← Chapters

အထွတ်အထိပ်ကို အနိုင်ယူခြင်း

Vol. 2 Ch. 171

အထွတ်အထိပ်ကို အနိုင်ယူခြင်း

Vol. 2 Ch. 171

ထိုသို့သော ရလဒ် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားခဲ့ပေ။ စစ်ဘက်မှ အင်အားကြီး လက်နက်များဖြင့် မဟုတ်လျှင် အထွတ်အထိပ် တစ်ယောက်ကို အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။ သို့သော် လုထျန်းဖန် ကဲ့သို့သော အထွတ်အထိပ် ပညာရှင်ကို လွင့်‌စင် သွားစေသူမှာ အသက် ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေး ဖြစ်နေခဲ့သည်။ ထိုလူငယ်လေးကား အနည်းဆုံး အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေခြင်း ဖြစ်ရမည်။

အားလုံး အံအားသင့်နေစဉ်မှာပင် ... လုယန်ဝူက သူမ အဆုံး မသတ်ရသေးသော စကားကို အထစ်ထစ် အငေါ့ငေါ့ဖြင့် ဆက်ပြောသည်။

"သူ... သူ က ကျန်းပေ့နယ်က ဆရာချန်း ...”

"ဒါဆို သူက ..."

လူအများ နောက်တစ်ကြိမ် တိတ်ဆိတ် သွားခဲ့ပြန်သည်။ ကျန်းပေ့နယ်မှ ဆရာချန်း ဆိုသော လူငယ်လေး၏ ဂုဏ်သတင်းကို လူတိုင်း ကြားဖူးကြသော်လည်း ယခုက သူတို့ အရှေ့တွင် ဖြစ်ပွား သွားခဲ့ခြင်း ဖြစ်သည်။ ဆရာချန်းကား သူ၏ ဂုဏ်သတင်းနှင့် လိုက်ဖက်ညီလှသည်။

လုဟန်ရွှမ်း မယုံကြည်နိုင်မှုကြောင့် နောက်သို့ပင် ခြေနှစ်လှမ်း၊ သုံးလှမ်းအထိ ဆုတ်လိုက် မိသည်။ သူ၏ နှစ်ပေါင်း နှစ်ဆယ်ကျော် မာနနှင့် ယုံကြည်မှုများ အဝေးသို့ လွှင့်ပစ် လိုက်သကဲ့သို့ ခံစား နေရသည်။ သူ၏ အသက်နှစ်ဆယ့် ငါးနှစ်အတွင်း အတွင်းအား ကျင့်ကြံမှုမှာ အခြား ရွယ်တူများထက် ခေါင်းတစ်လုံးပိုမြင့် ခဲ့ပြီး ထိုအရာကို သူအမြဲ ဂုဏ်ယူခဲ့သည်။

သို့သော် ထိုသို့သော အောင်မြင်မှုများကား အသက်နှစ် မပြည့်သေးသော လူငယ်လေး၏ ရှေ့တွင် ကလေး ကစားစရာ ကဲ့သို့ ဖြစ်နေခဲ့သည်။

"ချန်းပေ့ရွှမ်း...”

လုထျန်ဖန်း ချန်းဖန်ကို အေးစက်စွာ ကြည့်သည်။ သူ့နှလုံးသားထဲတွင်မူ ဒေါသ၊ နာကျင်မှု၊ အံ့ဩခြင်းများက နေရာ ယူနေခဲ့သည်။ ဆရာချန်း၏ ဂုဏ်သတင်းကို ကြားဖူးသည့်တိုင် ထိုသို့ ငယ်ရွယ်သော ဆယ်ကျော်သက် တစ်ယောက်၏ လက်ထဲတွင် ရှုံးနိမ့်ရခြင်းက သူ၏ နှလုံးသားကို နာကျင်စေသည်။

"မင်းကိုကြည့်ရတာ ငါနဲ့ တိုက်ခိုက် ချင်နေတုန်းပဲ ထင်တယ်။ ကောင်းပြီလေ နောက်တစ်ခါ ထပ်ချကြတာပေါ့...”

ချန်းဖန်က သူ၏ ဖြူဖွေးသော သွားများပေါ်အောင် ရယ်ပြရင်း ပြောသည်။ ချန်းဖန် ပြောပြီးပြီးချင်းပင် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ပြီး လုထျန်ဖန်း အနားသို့ ရွေ့လျားလိုက်သည်။ သူနှင့် လုထျန်ဖန်း ကြားရှိ အကွာအဝေးမှာ ဆယ်မီတာခန့် ရှိသည့်တိုင် သူ့အဖို့ တစ်က္ကန့်ပင် မလိုချေ။ လျှပ်တစ်ပြက် အတွင်းမှာပင် ချန်းဖန် လုထျန်ဖန်း၏ ရှေ့၌ ပေါ်လာကာ တိုက်ခိုက်ရန် ကြိုးစားသည်။

"ဘန်း..."

လုထျန်းဖန် တိမ်များကို ဆင့်ခေါ်ကာ ချန်းဖန်၏ ကန်ချက်ကို တားဆီးသည်။ ထိုကောင်လေးကား ထုံရှန်းထက်ပင် အဆများစွာ အစွမ်းထက်လွန်းသည်။ ဖြစ်နိုင်သည်မှာ ခန္ဓာကိုယ် သန့်စင်ခြင်း၏ အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေခြင်း ဖြစ်ရမည်။ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်၏ အထွတ်အထိပ် တစ်ယောက် ဖြစ်လာရန်မှာ ပုံမှန် အထွတ်အထိပ် တစ်ယောက် ဖြစ်လာစေရန် လေ့ကျင့် ရခြင်းထက် အဆများစွာ ပိုမိုခက်ခဲသည်။ ထိုသို့ လေ့ကျင့် အောင်မြင်ခဲ့သူ ဟူ၍ စိန်ကျောက် ဘုရားကျောင်း၏ ချန်လုံရှင်း တစ်ယောက်သာ ရှိခဲ့သည်။

"လုမိသားစု တိမ်တိုက်လက်ဝါး။ ပိုးမျှင်တစ်ထောင် ကျင့်စဉ်”

လုထျန်းဖန် ကျယ်လောင်စွာ အော်ဟစ်ရင်း လက်များကို လေထဲသို့ ဝှေ့ယမ်းသည်။ ချန်းဖန်နှင့် တိုက်ရိုက် ရင်ဆိုင်ရန် မကြိုးစားပဲ ချုပ်နှောင်ရန်ကိုသာ သူအာရုံ စိုက်လိုက်သည်။ သူ၏ လက်များကား လေထဲတွင် လှပစွာ ကခုန်နေပြီး သံစဉ်တစ်ပုဒ်ကို ဖော်ကျူးနေသည့် အလားပင်။ ထိုနူးညံ့ သိမ်မွေ့သော လက်များမှ ထောင်ပေါင်းများစွာသော ပိုးမျှင်များ ထွက်ပေါ်လာကာ မိုးစက်မိုးပေါက်များ အလား ချန်းဖန်ထံ တိုးဝင်လာသည်။

ထိုတိမ်တိုက်ပိုးမျှင်များကား နူးညံ့ ပေါ့ပါးသည့်ဟန် ပေါ်နေသည့်တိုင် သူ၏ အတွင်းအား အနှစ်သာရများ ပါဝင်နေခဲ့သည်။ တစ်ယောက်ယောက်ကသာ ထိုတိမ်တိုက် ပိုးမျှင်များကို အထင်သေးမိလျှင် လျှပ်တစ်ပြက် အတွင်းမှာပင် ထိုပိုးချည်မျှင်များကို ထိန်းချုပ်မှုကို ခံလိုက်ရမည် ဖြစ်သည်။

"သူ အဲဒီ ပညာရပ်ကို သုံးနေပြန်ပြီ”

လူများကား မျက်လုံးများကို အစွမ်းကုန် ပြူးပြီး ထိုတိုက်ပွဲကို ကြည့်နေကြသည်။ တိုက်ပွဲ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခု လွတ်သွားမည်ကိုပင် သူတို့ မလိုလားပေ။ လုထျန်းဖန် ထုံရှန်းနှင့် တိုက်ခိုက်ရာတွင်လည်း ထိုပညာရပ်ကို အသုံးပြုကာ အနိုင်ယူခဲ့သည်။ ယခု ချန်းဖန်ကိုလည်း တိမ်တိုက်ချည်မျှင်ထောင်ပေါင်းများစွာကို ဆင့်ခေါ်ကာ တားဆီးရန် ကြိုးစားနေပြန်သည်။

လုထျန်းဖန်၏ ပိုးမျှင်များကို ကြည့်ရင်း ချန်းဖန် လက်နှစ်ဖက်ကို သိမ်းငှက်သဖွယ် ဖြန့်ကားသည်။ သူ၏ အသွင်သဏ္ဌာန်ကား သားကောင်ကို ချီသုတ်ရန် ကောင်းကင်မှ ထိုးဆင်းလာသော သိမ်းငှက်ကြီး တစ်ကောင် အလားပင်။

"အစစ်အမှန် သိုင်းသုံးဆယ့်ခြောက်ကွက်မှ ဒုတိယမြောက် အကွက်၊ တိမ်လက်ဝါး...”

ချန်းဖန် ထိုသိုင်းကွက်ကို နောက်ဆုံးသုံးခဲ့စဥ်က အခြေခံ တည်ဆောက်ခြင်း အလယ်အဆင့်သာ ရောက်ရှိသေးသည်။ သူ၏ ပြိုင်ဘက်မှာ အတွင်းအား ကျင့်ကြံမှု ထိပ်သီး အဆင့်ရှိသော လင်းဟူ ဖြစ်သည်။ ယခုမူ သူ၏ ပြိုင်ဘက်မှာ အထွတ်အထိပ် အဆင့်ကျင့်ကြံသူ ဖြစ်နေခဲ့သည်။ ချန်းဖန်၏ လက်နှစ်ဖက်မှ ရွှေရောင်အလင်းတန်းအချို့နှင့်အတူ အတောင်ပံကြီး တစ်စုံ၏ ပုံသဏ္ဌာန်ပေါ်လာကာ သူ့ထံတိုးဝင်လာသော ပိုးမျှင်များကို ဖြတ်တောက်သည်။ ရွှေရောင် အတောင်ပံကား ထက်မြိသော ဓားသွားတစ်ခုကဲ့သို့ ပိုးမျှင်များကို လျင်မြန်စွာ ဖြတ်တောက်ပြီး လုထျန်းဖန်ကို ပြန်လည် ဖိအားပေးသည်။ ရွှေရောင် အတောင်ပံ ဖြတ်သန်းသွားရာ လှမ်းတစ်လျှောက်တွင် လေဟာနယ်များ ပေါ်ပေါက်လာပြီး ထိုနေရာရှိ ပိုးချည်မျှင်များ အားလုံး ပျက်စီးရသည်။

"ဒါက ဘယ်လို ကျင့်စဉ်လဲ”

လုထျန်းဖန်ကား ချန်းဖန်၏ တန်ပြန် တိုက်ခိုက်မှုကြောင့် ထိတ်လန့် သွားခဲ့သည်။ ထိုတိုက်ခိုက်မှု ကဲ့သို့ အစွမ်းထက်သော ကျင့်စဉ်ကို သူ မမြင်ခဲ့ဖူးပေ။ သူ့မျက်နှာကား တဖြည်းဖြည်း မှောင်မဲနေခဲ့ပြီ ဖြစ်သည်။

သူ တိမ်တိုက် ပိုးမျှင်များကို အသုံးပြု၍ ချန်ဖန်ကို ထိန်းချုပ် နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည့်တိုင် ထိုယုံကြည်မှုက တစ်စက္ကန့်မျှသာ ခံခဲ့သည်။ ချန်းဖန်၏ တန်ပြန်တိုက်ခိုက်မှု တစ်ခုတည်းမှာပင် သူ၏ တိမ်တိုက် ပိုးမျှင်များ ဖျက်စီး ခံခဲ့ရသည်။

ချန်းဖန်၏ ရွှေရောင် အတောင်ပံက တိမ်တိုက်ချည်မျှင်များကို ဖြတ်တောက် ပြီးသည်နှင့် လုထျန်းဖန်ထံ ဆက်လက် တိုးဝင်လာသည်။ လုထျန်းဖန် အမှန်တရားလေးပါး အော်ရာကို ဖော်ထုတ်ရင်း နောက်သို့ လျင်မြန်စွာ ဆုတ်သည်။ ချန်းဖန်၏ ရွှေရောင် အတောင်ပံမှာ အမှန်တရား လေးပါး အော်ရာကို ထိုးဖောက်ပြီး လုထျန်းဖန်၏ ဝမ်းဗိုက် အရေပြားကို ရှပ်ထိသည်။ လုထျန်းဖန်၏ တစ်ကိုယ်လုံးကား သွေးများဖြင့် ရွှဲရွှဲစိုနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ နောက်ဆုတ်ရန် နှောင့်နှေးနေခဲ့လျှင် ထိုရွှေရောင်အတောင်ပံက သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ဖြတ်သွားလောက်ပြီ ဖြစ်သည်။

အစစ်အမှန်လေးပါး အရောင်အဝါကား အထွတ်အထိပ် အဆင့်များ ခုခံကာကွယ်မှုတွင် သုံးသော နည်းစနစ်တစ်ခု ဖြစ်ပြီး ခေတ်မီ လက်နက်များပင် မထိုးဖောက်နိုင်ချေ။ ထို့ကြောင့်သာ ယနေ့ခေတ် အထိ အထွတ်အထိပ် အဆင့်များ၏ အဆင့်အတန်းကို ထိန်းသိမ်း ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

"နောက်တစ်ခါလောက် တိုက်ခိုက်ပါဦး...”

ချန်းဖန်က ရယ်မောရင်း လုထျန်းဖန်ကို ပြောသည်။ သူ၏ တိုက်ကွက် တစ်ကွက်ကို ရှောင်တိမ်းနိုင်သည့် လူတစ်ယောက်ကို တွေ့ရှိရခြင်းက သူ့ကို ပျော်ရွှင်စေသည်။

ပြန်လည် မွေးဖွားပြီးချိန်မှ စတင်၍ သူ့ကို အပြန်အလှန် တိုက်ခိုက်နိုင်သူ ဟူ၍ သိပ်မရှိခဲ့ပေ။ သူတိုက်ခိုက်ဖူးသူများ ထဲတွင် လင်းဟူမှာ အစွမ်းအထက်ဆုံး ဖြစ်ခဲ့ပြီး သူ၏ သိုင်းကွက် သုံးကွက်အထိ ခုခံနိုင်ခဲ့သည်။ ယခုကဲ့သို့ အထွတ်အထိပ် ပညာရှင်နှင့် တိုက်ခိုက်ရခြင်းက သူ့ကို ပျော်ရွှင်စေသည်။

လုထျန်းဖန် နှစ်ဖက်စလုံးကို ပြင်းထန်စွာ ဝှေ့ယမ်းရင်း တိမ်တိုက်များကို ထပ်မံ ဆင့်ခေါ်လိုက်သည်။ ကောင်းကင် တစ်ခုလုံးရှိ တိမ်တိုက်များနှင့် မြူမှုန်များအားလုံး ရောက်ရှိ လာသကဲ့သို့ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို တိမ်များ၊ မြူမှုန်များက ထူထပ်စွာ ဝန်းရံလာခဲ့သည်။

"ကောင်းကင်နှင့် မြေကြီးကို စုစည်းခြင်း”

အထွတ်အထိပ် ပညာရှင်များကား အစွမ်းထက်‌သည့် ကိုယ်ပိုင် ကျင့်စဉ်များကို ဖန်တီးနိုင်စွမ်း ရှိသည်။ ထိုအဆင့်ကို ရောက်သည်နှင့် သဘာဝတရားကို နားလည်ပြီး ပတ်ဝန်းကျင်မှ ချီစွမ်းအင်များကိုပင် စုစည်းကာ အလိုရှိသည့် အတိုင်း စေခိုင်း အသုံးပြုနိုင်ကြသည်။

လုမိသားစု၏ တိမ်တိုက်လက်ဝါး ကဲ့သို့သော ကျင့်စဉ်များကို အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော လူများကသာ အသုံးပြုနိုင်ပြီး သာမန်အတွင်းအား ပညာရှင်များ အသုံး ပြုနိုင်လိမ့်မည် မဟုတ်ပေ။

ချန်းဖန် သူ၏ အနီးရှိ ချီစွမ်းအင်များကို ကြမ်းတမ်းစွာ စုပ်ယူလိုက်ပြီး သူ၏ တိုက်ခိုက်မှုကို စွမ်းအားကို နှစ်ဆ မြှင့်တင်လိုက်သည်။ ချီစွမ်းအင်များကို နှေးကွေးစွာ စုပ်ယူခြင်းနှင့် ယှဉ်ပါက ချန်းဖန်၏ နည်းလမ်းမှာ ပိုမို မြန်ဆန်သော်လည်း ထိုသို့ လုပ်ရန်မှာ အလွန်ခက်ခဲသည်။

"ကောင်းကင်ပြို သိုင်းကွက်။ ဒါကို ခုခံဖို့ ကြိုးစားစမ်း”

ချန်းဖန် လက်နှစ်ဖက်ကို စုစည်းပြီး လုထျန်းဖန်ဆီ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ထိုတိုက်ခိုက်မှုကား လုထျန်းဖန်အပေါ်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့ပြီ ဖြစ်သည်။ လုထျန်းဖန် နောက်သို့ လျင်မြန်စွာ ဆုတ်ပြီး ထိုတိုက်ခိုက်မှုမှ ရှောင်တိမ်းရန် ကြိုးစားသည်။ သူ၏ နှလုံးကား လျင်မြန်စွာ တုန်ခါနေခဲ့ပြီ ဖြစ်သည်။ ထိုအရာကို ထိပ်တိုက် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ ထိုတိုက်ခိုက်မှုက သူ၏ ခန္ဓာကိုယ် အတွင်းရှိ မော်လီကျူးများကိုပင် ဖျက်ဆီး ပစ်နိုင်လောက်အောင် စွမ်းအား ကြီးမား လွန်းသည်။ လုထျန်းဖန် လျင်မြန်စွာ ရှောင်သည်။

တိုက်ခိုက်မှုက လုထျန်းဖန်၏ နံဘေးက ကပ်လွဲကာ သူ့နောက်ရှိ အဆောက်အဦကို ပြင်းထန်စွာ ထိသည်။ အဆောက်အဦကား ချန်းဖန်၏ တိုက်ခိုက်မှုကြောင့် ပြိုကျ ပျက်စီးနေခဲ့ပြီ ဖြစ်သည်။

လူအများက ဆရာချန်းဟု ခေါ်သော လူငယ်လေးကို အံ့အားသင့်စွာ ကြည့်ကြသည်။ ထိုလူငယ်လေး၏ တိုက်ခိုက်မှုကား ခေတ်မီ အမြောက်များကဲ့သို့ပင် ပြင်းထန်လွန်းသည်။

ချန်းဖန်က လုထျန်းဖန်ကို ကြည့်ရင်း နောက်တစ်ကြိမ် ပြေးဝင် တိုက်ခိုက်သည်။ ချန်းဖန်၏ လှုပ်ရှားမှုများကား အလွန်ပင် မြန်ဆန်နေပြီး သဲသဲကွဲကွဲပင် မမြင်ရချေ။ သူ၏ တိုက်ခိုက်မှု တစ်ခု ချင်းဆီတွင် တောင်တစ်လုံး၏ အားအင်များ ပါဝင်နေခဲ့သည်။

အခြား တစ်ဖက်တွင် လုထျန်းဖန်က သေဆုံးခြင်း ပန်းပွင့်များကြားမှ လိပ်ပြာ တစ်ကောင်နှယ် လှပစွာ ကခုန်ရင်း ခုခံသည်။ သူ၏ ပတ်ဝန်းကျင်ရှိ မြူမှုန်နှင့် တိမ်တိုက်များကလည်း ပြင်းထန်သော အင်အားကို သယ်ဆောင်ကာ ချန်းဖန်၏ တိုက်ခိုက်မှုများကို တားဆီး နေခဲ့သည်။

ချန်းဖန်ကား သူ့ပြိုင်ဘက်၏ အံဩသင့်စရာ တိုက်ခိုက်မှု‌များကြောင့် အားရနေခဲ့သည်။ ယခုကဲ့သို့ မတိုက်ခိုက် ခဲ့ရသည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူ ပြန်လည် မွေးဖွားလာပြီးနောက် ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်များကား လုထျန်းဖန်လောက် ရင်ခုန်စရာ မကောင်းခဲ့ပေ။

ချန်းဖန် လုထျန်းဖန်ကို လျင်မြန်စွာ အနိုင်ယူနိုင်သည့်တိုင် တိုက်ပွဲကို လျင်မြန်စွာ အဆုံး မသတ်လိုပေ။ တိုက်ခိုက်နေရင်းမှ ချန်းဖန် နောက်သို့ ဆုတ်ကာ လုထျန်းဖန်ကို အကဲခတ်လိုက်သည်။ ထိုအချိန်တွင် လုထျန်းဖန်ကား စွမ်းအား အားလုံး နီးပါး ကုန်ဆုံးနေပြီ ဖြစ်ကာ မတ်တတ် ရပ်ရန်ပင် အနိုင်နိုင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"သူက မထင်ထားလောက်အောင်ကို အစွမ်း ထက်လွန်းတယ်။ သူ့ရဲ့အတွင်းအားကို အသုံးပြုတဲ့ နည်းလမ်းကလည်း ထူးဆန်းပြီး ကျွမ်းကျင်မှုကလည်း ဆရာတစ်ဆူပဲ။ အဆိုးဆုံးက သူက အသက် ဆယ့်ရှစ်နှစ်တောင် ပြည့်ပုံ မပေါ်သေးဘူး။ ဒီလောက်အဆင့်အထိ ရောက်အောင် သူဘယ်လို လေ့ကျင့်ခဲ့တာ ပါလိမ့်”

လုထျန်းဖန် သူ ယခု တိုက်ခိုက် နေခဲ့သော ကောင်လေးကား အတွင်းအား အထွတ်အထိပ် ပညာရှင်သာ မက ခန္ဓာကိုယ် သန့်စင်ခြင်းတွင်လည်း အထွတ်အထိပ် ပညာရှင်ဖြစ်သည်ဟု ခံစား နေခဲ့ရပြီ ဖြစ်သည်။

ချန်းဖန်၏ တိုက်ခိုက်မှုတိုင်းတွင် အားနည်းချက် တစ်ခုတလေမှပင် သူမတွေ့ရပေ။ ထိုကောင်လေး၏ အသားအရေမှာ ရေခဲကဲ့သို့ နူးညံ့ခြင်း၊ မာကျောခြင်းများ ဖြင့် ဖွဲ့စည်း ထားသလို၊ သူ၏ အရိုးများမှာလည်း ကျောက်စိမ်းများကဲ့သို့ပင် ခိုင်မာလွန်းသည်။ ထိုကောင်လေးကို သူ အနိုင်ယူရန် မဖြစ်နိုင်တော့ပေ။

မကြာခင် လုထျန်းဖန်ကား မြေပြင်ပေါ်သို့ အတားအဆီး ကင်းမဲ့စွာ လဲကျ သွားတော့သည်။

"သူ ... သူက လူတစ်ယောက်ရော ဟုတ်ရဲ့လား”

တစ်ယောက်က ချန်းဖန်ကို ထိတ်လန့်စွာ ကြည့်ရင်း အထစ်ထစ် အငေါ့ငေါ့မေးသည်။ ထိုတိုက်ပွဲ မတိုင်ခင်က လူတိုင်း အထွတ်အထိပ် တစ်ယောက်၏ အစွမ်းမှာ ပြိုင်ဘက် ကင်းလိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ ထိုကဲ့သို့သော တိုက်ပွဲမျိုးကို မျက်ဝါးထင်ထင်တွေ့ရလိမ့်မည်ဟု ထင်မှတ် မထားခဲ့ပေ။ လုထျန်းဖန်နှင့် ချန်းဖန်တို့ တိုက်ပွဲကား အမှန်တကယ်ပင် ပြင်းထန် လွန်းခဲ့ပြီး ထိုအရာက သူတို့ နားလည်နိုင်သည့် အကန့်အသတ်ကို ကျော်လွန် နေခဲ့သည်။

"အထွတ်အထိပ် အဆင့်တွေ ပြိုင်ဘက် ကင်းတယ် ဆိုတဲ့ စကားက အံဩစရာ မရှိဘူးပဲ။ သူတို့က ခုခေတ်မှာတောင် လေးစား ခံထိုက်တယ်”

ကျင်းရီက စိတ်ရှုပ်နေပုံဖြင့် တီးတိုးပြောသည်။

"သူက အစွမ်း ထက်လွန်းတယ်။ ဂိုဏ်းခေါင်းဆောင်တောင် သူ့ကို အနိုင် တိုက်နိုင်မယ် မထင်ဘူး”

"ဟင်း ... အားလုံးက ငါ့အမှားပါပဲ”

အကြီးအကဲချီက မျက်မှောင် ကြုတ်ရင်း ပြောသည်။

"ပြန်ရောက်ရင် ဂိုဏ်းခေါင်းဆောင်က ခွင့်လွှတ်ဖို့ တောင်းခံရမယ်”

ထိုတိုက်ပွဲကား ချန်းဖန်၏ လက်ထဲတွင်သာ ရှိနေကြောင်း လူတိုင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာ အားလုံး ဖြစ်ပျက်သွားရန် အချိန် အနည်းငယ်သာ လိုခဲ့သည်။

"သူ ဘယ်လောက်ပဲ အစွမ်းထက်ထက်။ ငါတို့ ဂိုဏ်းကိုတော့ သူဘာမှ လုပ်လို့ရမယ် မထင်ပါဘူး”

အကြီးအကဲချီက ဂုဏ်ယူသည့် ပုံစံဖြင့် ပြောသည်။

"ငါတို့ ဂိုဏ်းက တရုတ် တစ်နိုင်ငံလုံးမှာ အဆက်အသွယ်တွေ ရှိတယ်။ ဒါကြောင့် လုမိသားစု ထက်တောင် အစွမ်း ပိုထက်တယ်လို့ ပြောလို့ရတယ်။ ဂိုဏ်းခေါင်းဆောင်ကတော့ ငါ့ရဲ့ မိုက်ရူးရဲ လုပ်ရပ် အတွက် အပြစ် ပေးတော့မယ် ဆိုတာ သေချာတယ် ...”

အဘိုးအိုကား သူ့အတွေးထဲတွင် နစ်မျောနေပြီ ဖြစ်သည်။

လုထန်လုံနှင့် လုမိသားစုမှ အခြား နှစ်ယောက်မှာ လူပုံရိပ်နှစ်ခုကို သေချာ စိုက်ကြည့်ရင်း လက်သီးများကို တင်းကျပ်စွာ ဆုပ်ထား ကြသည်။

လုထျန်းဖန် အနေဖြင့် ထိုအခြေအနေများကို ပြောင်းလဲ နိုင်လိမ့်မည်ဟု သူတို့ မျှော်လင့် ခဲ့ကြသည်။ သို့မဟုတ်လျှင် လုမိသားစု ပြိုကွဲ ရပေလိမ့်မည်။

"နောက်ဆုံးတော့ ..."

တည်ငြိမ်သော အသံတစ်ခုက ဖုံလုံးများကြားမှ ကြည်လင်စွာ ထွက်ပေါ်လာသည်။ နူးညံ့ ချောမွေ့သော လက်က တစ်စုံတစ်ခုကို ဆွဲကာ ဖုံလုံးများ ကြားမှ ထွက်ပေါ်လာခဲ့သည်။

"ချီး”

လူများစွာက ထိုအရာကို ကြည့်ရင်း နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ခံစားရသည်။ ထို တစ်စုံတစ်ခုကား အခြားအရာ မဟုတ်။ လုထျန်းဖန်၏ ခြေထောက် တစ်ဖက်ပင် ဖြစ်တော့သည်။

***

All Chapters