← Chapters

တစ်ကွက်တည်းနှင့် အနိုင်ယူခြင်း

Vol. 2 Ch. 170

တစ်ကွက်တည်းနှင့် အနိုင်ယူခြင်း

Vol. 2 Ch. 170

"ဒါက အထွတ်အထိပ် တစ်‌ယောက်ရဲ့ အစစ်အမှန် စွမ်းအားလား...”

လူအများက တီးတိုး ရေရွတ်ကြသည်။ ထိုအရာသည်ကား တကယ့် အထွတ်အထိပ် တစ်ယောက်၏ စွမ်းအားပင် ဖြစ်သည်။ ထိုစွမ်းအားကား ထိပ်သီး အဆင့် ပညာရှင်များစွာကို အနိုင် ယူခဲ့သည့် ထုံရှန်းအား တစ်ကွက် အတွင်းပင် လွင့်ထွက် သွားစေခဲ့သည်။

"ရား..."

ထုံရှန်းက ကျယ်လောင်စွာ ဟိန်းဟောက်ရင်း အပျက်အစီး အပုံကြားမှ ထရပ်သည်။ ကျယ်လောင်ဟိန်း ဟိန်းဟောက်သံ အောက်တွင် ထုံရှန်း၏ ခန္ဓာကိုယ်မှာ ပိုမိုသန်မာလာပြီး ဒုတိယအကြိမ် အသွင်ပြောင်းခြင်း ဖြစ်ပေါ်လာပြန်သည်။ သူ၏ လက်ချောင်းများနှင့် ခြေထောက်များမှာ တဖြည်းဖြည်း ပြောင်းလဲနေပြီး ကျားနတ်ဆိုး၏ ရက်စက် ယုတ်မာခြင်း အရောင်အဝါများ ထွက်ပေါ် လာသည်။ သူ၏ ခြေသည်း၊ လက်သည်းများမှာလည်း သတ္တုများကိုပင် ခုတ်ဖြတ်နိုင်သည့် မိစ္ဆာလက်သည်းများ ကဲ့သို့ပင်။

"အထွတ်အထိပ် တစ်ယောက် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မင်းနားမလည် သေးဘူးပေါ့လေ...”

လုထျန်းဖန် လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း အေးဆေးစွာ ပြောလိုက်သည်။

ထို့နောက် အဖြူရောင်တိမ်တိုက်များ သူ့အနားတစ်ဝိုက်တွင် ဒုတိယအကြိမ် စတင် ဖြစ်ပေါ်လာပြီး သူ၏ ပုံစံကား တိမ်တိုက်များကြားမှ အေးဆေး တည်ငြိမ်သော အင်မော်တယ် တစ်ယောက် အလားပင်။ မကြာခင် တိမ်တိုက်များကား တစ်နေရာတည်းတွင် စုစည်းလာပြီး အဖြူရောင် အလင်းလုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ရား..."

ကျားနတ်ဆိုးက ဟိန်းဟောက်ကာ လုထျန်းဖန်ဆီ နောက်တစ်ကြိမ် ပြေးဝင်လာပြန်သည်။ လုထျန်းဖန်က လက်ကို ဝှေ့ယမ်းပြီး အလင်းလုံးဖြင့် ကျားနတ်ဆိုးကို တန်ပြန် တိုက်ခိုက်လိုက်သည်။

"ဘန်း..."

ကျားနတ်ဆိုး၏ လက်သည်းများနှင့် အဖြူရောင် အလင်းလုံးတို့ ထိပ်တိုက်တွေ့ရာ ကျယ်‌လောင်သော ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်လာပြီး အားလှိုင်းများက ဘေးမှလူများကိုပင် ဖိအား ဖြစ်စေသည်။ ကျားနတ်ဆိုး၏ လက်သည်းများကား သတ္တုများကိုပင် လှီးဖြတ်နိုင်အောင် သန်မာ လှသည့်တိုင် ထိုအလင်းလုံးကိုမူ လက်မ အနည်းငယ်သာ ထိုးဖောက်နိုင်ခဲ့သည်။

ကျားနတ်ဆိုးက ထိုအလင်းလုံးကို ဒေါသတကြီး ထိုးဖောက်ရန် ပြင်သည်။ သူ၏ ‌ချွန်ထက်သော ခြေသည်း၊ လက်သည်းများကို အသုံးပြုပြီး အလင်းလုံးထို ထိုးဖောက်ရန် ကြိုးစားသော်လည်း အသုံး မဝင်ခဲ့ပေ။

လုထျန်းဖန်က သူ့လက်ကို နောက်တစ်ကြိမ် ထပ်မံဝှေ့ယမ်းကာ တိမ်တိုက်များကို ဆင့်ခေါ်လိုက်သည်။ သူ၏ ‌လက်တစ်ချက် အဝှေ့မှာပင် တိမ်တိုက်ကြိုးမျှင်များက ကျားနတ်ဆိုးထံ အရှိန်ပြင်းစွာ လွင့်ပျံလာကြပြီး ထိုမကောင်းဆိုးဝါး ခန္ဓာကိုယ်ကို ပူးကပ်လာကြသည်။

သိပ်မကြာခင် တိမ်တိုက်ကြိုးမျှင်များ ပိုမိုထူထပ်လာပြီး ကျားနတ်ဆိုး၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ကျားနတ်ဆိုးကား တိမ်တိုက်ကြိုးမျှင်များ၏ ထိန်းချုပ်မှုအောက်တွင် လှုပ်ရှားမှု တစ်စုံတစ်ခုပင် ပြုလုပ်နိုင်ရန် မဖြစ်နိုင်တော့ပေ။

"လုမိသားစုရဲ့ တိမ်တိုက် လက်ဝါး။ ဒါက တကယ့်ကို စွမ်းအား ကြီးမားလွန်းတယ်။ ပထမ တိုက်ခိုက်မှုမှာ ထုံရှန်းရဲ့ ပခုံးကို ဆွဲဖြဲနိုင်ခဲ့သလို ဒုတိယ တိုက်ခိုက်ချိန်မှာ ကျတော့ မကောင်းဆိုးဝါး အဖြစ် ပြောင်းလဲနေတဲ့ ထုံရှန်းကိုတောင် မလှုပ်အောင် ထိန်းချုပ် ထားနိုင်ခဲ့တယ်...”

အကြီးအကဲချီက ထိုမြင်ကွင်းကို ကြည့်ရင်း တီးတိုးဆိုသည်။

အကယ်၍ လုမိသားစု သခင်ကြီးသာ ထွက်ပေါ်မလာခဲ့လျှင် သူတို့ သေဆုံး နေလောက်ပြီ ဖြစ်သည်။ ထိုအထွတ်အထိပ် ပညာရှင်ကြောင့်သာ သူတို့ အသက်ရှင်ခဲ့ရခြင်း ဖြစ်သည်။ ဆေးနတ်ဘုရား တောင်ကြား အနေဖြင့် ဆေးညွှန်းကို မရလျှင်ပင် ပြဿနာ မရှိပေ။ အနည်းဆုံးတော့ သူ အသက်ရှင်ခွင့် ရခဲ့သည် မဟုတ်ပါလား။

"အထွတ်အထိပ် ပညာရှင်တွေက အရမ်းကို အစွမ်းထက်လွန်းတယ်။ ငါတို့ဂိုဏ်းရဲ့ ခေါင်းဆောင်ကပဲ သူ့တို့ကို ယှဉ်ပြိုင်နိုင်မယ် ထင်တယ်...”

ကျင်းရီက သက်ပြင်းချရင်း တီးတိုး ရေရွတ်သည်။

အထွတ်အထိပ် ပညာရှင်များကား လေကိုပင် စေခိုင်းနိုင်ပြီး သဘာဝ တရားများကို စိတ်ဖြင့်ပင် ဆင့်ခေါ် အသုံးပြုနိုင်သည်။ ထိုကဲ့သို့သော အစွမ်း ထက်သူများကား အလွန်ရှားပါးပြီး သိုင်းသမားတိုင်း အတွက် ဒဏ္ဍာရီ သဖွယ်ပင် ဖြစ်သည်။

"ငါတို့ ဂိုဏ်းခေါင်းဆောင်က ပြီးပြည့်စုံတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ။ သူက အထွတ်အထိပ် အဆင့်တွေကိုတောင် မကြောက်မရွံ့ ရင်ဆိုင်နိုင်တယ်...”

အကြီးအကဲချီက ကျင်းရီကို လှမ်းကြည့်ရင်း ပြောသည်။ ဆေးနတ်ဘုရား တောင်ကြား ဂိုဏ်းခေါင်းဆောင်နှင့် လုမိသားစု သခင်ကြီး စသည့် ပညာရှင်များကား သာမန် တိုက်ပွဲများတွင် ပါဝင်ခဲသည်။ ထို့ကြောင့်ပင် သူတို့မည်မျှ အစွမ်း ထက်သည်ကို လူများက သေချာ မသိကြပေ။

ထိုအချိန်တွင် ထုံရှန်းကား တိမ်တိုက်များ၏ ချုပ်နှောင်မှုကြောင့် လက်တစ်ချောင်းပင် မလှုပ်ရှား နိုင်တော့ပေ။

"အထွတ်အထိပ် တစ်ယောက် ဘယ်လောက်အထိ အစွမ်းထက်လဲ ဆိုတာ မင်းမြင်ပြီမလား။ မင်းကိုယ်မင်း ဘယ်လောက် အားနည်းလဲ ဆိုတာ သိပြီလား...”

လုထျန်းဖန် ပခုံးထက်မှ ဖုံများကို ဖြည်းညင်းစွာ ခါရင်း ချန်းဖန်ကို မေးသည်။ လူတိုင်းက ‌ချောမောပြီး မာနကြီးသည့် လူငယ်ကို သနားစွာ ကြည့်မိကြသည်။

ချန်းဖန်ကား သူ၏ အနားတွင် အစွမ်းထက်သည့် ပညာရှင်များစွာ ဝန်းရံနေသည့်တိုင် အေးဆေးဆေးဆေးပင် ရှိနေသေးသည်။ အကယ်၍ အထွတ်အထိပ် တစ်ယောက်ကို မတွေ့ခဲ့လျှင်ပင် သူစိတ်ပျက် ရပေဦးမည်။ ဤကမ္ဘာ၌ အထွတ်အထိပ် ပညာရှင်များကား အမှန်ပင် နည်းပါးလွန်းပြီး လိုက်ရှာရန် မလွယ်ကူပေ။

ချန်းဖန်၏ မာနကြီးသော မျက်နှာကို ကြည့်၌ လူများက သက်ပြင်း ချကြသည်။ ထိုကလေးကား ကျောက်တောင်ကို ကြက်ဥဖြင့် ပေါက်ရန် ကြိုးစားနေခဲ့သည်။ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ လမ်းမှာ အညံ့ခံရန်ပင် ဖြစ်သည်ကို သူနားလည်ပုံ မရပေ။

"ရယ်စရာ ကောင်းလိုက်တာ။ ဒီလောက်လေးနဲ့ အထွတ်အထိပ် တစ်ယောက်ရဲ့ စွမ်းအား ဆိုပြီး ဖင်ခေါင်း လာကျယ်ပြနေပါလား...”

ချန်းဖန်က ရုတ်တရက် လုထျန်းဖန်ဘက်သို့ လှည့်ကာ ပြောသည်။ ထိုမြင်ကွင်းက လူတိုင်းကို အံ့အား သင့်စေခဲ့သည်။

***

"အစ်မ ယန်ဝူ ဘာတွေ ဖြစ်နေတာလဲ။ ငါ့ကို အမှန်အတိုင်း ပြောပါ။ နင်တို့ သူ့ကို သတ်မလို့လား....”

လုယန်ရွယ်၏ မျက်နှာတွင် စိုးရိမ်သည့် အမူအရာများ ပေါ်ပေါက်နေခဲ့သည်။ ယနေ့ နံနက်တွင် သူမနှင့် ခင်မင် ရင်းနှီးခြင်း မရှိသော ဝမ်းကွဲအမ လုယန်ဝူ သူမနေထိုင်ရာ တိုက်ခန်းသို့ လာရောက် လည်ပတ်ကာ သူမ အပြင်သို့ မထွက်နိုင်ရန် တားဆီးထားခဲ့သည်။ ထို့ကြောင့်ပင် တစ်ခုခု လွဲချော် နေသည်ကို သူမ သဘော ပေါက်မိသည်။

လုယန်ဝူက သက်ပြင်း တစ်ချက် ချကာ သူမကို ပြန်ပြောသည်။

"ရှောင်ရွယ် ဒါက မိသားစုရဲ့ ဆုံးဖြတ်ချက်ပါ။ ငါတို့ အလုပ်က သူတို့ရဲ့ စီမံမှုကို နာခံရုံပဲလေ...”

"နင်တို့က အရင်ဆုံး ငါ့ကို လက်ဆောင်တစ်ခု အဖြစ် ချန်းဖန်ကို ပေးတယ်။ ခုကျတော့ သူ့ကို သတ်ဖို့ လုပ်ပြန်တယ်။ နင်တို့ ငါ့ရဲ့ ခံစားချက်ကိုလည်း ထည့်တွက်ကြပါဦး...”

လုယန်ရွယ်က အော်ပြောသည်။

"စိတ်မပူနဲ့ ငါတို့လိုချင်တဲ့ အရာရရင် သူက အသုံးမဝင် တော့ဘူး။ နင့်အတွက် အခြား တစ်ယောက်ကို မိသားစုက စီစဉ်ပေးလိမ့်မယ်”

လုယန်ဝူက သူမအနားသို့ ထိုင်ကာ တီးတိုးပြောသည်။

"နေပါဦး နင်ခုနက သူ့ကို ချန်းဖန်လို့ ခေါ်လိုက်တာလား။ သူ့ နာမည်က ချန်ပေ့ရွှမ်း မဟုတ်ဘူးလား”

လုယန်ဝူက တစ်ခုခုကို တွေးမိဟန် နှင့် မျက်မှောင် ကြုတ်ရင်း မေးသည်။ ချန်းဖန် ဆိုသော နာမည်က အချက်ပေး ခေါင်းလောင်း တစ်ခုကဲ့သို့ သူမကို သတိ ပေးလာသည်။ ထို ချန်းဖန် ဆိုသော နာမည်ကို သူမ ကြားဖူးခဲ့သော်လည်း မည်သည့် နေရာတွင် ကြားခဲ့မှန်း မသေချာပေ။

"ချန်းဖန် ... ချန်းဖန် .... ချန်းဖန်"

"ဒါက ကျန်းပေ့ ဒေသက ဆရာချန်းရဲ့ နာမည်မလား။ မဟုတ်မှလွဲရော"

ရုတ်တရက် လုယန်ဝူ ကျန်းပေ့ဒေသမှ နာမည်ကျော် ဆရာချန်းကို သတိရပြီး မျက်နှာ တစ်ခုလုံး မှောင်မဲ လာသည်။

"သေစမ်း ချန်ပေ့ရွှမ်းက ဆရာချန်ပဲ။ သခင်ကြီး ဒီအကြောင်းကို မသိလောက်သေးဘူး”

ထိုအတွေးကြောင့် သူမ ခြေဖျား၊ လက်ဖျားများ အေးစက်လာခဲ့ပြီး အလွန် ကြောက်ရွံ့ လာသည်။ ထို့နောက် သူမ လုယန်ရွယ်ကို ထားခဲ့ကာ ချန်းဖန်တို့ ရှိရာနေရာသို့ လျင်မြန်စွာ ပြေးထွက် လာခဲ့တော့သည်။

***

"ငါ့ အမြင်မှာတော့ အထွတ်အထိပ် အဆင့်ဆိုတာ ဒီလောက်ကြီးလည်း မဟုတ်ပါဘူး”

ချန်းဖန်၏ စကားက လူအများကို အံဩသင့်စေသည်။ သို့သော် လူတိုင်းက သူတို့၏ အတွေးများကို စိတ်ထဲမှာပင် သိမ်းထားလိုက်သည်။ ထိုလေကြီးလေကျယ် ပြောတတ်သော ကောင်လေးမှာ သေလူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ အထွတ်အထိပ် တစ်ယောက်၏ လက်ထဲမှ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။

အထွတ်အထိပ်များကား သာမန်သေမျိုးများ အလှမ်း မမီနိုင်သော အရာ ဖြစ်သည်။ သူတို့ကို စော်ကားပုတ်ခပ် ပြောဆိုသူများကား သေရန် တစ်လမ်းစာ ရှိသည်။

လုထျန်းဖန်က ချန်းဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။ ထိုလူငယ်ကား အလွန်အမင်း လေကြီးလွန်းသည်။

"မင်းက သေချင်နေပဲ...”

လုထျန်းဖန်က လက်ကို ထပ်မံဝှေ့ယမ်းပြီး တိမ်တိုက်များကို ဆင့်ခေါ်လိုက်သည်။ တိမ်တိုက်များကား သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် တဖြည်းဖြည်း ထူထပ်လာကာ သက်တံတစ်ခု ပုံစံ ဖြစ်ပေါ်လာသည်။

လူများက ချန်းဖန်ကို ကြည့်ရင်း သက်ပြင်း တစ်ချက် ချလိုက်မိသည်။ လုထျန်းဖန်၏ တိုက်ခိုက်မှုကို ထုံရှန်းကဲ့သို့သော လူပင် ရင်မဆိုင်နိုင်ရာ ထိုဆယ်ကျော်သက် ကောင်လေးအဖို့ အသက်ရှင်ရန် အခွင့်အရေး မရှိတော့ပေ။

"အထွတ်အထိပ် ပညာရှင်က တကယ့်ကို ရူးသွပ်နေပြီပဲ။ သူ ဆေးညွှန်းတွေကိုတောင် ဂရုမစိုက်တော့ဘူး...”

အကြီးအကဲချီက ခေါင်းကို ဘယ်ညာခါရင်း တီးတိုးပြောသည်။

ကျင်းရီက သူမ မျက်လုံးများကို မှိတ်လိုက်သည်။ ဖြစ်လာမည့် မြင်ကွင်းကို သူမ မမြင်လိုပေ။ ချန်းဖန် အစွမ်းထက်သည် ဆိုလျှင်တောင် အထွတ်အထိပ် တစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံ နိုင်လိမ့်မည် မဟုတ်ပေ။

***

ထိုစဉ်မှာပင်...

ခန်းမထဲသို့ မိန်းမငယ် တစ်ယောက် ပြေးဝင်လာကာ စိုးရိမ်တကြီး အော်ဟစ် လိုက်သည်။

"သခင်ကြီး ခဏနေပါဦး။ သူက ကျန်းပေ့ ဒေသက..."

သူမစကား မဆုံးခင်မှာပင် လုထျန်းဖန်၏ တိမ်တိုက် အလင်းများက ချန်းဖန်ထံသို့ တိုးဝင် သွားခဲ့ပြီ ဖြစ်သည်။

ချန်းဖန်က ခပ်တိုးတိုး ရယ်လိုက်ရင်း ထိုအလင်းကို လက်သီးဖြင့် ထိုးသည်။ လုထျန်းဖန်က ထိုမြင်ကွင်းကို ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်သည်။ သူ ပစ်လွှတ်လိုက်သော အလင်းထဲက မည်မျှ အစွမ်း ထက်သည်ကို သူကိုယ်တိုင်သာ သိသည်။ ထိုကောင်လေးကဲ့သို့ ဆယ်ကျော်သက် တစ်ယောက် အနေဖြင့် သူ၏ အလင်းကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်...

ချန်ဖန်၏ လက်သီးနှင့် ထိတွေ့ ပြီးပြီးချင်းပင် အလင်းကာ ရုတ်တရက် ပြိုကွဲသွားပြီး အဖြူရောင် တိမ်တိုက်များ လေထဲတွင် လွင့်ပျံသွားတော့သည်။ ချန်းဖန်၏ လက်သီးကား ထိုနေရာတွင်ပင် ရပ်မနေချေ။ ရှေ့သို့ အရှိန်ပြင်းစွာ တိုးဝင်လာပြီး လုထျန်းဖန်ကို ထိုးရန် ကြိုးစားသည်။

"မဖြစ်နိုင်ဘူး...”

သူ့ထံသို့ တိုးဝင်လာသော လက်သီးကို ကြည့်ရင်း လုထျန်းဖန် အံ့ဩတကြီး ရေရွတ်သည်။ ထိုလက်သီးကား သူ၏ တိမ်တိုက် အလင်းကိုပင် ဖြတ်သန်းကာ သူ့ထံသို့ပင် တန်ပြန် တိုက်ခိုက် လာခဲ့သည်။ သူ ကပျာကယာ ရှောင်တိမ်းရန် ကြိုးစားသည့်တိုင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

လုထျန်းဖန် သူ၏ အကာအကွယ် အစီအရင်များကိုပါ ဖော်ထုတ်လိုက်ပြီး ထိုလက်သီးကို တားဆီး လိုက်သည်။ ထို အကာအကွယ် အစီအရင်မှာ ထရပ်ကား တစ်စီး၏ တိုက်ခိုက်မှုကိုပင် ကာကွယ် ပေးနိုင်သည့်တိုင် ချန်းဖန်၏ လက်သီးတစ်ချက် အတွင်း၌ ပျက်စီးသွားသည်။

"ဘန်း ..."

ချန်းဖန်၏ လက်သီးကား အရှိန် လျော့ကျမသွားပဲ လုထျန်းဖန်၏ မျက်နှာကို ထိသည်။

လက်သီး၏ ပြင်းအားကြောင့် လုထျန်းဖန် နောက်သို့ လွင့်စင်သွားကာ အနားရှိ နံရံကို ထိသည်။ သို့သော် ထိုနံရံကား သူ့ခန္ဓာကိုယ် အရှိန်ကို မထိန်းနိုင်ခဲ့ပေ။ လုထျန်းဖန် နံရံသုံးလေးခု အထိ ကျော်ဖြတ် လွင့်စင်သွားပြီး အဆောက်အဦ အပြင်မှ မြေပြင်သို့ ကျသည်။

ခန်းမအတွင်းရှိ လူထုကား ထိုမြင်ကွင်းကို ကြည့်ရင်း လုံးဝ တိတ်ဆိတ် နေခဲ့သည်။ အဖြစ်အပျက်များက လက်သီးတစ်ချက် အတွင်းမှာပင် အားလုံး ပြောင်းလဲသွားသည်။ ထိုအရာကို ယုံကြည်ရန် သူတို့ မရဲသေးပေ။

လုဟန်ရွှမ်း၏ မျက်လုံးများကား မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက် နေခဲ့သလို ကျင်းရီမှာလည်း သတိလစ်နေသူ တစ်ယောက်ကဲ့သို့ ချန်းဖန်ကို ကြည့်နေခဲ့သည်။

လုထျန်းဖန် လဲကျနေရာမှ ခက်ခက်ခဲခဲ ထရပ်လိုက်သည်။ သူ၏ မျက်နှာရှိ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အံအားသင့်ခြင်းများကား ဖုံးကွယ်၍ မရအောင် ပေါ်လွင်နေခဲ့သည်။

ချန်းဖန် လက်နှစ်ဖက်ကို နောက်ပစ်ရင်း လုထျန်းဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။

"ဒီနေရာမှာ အထွတ်အထိပ် ပညာရှင်က မင်းတစ်ယောက်တည်းလို့ ဘယ်သူပြောလဲ...”

***

All Chapters