ကျူးမောင်နှမ
Vol. 2 Ch. 176
ချန်းဖန် မြို့ထဲရှိ အကောင်းဆုံး ကားများ ငှားရမ်းသည့် ကုမ္ပဏီ တစ်ခုကို စုံစမ်းပြီး နဂါးဦးခေါင်းမြို့သို့ သွားရန် ကားတစ်စီး ငှားရမ်းလိုက်သည်။
နောက်တစ်နေ့ နေ့လည်သို့ ရောက်သည်နှင့် ကုမ္ပဏီ မန်နေဂျာ၏ကားက ဟိုတယ်ရှေ့နားသို့ ဆိုက်ရောက်လာခဲ့သည်။ ကြယ်ငါးပွင့် ဟိုတယ်မှလှမ်းဆက်သွယ်သည့် ခရီးသည်အတွက် အငှားကား ကုမ္ပဏီမှာ ပေါ့ပေါ့ဆဆ သဘောမထားရဲပေ။ ထို့ကြောင့် မန်နေဂျာကိုယ်တိုင် ရောက်လာခဲ့ခြင်း ဖြစ်သည်။
ချန်းဖန်က မန်နေဂျာကို ဆေးနတ်ဘုရားတောင်ကြားသို့ သွားရောက်မည့် အကြောင်းပြောပြီး ကားငှားရမ်းခကို မေးသည်။ ဆေးဘုရင်တောင်ကြားသို့ သွားရာလမ်းမှာ တောင်တန်းများကို ဖြတ်သန်းသွားရမည် ဖြစ်သောကြောင့် အလွန်ကြမ်းတမ်းသည်။ ထို့ပြင် ထုံးရှန်ကဲ့သို့ ခန္ဓာကိုယ် ကြီးမားသော လူတစ်ယောက်ပါ ပါသဖြင့် ကား၏ အတွင်းပိုင်းမှာလည်း ကျယ်ဝန်းရန်လိုသည်။
"သခင်လေးတို့ ကြိုက်မယ့် ပုံစံမျိုးတော့ ကျွန်တော်တို့မှာ ရှိပါတယ်။ တောင်တက် အမျိုးအစားကား Land Rover (လန်ရိုဗာ) တစ်စီးရှိတယ်။ ဒါက ပုံမှန် SUV (sport utility vehicle) ဆာ့ဗ်ကားတွေရဲ့ အတွင်းပိုင်းထက် အများကြီး ပိုကျယ်တယ်။ ဒါပေမဲ့ ကုန်ကျစရိတ်က ယွမ်တစ်သိန်းလောက် ရှိမယ်။ အဲဒါ သခင်လေးတို့ ...”
မန်နေဂျာက တွေးရင်း အေးဆေးစွာ ပြောပြသည်။
ချန်းဖန်က အချိန်မဖြုန်းပဲ ဘဏ်ကဒ်တစ်ခုကို ထုတ်ယူလိုက်သည်။
"ပလက်တီနမ် ကဒ်...”
မန်နေဂျာ၏ မျက်နှာတွင် ဝမ်းသာမှုများ ပြည့်နေခဲ့ပြီ ဖြစ်သည်။
ထိုလူငယ်လေးမှာ အသက်ဆယ့်ခုနှစ်မျှသာ ဖြစ်သော်လည်း ပလက်တီနမ်ကဒ်ကိုပင် ကိုင်နိုင်နေခဲ့ပြီ ဖြစ်သည်။ ထိုအရာက ကဒ်ထဲတွင် ယွမ်သန်းတစ်ရာခန့် ရှိသည်ဟု ဆိုလိုသည်။ ထိုကောင်လေးမှာ ချမ်းသာသော မိသားစုတစ်ခု၏ သခင်လေးတစ်ယောက် ဖြစ်နိုင်သည်။
Land Rover (လန့်ရိုဗာ) ကားမှာ အရွယ်အစား ကြီးမားပြီး မောင်းနှင်ရန် ခက်ခဲသောကြောင့် ကားမောင်းသမား တစ်ဦးကို အခမဲ့ ဝန်ဆောင်မှု ထည့်ပေးလိုက်သည်။ ချန်းဖန်ကလည်း ထိုကမ်းလှမ်းချက်ကို လက်ခံကာ နောက်တစ်နေ့ နံနက်တွင် တုန်းဟွာမြို့မှ စတင် ထွက်ခွာလာခဲ့တော့သည်။ ထိုကားဆရာမှာ အတွေ့အကြုံများသည့် ယာဉ်မောင်း တစ်ဦးဖြစ်ကာ လင်းရှီနယ်ကို ကျွမ်းကျင်သူ တစ်ယောက်လည်း ဖြစ်သည်။ နဂါးဦးခေါင်းမြို့မှာလည်း သူမကြာခဏ ရောက်ဖြစ်သော နေရာတစ်ခုဟု ဆိုသည်။ သူက လင်းရှန်းရွာကို မကြားဖူးသည့်တိုင် GPS (တည်နေရာ လမ်းညွန်စနစ်) ကို ဖွင့်ပြီး ထိုနေရာကို အလွယ်တကူ ရှာဖွေနိုင်သည်။
ကားလေးမှာ လမ်းမတစ်လျှောက် အရှိန်ပြင်းစွာ ထွက်ခွာနေခဲ့ပြီ ဖြစ်သည်။ လမ်းတစ်နေရာ အရောက်တွင် ချန်းဖန်က ကျိုးကျင်းရီကို ကြည့်ရင်းမေးသည်။
"ဆေးနတ်ဘုရားတောင်ကြား အကြောင်းအားလုံး ငါ့ကို ပြောပြနိုင်မလား...”
"ဟမ့် ဒီခရီးမှာ နင့်ရဲ့ မျှော်လင့်ချက်တွေ ကျရှုံးလိမ့်မယ်လို့ ငါထင်နေတယ်”
ကျိုးကျင်းရီက နှာခေါင်းတစ်ချက် ရှုံ့ရင်း ပြောသည်။
"ဆေးနတ်ဘုရားတောင်ကြားက အစဉ်အဆက် တာအိုကျင့်ကြံသူတွေ နေခဲ့တဲ့ နေရာပဲ။ ငါတို့ရဲ့ အဓိက စီးပွားရေး လုပ်ငန်းက ဆေးလုပ်ငန်းဆိုပေမဲ့ ငါတို့ ဂိုဏ်းခေါင်းဆောင်က ဓမ္မအဆင့်ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်တည်းက ရောက်ပြီးနေပြီ။ နောက်ပြီး ငါ့ဆရာအဆင့်ကို ရောက်နေတဲ့ သူက အနည်းဆုံး လေးယောက်လောက်ရှိတယ်။ ထိပ်သီးအဆင့်ကို မရောက်သေးပေမဲ့ အရမ်းအစွမ်းထက်တဲ့ အယောက်နှစ်ဆယ်လောက်လည်း ဂိုဏ်းထဲမှာ ရှိတယ်...။
နောက်ပြီး ဂိုဏ်းမှာ အစေခံတွေလည်း အများကြီး ရှိသေးတယ်။ သူတို့ထဲက သုံးယောက်လောက်က အတွင်းအား ကျင့်ကြံခြင်း အထွတ်အထိပ်အဆင့်ကို ရောက်နေကြပြီ။ အခြား အယောက်သုံးဆယ်လောက်ကလည်း ကျင့်ကြံခြင်းမှာ ထူးခြားတဲ့ အောင်မှုတွေ ရပြီးနေပြီ...”
"နင်တို့ဂိုဏ်းထဲမှာ လူတွေ အဲဒီလောက်တောင် များတာလား...”
ချန်းဖန် မျက်ခုံးများကို ပင့်တင်ရင်း မေးလိုက်သည်။
ချန်းဖန် အရင်က ဂိုဏ်းတစ်ခု၊ နှစ်ခုခန့်ကို သိထားခဲ့သော်လည်း ထိုဂိုဏ်းများ၏ တပည့်များမှာ တာအိုရရှိခြင်း အဆင့်ကိုပင် မရောက်သေးပေ။
ယခု ဆေးနတ်ဘုရားတောင်ကြားတွင်မူ တာအိုရရှိခြင်း အဆင့်သို့ ရောက်ရှိနေသူ သုံးဆယ်ကျော်ခန့်ပင် ရှိနေခဲ့သည်။ ထိုဂိုဏ်းကို စူပါဂိုဏ်းဟုပင် ခေါ်ရမည် ဖြစ်သည်။
"နင့်ရဲ့ အစီအစဉ်ကို နှစ်ခါပြန် စဉ်းစားဖို့ ငါမျှော်လင့်တယ်။ ဆေးနတ်ဘုရား တောင်ကြားက စိန်ခေါ်သင့်တဲ့ အရာမဟုတ်ဘူး...”
ကျိုးကျင်းရီက လေသံအေးအေးဖြင့် ပြောသည်။
"စွမ်းအားကြီးတဲ့ တိုက်ခိုက်ရေးသမားတွေ မရှိရင် ငါတို့ဂိုဏ်း တိုက်ခိုက်ခံရတာ ကြာပြီပေါ့။ တရုတ်မှာ အဆင့်မြင့် ဆေးပညာ ရှိတဲ့ ဂိုဏ်းဆိုလို့ ဆေးနတ်ဘုရားတောင်ကြားနဲ့ လီမိသားစုပဲ ရှိတာလေ...။
လီမိသားစုရဲ့ အဆက်အသွယ်တွေက ချမ်းသာပြီး စွမ်းအားကြီးတဲ့ လူတွေ ချည်းပဲ။ ဒါကြောင့် သူတို့က အန္တရာယ်တွေက ကာကွယ်ဖို့ ကျောထောက်နောက်ခံ ကောင်းကောင်းရှိတယ်။ ငါတို့ဂိုဏ်းကျတော့ ဘယ်သူနဲ့မှ အရောမဝင်ပဲ သီးခြား ရပ်တည်နေခဲ့တာလေ။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုး နေရတာပေါ့...”
"ဟုတ်ပါပြီ။ နင်တို့ဂိုဏ်းက ကောင်လေးတွေက ငါထင်တာထက် ပိုပြီး အစွမ်းထက်ပါပေတယ်။ ဒါပေမဲ့ ငါလိုချင်တယ်ဆိုရင် ဆေးနတ်ဘုရားဂိုဏ်းလည်း တားဆီးနိုင်မှာ မဟုတ်ဘူး...” ချန်းဖန်က ရယ်မောရင်း ပြန်ပြောသည်။
"နင်..." ကျင်းရီက ဒေါသထွက်ဟန်ဖြင့် အခြားတစ်ဖက်ကို လှည့်လိုက်သည်။ သူမ၏ ပင်ကိုယ်ပုံစံမှာ အေးစက်သော စရိုက်ရှိသည့်တိုင် ချန်းဖန်နှင့် တွေ့ဆုံတိုင်း သူမ၏ စိတ်က လှုပ်ရှားမှု မြန်ဆန်နေခဲ့သည်။
တိတ်ဆိတ်မှုက ကားငယ်လေးအတွင်း လွှမ်းမိုးသွားခဲ့သည်။ ချန်းဖန်က ကျိုးကျင်းရီထံမှ ယူထားသော ဝိညာဥ်သစ်သား အပိုင်းအစလေးကို ထုတ်ယူကာ အထဲမှ ဝိညာဥ်ချီကို စတင်စုပ်ယူလိုက်သည်။ ထိုဝိညာဥ် သစ်သားမှာ ဝိညာဥ် သစ်ပင်တစ်ပင်၏ အပိုင်းအစ တစ်ခုဖြစ်သဖြင့် ပါဝင်သော ဝိညာဥ် ချီစွမ်းအင်များမှာ သာမန် ကျောက်စိမ်းများတွင် ပါဝင်သည့် ချီစွမ်းအင်များထက် ပိုမိုသန့်စင်သည်။
"ဒီသစ်သားစလေးထဲမှာ ရှိတဲ့ ဝိညာဥ် ချီစွမ်းအင်နဲ့ဆိုရင် တာအိုခန္ဓာကိုယ် ငါးပုံတစ်ပုံလောက် အထိ လေ့ကျင့်နိုင်လောက်တယ်။ တကယ်လို့ ငါသာ ဆေးနတ်ဘုရားတောင်ကြားက ဆေးမြစ်တွေနဲ့သာ တာအိုခန္ဓာကို တည်ဆောက်နိုင်ခဲ့မယ် ဆိုရင် ဉာဏ်အလင်းစုဆောင်းခြင်း အဆင့်ကိုရောက်ဖို့ ဘယ်လောက်မှ မဝေးတော့ဘူး....”
ချန်းဖန် အတွေးထဲတွင် နစ်မြောနေခဲ့သည်။
ဉာဏ်အလင်းစုဆောင်းခြင်း အဆင့်နှင့် အခြေခံတည်ဆောက်ခြင်း အဆင့်တို့မှာ ကပ်လျက် တည်ရှိသော်လည်း လုံးဝကွာခြားသည်။ အကယ်၍ ဉာဏ်အလင်းစုဆောင်းခြင်း အဆင့်ကို ရောက်ရှိပြီးသည်နှင့် မသေမျိုးဉာဏ်အလင်း ရရန်မှာ မခက်ခဲလှပေ။ ထိုအဆင့်သို့ ရောက်လျှင် လက်တစ်ချောင်းပင် မလှုပ်ရပဲ လူတစ်ယောက်ကို သတ်နိုင်လာမည် ဖြစ်သည်။ အတွေးတစ်ချက်ဖြင့်ပင် မသေမျိုး ဉာဏ်အလင်းက တိုက်ခိုက်နိုင်စွမ်း ရှိသည်။
နေ့လည်သို့ ရောက်သည်နှင့် ကားဆရာက နေ့လည်စာအတွက် ကားကို ခဏရပ်ပေးသည်။ စွမ်းအင် စုစည်းခြင်း ဆေးများကြောင့် ချန်းဖန်အတွက် အစားစားသောက်ရန် မလိုသော်လည်း ကားဆရာနှင့် ကျိုးကျင်းရီ တို့မှာ အလွန်ဆာလောင်နေခဲ့ပြီ ဖြစ်သည်။
***
ချန်းဖန်တို့ စားသောက်ဆိုင် တစ်ခုထဲသို့ ဝင်ပြီး နေ့လည်စာကို ငြိမ်သက်စွာ စားသောက်နေကြစည်။
မီလျံသန်းချီတန်သောကား၊ လှပသာ မိန်းမပျိုတစ်ယောက်၊ အားကောင်းမောင်းသန် သက်တော်စောင့် တစ်ယောက်နှင့် ငယ်ရွယ်သော လူငယ်လေး တစ်ယောက်တို့၏ ပုံစံကြောင့် ပတ်ဝန်းကျင်မှ လူအများက သူတို့ကို မကြာခဏ လှည့်ကြည့် နေကြသည်။ ထိုကောင်လေးကား အလွန်ချမ်းသာသော မိသားစုမှ သခင်လေးတစ်ယောက် ဖြစ်နိုင်သည်။
ထိုစဉ် ချန်းဖန်၏ ကားနားသို့ ကားလေးတစ်စီး ထိုးရပ်လာသည်။ ထိုကားလေးမှာ S စီးရီး မာစီဒီးကား တစ်စီးဖြစ်သည်။ ထို့နောက် ကားတံခါး ပွင့်လာပြီး စုံတွဲတစ်တွဲ ကားထဲမှ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်၏ နောက်တွင်မူ အနက်ရောင်ဝတ်စုံနှင့် သက်တော်စောင့်များက သတိကြီးစွာဖြင့် လိုက်ပါလာခဲ့သည်။
"ဟိုကိုကြည့်လိုက်စမ်း။ သူတို့ကို ခုနက သူခင်လေးထက် ပိုပြီး ချမ်းသာပုံရတယ်”
လူတစ်ယောက်က ထိုအုပ်စုကို ကြည့်ရင်း ပြောသည်။
"ဝေဖူ အရမ်းချမ်းသာတယ် ဆိုတဲ့သူကို မမြင်ဖူးရင် လာကြည့်စမ်း။ ငါသာ တစ်နေ့ကျ သူတို့လို ချမ်းသာလာရင် မာစီဒီးကားကို စီးပြီး သက်တော်စောင့်တွေ ထားပစ်မယ်”
အခြား လူတစ်ယောက်ကလည်း အားကျသော အကြည့်များဖြင့် ပြောသည်။
အခြားလူများစွာ၏ အကြည့်များအောက်တွင် လူရွယ်စုံတွဲ စားသောက်ဆိုင်အတွင်း ဝင်ရောက်လာခဲ့သည်။
အနက်ရောင်ဝတ် သက်တော်စောင့်များမှာ စားသောက်ဆိုင်အတွင်းသို့ ရောက်သည်နှင့် ထုံရှန်းကို အရင် သတိထားမိလိုက်သည်။
လူရွယ်ကလည်း ချန်းဖန်နှင့် ကျိုးကျင်းရီတို့ကို လှမ်းကြည့်သည်။ လူထွားကြီး၏ ဘေးမှ လူငယ်လေးမှာ ချောမောပြီး သူ့နံဘေးရှိ မိန်းကလေးမှာမူ သူ့မျက်နှာကို ဦးထုပ်ဖြင့် ဖုံးကွယ်ထားရာ မမြင်တွေ့ရပေ။ ထိုလူရွယ်ကား သူ၏သဘာဝအတိုင်း ဖုံးကွယ်ထားသည့် အလှအပကို မြင်ချင်နေခဲ့သည်။
သူတို့ အုပ်စုကလည်း စားပွဲဝိုင်းတစ်ခုတွင် ဝင်ထိုင်ကာ စားသောက် နေကြတော့သည်။
ချန်းဖန်နှင့် သူ၏ အဖော်များမှာ စားသောက်ပြီးသည်နှင့် ဆိုင်မှ ထွက်ကာ ခရီးဆက်ကြပြန်သည်။
ခရီးကား အလွန်ဝေးကွာလွန်းသဖြင့် မြို့ပေါင်း တစ်ဒါဇင်ခန့် ဖြတ်ပြီးသည်နှင့် စားသောက် အနားယူရန် ကားကို ရပ်နားရသည်။ လမ်းတစ်လျှောက်လုံးတွင် ပထမစားသောက်ဆိုင်တွင် တွေ့ရသည့် အုပ်စုနှင့် မကြာခဏဆိုသလို ဆုံစည်းခဲ့သည်။
ညစာဝင်စားသော အခါတွင်လည်း ထိုအုပ်စုနှင့် ထပ်မံဆုံပြန်သည်။ ထိုအုပ်စုထဲမှ လူရွယ်မှာ သိချင်စိတ်ကို မတားဆီးနိုင်တော့ သောကြောင့် ချန်းဖန်တို့ထံလာပြီး မေးမြန်းလိုက်သည်။
"ခင်ဗျားတို့ သုံးယောက်က နဂါးဦးခေါင်းမြို့ကို သွားမလို့လား...”
"ဟုတ်တယ်...” ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
"ဟား ဟား... တိုက်ဆိုင်လိုက်တာ။ ငါတို့လည်း အဲဒီကို သွားမလို့ပဲ”
လူရွယ်၏ မျက်လုံးများမှာ ပျော်ရွှင်မှုကြောင့် လင်းလက်နေသည်။
"မင်းရဲ့ ဇနီးနဲ့ အတူသွားတာလား...”
သူက ထပ်မံမေးသည်။
"ငါက သူ့ဇနီး မဟုတ်ဘူး။ သူနဲ့ ငါက ဘာမှ မဆိုင်ဘူး...”
ကျိုးကျင်းရီက အလောတကြီး ဝင်ပြောသည်။
"အာ တောင်းပန်ပါတယ်...” လူရွယ်က စပ်ဖြဲဖြဲ အမူအရာဖြင့် ပြောသည်။
ထို့နောက် သူက သူ့ကိုယ်သူ မိတ်ဆက်ကာ ချန်းဖန်တို့နှင့် စကားစမြည် ပြောနေခဲ့သည်။ သူ၏ နာမည်မှာ ကျူးရန်တုန်းဖြစ်ပြီး သူနှင့်ပါလာသော မိန်းကလေးမှာ သူ၏ ညီမ ကျူးရိုဟန် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးမှာ ကျောင်းဟိုင်နယ်၊ ကျူးမိသားစုမှ ဖြစ်သည်။ သူတို့နှစ်ဦးမှာ နာမကျန်း ဖြစ်နေသော သူ့ဖခင်အတွက် ကုသမည့်သူကို လာရှာခြင်း ဖြစ်သည်ဟု သိရသည်။
ကျူးရန်တုန်းမှာ အသက်သုံးဆယ်ခန့်ရှိပြီး မျက်နှာမှ နွေးထွေးသော အပြုံးက လူတိုင်းကို သက်တောင့်သက်သာ ဖြစ်စေသည်။ လူတိုင်းကို အေးစက်စက် ဆက်ဆံသော သူ့ကို အနည်းငယ် လက်ခံပုံရသည်။
"ခင်ဗျားက ဆေးနတ်ဘုရားတောင်ကြားကို သွားမလို့လား...”
ချန်းဖန်က ရုတ်တရက် သူ့ကို မေးလိုက်သည်။
"မင်းလည်း အဲဒီနေရာကို သိနေတာလား...”
ကျူးရန်တုန်းက အံ့ဩသည့် ပုံစံဖြင့် ချန်းဖန်ကို ပြန်မေးသည်။ ဆေးနတ်ဘုရားတောင်ကြားမှာ လျှို့ဝှက် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး သိသူ မရှိသလောက် နည်းပါးသည်။ ကျူးမိသားစုပင်လျှင် မိတ်ဆွေတစ်ယောက်ကြောင့်သာ ထိုနာမည်ကို သိခဲ့ရခြင်း ဖြစ်သည်။ ထိုမိတ်ဆွေက ဆေးနတ်ဘုရားတောင်ကြားဂိုဏ်း၏ တည်နေရာကို ပြောပြပြီး ထိုနေရာတွင် အကူအညီတောင်းရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။
"မင်းတို့လည်း ဆေးနတ်ဘုရားတောင်ကြားကို ရှာနေတာလား...”
ကျူးရန်တုန်းက ပျော်ရွှင်စွာပြောသည်။
"ဒါဆို ငါတို့ နှစ်ဖွဲ့ အတူသွားကြမယ်လေ...”
ချန်းဖန်က ဘာမှ မပြောပဲ ငြိမ်နေလိုက်သည်။ ကျိုကျင်းရီကမူ ထိုလူငယ်ကို စိတ်ထဲမှ ကြိတ်ကာ လှောင်မိသည်။ သူ့ရှေ့တွင်ထိုင်နေသော လူငယ်မှာ ဆေးနတ်ဘုရားတောင်ကြားကို တိုက်ခိုက်ရန်သွားသည်ကို မသိပဲ အတူသွားရန် ပြောနေခဲ့သည်။ ထိုလူကား ဓားခုတ်ရာကို လက်ဝင် လျှိုချင်နေခြင်း ဖြစ်ရမည်။
"အစ်ကို ငါတို့ ခရီးကို ဘာလို့ အခြား လူစိမ်းတွေနဲ့ အတူသွားဖို့ ပြောနေတာလဲ...”
ကျူးရန်တုန်း ချန်းဖန်တို့၏ အဖြေကို စိတ်လှုပ်ရှားစွာ စောင့်နေစဉ် နောက်မှ သူ့ညီမ၏ စောင့်ကြီးအောင့်ကြီး အသံကို ကြားလိုက်ရသည်။
ချန်းဖန်ကမူ သူတို့နှစ်ယောက်၏ စကားများကို မကြားချင်ယောင် ဆောင်လိုက်ပြီး စကားတစ်ခွန်းပင် ဝင်မပြောခဲ့ပေ။
**