ဆေးနတ်ဘုရား တောင်ကြားသို့
Vol. 2 Ch. 175
"စိန်ကျောက် ဘုရားကျောင်းက သူတို့ရဲ့ စိန်ခန္ဓာ ကျင့်စဉ်နဲ့ တောင်းပန်တယ် ...”
"မှတ်ထားလိုက် ...”
"လီမိသားစုက နှစ်ရာချီတဲ့ ဆေးမြစ်နဲ့ တောင်းပန်တယ် ...”
"ဒါကမှ အသုံးဝင်သေးတယ်”
"ရှင်းရီဂိုဏ်းက စွန်ဝူတိက သူ့အပြစ်အတွက် တောင်းပန်ဖို့ ရောက်နေပါတယ် ...”
"သူ့ကို နည်းနည်းကြာကြာ စောင့်ခိုင်းလိုက်ဦး ...”
လုယန်ဝူက လက်ဆောင် စာရင်းများနှင့် တောင်းပန်စာများကို ဖတ်ပြနေပြီး ချန်းဖန်က ငြိမ်သက်စွာ ထိုင်ရင်း နားထောင်နေခဲ့သည်။ ချန်းဖန် အစွမ်းထက်မှုကို တွေ့ပြီးနောက် စိန်ကျောက်ဘုရားကျောင်း၊ ရှင်းရီဂိုဏ်း အားလုံးက အဖိုးတန် လက်ဆောင်များဖြင့် လာရောက်တောင်းပန် ခဲ့ကြသည်။
"ဓားပျံဂိုဏ်းက ဒေါ်လာ သန်းခုနစ်ဆယ် တန်တဲ့ ရွက်လှေတစ်စင်း လက်ဆောင်ပေးပါတယ် ...” လုယန်ဝူကား လက်ဆောင်စာရင်း များကို ကြည့်ပြီး အလွန် အံ့ဩ နေခဲ့သည့်တိုင် ကျယ်လောင်စွာ ဖတ်ပြနေခဲ့သည်။
တင်းယိတောက်မှာ တင်းဖိန်၏ ဆရာဖြစ်ပြီး ဓားလမ်းစဉ်တွင် ထူးချွန်သော ပညာရှင်တစ်ယောက် ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်ပြီး အသံထက်ပင် လျင်မြန်သည်ဟု ဆိုကြသည်။ ချန်းဖန်မှာ အထွတ်အထိပ် အဆင့်တစ်ယောက်မှန်း သိရသည်နှင့် သူအသစ် ဝယ်ယူထားသော ရွက်လှေကို လက်ဆောင်ပေးခဲ့ပြီး သူ၏ သစ္စာရှိမှုကို ပြသခဲ့သည်။
"နောက်တစ်ခုက ဘာများလဲ ။ စူပါမော်ဒယ် တွေများလား ...”
ဘေးနားမှ ကျင်းရီက အေးစက်စွာ ပြောသည်။ ချန်းဖန် အကြီးအကဲ ချီကို သတ်ပြီးသည်နှင့် သူမကိုပါ သတ်လိမ့်မည် သူမ ထင်မှတ် ထားခဲ့သော်လည်း ချန်းဖန်က သူမကို မသတ်ခဲ့ပဲ အနားမှာပင် ခေါ်ထားခဲ့သည်။
ကျင်းရီ၏ နာမည်အရင်းမှာ ကျိုးကျင်းရီ ဖြစ်သည်။ ကျင်းရီက သူမဆရာနှင့် ပတ်သက်၍ ချန်းဖန်ကို မကျေနပ်သည့်တိုင် သူမထွက်ပြေးရန် မကြိုးစားခဲ့ပေ။
ချန်းဖန်ကဲ့သို့သော လူမျိုး၏ လက်ထဲမှ ထွက်ပြေးရန် ကြိုးစားခြင်းမှာ မသုံးမဝင်ပေ။
သူမဆရာ အသုံးပြုခဲ့သော ကောင်းကင် ပုတီးစေ့များမှာ ခြောက်နှစ်တိုင်တိုင် အချိန်ပေးပြီး အစွမ်းထက်အောင် အဆင့်ဆင့် ပြုပြင်ထားသော အရာများ ဖြစ်ခဲ့သည်။ သို့သော် ထိုချန်းဖန်ဆိုသော ကောင်လေး၏ တိုက်ခိုက်မှုကို တစ်မိနစ်ကြာအောင်ပင် တောင့်မခံနိုင်ခဲ့ပေ။
ဆေးနတ်ဘုရား တောင်ကြား၏ ပြီးပြည့်စုံခြင်း အဆင့်ဘိုးဘေး ပင်လျှင် ချန်းဖန်ကို ကိုင်တွယ်ရန် မလွယ်ကူပေ။
"နင်မကြိုက်ရင်လည်း ဘာမှ ဝင်ပြောစရာ မလိုဘူး ...” လုယန်ရွယ်က သူမကို ကြည့်ရင်းပြောသည်။ လုယန်ဝူကမူ စကားတစ်လုံးမှ ဝင်မပြောခဲ့ပေ။ သူမ၏ အဆင့်အတန်းဖြင့် လုယန်ရွယ်တို့နှင့် ငြင်းခုန်ရန် သူမ မဝံ့ရဲပေ။
"ချန်ပေ့ရွှမ်း နင်ငါ့ကို ဘာလို့ ခေါ်ထားတာလဲ။ နင်ငါ့ကို သိမ်းပိုက်မလို့တော့ မဟုတ်ပါဘူးနော် ...” ကျိုးကျင်းရီက ချန်းဖန်ကို ကြည့်ရင်း မေးသည်။
လုယန်ဝူ ကလည်း ချန်းဖန်ကို မေးမြန်းသည့် အကြည့်ဖြင့် ကြည့်သည်။ ထိုမေးခွန်း၏ အဖြေကို သူမလည်း သိချင်သည်။
ချန်းဖန်က ထိုမေးခွန်းကို ပြန်မဖြေပဲ သူ့ရှေ့ရှိ သစ်သားစားပွဲ ပေါ်မှ လက်ဖက်ရည် တစ်ခွက်ကို ငှဲ့ကာ သောက်လိုက်သည်။
"ငါနေရာမှာ နေတာ တော်လောက်ပြီ။ ခု စီးပွားရေးလုပ်ဖို့ အချိန်ကျပြီ ...”
"ဘာစီးပွားရေးလဲ ...” လုယန်ရွယ်က သူကို အလောတကြီး မေးလိုက်သည်။
"နင် ဒီက ထွက်သွားတော့မှာလား ...”
ချန်းဖန်က သူမကို အဖြေမပေးပဲ ကျိုးကျင်းရီကို ကြည့်ရင်း ပြောသည်။
"ငါ မင်းကို ဘာကြောင့် မသတ်လဲ ဆိုတာ မင်းသိချင်နေတယ် မလား။ ခု ငါပြောပြမယ်။ ဆေးနတ်ဘုရား တောင်ကြားကို သွားဖို့ ငါမင်းဆီက အကူအညီ ယူချင်လို့ပဲ။ မင်းတို့ ဆေးနတ်ဘုရား တောင်ကြား ငါ့အပေါ်ပြုခဲ့တဲ့ အပြစ်တွေအတွက် နှစ်ထောင်ချီရှိတဲ့ ဆေးမြစ်တွေနဲ့ ဆေးကြောဖို့ လိုတယ်”
"နင်လုပ်ရဲလား ...”
ကျိုးကျင်းရီက ဒေါသတကြီး အော်သည်။
"နင် အရင်ဆုံး ငါ့ဆရာကို သတ်တယ်။ ခုလည်း ငါ့ရဲ့ ဂိုဏ်းကို ဖျက်ဆီးချင် နေပြန်ပြီ ...”
"ငါ့ကိုပဲ သတ်လိုက်။ ငါ့ရဲ့ ဂိုဏ်းရှိတဲ့နေရာ ကိုတော့ နင့်ကို ခေါ်မသွား ပေးနိုင်ဘူး ...” ကျိုးကျင်းရီ မျက်လုံးများကို ပိတ်လိုက်သည်။ သူမ၏ ဂိုဏ်းအတွက် သေရမည်ကို မကြောက်ပေ။
"ကောင်းပြီလေ ကိစ္စမရှိဘူး ...”
ချန်းဖန်က ဂရုမစိုက်သလို ပြောသည်” ဆေးနတ်ဘုရား တောင်ကြားကို သိတာ မင်းတစ်ယောက်တည်း မဟုတ်ဘူး”
"နင် ...”
ချန်းဖန်၏ ပုံစံက သူမသာ လိုက်မပို့ ခဲ့လျှင် ယခု သတ်ပစ်လိုက်မည် ပုံစံပင်။ ကောင်းကင်ဘုံ အရှင်သခင် ဖြစ်ခဲ့ဖူးသည့် လူတစ်ယောက် အနေဖြင့် သူ့စကားကို ပြန်ရုပ်သိမ်းလိမ့်မည် မဟုတ်ပေ။
"ကောင်းပြီ ငါ သဘောတူတယ် ...”
ကျင်းရီက ခေါင်းငုံ့ရင်း တိုးညင်းစွာ ပြန်ပြောလိုက်သည်။
"ဒါဆိုလည်း သွားကြတာပေါ့ ...”
ချန်းဖန်က ပြောပြီးသည်နှင့် ထိုင်ရာမှ ထကာ ထွက်ခွာရန် ပြင်လိုက်တော့သည်။
***
ချန်းဖန်ကား ထုံရှန်း နှင့် ကျိုးကျင်းရီတို့ကို ခေါ်၍ မည်သူ့ကိုမှ အသိမပေးပဲ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ချန်းဖန် လုမိသားစုတွင် အတော်ကြာကြာ နေထိုင်ပြီး သူတို့၏ စည်းစိမ်များကို ဖြုန်းတီး ပစ်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ ထို့ကြောင့်ပင် ချန်းဖန် သုံးရန်အတွက် ယွမ်ဘီလျံ အချို့ကိုပင် မိသားစုငွေထဲမှ ချန်ထားခဲ့ပြီး လုယန်ဝူကို ပေးထားခဲ့သည်။
သို့သော်လည်း ချန်းဖန် စကားတစ်ခွန်းမှ မဆိုပဲ ထွက်သွားခဲ့ပြီ ဖြစ်သည်။ လုမိသားစု၏ ငွေတစ်ပြား တစ်ချပ်ကိုပင် သူ ယူမသွားခဲ့ပေ။
ကျိုးကျင်းရီပင်လျှင် ချန်းဖန်၏ အပြုအမူများကြောင့် အံ့ဩနေမိသည်။
"သူတို့ရဲ့ ငွေသားချည်းပဲတောင် ဘီလျံရာနဲ့ ချီပြီး ရှိတာ။ လုမိသားစုရဲ့ ငွေတွေကို ယူသွားဖို့ နင့်မှာ စိတ်ကူး မရှိဘူးလား ...”
အထွတ်အထိပ် အဆင့်များပင်လျှင် ဘီလျံရာနှင့် ချီသော ငွေများ ပိုင်ဆိုင်ရန် မလွယ်ကူ သည်ကို သူမသိသည်။
"မင်းက ငါ့ကို ပေါ့ပေါ့တန်တန် သဘောထား နေတာပဲ ...” ချန်းဖန်က သူမကို ကြည့်ရင်း ပြန်ပြောသည်။
ပိုက်ဆံများမှာ သူ့အတွက် အရေးမပါ လှချေ။ သူစိတ်ဝင်စားသော အရာမှာ နှစ်ထောင်ချီ သက်တမ်းရှိသည့် ဆေးမြစ်များ ဖြစ်သည်။ ထိုအစွမ်းထက် ဆေးမြစ်များနှင့် ဆိုလျှင် တာအို ခန္ဓာကိုယ်ကိုပက် တည်ဆောက်နိုင်လိမ့်မည် ဖြစ်သည်။
"ဟွန်း ...”
ကျိုးကျင်းရီ စိတ်ထဲမှ ကျိတ်ကာ နှာခေါင်းတစ်ချက် ရှုံ့သည်။
"ငါတို့ ဂိုဏ်းခေါင်းဆောင်က နင့်ကို ဘယ်လို ပညာပေးမလဲ ဆိုတာ စောင့်ကြည့် ရသေးတာပေါ့ ...”
ဆေးဘုရင် တောင်ကြား၏ တပည့်တစ်ယောက် အနေဖြင့် ဂိုဏ်းခေါင်းဆောင်၏ စွမ်းအားအပေါ်တွင် သူမ ယုံကြည်မှု အပြည့်ရှိသည်။ ဂိုဏ်းခေါင်းဆောင်မှာ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အပြင် ဂိုဏ်းရှိ အကြီးအကဲများစွာ မှာလည်း အကြီးအကဲချီ ကဲ့သို့ အစွမ်းထက်ကြသည်။ အထွတ်အထိပ် အဆင့်တစ်ယောက် ပင်လျှင် ဆေးနတ်ဘုရား တောင်ကြားကို တစ်ယောက်တည်း လာရောက် တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။
သူတို့သုံးယောက် တောင်ပိုင်းသို့သွားသော ရထားတစ်စီး ပေါ်သို့ တက်ကာ လိုက်ပါသွားတော့သည်။ လုမိသားစု၏ အဆက်အသွယ် များကြောင့် ရထားလက်မှတ်များ အချိန်မီ ရရှိခဲ့သည်။ ထုံရှန်း၏ ခန္ဓာကိုယ်မှာ ကြီးမားလွန်းသဖြင့် ထိုင်ခုံနှစ်ခုစာကို သူတစ်ယောက်တည်း ယူခဲ့ရာ ကျင်းရီက ချန်းဖန်၏ နံဘေးသို့ လာရောက်ထိုင်သည်။
"နင်ဘာလို့ လေယာဉ်နဲ့ မသွားတာလဲ။ နင့်ရဲ့ လူကြီးကိုလည်း ကြည့်ပါဦး ...”
"အဲဒါက မလုံခြုံဘူး ...”
ချန်းဖန်က တိုတိုတိတိ ပြောကာ မျက်လုံးမှိတ်လိုက်သည်။ လေယာဉ်များမှာ ရထားထက် မြန်သည့်တိုင် ကိုယ့်အသက်ကို သူများထံ အပ်နှံထားရသည့် အလုပ်မျိုး ချန်းဖန် မလုပ်လိုပေ။ ယခုခရီးစဉ် မှာလည်း အလျင်လိုခြင်း မရှိသဖြင့် ဘေးကင်းသည့် ရထားဖြင့် သွားရန်သာ သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ချန်းဖန်၏ အမူအရာက ဒေါသထွက်စရာ ဖြစ်နေသည့်တိုင် ကျင်းရီဘာ မပြောတော့ပဲ ငြိမ်နေလိုက်သည်။
ရထားကား တောင်ဘက်သို့ တဖြည်းဖြည်း ခုတ်မောင်းသွားခဲ့ပြီ ဖြစ်သည်။
***
ဆေးနတ်ဘုရား တောင်ကြားမှာ တောင်တန်းများကြားတွင် တည်ရှိပြီး ရှာတွေ့ရန် ခက်ခဲသည်။ ဆေးနတ်ဘုရား ရှိရာနေရာကို ချန်းဖန်က သူကိုယ်တိုင် ရှာဖွေနိုင်သော်လည်း ထိုသို့ လုပ်ရမည်ကို ပျင်းသဖြင့် ကျင်းရီကို လမ်းပြစေခဲ့ခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် သူ တံခါးခေါက်ခေါက်ပြီး ဆေးမြစ်ယူရန်သာ ရှိတော့သည် မဟုတ်ပါလား။
ရထားဆိုက်သည်နှင့် တက္ကစီသမားများ သူတို့ထံ အလုအယက် ပြေးဝင်လာကြသည်။ သို့သော် အနားရောက်သည်နှင့် ထုံရှန်းကြောင့် အနည်းငယ် ကြောက်ရွံ့သွားပုံ ရသည်။
"ဆေးဘုရင် တောင်ကြားက ဒီနေရာနဲ့ ဘယ်လောက် ဝေးသေးလဲ ...”
ချန်းဖန်က ကျင်းရီကို ကြည့်ရင်း မေးသည်။
"အရင်ဆုံး နဂါးဦးခေါင်းမြို့ကို ကားစီးရမယ်။ အဲဒီကနေ ရှိုရှန်းနယ်က လင်းရှန်းရွာကို ဆက်သွား။ အဲကနေထပ်ပြီး သုံးရက်လောက် ခြေကျင် ထပ်သွားရမယ် ...” ကျင်းရီက ချန်းဖန်၏ အမေးကို ပြန်ဖြေသည်။
"အဲလောက်တောင် ဝေးတယ်လား။ မင်း ခါတိုင်းသွားရင်ရော ဘယ်နှရက် လောက်ကြာလဲ ...” ချန်းဖန်က မျက်ခုံးနှစ်ဖက်ကို ပင့်ရင်း မေးသည်။
"ဟမ့် ငါတို့ဂိုဏ်းသာ အဲလို နေရာမျိုးမှာ မရှိရင် နေ့တိုင်း ဆေးလာကုတဲ့ သူတွေနဲ့ ပြည့်နေတော့မှာပေါ့ ...” ကျင်းရီက ချန်းဖန်ကို ပြန်ပက်လိုက်သည်။
"ငါက ဆေးကုဖို့လာတာ မဟုတ်ဘူး။ ရဖို့ရှိတဲ့ ဟာကို လာယူတာ ...” ချန်းဖန်က ပြန်ပြောသည်။ ထိုမာနကြီး လွန်းသော ကောင်လေးကို ကျင်းရီ လည်ပင်းထ ညှစ်ချင်နေပြီ ဖြစ်သည်။
ညဘက်သို့ ရောက်ရောက်သည်နှင့် သူတို့သုံးယောက် တုန်းဟွာမြို့ရှိ တည်းခိုခန်း တစ်ခုတွင် တည်းခိုကြသည်။ ကျင်းရီက ကြယ်ငါးပွင့် အဆင့်ရှိသော ဟိုတယ်ကို ရွေးချယ်သည်။ ထိုဟိုတယ်၏ တစ်ညတာ ကုန်ကျစရိတ် အတွက် ယွမ်တစ်သောင်းကျော် အထိ ချန်းဖန် ရှင်းရလိမ့်မည် ဖြစ်သည်။
ထိုကုန်ကျစရိတ် အတွက် ချန်းဖန်က သူ၏ ဘဏ်ကတ်ကို ထုတ်ကာ နှစ်ခါပြန် မစဉ်းစားပဲ ပေးချေလိုက်သည်။
သူ့တွင်ရှိသော ငွေအများစုကို အစ်မအန်းကို ပေးထားခဲ့သော်လည်း သူ့တွင် ဘဏ်ကတ် တော်တော်များများထိ ကျန်နေသေးသည်။ ကတ်တစ်ခုချင်းတွင် မီလျံရာနှင့် ချီ၍ ရှိနေသေးရာ ငွေကြေးအတွက် ပူစရာ မလိုပေ။
နောက်တစ်နေ့တွင် လင်းရှန်းသို့ သွားရန်အတွက် ကားတစ်စီးငှားရန် ချန်းဖန် ဆုံးဖြတ်လိုက်သည်။ လိုင်းကားများကို တစ်စီးပြီးတစ်စီး ပြောင်းစီးနေရသည့် အလုပ်ကို သူငြီးငွေ့ နေခဲ့ပြီ ဖြစ်သည်။
***