← Chapters

ငါးမျှားပြီးဆုံးခြင်း

Vol. 2 Ch. 174

ငါးမျှားပြီးဆုံးခြင်း

Vol. 2 Ch. 174

ဂရိတ်ဘယ်ယာ ရေကန်၊ မေပယ်သစ်ရွက်(ကနေဒါ)နိုင်ငံ အနောက်မြောက်ပိုင်း။

အနောက်မြောက်ပိုင်း ဒေသမှာ ကနေဒါ နိုင်ငံ၏ နီးယားအာတိတ် ပြည်နယ် ဖြစ်ပြီး

၁၃၆၄၉၇၃ မိုင်ခန့် ကျယ်ဝန်းသည်။ ပျမ်းမျှ အပူချိန်မှာ အနုတ် ၄၀ ဒီဂရီ ဆဲစီးယပ်မျှသာ ရှိပြီး လူဦးရေမှာလည်း လေးသောင်းနှစ်ထောင် မျှသာ ရှိသည်။

ဂရိတ်ဘယ်ယာ ရေကန်မှာ ကနေဒါ နိုင်ငံ၏ အကြီးဆုံး ရေကန်များတွင် တစ်ခု အပါအဝင် ဖြစ်ပြီး သုံးဆယ့်တစ် ကီလိုမီတာ ကျယ်ဝန်းသည်။ ရေ၏ အနက်မှာလည်း မီတာလေးရာခန့် ရှိသည်။ ရေကန်မှာ အမြဲတမ်း ခဲနေတတ်ပြီး ရေကြောင်းသွားလာရန် မဖြစ်နိုင်ပေ။

ယခုမူ ထိုရေကန်၏ အလယ်ရှိ ကျွန်းတစ်ကျွန်းတွင် အဘိုးအိုတစ်ယောက် ထိုင်နေခဲ့သည်။ သူ၏ ဖြူဖွေးနေသော ဆံပင်များက ဇရာကို ဖော်ပြနေသည့်တိုင် သူ၏ မျက်နှာမှာမူ လူငယ်တစ်ယောက် ကဲ့သို့ နုပျိုနေသည်။ အဘိုးအိုမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ နံဘေးမှ ရေခဲပြင် မြင်ကွင်းနှင့်အလွန် လိုက်ဖက်မှု ရှိနေသည်။ အဝေးမှ ကြည့်လျှင် သူ၏ အသွင်သဏ္ဌာန်မှာ ရေခဲပန်းပု တစ်ခုဟုပင် ထင်ရမည် ဖြစ်သည်။ သူ၏ ရှေ့တွင်မူ ရေခဲကို ဖောက်ထားသော အပေါက်ငယ် တစ်ခုရှိနေပြီး ထိုအပေါက်မှ ငါးဖမ်းရန် အာရုံစိုက်နေပုံ ရသည်။

အဘိုးအိုမှာ ငါးမျှားတံနှင့် ငါးဖမ်းသည့် ပစ္စည်းကိရိယာများ တစ်ခုပင် ရှိပုံမရပေ။ သူ၏ လက်များကို အပေါက်ငယ်သို့ အုပ်လိုက်ပြီးနောက် ဆံချည်မျှင် တစ်ခုခန့်ရှိသော အဖြူရောင်ကြိုးလေး တစ်မျှင်က ရေခဲထုကို ခွဲပြီး ရေခဲအောက်သို့ မီတာပေါင်းများစွာ တိုးဝင်သွားသည်။

အကယ်၍ လုထျန်းဖန်သာ သက်ရှိထင်ရှား ရှိနေခဲ့ပြီး ထိုအဘိုးအို ငါးဖမ်းသည့် ပုံစံကို မြင်ရလျှင်ပင် အလွန်အံ့ဩ သွားလောက်မည် ဖြစ်သည်။

လုမိသားစု၏ တိမ်တိုက်လက်ဝါးမှာ အလွန် အစွမ်းထက်ပြီး ချီစွမ်းအင်များကို အလိုက်သင့် ပြောင်းလဲကာ အသုံးပြုနိုင်သည်။ တိမ်တိုက်လက်ဝါးကို အသုံးပြုပြီး ချီစွမ်းအင်များကို ဆံချည်မျှင် တစ်ခုစာမျှ ကျစ်လျစ်အောင် ပြုလုပ်နိုင်သည့်တိုင် ထိုအဘိုးအို ကဲ့သို့ များစွာ ရှည်လျားအောင်တော့ ပြုလုပ်၍ မရနိုင်ပေ။

ထိုအဘိုးအို၏ အတွင်းအားအပေါ် ထိန်းချုပ်မှုမှာ လုထျန်းဖန်ထက် များစွာ အားကောင်းသည်မှာ ပေါ်လွင်နေခဲ့သည်။

ဟူး ... ဟူး ... ဟူး ...

ဟယ်လီကော်ပတာ ရဟတ်ယာဉ် တစ်စင်းက ထိုကျွန်းငယ်ပေါ်သို့ ဦးတည်ပျံသန်း လာသည်။ ရဟတ်ယာဉ် မြေပြင်မှ မီတာ အနည်းငယ်ခန့်သာ ကွာဝေးသော နေရာသို့ ရောက်သည်နှင့် လူရိပ်တစ်ခု ခုန်ချလာသည်။ မြေပြင်ပေါ်သို့ မရောက်ခင် သူ၏ လက်နှစ်ဖက်ကို ငှက်တစ်ကောင်သို့ ဖြန့်ကြက်လိုက်သည်။ ထို့နောက် တိမ်တိုက်တစ်ခု သူ့နောက်ကျောတွင် ပေါ်လာပြီး မြေပြင်ပေါ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်လာခဲ့သည်။

လူရိပ်မြေပြင် ပေါ်သို့ ရောက်ပြီးသည်နှင့် တိမ်တိုက်များမှာ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ် သွားပြီး သူ၏ အသွင်သဏ္ဌာန်မှာ ထင်ရှားစွာ ပေါ်လွင်လာသည်။ ထိုလူရိပ်မှာ အသက်သုံးဆယ်ခန့် ရှိသည့် အသက်လတ်ပိုင်း လူတစ်ယောက် ဖြစ်ပြီး သူ၏ ဆံပင်များမှာ နက်မှောင်နေသည်။ သူ၏ မျက်လုံးများမှာ နက်ရှိုင်းလွန်းပြီး အသိဉာဏ် နက်နဲမှုကို ဖော်ပြနေသည်။

ကနေဒါရှိ အထက်တန်းစားလူများက သူ့ကိုတွေ့လျှင် ကနေဒါရှိ တရုတ် အဖွဲ့အစည်း တစ်ခု၏ ခေါင်းဆောင်ဟု တန်း၍ သိလိမ့်မည် ဖြစ်သည်။ ထိုလူမှာ မြေအောက် အဖွဲ့အစည်း တစ်ခု၏ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ကာ ဟောင်ဂိုဏ်း၏ ခေါင်းဆောင်လည်း ဖြစ်သည်။ သူ့တွင် တရားမဝင် စီးပွားရေး လုပ်ငန်းများစွာ ရှိပြီး နှစ်စဉ်ဝင်ငွေမှာ US ဒေါ်လာ ဘီလျံနှင့် ချီသည်။

သို့သော် ထိုလူကား အဘိုးအိုထံသို့ လေးစားမှု အပြည့်ဖြင့် လျှောက်လာပြီး တရုတ်စကားဖြင့် ပြောလိုက်သည်။

"ဆရာလဲ့ ...”

အဘိုးအိုက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ အဘိုးအို၏ မျက်လုံးထဲတွင် အဆုံးမရှိသော စွမ်းအားများ ပြည့်နှက်နေခဲ့ပြီး သူ၏ အကြည့်တစ်ချက်ပင် လက်နက်တစ်ခု ကဲ့သို့ အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

အသက်လတ်လူမှာ အဘိုးအို၏ မျက်လုံးထဲမှ အရှိန်အဝါ များကို သတိထား မိသည်နှင့် ခေါင်းကို ကပျာကယာ ငုံ့လိုက်မိသည်။ သူက ခေါင်းငုံ့ရင်းပင် အဘိုးအိုကို ပြောလိုက်သည်။

"ဆရာလဲ့က မသေမျိုး အဆင့်နဲ့ တဖြည်းဖြည်း နီးကပ်လာပြီပဲ ...”

"ငါရဲ့ ရည်ရွယ်ချက်နဲ့ အလှမ်းကွာ နေတုန်းပါပဲ ...” အဘိုးအို၏ အသံမှာ ခြောက်ကပ်နေသည့်တိုင် ချောက်ချားမှုများကို ပေးစွမ်းနိုင်သည်။

"မသေမျိုး အဆင့်ကို ရောက်ဖို့က အရမ်းခက်ခဲတယ်။ ဒီကမ္ဘာမှာရှိတဲ့ သိုင်းပညာရှင် ထဲက အနည်းငယ်လောက်ပဲ မသေမျိုး အဆင့်ကို ရောက်သွားကြတာ။ ငါက ခုမှ အစစ်အမှန် ချီကျင့်စဉ်ကို အောင်မြင်ပြီးတော့ အထွတ်အထိပ် အဆင့်ရဲ့ ထိပ်ဆုံးအဆင့်‌ပဲ ရောက်သေးတာပါ ...”

"မသေမျိုး အဆင့်ကို ရောက်ဖို့ဆိုရင် အတွင်းအားနဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း တွေပဲ ကျင့်နေလို့ မရဘူး။ ဝိညာဥ်စွမ်းအင် ကိုပါ လေ့ကျင့်ရမှာ ဖြစ်တယ်။ ဝိညာဉ်စွမ်းအင် အစွမ်းထက်လာတဲ့ အခါမှပဲ နေရာလွတ် စွမ်းအင်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ နောက်ဆုံးကျမှ မသေမျိုး အဆင့်ကို ‌ရောက်ရှိသွားလိမ့်မယ် ...”

အဘိုးအိုက ဖြည်းညင်းစွာ ရှင်းပြနေစဉ် အသက်လတ်ပိုင်း လူက လေးစားမှု အပြည့်ဖြင့် သေချာနားထောင် နေခဲ့သည်။ အဘိုးအို၏ နှုတ်မှ စကားတစ်ခွန်း‌ တလေလောက် မကြားလိုက်ရမည် ကို သူစိုးရိမ်နေပုံ ရသည်။

"မင်း ငါ့ဆီက ဘာလိုချင်လို့လဲ ...” အဘိုးအိုက သူ၏ သင်ခန်းစာကို အဆုံးသတ် ပြီးသည်နှင့် သက်လတ်ပိုင်းလူကို မေးသည်။

အဘိုးအိုကား ထိုရေခဲပြင်တွင် ဆယ်စုနှစ် ပေါင်းများစွာ ကြာအောင် နေထိုင်ခဲ့ပြီး ချီစွမ်းအင်ကို လေ့ကျင့်နေခဲ့သည်။ ထိုရေခဲပြင်မှ ရေကိုသာသောက်၊ ငါးများကိုသာ စားသောက်ပြီး ကျင့်စဉ် လေ့ကျင့်ခြင်းကို အာရုံစိုက်ခဲ့သည်။ ပတ်ဝန်းကျင်၏ တိတ်ဆိတ်ငြိမ်သက်မှု၊ အနှောင့်အယှက် ကင်းမှုတို့ကြောင့် အဘိုးအို၏ ကျင့်စဉ်အဆင့်မှာ အလွန်တိုးတက် လာခဲ့သည်။ ထိုနေရာတွင် နေထိုင်စဉ် အတောအတွင်း သဘာဝတရားကို ပိုမိုနားလည် သဘောပေါက်လာပြီး အသက် ရှင်သန်မှု၏ အနက်ရှိုင်းဆုံး အဓိပ္ပာယ်ကိုပါ အနည်းငယ် နားလည်လာခဲ့သည်။

အသက်လတ်လူမှာ သူ၏ တပည့်ရင်းများ အနက်မှ တစ်ယောက်ဖြစ်သည်။ ထိုလူမှာ မြောက်အမေရိက တိုက်ရှိ တရုတ် အဖွဲ့အစည်းကို ထိန်းချုပ်ထားသူ ဖြစ်ပြီး စွမ်းအားကြီးမားသူ တစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် အရေးကြီးသော အကြောင်းအရာ တစ်ခု မရှိပဲ သူ့ဆရာ၏ ကျင့်စဉ် လေ့ကျင့်မှုကို လာရောက် နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။

"ဆရာလဲ့ လင်းဟူသေသွားပြီ ...” အသက်လတ်လူက ခေါင်းကို ငုံ့ရင်း တီးတိုးပြောသည်။

"ဟမ် ...”

အဘိုးအို မျက်မှောင်ကျုံ့လိုက်သည်။ လင်းဟူမှာ သူ၏ တပည့်များစွာ အနက်မှ တစ်ယောက်ဖြစ်သော်လည်း သိပ်အလေးအနက် မထားပေ။ သူ၏ တပည့်များစွာ ထဲမှ တစ်ယောက်သေတိုင်းမှာ တစ်ခါပူဆွေး နေရရလျှင် သူလေ့ကျင့်ရန် အချိန်ရတော့မည် မဟုတ်ပေ။

သူ၏ လက်ရင်းတပည့်မှာ ထိုမျှသော အကြောင်းအရာ လောက်နှင့် သူ့ကို အနှောင့်အယှက် ပေးလိမ့်မည် မဟုတ်ပေ။ အခြား အရေးကြီးသည့် အရာ တစ်ခုခု ရှိနေနိုင်သေးသည်။

"လင်းဟူကို သတ်သွားတဲ့သူက အသက် ဆယ့်ခုနစ်နှစ် လောက်ပဲ ရှိသေးတယ် ...” အသက်လတ်လူက ဆက်ပြောသည်။

"ဟုတ်လား ...” အဘိုးအိုက မျက်ခုံးနှစ်ဖက်ကို ပင့်တင်ရင်း မေးသည်။ ထို‌အကြောင်းအရာ ကိုတော့ သူအနည်းငယ် စိတ်ဝင်စားသည်။ လင်းဟူမှာ သူ၏ တပည့်ရင်းတစ်ယောက် မဟုတ်သည့်တိုင် အတွင်းအား ထိပ်သီးအဆင့် သိုင်းသမား တစ်ယောက် ဖြစ်နေသေးသည်။ ထိုကဲ့သို့သော သူမျိုးကို အသက် ဆယ့်ခုနစ်နှစ် အရွယ်ကောင်လေး တစ်ယောက်မှ သတ်ခြင်းဆိုသော အကြောင်းအရာက သူ့ကို အံ့အားသင့် စေသည်။

"သူ့နာမည်က ချန်းပေ့ရွှမ်းလို့ ခေါ်တယ်။ သူက အထွတ်အထိပ် အဆင့်ကို ရောက်နေပြီလို့ ပြောကြတယ်။ လူတွေက သူ့ကို အထွတ်အထိပ် ဆရာလေးလို့ ခေါ်ကြပါတယ် ...” အသက်လတ် လူကြီးက ဆက်လက်ရှင်းပြသည်။

"အထွတ်အထိပ် ဆရာလေး ...” အဘိုးအို၏ မျက်နှာမှာ တဖြည်းဖြည်း မဲမှောင်လာခဲ့သည်။ အထွတ်အထိပ် အဆင့်ကို ရောက်ရန်မှာ အမှန်ပင် မလွယ်ကူပေ။ သူကိုယ်တိုင်ပင်လျှင် အနှစ်သုံးဆယ်ခန့် လေ့ကျင့်ပြီးမှသာ ထိုအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ယခုမူ အသက် ဆယ့်ခုနစ်နှစ် အရွယ်ကောင်လေးက အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့သည်။ ထို အကြောင်းအရာကို သူစဉ်းစား၍ မရပေ။

"ပြီးတော့ သိပ်မကြာခင်လေး ကပဲ တရုတ်က သတင်းတစ်ခု ရလာတယ်။ လုမိသားစုရဲ့ လုထျန်းဖန်တောင် အဲဒီကောင်လေးရဲ့ သတ်ဖြတ်ချင်းကို ခံခဲ့ရတယ် တဲ့ ...” အသက်လတ် လူ၏ အသံမှာ အနည်းငယ် တုန်ခါနေခဲ့သည်။

"အချို့တွေ ပြောကြတာကတော့ အဲကောင်လေးက ရိုးရိုး အထွတ်အထိပ် အဆင့်တစ်ယောက်တင် မကဘူး။ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ရဲ့ အထွတ်အထိပ် အဆင့်တစ်ယောက် လို့ပါ ပြောကြတယ် ...”

ထိုစကားကြောင့် အဘိုးအိုလက်မှ ထွက်ပေါ်နေသော အဖြူရောင် ကြိုးမျှင်လေး ရုတ်တရက် ပြတ်တောက်သွားသည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း သူ၏ အတွင်းအား လေ့ကျင့်မှုမှာ ပိုမိုတည်ငြိမ် လာခဲ့ပြီး စွမ်းအင် သိပ်သည်းမှု မှာလည်း အလွန်မြင့်မား နေခဲ့ပြီ ဖြစ်သည်။ ယခု အလွန် စိတ်လှုပ်ရှား သွားသောကြောင့်သာ ယခုကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်သည်။

"ဆရာလဲ့ ...” အသက်လတ်ပိုင်း လူက စိုးရိမ်တကြီး ခေါ်သည်။

"အဆင်ပြေတယ် ...”

အဘိုးအို၏ အမူအရာမှာ ပြန်လည် တည်ငြိမ်လာသည်။

"လုထျန်းဖန်က ဒီလောက်စွမ်းအား ကြီးမားတဲ့သူ မဟုတ်ဘူး”

အဘိုးအို၏ စကားကြောင့် အသက်လတ်လူ စိတ်သက်သာရာ ရသွားသည်။ ထိုအဘိုးအိုမှာ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး သိုင်းပညာရှင် ဖြစ်သည်။ သူ့ကို အနိုင်ရမည့်သူ ရှိလာလိမ့်မည် မဟုတ်ပေ။

"လုထျန်းဖန်နဲ့ ငါ လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်က တစ်ကြိမ် တိုက်ခိုက်ဖူးတယ်။ ခုအချိန်မှာ ဆိုရင်တော့ သူ့ကိုသတ်ဖို့ လက်နှစ်ဖက်တောင် မလိုဘူး ...”

အဘိုးအိုက စကားပြောရင်း ရေခဲပြင်ကို တစ်ချက်ထိလိုက်သည်။ စွမ်းအင်လှိုင်း တစ်ခု အဘိုးအို၏ ခြေထောက်မှ ထွက်သွားပြီး ရေခဲပြင် အနက်ရှိုင်းဆုံး နေရာအထိ တိုးဝင်သွားသည်ကို အသက်လတ်ပိုင်းလူ တွေ့လိုက်ရသည်။

ရုတ်တရက် ရေခဲထုအောက်တွင် ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်လာပြီး အဖြူရောင် လှိုင်းတစ်ခု ရုတ်တရက် ပြန်လည် ပေါ်ထွက်လာသည်။ အနားသို့ ကပ်လာသည်နှင့် ထိုအဖြူရောင် လှိုင်းမှာ မီတာတစ်ရာခန့် ရှည်လျားသော ပိုက်ကွန်တစ်ခု ဖြစ်နေပြီး ထိုပိုက်ကွန်ထဲတွင် ငါးများစွာက ရုန်းကန်ရင်း လွတ်မြောက်အောင် ကြိုးစားနေကြသည်။

"ဒါက ... ဒါက ..." အသက်လတ်ပိုင်း လူမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်သေသေ နေခဲ့သည်။ အဘိုးအိုမှာ ငါးဖမ်းပိုက်ကွန် အစား အစစ်အမှန် ချီစွမ်းအင်ကို အသုံးပြုခဲ့သည်။ ထိုကဲ့သို့သော စွမ်းအင်မှာ သာမန် သေမျိုးများ လက်လှမ်းမမီသော အရာပင်။

"လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ခုလို အစွမ်းထက်တဲ့ ကြိုးမျှင်တစ်ခုပဲ ထုတ်နိုင်ခဲ့တယ်။ ခုဆိုရင် သတ္တုတွေကိုတောင် ဖြတ်တောက်ပစ်နိုင်တဲ့ ကြိုးမျှင်ပေါင်း များစွာကို ဖန်တီးနိုင် နေခဲ့ပြီ။ ဒီစွမ်းအားနဲ့ ဆိုရင် လုထျန်းဖန်ကို သတ်ဖို့ လက်လေးတစ်ချောင်းတောင် လှုပ်ဖို့ မလိုဘူး ...”

အဘိုးအိုက စကားပြောရင်း လွတ်လပ်စွာ အော်ရယ်လိုက်သည်။

"ဟူး ..."

အဘိုးအိုက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ များစွာသော ကြိုးမျှင်များက ငါးများ၏ သွေးကြောများကို ဖောက်ထွက်သွားပြီး သွေး‌များက နေရာ အနှံ့သို့ ပြန့်ကျဲသွားသည်။ ထိုသွေးကွက်များကား အဝေးမှ ကြည့်လျှင် သေဆုံးခြင်း ပန်းပွင့်တစ်ပွင့် ပွင့်ဖူးနေသည့် အလားပင်။

"ဆရာလဲ့ ...” သက်လတ်ပိုင်းလူက အဘိုးအိုကို ကြည့်သည်။ သူ၏ မျက်လုံးများကား ပျော်ရွှင်မှုဖြင့် တောက်ပနေခဲ့သည်။

"တရုတ်ကိုသွားပြီး ချန်ပေ့ရွှမ်းကို တွေ့ကြတာပေါ့ ...” အဘိုးအိုက တည်ငြိမ်စွာ ပြောရင်း ထရပ်လိုက်သည်။

သူ ဆယ့်ခုနစ် နှစ်လုံးလုံး ဤနေရာသို့ လာရောက်ကာ ဒဏ်ရာကို ကုသနေခဲ့ခြင်း ဖြစ်သည်။ ယခုမူ ဒဏ်ရာများ ပြန်ကောင်းနေသည့် အပြင် ရှေးယခင်ကထက် များစွာ အစွမ်းထက် လာခဲ့ပြီ ဖြစ်သည်။

"ချန်ပေ့ရွှမ်းနဲ့ ရဲ့နန်ထျန်း ... မင်းတို့ ခဏ စောင့်နေဦး။ အချိန်တန်ရင် ဟောင်ဂိုဏ်းက အစွမ်းဘက်လောက် ထက်လဲ မင်းတို့ကို ပြမယ် ...”

အဘိုးအို၏ မျက်လုံးများကား သတ်ဖြတ်ချင်စိတ် များကြောင့် တလက်လက် တောက်ပ နေခဲ့တော့သည်။

***

All Chapters