလျင်စလို နောက်ဆုတ်ရင်း သွေးရူးသွေးတန်း ရေရွတ်မိသည်။ ထို ထုံရှန်းကို ခန္ဓာကိုယ် ကျင့်ကြံသည့် လူတစ်ယောက်ဟု သူ အစက ထင်မိခဲ့သည်။ သို့သော် ထိုမကောင်းဆိုးဝါးမှာ မှော်လမ်းစဉ် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူထင်မှတ် မထားခဲ့ပေ။
"အဘိုးကြီးချီ သူ့ကို မြန်မြန်တားစမ်း”
စွန်းဝူတိ နောက်ဆုတ် နေရင်းနှင့်ပင် အကြီးအကဲချီကို လှမ်းအော်သည်။
စွန်းဝူတိ၏ အသံကို ကြားသည်နှင့် အကြီးအကဲချီ အိတ်ထဲမှ ခေါင်းလောင်း တစ်ခုကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး စီးချက်ညီညီ လှုပ်ရှားသည်။ ထိုခေါင်းလောင်းသံက မမြင်နိုင်သည့် စိတ်ဝိညာဥ် တိုက်ခိုက်မှု လှိုင်းတစ်ခုကို စတင်ဖန်တီးကာ ထုံရှန်းကို ဦးတည် တိုက်ခိုက်သည်။
"စိတ်နှလုံး လှည့်ဖျားခြင်း ခေါင်းလောင်း..."
ကျင်းရီက ထိုမြင်ကွင်းကို ကြည့်ရင်း တီးတိုး ရေရွတ်သည်။ ထိုအရာကား သူမ ဆရာ၏ တန်ဖိုးအရှိဆုံး ရတနာဖြစ်သည်။ စိတ်နှလုံး လှည့်ဖျားခြင်း ခေါင်းလောင်းမှာ အသုံးပြုရန် စွမ်းအင် အများအပြား လိုအပ်သည့်တိုင် ထိုအရာ၏ စွမ်းအားကလည်း အလွန်ကြီးမားသည်။ စိတ်နှလုံး လှည့်ဖျားခြင်း ခေါင်းလောင်းဖြင့် ဦးတည် တိုက်ခိုက်ခြင်း ခံရသောသူများမှာ ပုံရိပ်ယောင် ကမ္ဘာထဲသို့ ကျရောက်သွားမည် ဖြစ်ပြီး အတုအယောင်များကို အမှန်တကယ်ဟု ယူဆကာ ထိုအထဲတွင် သာယာ နေတော့မည် ဖြစ်သည်။
အကြီးအကဲချီမှာ ထိုခေါင်းလောင်းကို အသုံးပြုပြီး အစွမ်းထက်သည့် မှော်ပညာရှင်များစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
"ဒေါင်..."
သာယာသော ခေါင်းလောင်း အသံလှိုင်း တိုက်ခိုက်မှုက ထုံရှန်းထံ တိုးဝင်သွားသည့်တိုင် ထိုအရာက သူ့ကို ထိခိုက်စေပုံ မရပေ။ ထုံရှန်းက ကျယ်လောင်စွာ အော်ဟစ် ဟိန်းဟောက်ရင်း အကြီးအကဲချီကို ကြည့်သည်။
"ရား..."
ထို ဟိန်းဟောက်သံကြောင့် အကြီးအကဲချီ၏ လက်ထဲမှ စိတ်နှလုံး လှည့်ဖျားခြင်း ခေါင်းလောင်းမှာ အစိတ်အမွှာမွှာ ကွဲထွက်သွားပြီး သူကိုယ်တိုင် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက် ရသည်။ သူ၏ နှာခေါင်း၊ နားရွက်၊ ပါးစပ် စသည့် ဒွါရပေါက်များမှ သွေးများက အတားအဆီး ကင်းမဲ့စွာ စီးကျသည်။ ထိုမြင်ကွင်းက လူအများ၏ စိတ်နှလုံးကို ချောက်ချားစေသည်။
"ဝိညာဥ်စွမ်းအင် တန်ပြန်တိုက်ခိုက်မှု..."
အကြီးအကဲချီ အသုံးပြုခဲ့သော ပညာရပ်မှာ ဝိညာဥ်စွမ်းအင်ကို အသုံးပြုပြီး တစ်ဖက်လူ၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူ၏ တိုက်ခိုက်မှုမှာ ရန်သူအပေါ် သက်ရောက်မှု မရှိရင် တန်ပြန် သက်ရောက်မှု ဒဏ်ကို သူခံစားရလိမ့်မည် ဖြစ်သည်။
"ဆရာ..."
ကျင်းရီက လဲကျလုမတတ် ဖြစ်နေသော အကြီးအကဲချီကို စိုးရိမ်တကြီး ခေါ်ရင်း ကူညီရန် လျင်မြန်စွာ ပြေးလာခဲ့သည်။ သူမ၏ သခင်ကား ရှုံးနိမ့်သွားခဲ့သည့် အပြင် အဆင့်မြင့် မှော်ပညာရှင် များစွာကို အနိုင် ယူနိုင်ခဲ့သော စိတ်ဝိညာဥ် လှည့်ဖျားခြင်း ခေါင်းလောင်းမှာလည်း ပျက်ဆီး သွားခဲ့ပြီ ဖြစ်သည်။
ထန်ရှန်းနှင့် အနီးကပ်ဆုံးတွင် ရပ်နေသည့် စွန်းဝူတိမှာလည်း ကျယ်လောင်သော ဟိန်းဟောက်သံကြောင့် အကြီးအကဲချီ ထက်ပင် အခြေအနေ ဆိုးဝါး နေခဲ့ပြီ ဖြစ်သည်။
ထန်ရှန်းက ရုတ်တရက် စွန်းဝူတိထံသို့ ခုန်ဝင်ကာ သူ၏ လက်မောင်းကို ဆုတ်ဖြဲပစ်ရန် ကြိုးပမ်းလာသည်။
"ချီးပဲ... စောက်သုံး မကျလိုက်တဲ့ ချီးကောင်စုတ်”
စွန်းဝူတိက နာကျင်စွာ အော်ဟစ်ရင်း နောက်ဆုတ်ရန် ကြိုးစားသည်။ သို့သော် ထုံရှန်းက အလွတ်မပေးပဲ သူ၏ လက်မောင်း တစ်ဖက်ကို ဆွဲဖဲ့သည်။ စွန်းဝူတိက အတင်း ရုန်းကန်ကာ ထွက်ပေါက်ရှိရာသို့ ပြေးသည်။ သို့သော် သူ၏ လက်တစ်ဖက်ကား ထုံရှန်းထံတွင် ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။ စွန်းဝူတိမှာ လက်သီး အထူးပြု ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း ယခုမူ သူ၏ စွမ်းရည်များကို အသုံး ချနိုင်တော့မည် မဟုတ်ပေ။
"တစ်မိနစ်”
ထိုနေရာရှိ လူတိုင်းက တီးတိုး ရေရွတ်သည်။
ထိုတစ်မိနစ် ဆိုသော အချိန်လေး အတွင်းမှာပင် စွမ်းအားမြင့် သိုင်းသမားများ သေသူကသေ၊ မသေသူက ထွက်ပြေး ဖြစ်သွားခဲ့ရသည်။ အခြေအနေများကား ထူးဆန်းစွာပင် ပြောင်းပြန်အဖြစ် ပြောင်းလဲ သွားခဲ့သည်။
"လုဟန်ရွှမ်း မင်းရဲ့ ကမ်းလှမ်းမှုက ခုအချိန်ထိ အကျုံးဝင်သေးလား။ ငါ မင်းတို့ မိသားစုရဲ့ အကြီးအကဲ ဖြစ်လာနိုင်သေးတယ် မလား”
ချန်းဖန်က လှောင်ပြောင်သည့် အမူအရာဖြင့် လုဟန်ရွှမ်းကို လှမ်းမေးသည်။ လုမိသားစု၏ ငယ်ရွယ်သော သခင်လေး၏ မျက်နှာမှာ လွန်စွာ ဖြူရော်နေခဲ့ပြီ ဖြစ်သည်။ ကျားနတ်ဆိုး အသွင်သဏ္ဌာန် ရှိသည့် ထုံရှန်းကို ကြည့်ရင်း သူ လှုပ်ရှားမှု တစ်ခုတလေမျှပင် မလုပ်ရဲပေ။
လုထန်လုံက ကပျာကယာ ချန်းဖန်ကို ဦးညွှတ်ရင်း ပြောလိုက်သည်။
"ဆရာချန်း ကျွန်တော့် အမှားပါ။ ရှောင်ရွှယ်ရဲ့ မျက်နှာကို ထောက်ရှု့ပြီး ကျွန်တော်တို့ကို ခုတစ်ကြိမ် ခွင့်လွှတ်ပေးပါ”
"မင်းက ငါ့ကို ဘာမှ မသိဘူး ထင်နေတာလား”
ချန်းဖန်က ပြုံးရင်း သူ့ကို မေးခွန်းထုတ်သည်။
"ခုနကတော့ ငါလက် တစ်ချောင်းလောက် လှုပ်ရှားမိရင်တောင် ငါ့ကို သတ်ဖို့ ကြံနေတာ ငါသိတယ်။ မင်းက ငါ့ရဲ့ ခွင့်လွှတ်မှုနဲ့ ထိုက်တန်ရဲ့လား”
"မင်းက ဘာလိုချင်တာလဲ'
လုဟန်ရွှမ်းက ချန်းဖန်ကို အေးစက်စွာ ကြည့်ရင်း မေးလိုက်သည်။ လုမိသားစု၏ သခင်လေး တစ်ယောက် အနေဖြင့် ယခုကဲ့သို့ တစ်ခါမျှပင် နှိမ့်ချ ဆက်ဆံ မခံခဲ့ရဖူးပေ။
"မင်းလို ကောင်လေးမျိုးက ငါနဲ့ တစ်စားပွဲတည်းမှာ ထိုင်ဖို့တောင် မထိုက်တန်ဘူး”
ချန်းဖန်က လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။ ထုံရှန်းကလည်း မကောင်းဆိုးဝါးများ ဝင်ကပ် နေသည့် သားရဲကြီး တစ်ကောင်ကဲ့သို့ လုဟန်ရွှမ်းကို ကြည့်သည်။
အခြေအနေမှာ တဖြည်းဖြည်း ပြန်လည် တင်းမာလာပြီ ဖြစ်သည်။ လုထန်လုံက အတွင်းအားများကို စုစည်းရင်း ထုံရှန်းကို ကြည့်သည်။ အကယ်၍ ထိုသတ္တဝါကြီး လှုပ်ရှား လာသည်နှင့် အလစ်ချောင်း၍ တိုက်ခိုက်မည် ဖြစ်သည်။
ထိုအချိန်တွင်ပင်...
"တော်လောက်ပြီ”
စူးရှ ကြည်လင်သော အသံတစ်ခုနှင့် အတူ အဖြူရောင် လူရိပ်တစ်ခု ခန်းမထဲသို့ ဝင်ရောက် လာခဲ့သည်။ ထုံရှန်းက ထိုလူရိပ်ကို ဘက်သို့ လျင်မြန်စွာ လှည့်ရင်း ကျားနတ်ဆိုး လက်သည်းများဖြင့် တိုက်ခိုက် လိုက်သည်။
အဖြူရောင် ဝတ်ရုံကို လွှမ်းခြုံထားသည့် ပုဂ္ဂိုလ်မှာ ထုံရှန်း၏ တိုက်ခိုက်မှုကို လက်တစ်ချောင်းတည်းနှင့် တားဆီးရန် ပြင်လိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ ညင်သာ နှေးကွေးနေပြီး လှုပ်ရှားမှု တစ်ခုပြုလုပ်ရန်ပင် ပျင်းရိနေပုံရသည်။
"ဘန်း..."
အဖြူရောင်လူ၏ လက်ဝါးမှာ ထုံရှန်း၏ တိုက်ခိုက်မှုများကို ရှောင်ရှားပြီး ဝမ်းဗိုက်နေရာကို တိတိကျကျပင် ထိမှန်သည်။ ထိုလက်ဝါးကား ရှေးဗုဒ္ဓ၏ လက်ဝါးအလား အရောင်အဝါများ ထွက်ပေါ်လာကာ ထုံရှန်း၏ နှလုံးသားကို ဖျက်ဆီးရန် ကြိုးပမ်းသည်။ အကယ်၍ ထုံရှန်းသာ သာမန်လူ တစ်ယောက်ဆိုလျှင် သူ၏ လက်ဝါးချက်ကြောင့် နှလုံးသား တစ်ခုလုံး ကွဲကြေ နေလောက်ပြီ ဖြစ်သည်။
'မိသားစု သခင်ကြီး”
လုထန်လုံနှင့် လုဟန်ရွှမ်းတို့က ဒူးထောက်လိုက်ပြီး ဝတ်ရုံဖြူနှင့် လူကို အရိုအသေ ပေးကြသည်။ သူတို့နှစ်ယောက်လုံး၏ မျက်လုံးများတွင် ယုံကြည်မှုများ၊ လေးစားမှုများ၊ ကြည်ညိုမှုများက တဖျတ်ဖျတ် လက်နေတော့သည်။
"လုမိသားစု သခင်ကြီး၊ အထွတ်အထိပ်အဆင့် သိုင်းပညာရှင်၊ လုထျန်းဖန်”
ထိုပုဂ္ဂိုလ်ကို ကြည့်ရင်း လူများ၏ အသက်ရှူသံများ ရပ်တန့်နေခဲ့သည်။ ထိုဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် အသက် ငါးဆယ်ခန့် လူကြီးမှာ မနက်ခင်းတိုင်း ထိုက်ကျိ လေ့ကျင့် နေတတ်သည်ကို လူတိုင်း မြင်ဖူးသည်။ သို့သော်လည်း ထိုသာမန် ဆန်လွန်းသည့် သူမှာ လုမိသားစု၏ သခင်ကြီး ဖြစ်နေလိမ့်မည်ဟု သူတို့ မတွေးခဲ့ဖူးချေ။
"အထွတ်အထိပ် အဆင့်တစ်ယောက်”
လူတိုင်းက သက်ပြင်းချရင်း တီးတိုး ရေရွတ်လိုက်မိသည်။ သိုင်းပညာလမ်းစဉ်တွင် အထွတ်အထိပ် ပညာရှင်များကား တကယ့် ဒဏ္ဍာရီထဲမှ ပုဂ္ဂိုလ်များပင်။ အကယ်၍ မိသားစု တစ်ခု၌ အထွတ်အထိပ် အဆင့် တစ်ယောက်ရှိခဲ့လျှင် ထိုမိသားစု၏ အင်အားမှာ လျင်မြန်စွာ တိုးတက် လာနိုင်သည်။ ထိုအရာကား အထွတ်အထိပ် တစ်ယောက်၏ လွှမ်းမိုးနိုင်မှုပင် ဖြစ်သည်။
လုထျန်းဖန် ခန်းမကြီး အလယ်တွင် ရပ်ကာ လုထန်လုံနှင့် လုဟန်ရွှမ်းကို ကြည့်သည်။ ထို့နောက် သက်ပြင်း တစ်ချက်ချကာ ထိုနှစ်ယောက်ကို ပြောလိုက်သည်။
"ထန်လုံ၊ ဟန်ရွှမ်း မင်းတို့နှစ်ယောက်လုံးက ငါ့ကို စိတ်ပျက်စေတယ်”
"သခင်ကြီး”
လုထန်လုံက တစ်ခုခုပြောရန် ကြိုးစားသော်လည်း လုထျန်းဖန်၏ အကြည့်ကြောင့် သူ၏ စကားလုံးများကို ပြန်လည် မျိုချလိုက်ရသည်။
"ငါတို့မိသားစုက ထျန်းနန်ဒေသမှာ ပြိုင်ဘက် ကင်းတယ်။ မင်း ဆေးညွှန်းကို လိုချင်ရင်တောင် ဆေးနတ်ဘုရား တောင်ကြား၊ စိန်ကျောက် ဘုရားကျောင်းတို့လို နိမ့်ကျတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းစရာ လိုသလား”
လုထျန်းဖန်က အလေးအနက် မထားသည့် အမူအရာဖြင့် လုထန်လုံကို ပြောသည်။
"သခင်ကြီး မှန်ပါတယ်။ ကျွန်တော့် အမှားပါ။ တစ်ခုခုမလုပ်ခင် သခင်ကြီးဆီကို အစီရင် ခံသင့်တယ်”
လုထန်လုံက ကြောက်ရွံ့၊ ရိုသေစွာ ပြန်ပြောသည်။
"ဘာပြိုင်ဘက်ကင်း မိသားစုလဲ။ အရှက်မရှိတဲ့ နေရာမှာလား။ မင်းတို့က ငါ့ဆီက ဆေးညွှန်းကို လိုချင် နေကြသေးတာလား”
ချန်းဖန်က သူတို့ နှစ်ယောက်ကို အေးစက်စွာ မေးသည်။
"မင်းပါးစပ်ကို ပိတ်ထားစမ်း စောက်ကလေး။ မင်းရဲ့ ပုံစံကို ထိန်းထိန်းသိမ်းသိမ်း နေစမ်း”
လုထျန်ဖန်းက ချန်းဖန်ကို အေးစက်စွာပြောရင်း လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ့ထံမှ လက်ဝါး သဏ္ဌာန် အဖြူရောင် လှိုင်းတစ်ခုက အရှိန်ပြင်းစွာ ထွက်ပေါ်လာကာ ချန်းဖန်ကို ရုတ်တရက် တိုက်ခိုက်သည်။
"ဘန်း..."
သူ၏ တိုက်ခိုက်မှုမှာ ချန်းဖန်ထံသို့ မရောက်မှီမှာပင် ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာပြီး ကြားဖြတ် တားဆီးသည်။ ထိုလက်ဝါးရိုက်ချက်မှာ ထုံရှန်း၏ ကြီးမားသော ခန္ဓာကိုယ်ကို ထိမှန်ကာ ကွယ်ပျောက် သွားတော့သည်။
"မဆိုးဘူး မင်းအစေခံက ခန္ဓာကိုယ်ကို အထွတ်အထိပ် အဆင့်လောက်အထိ ရောက်အောင် လေ့ကျင့်ထားတာပဲ”
လုထျန်းဖန်က မျက်လုံးကို ပင့်ကြည့်ရင်း ဆက်ပြောသည်။
"ဒါပေမဲ့ မင်းလို ကောင်လေး တစ်ယောက်က လုမိသားစုကို မစော်ကားခဲ့သင့်ဘူး”
"မင်းက အထွတ်အထိပ် အဆင့် တစ်ယောက်ရဲ့ စွမ်းအားကို..."
သူပြော၍ မဆုံးခင်မှာပင် ထုံရှန်းက သူ့ထံသို့ ပြေးဝင်လာနေပြီ ဖြစ်သည်။ လေထုမှာ ကျားနတ်ဆိုး၏ လက်သည်းချက်ကြောင့် ကျိုးပျက်နေသည့် အလား တဖျောက်ဖျောက် အသံများပင် ထွက်ပေါ်နေခဲ့သည်။
"အထွတ်အထိပ် တစ်ယောက်ရဲ့ စွမ်းအားကို ပြရသေးတာပေါ့”
လုထျန်းဖန်၏ ပုံစံကား မုန်တိုင်းကြားမှ တိမ်တိုက် တစ်ခုအလား အရာရာကို လျစ်လျူရှု့ရင်း မျက်လုံးကို ဖြည်းညင်းစွာ ပိတ်သည်။ ထုံရှန်း၏ တိုက်ခိုက်မှု တဖြည်းဖြည်း နီးကပ် လာသည်နှင့် သူ့ခန္ဓာကိုယ်မှ အဖြူရောင် အခိုးအငွေ့များ ထွက်လာပြီး ထုံရှန်းကို အေးစက်စွာ ကြည့်သည်။
လုထျန်းဖန် လက်တစ်ချက် ဝှေ့ယမ်းရင်း ခန္ဓာကိုယ် အနီးတစ်ဝိုက်မှ မြူခိုးများကို စုစည်း လိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ဝိုက်ရှိ မြူခိုးများကား သူ့လက်ထဲတွင် စုစည်းကာ အဖြူရောင် အလင်းတန်း တစ်ခု ဖြစ်တည်လာသည်။
အဖြူရောင် အလင်းတန်းမှာ လျှပ်စီးတိမ်တိုက် တစ်ခု၏ လျင်မြန်၊ ပြင်းထန်ခြင်းမျိုးဖြင့် ထုံရှန်းထံ ပြေးဝင်သွားသည်။
"ခရက်..."
ထိုတိုက်ခိုက်မှုကား ထုံရှန်းကို နောက်သို့ လွင့်စင်သွားစေသည့် အပြင် ထုံရှန်း၏ ပခုံး တစ်ဘက်တွင် ပြင်းထန်သော အက်ကွဲရာ တစ်ခု ဖြစ်ပေါ်စေသည်။ ထိုအရာကား သံဗူးတစ်ခုကို ထက်မြက်သော ဓားမြှောင် တစ်ချောင်းဖြင့် ဆွဲဖြတ်လိုက်သလိုပင်။
"ဒါက လုမိသားစုရဲ့ တိမ်တိုက်လက်ဝါးလား”
လူအများက ထိုလက်ဝါးကို ကြည့်ရင်း အံ့ဩတကြီး ရေရွတ်ကြသည်။ တိမ်တိုက် လက်ဝါးကား လုမိသားစု၏ လျှို့ဝှက်ပညာရပ် တစ်ခုဖြစ်ပြီး အထွတ်အထိပ် ပညာရှင်တစ်ယောက် အသုံးပြုပါက တိမ်တိုက်များကိုပင် ဆင့်ခေါ်နိုင်သည် ဟုဆိုကြသည်။
"ဘုန်း..."
ထုံရှန်းကား တိမ်တိုက်လက်ဝါး၏ ပြင်းအားကြောင့် နောက်သို့ လွင့်စင်ကာ နံရံနှင့်တိုက်မိသည်။ နှစ်ပေခန့် ထူသော နံရံပင် ထိုအရှိန်ကို မခံနိုင်ပဲ နှစ်မီတာခန့် ကျယ်သော အပေါက်တစ်ခု ဖြစ်လာပြီး အကျိုးအပဲ့၊ အပိုင်းအစများက လေပေါ်တွင် ဝဲပျံနေတော့သည်။
လူများစွာ၏ နှလုံးသားများကား ထိုမြင်ကွင်းကို ကြည့်ရင်း လှုပ်ရှား နေကြသည်။ လုမိသားစု သခင်ကား ထုံရှန်းကဲ့သို့ ကျားနတ်ဆိုး တစ်ကောင်ကို အနိုင်ယူကာ သူ၏ စွမ်းရည်ကို ပြသခဲ့သည်။
ထိုအရာကား "အထွတ်အထိပ် တစ်ယောက်၏ စွမ်းအား" ပင်။
***