← Chapters

ကျော်ကြားခြင်း

Vol. 2 Ch. 173

ကျော်ကြားခြင်း

Vol. 2 Ch. 173

လုရန်ရွယ် လုယန်ဝူ ထွက်ပြေးသွားသည်နှင့် ချန်းဖန်ရှိရာ နေရာသို့ စိုးရိမ်တကြီး ထွက်လာခဲ့သည်။ ခန်းမနားသို့ ရောက်သည်နှင့် လူများစွာက သူမကို ထူးဆန်းစွာ ကြည့်ကြသည်။ အချို့က သူမကို ဖားယားသည့် အမူအရာဖြင့် ချိုသာစွာ ပြုံးပြကြသည်။ တချို့ကမူ သူမကို ကြည့်ရင်း တီးတိုး ပြောနေကြသည်။

"သူမက ချန်ပေ့ရွှမ်းရဲ့ မိန်းကလေးပဲ ...”

လူအချို့ကမူ သူမကို ကြောက်ရွံ့ခြင်း၊ လေးစားခြင်းများ ပါဝင်သည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

နောက်သုံးရက်အတွင်း ချန်ပေ့ရွှမ်းဟူသော အမည်ကို မည်သည့် နေရာတွင်မှ မကြားခဲ့ရပေ။ သုံးရက်ခန့် ကြာပြီးနောက်တွင်မူ ချန်ပေ့ရွှမ်း ဆိုသော အမည်ကား တစ်ကမ္ဘာလုံးရှိ သိုင်းပညာရှင် အသိုင်းအဝိုင်း တစ်ခုလုံး ကျော်ကြားနေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်နှင့် ပတ်သက်မှုကြောင့် လုယန်ရွယ်၏ ပုံရိပ်မှာ မိသားစုထဲတွင် အလွန်မြင့်မား လာခဲ့သည်။ လုမိသားစု တစ်ခုလုံးတွင် သူမကို မလေးမစား လုပ်ရဲသူ မရှိပေ။ ယခင်က သူမသည် မိသားစုထဲတွင် သာမန်လူ တစ်ယောက်သာ ဖြစ်ခဲ့သော်လည်း ယခုမူ လူတိုင်းက သူမကို မင်းသမီးလေး တစ်ယောက်ကဲ့သို့ ဆက်ဆံကြသည်။ လုမိသားစု၏ ဘိုးဘေးများကပင် သူမကို မလေးမစား မဆက်ဆံ ရဲကြပေ။

***

လုမိသားစု အစည်းအဝေးခန်းမ အတွင်းတွင် ...။

အဓိကနေရာတွင် ချန်းဖန် ထိုင်နေခဲ့ပြီး သူ‌၏ ဘေးတစ်ဖက် တစ်ချက်စီမှ လုမိသားစု အကြီးအကဲများ ထိုင်နေကြသည်။ ချန်းဖန်၏ ညာဘက်တွင်မူ သွယ်လျသော မျက်နှာနှင့် အဘိုးအိုတစ်ဦး ထိုင်နေခဲ့ပြီး ထိုအဘိုးအိုမှာ ကုမိသားစု၏ သခင်ကြီးဖြစ်သည့် ကုရှီတုန်း ဖြစ်သည်။ ကုရှီတုန်းမှာ အထွတ်အထိပ် အဆင့် နီးပါး အထိရောက်ရှိ နေခဲ့ပြီဖြစ်ပြီး သိုင်းပညာရှင် များစွာ၏ လေးစားမှု ခံရသူ ဖြစ်သည်။

လုယန်ရွယ် ခန်းမထဲကို ဝင်လာသည်နှင့် ချန်းဖန်က သူမကို လှမ်းခေါ်သည်။

"ဒီကိုလာထိုင် ရှောင်ရွယ် ...”

ကုရှီတုန်း သူ့နံဘေးမှ ဖြတ်သွားသည့် ထိုမိန်းကလေး ကို ကြည့်မိသည်။ ထိုမိန်းကလေးကား အမှန်ပင် လှပသည်။

ယနေ့တွင် လုယန်ရွယ် သူမ အနှစ်သက်ဆုံး ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူမ၏ အင်္ကျီမှာ အနည်းငယ် ပွသယောင် ထင်ရသည့်တိုင် ခန္ဓာကိုယ် အလှက ပေါ်လွင် နေခဲ့သည်။ ခြေထောက်တွင်မူ လှပသည့် ရွှေရောင်ဖိနပ် တစ်စုံဝတ်ဆင် ထားပြီး ထိုအရာ ကလည်း သူမ အသားအရေနှင့် လိုက်ဖက်သည်။ သူမ၏ အသွင် သဏ္ဌာန်မှာ အလှမ်းမမီ နိုင်သည့် ခံစားချက်များကို ပေးစွမ်းနိုင်သည်။

"ဆရာချန်ရဲ့ မိန်းကလေးက တကယ် လှပတာပဲ။ သူမလို အလှအပ မျိုးက ဆရာချန်ရဲ့ အရည်အချင်း တွေနဲ့ပဲ လိုက်ဖက်တယ်” ကုရှီတုန်းက လုယန်ရွယ်ကို ကြည့်ရင်း ချီးကျူးသည်။

"ကျေးဇူးတင်ပါတယ် ...”

ချန်းဖန်က ခေါင်းညိတ်ပြရင်း ပြန်ပြောသည်။ ကုရှီတုန်း၏ စကားကို သူငြင်းဆန်ခြင်း မပြုခဲ့ပေ။ ချန်းဖန်၏ အဖြေကြောင့် လုယန်ရွယ်၏ မျက်နှာတွင် ရှက်ရွံ့ဖြင့် နီရဲနေခဲ့သည်။

လုမိသားစုနှင့် ချန်းဖန်၏ ဆက်ဆံရေး ကောင်းမွန်မှုကို တွေ့လိုက်ရသဖြင့် ကုရှီတုန်း စိတ်ထဲမှ လျင်မြန်စွာ တွက်ချက်လိုက်သည်။ အထွတ်အထိပ် အဆင့်တစ်ယောက် ဆုံးရှုံး ခဲ့ရမှုကြောင့် လုမိသားစု၏ အခြေအနေမှာ ကျဆင်းတော့မည်ဟု ထင်ရသည့်တိုင် ချန်းဖန်က လုမိသားစုကို ထောက်ပံ့ ပေးထားသေးသည်။ ထိုမိသားစု၏ လွှမ်းမိုးမှုကား များစွာ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ အတော်ကြာကြာ ဆွေးနွေးပြောဆို ပြီးသည်နှင့် ကုရှီတုန်း ထိုင်ခုံမှထကာ နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

***

ချန်းဖန်နှင့် လုမိသားစုတို့၏ တိုက်ပွဲကြောင့် သိုင်းပညာ ညီလာခံကို ဆိုင်းငံ့ထားခဲ့သည်။ သို့သော်လည်း သိုင်းပညာရှင် အများအပြားက ငယ်ရွယ်သည့် အထွတ်အထိပ် လပညာရှင်နှင့် ဆုံတွေ့ခွင့်ရရန် လုမိသားစုထံသို့ ရောက်ရှိလာခဲ့သည်။ လာရောက်သည့် သိုင်းပညာရှင် တိုင်းကို တွေ့ဆုံရာတွင် လုယန်ရွယ်ကို ချန်းဖန် သူ၏နံဘေး၌ အမြဲ ရှိစေခဲ့သည်။

"နင်သိလား သူတို့တွေ ငါ့ကို ဆက်ဆံတဲ့ ပုံစံက လုံးဝပြောင်းလဲ သွားတယ်။ အရင်ကဆို ငါ့ကို သာမန်လူ တစ်ယောက်လိုပဲ။ ခုကျတော့ ငါ့ကို ဆက်ဆံတဲ့ ပုံစံက မင်းသမီး တစ်ယောက်ကို ဆက်ဆံနေတဲ့ အတိုင်းပဲ။ ငါ့အဖေကိုလည်း လုမိသားစု လုပ်ငန်းတွေရဲ့ CEO အဖြစ် တိုးမြှင့်ပေးလိုက်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် ကဆို အဖေက အငယ်တန်းမန်နေဂျာ ရာထူးပဲ ရှိခဲ့တာ ...”

"တကယ်ကြီးလား ...” ချန်းဖန်က ညင်သာစွာ ပြန်ပြောသည်။

"နင် ဘာလို့ သူတို့ကို အမှန်အတိုင်း မပြောပြတာလဲ ...” လုယန်ရွယ်က ချန်းဖန်၏ မျက်လုံးများကို ကြည့်ရင်းမေးသည်။

လွန်ခဲ့သည့် သုံးရက်အတွင်း ချန်းဖန်မှာ ကျန်းပေ့နယ်မှ သိုင်းပညာရှင် တစ်ယောက်ဖြစ်မှန်း သူမသိရှိခဲ့ပြီး ဖြစ်သည်။ သူကား အလွန်ပင် အစွမ်းထက်ကာ ကုမိသားစု ခေါင်းဆောင်နှင့် သူဌေးကြီး များကပင် သူ့ကို လေးစားစွာ ဆက်ဆံရသည်။ ထိုသို့ အစွမ်းထက်သော ကောင်လေးတစ်ယောက်၏ မိန်းကလေး ဖြစ်ရန်မှာ ကောင်မ‌လေးတိုင်း၏ အိပ်မက်ပင် ဖြစ်သည်။

သို့သော် ချန်းဖန်က သူမကို မချစ်မှန်း လုယန်ရွယ် သဘောပေါက်သည်။ အကယ်၍ ချစ်ခဲ့လျှင်ပင် ညီမလေးတစ်‌ယောက်ထက် ပိုလိမ့်မည် မဟုတ်ပေ။

"သူတို့ကို ရှင်းပြဖို့လား ...” ချန်းဖန် သူခေါင်းကို ပွတ်ရင်း ညင်သာစွာပြောသည်။

"ငါ မင်းကို သာယာပျော်ရွှင်တဲ့ ဘဝတစ်ခု ပေးမယ်လို့ ကတိ ပေးထားတယ်လေ။ ခုဆိုရင် လုမိသားစုက နင့်ကို မင်းသမီးလေး တစ်ယောက်လို ဆက်ဆံနေကြပြီ မဟုတ်လား။

မင်း တကယ်လို့ အခြားတစ်ယောက်ကို ချစ်မိသွားမယ် ဆိုရင်လည်း သူ့ကို လက်ထပ်လိုက်ပါ။ ငါကို အားနာနေစရာ မလိုဘူး ...”

လုယန်ရွယ် ချန်းဖန်ကို ငေးကြည့်ရင်း တိတ်ဆိတ်နေခဲ့သည်။ သူမ၏ စိတ်ထဲတွင်မူ သူမစိတ်ကို နားမလည်သော ချန်းဖန်ကို ဒေါသထွက်မိသည်။ သူမ၏ နှလုံးသားကို ချန်းဖန်က ခိုးယူသွားခဲ့ပြီ ဖြစ်သည်။ အခြားတစ်ယောက်ကို ထပ်မံချစ်ရန် မဖြစ်နိုင်တော့ပေ။

***

ကျုံးကျိုး၊ ပါးကျီဂိုဏ်း ရှေးဟောင်းနယ်မြေ။

လက်တစ်ဖက်တွင် ပတ်တီးများ စည်းထားသော လူငယ်တစ်ယောက်က လေ့ကျင့်ခန်း အချို့ကို ပြုလုပ်နေသည်။ သူကား နာကျင်မှုများကို လျစ်လျူရှုရင်း ဝိတ်တုံးတစ်ခုကို မရန် ကြိုးစားနေသည်။ သူ၏ နဖူးတွင် ချွေးများ စိုရွှဲနေပြီး လက်မှာလည်း အလွန်နာကျင်နေပုံ ရသည်။

သူ၏ နံဘေးတွင်မူ ချောမောသော မိန်းကလေး တစ်ယောက်နှင့် ဝှီးချဲပေါ်တွင် ထိုင်နေသည့် အသက်လတ် ယောက်ျားကြီးတစ်ယောက် ရှိနေသည်။

"ပိုင်ရှင်းက တော်တော်ပြန်ကောင်း နေပြီ။ သူ့ရဲ့ကျိုးနေတဲ့ လက်ကလည်း ဒီရက်အတွင်း ပြန်ဆက်လာနေပြီ။ ခုအချိန်မှာ လေ့ကျင့်ခန်း ပြန်လုပ်လို့တောင် ရနေပြီ ...”

အသက်လတ်လူကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဆရာဦးလေး မူက ဂိုဏ်းမှာ တစ်ခုတည်း ကျန်နေတဲ့ အနာကျက်ဆေးကို ဂိုဏ်းတူအစ်ကို အတွက် သုံးစေခဲ့တယ်။ ဦးလေးမူရဲ့ ဒဏ်ရာ အခြေအနေ ကရော ဘယ်လိုလဲ ...” မိန်းကလေးက စိုးရိမ်စွာမေးသည်။

"ရှောင်မိန် ငါ့အတွက်မပူနဲ့။ ပိုင်ရှင်းက ငါတို့ဂိုဏ်းရဲ့ အနာဂတ်ပဲ သူက တစ်နေ့မှာ အထွတ်အထိပ် အဆင့် တစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ် ... "

မုရှမ်းက ပြုံးရင်း‌ ပြောသည်။

"နောက်ပြီး ငါက အတွင်းအား ထိပ်သီးအဆင့် ကျင့်ကြံသူလေ။ ဘာဆေးမှ မသုံးရင်တောင် လအနည်းငယ် အတွင်း ပြန်ကောင်းလာမှာပါ ...”

"ဆရာဦလေး မူ ...”

ကုရှောင်မိန်က ထို အခြအနေကို သဘောမကျ ဖြစ်နေပုံရသည်။

"ဒါတွေအားလုံးက ချန်ပေ့ရွှမ်းဆိုတဲ့ ကောင်ကြောင့်ဖြစ်တာ ...” ကုရှောင်မိန် အံကြိတ်ကာ တီးတိုးရေရွတ် လိုက်သည်။

"အထွတ်အထိပ် အဆင့်တစ်ယောက်က စော်ကားလို့ ရတဲ့အရာ မဟုတ်ဘူး” မူရှမ်းက ခေါင်းကို‌ခါရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

"သူက အထွတ်အထိပ် အဆင့်တစ်ယောက် ဆိုတာ သမီးမယုံဘူး။ သူက ငယ်ငယ်လေးပဲ ရှိသေးတာ မလား။ ဆရာဦးလေး တို့အားလုံး အကြောက်လွန် နေတာပဲ ဖြစ်မယ်။ သူက ရုပ်ခန္ဓာ သန့်စင်ခြင်း လမ်းစဉ်ရဲ့ ထိပ်သီးပညာရှင် တစ်ယောက် ဖြစ်နိုင်တယ်” ကုရှောင်မိန်က မုရှန်း၏ စကားကို ငြင်းဆန်သည်။

မုရှမ်းဘာမှ ပြန်မပြောပဲ ပါးစပ်ပိတ် ထားလိုက်သည်။ သူ့တွင်လည်း သံသယများ ရှိနေခဲ့သည်။

အရင်က အဖြစ်အပျက်များကို သူပြန် စဉ်းစားလေလေ၊ ဟာကွက်များကို တွေ့တွေ့ဖြစ်နေ ခဲ့သည်။ တိုက်ပွဲအစမှ အဆုံးအထိ ချန်းဖန်မှာ တစ်ကြိမ်သာ တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ကွက်‌ သူတို့ ရှုံးနိမ့်ခဲ့ရသည်။ အချို့သော ခန္ဓာကိုယ် သန်စင်သည့် ဆရာများပင် ဤသို့ ပြုလုပ်ရန် မလွယ်ကူပေ။ ကုရှောင်မိန်၏ စကား မှန်ဖို့ဖြစ်နိုင်သည်။ ထိုကောင်လေးမှာ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်တွင်သာ ဆရာတစ်ဆူ ဖြစ်နေဖို့ များသည်။

"ငါ တကယ် အမြင်မှား ခဲ့တာလား ...” မူရှမ်းက ခေါင်းငုံ့ရင်း တီးတိုး ရေရွတ်လိုက်သည်။

ခန္ဓာကိုယ် သန့်စင်သည့် ပညာရှင်များနှင့် အထွတ်အထိပ် များမှာ လုံးဝနှိုင်းယှဉ်၍ မရပေ။ အကယ်၍ တိုက်ခိုက်ကြလျှင် အထွတ်အထိပ် ပညာရှင်ကသာ အနိုင်ရလိမ့်မည် ဖြစ်သည်။ အကယ်၍ ထိုကောင်လေးမှာ အထွတ်အထိပ် ပညာရှင် မဟုတ်ပဲ၊ ခန္ဓာကိုယ် သန့်စင်သည့် ပညာရှင်တစ်ယောက် ဖြစ်နေခဲ့လျှင် ပါးကျီဂိုဏ်းအတွက် ရင်လေးစရာပင်။

ရုတ်တရက် ဖုန်းဝင်လာသဖြင့် မုရှမ်း ကပျာကယာ ကိုင်၍ နားထောင်သည်။ ဖုန်းချလိုက်ပြီး နောက်တွင် သူ၏ မျက်နှာမှာ မဲမှောင်လာပြီး အလေးအနက် စဉ်းစားသည့်ပုံ ပေါ်နေခဲ့သည်။

"ဘာဖြစ်လို့လဲ ဆရာဦးလေးမူ ...” ရှောင်မိန်က ကပျာကယာ မေးသည်။ ပိုင်ရှင်းကလည်း သူ့ကို စိုးရိမ်တကြီး ကြည့်သည်။

မုရှမ်းကား အချိန် အနည်းငယ်အထိ ဘာမှ ပြန်မပြောနိုင်ပဲ တွေဝေစဉ်းစား နေခဲ့သည်။ အချိန်အတန်ကြာမှ သက်ပြင်းတစ်ချက် ချရင်း ရှောင်မိန်နှင့် ပိုင်ရှင်းတို့ ဘက်သို့ လှည့်ကာ ပြောသည်။

"ချန်ပေ့ရွှမ်းက လုမိသားစုရဲ့ သခင်ကြီးကို သိုင်းပညာရှင်တွေ အများကြီးရဲ့ ရှေ့မှာ သတ်လိုက်တယ်တဲ့ ...”

"သခင်ကြီးလု ... သခင်ကြီးလုက အထွတ်အထိပ် အဆင့် ပညာရှင်ကြီး မလား ...” ကုရှောင်မိန်၏ မျက်နှာမှာ ဖြူရော်နေခဲ့ပြီ ဖြစ်သည်။

"အမှန်ပဲ ...” မုရှမ်းက ခေါင်းညိတ်ရင်း ပြန်ပြာသည်။

ကုပိုင်ရှင်းကား ထိုသတင်းကြောင့် လုံးဝဆွံ့အ နေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာ အမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။ ထို့နောက် ဝိတ်တုံးများကို မြေပြင်ပေါ် လွှတ်ချကာ အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

"ဂိုဏ်းတူအစ်ကို ...”

ကုရှောင်မိန်က သူ့ကို လှမ်းခေါ်ရင်း နောက်မှ လိုက်ရန် ထရပ်လိုက်သည်။ မူရှမ်းက သက်ပြင်းတစ်ချက် ချရင်း သူမကို တားသည်။

"သူသွားပါစေ။ ဒါက သူ့အတွက် စစ်ဆေးမှု တစ်ခုပဲ။ တကယ်လို့ သူမကျော်ဖြတ် နိုင်ရင် အနာဂတ်မှာ အထွတ်အထိပ် ပညာရှင် ဖြစ်လာဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး ...”

"ဆရာဦးလေးမူ ချန်ပေ့ရွှမ်းက တကယ်ပဲ အထွတ်အထိပ် အဆင့်လား” ကုရှောင်မိန် လုံးဝ မယုံကြည်နိုင်ပေ။ သူမငယ်စဉ် ကတည်းက အထွတ်အထိပ် အဆင့်များ၏ စွမ်းအား ကြီးမားမှုကို နားထောင်ခဲ့ရသည်။ ယခုမူ အသက် ဆယ့်ခြောက်နှစ်ပင် မပြည့်သေးသော ကောင်လေးတစ်ယောက်က အထွတ်အထိပ် အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေသည် ဆိုခြင်းကား အလွန်ပင် ကြောက်စရာ ကောင်းလွန်းသည်။

"လုထျန်းဖန်က တကယ့် အထွတ်အထိပ် အဆင့်တစ်ယောက်ပဲ။ သူက တရုတ်နိုင်ငံ တောင်ပိုင်းမှာ ဆယ်စုနှစ် တော်တော်ကြာအောင် လွှမ်းမိုးနိုင်ခဲ့တာ။ ချန်ပေ့ရွှမ်းက သူ့ကို သတ်နိုင်တယ် ဆိုတော့ သူက တကယ် အထွတ်အထိပ် အဆင့်တစ်ယောက် မလို့ပဲ ...” မူရှမ်းက ကုရှောင်မိန်ကို ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

***

ထိုသတင်းက လျင်မြန်စွာ ပါးကျီဂိုဏ်း တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး အခြားသိုင်းပညာရှင် မိသားစု များသို့ပါ ပျံ့နှံ့သွားခဲ့သည်။ လူတိုင်းကား ထိုခေါင်းစဉ် တစ်ခုတည်းကိုပင် ပြောဆို နေကြတော့သည်။

"နင်ကြားပြီးပြီလား ကျန်းပေ့နယ်က အထွတ်အထိပ် ပညာရှင် ဆရာလေး အကြောင်းကိုလေ”

"နင်ပြောချင်တာ ဆရာချန်မလား။ ငါကြားပြီးပြီ။ အလိမ်အညာတွေ ဖြစ်မှာပါ”

"ငါတော့ မထင်ဘူး။ သခင်ကြီးလု ဒီနေ့ မနက်က အသတ်ခံ လိုက်ရတာရော သိလား”

"ဘယ်လို သခင်ကြီးလုက အထွတ်အထိပ် ပညာရှင်မလား။ ဘယ်သူက သတ်လိုက်တာလဲ”

"ချူကျိုးနယ်က ချန်းပေ့ရွှမ်းတဲ့”

ချန်းဖန်၏ နာမည်ကား သိုင်းပညာရှင် မိသားစုများ၏ ကြားတွင် အလွန်ကျော်ကြား နေခဲ့ပြီ ဖြစ်သည်။ သူကား ငယ်ရွယ်သော ချာတိတ်လေး တစ်ယောက်မှ အသက်အငယ်ဆုံး အထွတ်အထိပ် ပညာရှင်၊ သမိုင်းဝင် ပုဂ္ဂိုလ်တစ်ယောက် အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်သည်။

***

All Chapters