← Chapters

ပုန်းကွယ်နေသော ကောင်းကင်ဘုံ

Vol. 2 Ch. 177

ပုန်းကွယ်နေသော ကောင်းကင်ဘုံ

Vol. 2 Ch. 177

"ညီလေးချန်းနဲ့ ညီမကျိုး ငါတောင်းပန်ပါတယ်။ ငါ့ညီမက အဖေရဲ့ ကျန်းမာရေး မကောင်းတာကြောင့် နည်းနည်း စိတ်ရှုပ်နေပုံရတယ်။ သူ့ကို ခွင့်လွှတ်ပေးပါ...”

ကျူးရန်တုန်းက ကပျာကယာ တောင်းပန်သည်။

သူ၏ စကားလုံးများက ကျိုးကျင်းရီ၏ စိတ်ကို ပျော့ပြောင်းစေခဲ့သလို ချန်းဖန်ကပင် သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ခွင့်လွှတ်သည့် အမူအရာ ပြခဲ့သည်။ ထိုလူကား အခြားလူများ၏ ချစ်ခင် နှစ်သက်မှုများအား မည်ကဲ့သို့ ဆွဲဆောင် ရယူရမည်ကို သိပုံရသည်။

"ခင်ဗျားအဖေက ဘယ်လိုရောဂါ ရနေလို့လဲ။ နောက်ပြီး ဘာကြောင့် ဆေးနတ်ဘုရားတောင်ကြားကိုပဲ သွားရှာရတာလဲ...”

ချန်းဖန်က သူ့ကို မေးလိုက်သည်။

ချန်းဖန်၏ အဆင့်ဖြင့် ကိစ္စတစ်ခုကို စိတ်မဝင်စားလျှင် စကားတစ်လုံးပင် ဝင်ပြောလိမ့်မည် မဟုတ်ပေ။ ထိုလူ၏ ရိုးသားပွင့်လင်းမှုကို သဘောကျသောကြောင့်သာ ကူညီရန် မေးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ကျူးကျင်းရီသာ ချန်းဖန်၏ အစစ်အမှန် ပုံရိပ်ကို တွေ့မြင်ခဲ့လျှင် အလွန် အံ့ဩသွားလိမ့်မည် ဖြစ်သည်။

ကျူးကျင်းရီက ဖျော့တော့စွာ ခေါင်းခါပြရင်း ပြန်ပြောလိုက်သည်။

"ရိုးရိုး နေမကောင်း ဖြစ်တာ မဟုတ်ဘူး။ အဆိပ် တစ်မျိုးမိနေတာ။ ခရမ်းရောင် ရွှေဘုရားကျောင်းရဲ့ တာအိုဆရာက အကြီးအကဲရှင်းက ငါတို့မိသားစုရဲ့ မိတ်ဆွေလေ။ သူပြောပုံအရဆို စုန်းကဝေတစ်ဦး ခပ်ထားတဲ့ အဆိပ်တဲ့။ ခေတ်မှီဆေးတွေနဲ့ ကုသဖို့ မလွယ်ဘူး။ ဒါကြောင့် ဆေးနတ်ဘုရားတောင်ကြားကို အကူအညီတောင်းဖို့ လာရှာခဲ့တာ...”

"အဲဒါက အဆိပ်ဆိုတော့...” ကျိုးကျင်းရီက ခေါင်းညိတ်မိသည်။

ထိုမိန်းကလေး စိုးရိမ်လွန်နေသည်မှာ ဖြစ်သင့်ပေသည်။ သူမ၏ ဖခင်မှာ သာမန် ဖျားနာခြင်းမျိုး မဟုတ်ပဲ အောက်လမ်းများကြောင့် ယခုကဲ့သို့ အိပ်ရာထဲ လဲနေခဲ့ရခြင်း ဖြစ်နေခဲ့သည်။

"ညီလေးချန်းနဲ့ ညီမလေးကျိုးတို့ကရော ဘယ်ကလာတာလဲ။ ဆေးဘုရင်တောင်ကြားကို ဘာကိစ္စလာကြတာလဲ...”

ကျူးရန်တုန်းက သူတို့နှစ်ယောက်ကို စိုးရိမ်သည့် အကြည့်ဖြင့် ကြည့်ရင်းမေးသည်။

"ကျွန်တော်တို့က ချူကျိူမြို့ကပါ။ နောက်ပြီး ဆေးဘုရင်တောင်ကြားကို အလည်လာခဲ့တာပါ...”

ချန်းဖန်က တည်ငြိမ်စွာ ပြန်ပြောသည်။

"ချူကျိူးမြို့။ ကျန်းနန်နယ်ထဲကပေါ့။ အဲဒီနေရာမှာ ငါ့အသိ တစ်ယောက်ရှိတယ်။ သူ့နာမည်က ရန်တဲ့။ သူက ရက္ကန်းစက်ရုံတစ်ခု ပိုင်တယ်လေ။ သူ့ကို သိလား...”

ကျူးရန်တုန်းက ချန်းဖန်ကို မေးလိုက်သည်။

"ဖက်တီးယန်လား...” ချန်းဖန်က ခေါင်းညိတ်ပြရင်း မေးသည်။

"ဟုတ်တယ်။ သူဌေးရန်လို့လည်း ခေါ်တယ်လေ။ မင်းတို့က တကယ်ပဲ ချူကျိုးမြို့ကပဲ...” ကျူးရန်တုန်းက သက်ပြင်း တစ်ချက်ချသည်။

ဖက်တီးရန်မှာ နာမည်ကြီး စီးပွားရေး သမားတစ်ယောက် ဖြစ်ပြီး ချူကျိုးမြို့ အပြင်ဘက်တွင်မူ သူ့ကို သိသူ မရှိလှပေ။ ချန်းဖန်မှာ ထိုသူဌေးရန်၏ နာမည်ပြောင်ကိုပင် သိပုံရသဖြင့် ချူကျိုးမြို့မှ လာသည် ဆိုခြင်းမှာ သံသယဖြစ်စရာ မရှိတော့ပေ။

ကျူးရန်တုန်းမှု သံသယများ ရှင်းလင်းသွားပြီ ဖြစ်သဖြင့် နွေးထွေးစွာ ပြန်လည် ‌ပြုံးပြလိုက်‌သည်။ ထို့နောက် ကျူးရန်တုန်းက သူတို့နှင့် စကား လက်ဆုံကျနေခဲ့သည်။ ထိုလူကား ပညာတတ် တစ်ယောက် ဖြစ်ပုံရပြီး ရိုးသားပွင့်လင်းသည်။ ထို့ပြင် ရယ်စရာလည်း ပြောတတ်သေးသည်။

"မောင်နှမ နှစ်ယောက်မှာ တစ်ယောက်က ယဉ်ကျေးပြီး နောက်တစ်ယောက်က အေး‌စက်စက်နိုင်တယ်။ သူတို့နှစ်ယောက်က တကယ့်ဆန့်ကျင်ဘက် စရိုက်တွေနဲ့ပဲ...”

ချန်းဖန်က သူတို့ မောင်နှမ နှစ်ယောက်ကို ကြည့်ရင်း မှတ်ချက်ချမိသည်။

ညစာစားပြီးသည်နှင့် ကျူးရန်တုန်းက တက်ကြွစွာ ပြောလိုက်သည်။

"ကဲ ငါတို့နှစ်ဖွဲ့ စလုံးက နေရာတစ်ခုတည်းကို သွားနေတာဆိုတော့ အတူသွားကြရင် မကောင်းဘူးလား...”

ချန်းဖန်က ပြုံးရင်း ခေါင်းညိတ်ပြသည်။ ကျိုးကျင်းရီနှင့် ကျူးရိုဟန်တို့ နှစ်ယောက်လုံးကမူ တစ်ခွန်းမှ ဝင်မပြောခဲ့ပေ။

***

သူတို့နှစ်ဖွဲ့ အတူတကွ ခရီးဆက်ထွက်လာခဲ့ပြီး သန်းခေါင်အချိန်မှသာ ရှန်းယန်နယ်သို့ ရောက်ခဲ့သည်။ ကျူးမိသားစုကား ရှန်းယန်နယ်၏ အကောင်းဆုံး ဟိုတယ်တွင် ကြိုတင်၍ ဘွတ်ကင် လုပ်ထားပြီး ဖြစ်သည်။ ကျူးရန်တုန်းက ချန်းဖန်တို့အတွက်ပါ အခန်းမှာပေးထားသဖြင့် နေထိုင်ရာ နေရာအတွက် မပူရတော့ပေ။

နောက်တစ်နေ့တွင် သူတို့ လင်းရှန်းရွာသို့ ဆက်လက် ထွက်ခွာလာခဲ့သည်။

လင်းရှန်းရွာသို့ ရောက်သည်နှင့် ကျူးရန်တုန်းက လမ်းပြတစ်ယောက်ကို လျင်မြန်စွာ ရှာဖွေလိုက်သည်။ ချန်းဖန်က ကားဆရာကိုခေါပြီး Land Rover ကားကို သူတို့၏ ကုမ္ပဏီကို ပြန်ပို့စေလိုက်သည်။ အရည်အသွေး အကောင်းဆုံးကားများပင်လျှင် ကြမ်းတမ်းသော တောင်တက်လမ်းကို အသုံးပြုရန် သင့်တော်လိမ့်မည် မဟုတ်ပေ။

လင်းရှန်းရွာရှိ လူတော်တော်များများမှာ လမ်းပြအလုပ်ကို လုပ်ကြသည့်အတွက် လမ်းပြတစ်ယောက် ငှားရန်မှာ သူတို့အတွက် မခက်ခဲပေ။ သိပ်မကြာခင်မှာပင် ကျူးရန်တုန်း လမ်းပြတစ်ယောက်ကို ရှာဖွေငှားရမ်းနိုင်ခဲ့သည်။

"ကျွန်တော် ဒီလမ်းကို အကြိမ်ပေါင်းများစွာ သွားဖူးပါတယ်။ မြို့ပေါ်က သူဌေးတွေ ခဏခဏလာပြီး ငှားကြတယ်လေ။ သူတို့က ဒီတောင်တန်း‌တွေကြားမှာ ရောဂါပေါင်းစုံကို ကု‌သပေးနိုင်တဲ့ လူတွေ နေထိုင်ကြတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ သူတို့ လက်ဗလာနဲ့ပဲ ပြန်သွားကြရတယ်...”

သူတို့ ငှားရမ်းထားသော လမ်းပြက သွက်လက်စွာ ရှင်းပြသည်။ ထိုသူကို အဘိုးလီဟု ခေါ်ကြပြီး ဤတောင်တန်းများကို ကျွမ်းကျင်သည့် သူတစ်ယောက် ဖြစ်သည်။

"ဒီတောင်တန်းတွေကြားမှာ အဲဒီလို ပညာရှင်တွေ ရှိတာလား...” ကျူးရန်တုန်းက မေးသည်။

"ဒါပေါ့ ဆေးနတ်ဘုရားတောင်ကြားက အကြီးအကဲတွေက အစွမ်းထက်တဲ့ ပညာရှင်တွေပဲ။ သူတို့က မီးကိုစေခိုင်းနိုင်ပြီး ရေကိုတောင် အမိန့်ပေးနိုင်ကြတယ်...”

အဘိုးလီက တက်ကြွစွာ ရှင်းပြသည်။

"လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဆေးနတ်ဘုရားတောင်ကြားက အကြီးအကဲတစ်ယောက် ရွာကိုရောက်လာခဲ့ပြီး ငါ့အိမ်နီးချင်းရဲ့ သားလေးကို ခေါ်သွားခဲ့တယ်။ သူပြောတာက အဲဒီကလေးက ကျင့်ကြံဖို့ ပါရမီပါလို့ တဲ့လေ။ ရွေးချယ်ခံ ကလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ မိသားစုတွေက ရုတ်တရက် ချမ်းသာ သွားကြတာချည်းပဲ...”

အဘိုးလီ၏ စကားကို ချန်းဖန် အံ့အားသင့်ခြင်း မရှိခဲ့ပေ။ ထိုအဖွဲ့အစည်း၏ အနည်းငယ် ပေးကမ်းမှုကပင် တောရွာလေးမှ သာမန် မိသားစုလေး တစ်ခု ချမ်းသာအောင် လုပ်ပေးနိုင်သည်မှာ ထူးဆန်းခြင်း မရှိချေ။

"ဒါဆိုရင် အဲဒီကို ရောက်ဖို့ ကျွန်တော်တို့ ဘာလုပ်ရမှာလဲဗျ...”

ကျူးရန်တုန်းက အဘိုးလီကို ဖြတ်မေးသည်။

"သူတို့က တကယ့် ပညာရှင်ကြီးတွေလေ။ ငွေကို သူတို့ ဂရုစိုက်တာ မဟုတ်ဘူး။ မကြာခင်ကတုန်းကပဲ ဟောင်ကောင်ကလာတဲ့... နေပါဦး သူတို့နာမည် ငါမေ့နေပြီ။ ကျန်း ဆိုလား ကျုံးဆိုလား။ သူတို့က ငွေဘီလျံနဲ့ ချီပေးပြီး တွေ့ခွင့် တောင်းတာတောင် လက်မခံခဲ့ဘူး...”

အဘိုးလီက ဆက်ပြောပြသည်။

"ဟောင်ကောင်ကလာပြီး နာမည်က ကျန်းဆိုတော့ မဟုတ်မှလွဲရော ဟောင်ကောင်က ကျန်းမိသားစုကလား...”

ကျူးရန်တုန်းက အလောတကြီး မေးသည်။

"ဟုတ်တယ် ဟုတ်တယ်။ အဲဒီ နာမည်ပဲ။ သူတို့ပြောတာက သူမရဲ့ အဘိုးက သေတော့မှာမလို့ ကုသဖို့ ဆေးနတ်ဘုရားတောင်ကြားကို လာအကူအညီတောင်းတာတဲ့။ ဒါပေမဲ့ ဆေးနတ်ဘုရားတောင်ကြားက သူမကို အဖက်တောင် မလုပ်ခဲ့ဘူးလေ...”

အဘိုးလီ၏ စကားကြောင့် ကျူးရိုဟန်နှင့် ကျူးရန်တုန်းတို့၏ မျက်နှာမှာ အနည်းငယ် ဖြူလျော့သွားခဲ့သည်။ ကျန်းမိသားစုမှာ ဟောင်ကောင်၏ ထိပ်တန်း မိသားစု တစ်ခုဖြစ်ကာ သူတို့၏ ကျူးမိသားစုအနေဖြင့် ယှဉ်နိုင်သော အရာမဟုတ်ပေ။

အဘိုးလီစကားကြောင့် ချန်းဖန် ကျိုးကျင်းရီကို လှည့်ကြည့်မိသည်။ သူမ၏ မျက်လုံးများမှာ ဂုဏ်ယူခြင်းများဖြင့် တောက်ပနေသည်။

မာန အလွန်ကြီးသော ညီမဖြစ်သူ၏ ဖြူလျော်နေသော မျက်နှာကို တွေ့ရသဖြင့် ကျူးရန်တုန်း သက်ပြင်း တစ်ချက် ချမိသည်။ ထို့နောက် အခွင့်အရေးတစ်ခု ရှိလိုရှိငြား အဘိုးလီထံလှည့်ကာ မေးသည်။

"အကြီးအကဲလီ ဆိုရင်ရော အကြီးအကဲတွေနဲ့ တွေ့ရဖို့ ဘာလုပ်မှာလဲ...”

အကြီးအကဲလီ‌ ဆိုသော စကားမှာ အဘိုးလီ၏ ဘဝတစ်လျှောက်လုံး ပထမဆုံး အခေါ်ခံခဲ့ရခြင်း ဖြစ်သည်။ အဘိုးအိုက ရင်အုံများကို ပင့်တင်ရင်း တက်ကြွစွာ ပြောလိုက်သည်။

"မင်းတို့ လူရွေးတာ မှန်သွားတယ်။ ငါ့အတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင် အဲဒီပညာရှင်တွေက ငွေကို မမက်ဘူး။ တန်ဖိုးကြီး ဆေးပင်တွေ၊ သိုင်းကျင့်စဉ်တွေ၊ ရှေးဟောင်း ပစ္စည်းတွေနဲ့ ကမ်းလှမ်းရင်တော့ သူတို့ လက်ခံလောက်မယ် ထင်တယ်...”

"ကျင့်စဉ်တွေ၊ ရတနာတွေ၊ ဆေးပင်တွေ... အိုကေ”

ကျူးရန်တုန်း သက်ပြင်းတစ်ချက် ချမိသည်။ တာအိုဆရာရှင်း၏ အကြံပေးချက်ကို ကျေးဇူးတင်ရမည် ဖြစ်သည်။ ဤခရီး၌ တန်ဖိုးကြီး ကျောက်စိမ်းများစွာကို သူယူဆောင်လာခဲ့သည်မှာ ကံကောင်းသွားသည်။

ဤသို့ဖြင့် အားလုံးအဆင်သင့် ပြင်ဆင်ပြီးသည်နှင့် သူတို့ ခရီးစဉ်ကို စတင်လိုက်တော့သည်။

ဆေးနတ်ဘုရားတောင်ကြားသို့ သွားရန်လမ်းမှာ တစ်လမ်းတည်းသာရှိပြီး အန္တရာယ်များ၊ အတားအဆီးများနှင့် ပြည့်နှက်နေသည်။ လမ်းပြကောင်းတစ်ယောက်သာ မရှိလျှင် အသက်အန္တရာယ်ပင် ကြုံတွေ့နိုင်သည်။ ပို၍ ဆိုးသည်မှာ တောရိုင်းသတ္တဝါများ၊ အဆိပ်ပြင်းသော မြွေများမှာလည်း လမ်းတစ်လျှောက် မည်သည့် နေရာတွင် တွေ့ရမည်ဟု ခန့်မှန်း၍ မရပေ။ အဘိုးလီ၏ တောကျွမ်းမှု၊ လျင်မြန် ဖျတ်လတ်မှုတို့ကြောင့်သာ မဟုတ်လျှင် ယခုကဲ့သို့ အားလုံး အန္တရာယ် ကင်းနေလိမ့်မည် မဟုတ်ပေ။

"တကယ်လို သိုင်းပညာရှင်တစ်ယောက် မဟုတ်တဲ့ သာမန်လူတစ်ယောက်သာ ဒီလမ်းကို အဖော်မပါပဲ သွားရင် ကျိန်းသေ သေမှာပဲ...”

ချန်းဖန်တစ်‌ကိုယ်တည်း တွေးမိသည်။ နက်ရှိုင်းစွာ ပေါက်ရောက်နေသော သစ်တောများ၊ မြင့်မားသော တောင်တန်းကြီးများက ဆေးနတ်ဘုရားဂိုဏ်းကို ကောင်းစွာ အကာအကွယ် ပြုပေးထားသဖြင့် ဆေးနတ်ဘုရားဂိုဏ်း တည်ရှိရာနေရာမှာ အလွန်ပင် လျှို့ဝှက်လှသည်။ သူတို့ဂိုဏ်း ရာစုနှစ်နှင့်ချီအောင် တည်ရှိနေနိုင်ခဲ့ခြင်းက မထူးဆန်းပေ။

နှစ်ရက်ကြာအောင် ခရီးကြမ်းနှင်ပြီးနောက် နတ်ဘုရားတောင်ကြားနားသို့ ရောက်ရှိလာခဲ့သည်။ အဘိုးလီက အဝေးတစ်နေရာရှိ တောင်ကြားတစ်ခုကို ညွှန်ပြရင်း ပြောလိုက်သည်။

"ဟိုးမှာ တွေ့လား။ အဲဒီနေရာက ဆေးနတ်ဘုရားတောင်ကြားပဲ။ ငါက မင်းတို့နဲ့ အတူ လိုက်လို့ မရတော့ဘူး။ မင်းတို့ အဲဒီနေရာကို သွားပြီး ဝင်ခွင့်ရဖို့ ကိုယ့်ဘာသာ ခွင့်တောင်းကြတော့”

လူတိုင်းက အဘိုးလီညွှန်ပြသော နေရာကို လှမ်းမျှော် ကြည့်လိုက်မိကြသည်။ ကျောက်တောင်ကြီး တစ်ခုက ထိုနေရာကို ပိတ်ဆို့ထားပြီး ဝင်ပေါက်ငယ်လေး တစ်ခုသာ ရှိနေသည်။ ထိုဝင်ပေါက်ငယ်လေး နောက်တွင်ပင် ကြီးမားသော ကျောက်နံရံကြီး တစ်ခုက ပိတ်ဆို့ထားသည်။

ကျောက်နံရံမှာ ငါးမီတာခန့် မြင့်မားပြီး ဆေးဘုရင်တောင်ကြား တစ်ခုလုံးကို ဝန်းရံနေသည်။ ထိုနံရံ၏ အခြား တစ်ဖက်တွင်မူ အလွန်ငြိမ်းချမ်းသော ကောင်းကင်ဘုံကဲ့သို့ နေရာတစ်ခု ရှိနေခဲ့သည်။

"ရင်သတ် ရှု့မောဖို့ ကောင်းလိုက်တာ...” ထိုမြင်ကွင်းကို ကြည့်၍ ကျူးရိုဟန်ပင် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

ရုတ်တရက် နံရံ၏ ထိပ်ပေါ်တွင် လူရိပ်အချို့ ပေါ်လာသည်။ ထိုလူရိပ်များက နံရံပေါ်က ပေါ့ပါးစွာ ခုန်ချလိုက်ပြီး သူတို့လူစု ရှိရာသို့ လျင်မြန်စွာ ရွေ့လျားခဲ့‌တော့သည်။

***

All Chapters