ဝန်းရံခံရခြင်း
Vol. 2 Ch. 179
ဆေးနတ်ဘုရား တောင်ကြား၊ အစည်းအဝေး ခန်းမအတွင်းတွင်....။
ဂိုဏ်းအကြီးအကဲများနှင့် အာခီမီ ပညာရှင်များစွာက စက်ဝိုင်းပုံစံ ထိုင်ပြီး အသည်းအသန် ဆွေးနွေး နေကြသည်။ အတွင်းအား ထိပ်သီးအဆင့် ဂိုဏ်း၏ တိုက်ခိုက်ရေးသမား များမှာလည်း ထိုဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။
လင်းမြို့တော်၊ လုမိသားစုတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ကြားရပြီးနောက် ဂိုဏ်း၏ ငြိမ်းချမ်းမှုမှာ စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ အကြီးအကဲချီမှာ ဂိုဏ်းအတွင်း ဩဇာ ကြီးမားသော လူတစ်ယောက် ဖြစ်ကာ တတိယမြောက် အကြီးအကဲလည်း ဖြစ်သည်။ သတင်းများအရ အကြီးအကဲ ချီမှာ ချန်းဖန်ဟု ခေါ်သော လူငယ်လေး၏ လက်တစ်ချောင်းတည်းဖြင့် အသတ်ခံခဲ့ရသည် ဟု ဆိုသည်။ ထိုသတင်းက သူတို့ကို ချောက်ချားစေခဲ့သည်။
"ကဲ အချိန်မဖြုန်း ကြနဲ့တော့။ ချန်းပေ့ရွှမ်းကို ရင်ဆိုင်ဖို့အတွက် ငါတို့ရဲ့ တိုက်ခိုက်ရေး သမားတွေကို စုစည်းဖို့ ဂိုဏ်းခေါင်းဆောင်ကို တင်ပြကြရအောင်...” အနက်ရောင် အင်္ကျီ ဝတ်ထားဆင်သည့် အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။
"ဟား ဟား ... အကြီးအကဲ ငါး။ မင်းကို မင်း ဘာထင်နေဝာာလဲ။ မင်းက လုထျန်းဖန်လား။ ဒါမှမဟုတ် ရဲ့နန်ထင်းလား။ ချန်းပေ့ရွှမ်းက လုထျန်းဖန်တောင် သတ်နိုင်ခဲ့တာ။ အရေအတွက်က အရမ်း အစွမ်းထက်တဲ့ သူကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား..."
မိန်းမကြီး တစ်ယောက်က လုပ်ယူထားသော အပြုံးမျိုး ပြုံးရင်း ပြောလိုက်သည်။
"ကျိုးစင်းယု ... မင်းရဲ့ ညီမက ချန်းပေ့ရွှမ်းရဲ့ လက်ထဲမှာ ရှိနေသေးတယ် ဆိုတာ မမေ့နဲ့ဦး။ သူမ အသက်ရှင် သေးလား ဆိုတာ မသိရသေးဘူး။ မင်းငါ့ကို အတိုက်အခံ ပြောနေမယ့် အစား မင်းညီမကိုပဲ ပူသင့်တယ်..." အနက်ရောင် ဝတ်စုံဝတ် အကြီးအကဲက ပြန်လည် ချေပသည်။
"အကြီးအကဲငါး ငါနောက်နေတယ်လို့ ထင်နေလား။ အထွတ်အထိပ် ပညာရှင်တွေက အရေအတွက် များတာကို ကြောက်နေမယ်လို့ နင်ထင်နေရင် မှားလိမ့်မယ်။ နောက်ပြီးတော့ ငါတို့တွေ စုပေါင်းပြီး ချန်းပေ့ရွှမ်းကို ရင်ဆိုင်နိုင်မယ် ဆိုရင်တောင် သူထွက်ပြေး မသွားဘူးဆိုတာ နင်သေချာလား..." မိန်းမကြီးက ပြန်ပြောသည်။
"နင်....."
ဝတ်စုံနက် အကြီးအကဲ ဘာပြန် ပြောရမှန်း မသိတော့ပေ။
"တော်လောက်ပြီ။ အကြီးအကဲငါးနဲ့ စင်းယု နှစ်ယောက်စလုံး ခဏလောက် ငြိမ်ငြိမ် နေပေးပါ..."
မျက်နှာ ညှိုးရော်နေပုံ ပေါက်သည့် အဘိုးအို တစ်ယောက်က သူတို့ နှစ်ယောက်ကို ပြောသည်။
ထိုအဘိုးအိုမှာ ဆေးနတ်ဘုရား တောင်ကြား၏ အကြီးအကဲချုပ် ဖြစ်ပြီး ဂိုဏ်းခေါင်းဆောင် ပြီးလျင် အာဏာ အရှိဆုံးလူ ဖြစ်သည်။ သူ၏ စကားကြောင့် အကြီးအကဲငါးနှင့် စင်းယုတို့ ပါးစပ်ပိတ် လိုက်ကြသည်။
"တတိယ အကြီးအကဲ အလကား သေရတာမျိုး ငါတို့ ခွင့်မပြုနိုင်ဘူး။ ဒါပေမဲ့ သူ့ကို ကိုင်တွယ်ဖို့က တကယ် မလွယ်ကူဘူး။ ငါတို့သာ အစီအစဉ် ကောင်းကောင်း ချမထားရင် သူအလွယ်တကူ လွတ်မြောက် သွားလိမ့်မယ်..."
အကြီးအကဲချုပ်က စဉ်းစားရင်း ပြောသည်။
"အကြီးအကဲချုပ်။ ခင်ဗျား ဘယ်လိုလုပ်ချင်လဲ..." အကြီးအကဲငါးက အဘိုးအိုကို ကြည့်ရင်း မေးသည်။
"ငါပြောတာ ရှင်းနေတာပဲလေ။ ချန်းပေ့ရွှမ်းကို ဖမ်းဖို့က မဖြစ်နိုင်ဘူး။ အထွတ်အထိပ် ပညာရှင်တွေ ဆိုတာ စစ်မှန်တဲ့ နဂါးတွေလိုပဲ။ သူတို့ လွတ်မြောက်ချင်ရင် ဘယ်သူကမှ တားဆီးလို့ မရဘူး။ ဒါပေမဲ့ အခြေအနေ တစ်ခုတော့ ရှိတယ်။ တကယ်လို့ ဂိုဏ်းခေါင်းဆောင်ကသာ အခြား အထွတ်အထိပ် တွေကို အကူအညီ တောင်းပြီး တိုက်ခိုက်မယ် ဆိုရင်တော့ ချန်းပေ့ရွှမ်း ဘယ်လိုမှ ပြေးလွတ်မှာ မဟုတ်ဘူး..." အကြီးအကဲချုပ်က ပြောသည်။
"ချန်းပေ့ရွှမ်း အရမ်းအစွမ်း ထက်မယ် ဆိုရင်တောင် အထွတ်အထိပ် သုံးယောက်ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"
အခြားအကြီးအကဲ တစ်ယောက်က ဝင်ရောက် ဆွေးနွေးသည်။
"ဒါပေမဲ့ ငါတို့ အခြား အထွတ်အထိပ် ပညာရှင်တွေကို ဘယ်လို ဖိတ်ခေါ်ကြမှာလဲ..." အခြား တစ်ယောက်က မေးသည်။
"အကြီးအကဲ ခုနစ်။ မင်းက စိုးရိမ်လွန်နေတာပဲ။ ငါတို့ဂိုဏ်းရဲ့ အဆင့်အတန်းနဲ့ အဆက်အသွယ်တွေ အရ အထွတ်အထိပ် အဆင့်တွေကို ဖိတ်ခေါ်ဖို့က ဘာမှ မခက်ဘူး...” အကြီးအကဲချုပ်က ဂုဏ်ယူသော မျက်နှာနှင့် ပြုံးရင်း ပြောသည်။
"အမှန်ပဲ။ ချန်းပေ့ရွှမ်း ဘယ်လို သေသွားမလဲ ဆိုတာ ကြည့်ဖို့ ငါမစောင့်နိုင်တော့ဘူး..."
စင်းယုမှ လွဲ၍ အခြား အကြီးအကဲများက ခေါင်းညိတ် သဘောတူ လိုက်သည်။ သူမက ကျိုးစင်းရန်ကို အကြောင်းကို တွေးတောကာ ပူပန်နေခဲ့သည်။
စကားဝိုင်းတွင် တစ်ချိန်လုံး ငြိမ်နေသော ငယ်ရွယ်ပုံရသည့် အာခီမီ ပညာရှင် တစ်ယောက်က မာနကြီးစွာ ဝင်ပြောသည်။
"ချန်းပေ့ရွှမ်းသာ သူ့အသက်ကို နှမြောရင် ခုထဲက လာပြီး တောင်းပန်သင့်တယ်။ ဆေးနတ်ဘုရား တောင်ကြားဆိုတာ ရန်မစသင့်ဘူး ဆိုတာ နားမလည်ဘူးလား။ သူ့အဆင့်က ငါတို့ဖိနပ်အောက် ... ။ ဟမ် ဘာသံလဲ..."
ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် သူ့စကားကို တစ်ဝက်တစ်ပျက် ရပ်လိုက်ရသည်။
"ချူကျိုးမြို့က ချန်းပေ့ရွှမ်း ဆေးနတ်ဘုရား တောင်ကြား ခေါင်းဆောင်ကို လာတွေ့တယ်..."
ချန်းဖန်က "မိုးကြိုးစကားလုံးနှင့် တာအိုအသံ" ပညာရပ်ကို အသုံးပြုကာ သူရောက်ရှိနေကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။
"ချွင်... ချွင်...”
အသံလှိုင်း၏ ပြင်းထန်သော ရိုက်ခတ်အားကြောင့် အစည်းအဝေးခန်းမ၏ တံခါးမှန်များ ကွဲထွက် ကုန်သည်။ ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် အားလုံး ကြောင်တောင်တောင် ဖြစ်ကုန်သည်။
"ချီးကောင်က ဒီကို ရောက်နေတာဟ။ ဆေးနတ်ဘုရား တောင်ကြားကို စိန်ခေါ်ဖို့ သူတစ်ယောက်တည်း ရောက်လာတာလား..."
အားလုံး ကြောင်နေစဉ် အကြီးအကဲငါးက မယုံကြည်နိုင်သော အသံဖြင့် ထအော်သည်။
ချန်းဖန်၏ အသံမှာ တောင်ကြား တစ်ခုလုံးကို ပျံ့နှံ့သွားပြီး ကျောက်ဆောင်များနှင့် ရိုက်ခတ်မှုကြောင့် ပဲ့တင်သံများက အတော မသတ်နိုင်အောင် ထွက်ပေါ် နေတော့သည်။
"ချူကျိုးမြို့က ချန်းပေ့ရွှမ်း ဆေးနတ်ဘုရား တောင်ကြား ခေါင်းဆောင်ကို လာတွေ့တယ်..."
ကျူးရန်တုန်း ဒူးထောက်နေရာမှ ချန်းဖန်ကို ကြည့်ရင်း ထိတ်လန့်နေခဲ့၏။ ချန်းဖန်၏ ပုံစံမှာ လမ်းတစ်လျှောက်လုံး သူသိထားခဲ့သည့် အနေအေးသော လူငယ်လေး တစ်ယောက် မဟုတ်တော့ချေ။ လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း မာနကြီးစွာ ရပ်နေပုံမှာ ရုပ်ရှင်ထဲမှ အစွမ်းထက်သည့် သိုင်းပညာရှင် တစ်ယောက်ကဲ့သို့ပင်။
"မင်း... မင်း... မင်းက ချန်းပေ့ရွှမ်းလား...”
ဆရာဟူက ကြောက်ရွံ့စွာမေးသည်။ သူကား စကားကိုပင် မှန်ကန်အောင် မပြောနိုင်တော့ပေ။
"မှန်တယ်။ သူက ချန်းပေ့ရွှမ်းပဲ...” ကျိုးကျင်းရီက မျက်နှာကို ဖုံးအောင် ဆောင်းထားသည့် ဦးထုပ်ကို ဖယ်ရင်း ပြောသည်။
"ကျင်းရီ နင်လား။ အဲဒါဆို သူက တကယ် ချန်းပေ့ရွှမ်းလား...." ကျင်းရီနှင့်ဆရာဟူတို့မှာ ဆယ်စုနှစ် တစ်ခုခန့် အတူနေဖူးရာ ခဏအတွင်းပင် မှတ်မိသည်။
ချန်းပေ့ရွှမ်း ဆိုသော နာမည်မှာ ယခုရက်တွင်း ဂိုဏ်းအတွင်းတွင် အပြောများနေခဲ့သော နာမည် တစ်ခုဖြစ်ပြီး ထိုလူက အကြီးအကဲချီကို လက်တစ်ချောင်းတည်းနှင့် သတ်ခဲ့သည်ဟု ဆိုသည်။ နာမည် ကြားရုံဖြင့်ပင် ဒူးတုန်အောင် ကြောက်ခဲ့ရသော ထိုလူမှာ ယခု သူ့ရှေ့သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူ့လောက် ကံဆိုးမည့်သူ ဤကမ္ဘာတွင် ရှိလိမ့်မည် မဟုတ်ပေ။
ချန်းဖန်ကို ကြည့်ရင်း ဒူးတုန်နေသည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။ မန်ထျန်းမှာလည်း မထိန်းချုပ် နိုင်လောက်အောင် ကြောက်နေခဲ့ပြီ ဖြစ်သည်။
ကျူးရိုဟန်သည် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သဘောမပေါက်ပေ။ ရုတ်တရက် ချန်းဖန်မှာ ကြောက်စရာ ကောင်းသော သတ္တဝါကြီး တစ်ကောင်ကဲ့သို့ ပြောင်းလဲ သွားကြောင်းကိုတော့ သူမသိလိုက်သည်။ သူမ ဖခင်ကြောင့်သာ မဟုတ်လျှင် အိမ်သို့ ပြန်ပြေး သွားလောက်ပြီ ဖြစ်သည်။
***
အစည်းအဝေး ခန်းမထဲမှ အကြီးအကဲများမှာ ချန်းဖန်၏ အသံကြောင့် အပြေးအလွှား ရောက်ရှိ လာခဲ့သည်။
"ချန်းပေ့ရွှမ်း မင်းငါတို့ ဂိုဏ်းကို လာရဲသေးတယ်လား..."
အကြီးအကဲငါးက ရှေ့သို့ ထွက်ရင်း အရင်ဆုံး မေးလိုက်သည်။ ထိုချန်းပေ့ရွှမ်း ဆိုသော ကောင်လေးမှာ ကလေးသာသာ သာရှိသေးပုံရသည်။
"ဘာဖြစ်လို့လဲ။ ဒီတောင်ကြားက မင်းတို့ ဆေးနတ်ဘုရား တောင်ကြားက ပိုင်လို့လား။ ဘယ်သူမှ လာလို့ မရဘူးလား..."
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပေါ့ပေါ့တန်တန် မေးသည်။
"အကြီးအကဲငါး။ အထွတ်အထိပ် ပညာရှင် တစ်ယောက်ရဲ့ ရှေ့မှာ မင်းရဲ့ အပြုအမူတွေကို ဆင်ခြင်ပါ” အကြီးအကဲချုပ်က အကြီးအကဲငါးကို ဆူပူလိုက်သည်။ ထို့နောက် ချန်းဖန်ဖက်သို့ လှည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
"အထွတ်အထိပ် ပညာရှင်ချန်း။ ဒီတောင်ကြားကို ဘာကြောင့်လာခဲ့တာလဲ..."
"မင်းတို့ ဂိုဏ်းရဲ့ ချီကျန်းရန်က ငါ့ကို သူ့အဖွဲ့နဲ့ လာတိုက်ခိုက်ခဲ့တယ်။ ဆေးနတ်ဘုရား တောင်ကြားက အဲ့အတွက် တောင်းပန်ဖို့ လိုတယ်..." ချန်းဖန်က အဘိုးအိုကို ကြည့်ရင်း အေးဆေးစွာ ပြောသည်။
"အကြီးအကဲချီက မင်းကို တိုက်ခိုက်တယ်။ အဲဒီအတွက် မင်းသူ့ကို သတ်ပြီးပြီမလား။ ဒါက သူ့ရဲ့ အပြစ်အတွက် မလုံလောက် သေးတာလား..." လူများစွာက ချန်းဖန်ကို ကြည့်ရင်း တွေးသည်။
"အထွတ်အထိပ် ပညာရှင်ချန်းကို ဘယ်လို တောင်းပန်ရမှာလဲ သိပါရစေ။..." အကြီးအကဲ ချုပ်က ချန်းဖန်ကို မေးသည်။
ယခုအချိန်တွင် ဆေးနတ်ဘုရား တောင်ကြား၏ ခေါင်းဆောင်မှာ တံခါးပိတ်၍ ဝိညာဉ် အဆောင် တစ်ခုကို သန့်စင်နေသည်။ ဂိုဏ်းခေါင်းဆောင်မရှိပဲ အထွတ်အထိပ် ပညာရှင် တစ်ယောက်ကို အနိုင်ယူရန် သူတို့တွင် ယုံကြည်ချက် မရှိပေ။ ထို့ကြောင့်သာ အကြီးအကဲချုပ်က ချန်းဖန်ကို တတ်နိုင်သမျှ ယဉ်ကျေးစွာ ဆက်ဆံနေခဲ့ခြင်း ဖြစ်သည်
"ကောင်းပြီ။ ငါလိုချင်တာက နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ဆေးမြစ်တွေနဲ့ ဝိညာဉ် အဆောင်တွေပဲ..." ချန်းဖန်က သမန်ကာလျှံကာ သဘောမျိုး ပြောသည်။
ချန်းဖန်၏စကားက လူတိုင်းကို အံ့အားသင့် စေခဲ့သည်။
နှစ်ထောင်ချီ ဆေးမြစ်များမှာ ဂိုဏ်း၏ အဖိုးအတန်ဆုံး ရတနာများ ဖြစ်သလို ဂိုဏ်း၏ အသက်သွေးကြောလည်း ဖြစ်သည်။ ဆေးနတ်ဘုရား တောင်ကြားမှာ ထိုဆေးမြစ်များကို နှစ်ပေါင်းရာချီ အတွင်း ခက်ခက်ခဲခဲ ရှာဖွေထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုဆေးမြစ်များကိုသာ ပေးလိုက်လျှင် သူတို့၏ ကြွယ်ဝမှု အားလုံးကို ပေးလိုက်ရသည်နှင့် အတူတူပင်...။
"မင်း ငါတို့ အသက်တွေကိုပါ ဘာလို့ မယူချင်ရတာလဲ..." အကြီးအကဲငါးက ရွဲ့တဲ့တဲ့ ဝင်ပြောသည်။
"မင်းတို့ ကြည့်ရတာ မတောင်းပန်ချင်တဲ့ ပုံစံပဲ...”
ချန်းဖန် မပီမပြင် ပြုံးလိုက်သည်။
"အထွတ်အထိပ် ပညာရှင်ချန်း ... ကျွန်တော်တို့ တကယ် တောင်းပန်ချင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ တောင်းဆိုမှုက ...." အကြီးအကဲချုပ်က စကားကို တစ်ဝက်တစ်ပျက် ပြောရင်း ခေါင်းငုံ့ လိုက်သည်။
"ဆက်ပြီး ဆွေးနွေး မနေနဲ့တော့ အကြီးအကဲချုပ်။ သူက ငါတို့ ပိုင်နက်ထဲကို ရောက်နေပြီပဲဟာ။ ငါတို့မှာ အရေအတွက်က အဆများစွာ သာတယ်။ အကြီးအကဲ သုံးအတွက် လက်စားချေကြမယ်...."
အကြီးအကဲငါးက ချန်းဖန်ကို ဒေါသတကြီး ပြောရင်း သိုင်းပညာရှင် အုပ်စု တစ်ခုကို လက်ဝှေ့ယမ်း၍ အချက် ပြလိုက်သည်။ ထိုအုပ်စုက ချန်းဖန်ပတ်လည်သို့ လျှင်မြန်စွာ ရောက်လာပြီး ဝိုင်းထားလိုက်ကြသည်။
ကျူးရန်တုန်းနှင့် ကျူးရိုဟန်တို့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ချောက်ချား နေခဲ့ပြီ ဖြစ်သည်။
ချန်းဖန်ကမူ ထိုလူများကို ဂရုစိုက်ပုံပင် မရပေ။ သူက တည်ငြိမ်စွာပင် အကြီးအကဲ ချုပ်ဘက်သို့ လှည့်ရင်း ပြောသည်။
"ငါ မင်းတို့ထဲက တစ်ယောက်ကိုမှ မသတ်ချင်ဘူး။ မင်းတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကိုသာ ထွက်လာခိုင်းလိုက်..."
"မင်းက သေချင်နေတာလား...။ ငါတို့ ဂိုဏ်းခေါင်းဆောင်ကိုတောင် မလေးမစား လုပ်ရဲတယ်..." အကြီးအကဲငါးက အော်ဟစ်ကာ သင်္ကေတစ်ခုကို ရေးဆွဲလိုက်သည်။ ထိုသင်္ကေတမှ မီးလုံးတစ်ခု ဖြစ်ပေါ်လာပြီး ချန်းဖန်ထံ တိုးဝင်လာသည်။
"ဟမ့်... လှည့်ကွက် သေးသေးလေး တစ်ခုကများ..." ချန်းဖန်က နှာခေါင်း တစ်ချက်ရှုံ့ကာ လက်သီးကို ဆုပ်ဟန်ပြုသည်။ ထိုခဏမှာပင် လေထဲမှ သူ့ထံသို့ ဦးတည်နေသော မီးလုံးက ပေါက်ကွဲကာ အပိုင်းအစများ အဖြစ် ပြန့်ကြဲ သွားတော့သည်။
ဘေးမှ ကြည့်နေသော လူများ ထိုမြင်ကွင်းကြောင့် ဆွံ့အ သွားကြသည်။ အကြီးအကဲငါးမှာ တာအို ရရှိခြင်းအဆင့် အစီအရင်ရေးဆွဲသူ ဖြစ်ပြီး သူ၏ တိုက်ခိုက်မှုတိုင်းက အလွန် အန္တရာယ် များသည်။ သို့သော် ထိုတိုက်ခိုက်မှုကား ထိုကောင်လေး မလှုပ်ရှား ရသေးခင်မှာပင် ကျိုးပျက်ရသည်။
"အားလုံး တိုက်ခိုက်ကြစမ်း..."
အခြေအနေများမှာ သူ၏ ထိန်းချုပ်မှုအောက်၌ မရှိတော့သောကြောင့် အကြီးအကဲချုပ်က အသက်ပြင်းပြင်း ရှူကာ အမိန့်ပေး လိုက်သည်။
ချန်းပေ့ရွှမ်းဟု ခေါ်သော ကောင်လေးမှာ အလွန်အစွမ်းထက်ပြီး သူတို့ တစ်ယောက်ချင်း မယှဉ်ပြိုင်နိုင်ပေ။ အားလုံး ပူးပေါင်း တိုက်ခိုက်မှသာ သူတို့အတွက် သက်သာရရမည် ဖြစ်သည်။ သို့မဟုတ်လျှင် ထိုကောင်လေးက သူတို့ တစ်ယောက်ချင်းဆီကို လွယ်ကူစွာ သတ်ဖြတ်ပေလိမ့်မည်။
အကြီးအကဲချုပ်၏ စကားကို ကြားသည်နှင့် တာအိုရရှိခြင်း အဆင့် ပညာရှင်များစွာက ချန်းဖန်ကို သူတို့၏ အစွမ်းအထက်ဆုံး ပညာရပ်များနှင့် ပြေးဝင် တိုက်ခိုက်ကြတော့သည်။ ရွှေရောင် ပုတီးလုံးများ၊ သတ်ဖြတ်ခြင်း အရောင်အဝါ ထွက်ပေါ်နေသော ဓားပျံများ၊ အဆိပ်မီးခိုးများ စသည့် တိုက်ခိုက်မှု ပေါင်းစုံက ချန်းဖန်ရှိရာ နေရာကို အရှိန်ပြင်းစွာ တိုးဝင်လာကြသည်။ ချန်းဖန်ရှိရာ နေရာ တစ်ဝိုက်တွင် တိုက်ခိုက် မှုများစွာက လွှမ်းခြုံနေပြီး ထိုအရာများ အောက်တွင် တင့်ကား တစ်စီးပင်လျှင် ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ချန်းဖန်ကား ထိုတိုက်ခိုက်မှုများကို အဖက်ပင် မလုပ်ပေ။ သူ၏ ဘေးတွင်မူ ကျူးမောင်နှမ၊ ထုံရှန်းနှင့် ကျိုးကျင်းရီတို့ ရပ်နေခဲ့ပြီး ကျူးမောင်နှမမှာ ကြောက်ရွံ့မှုကြောင့် တုန်နေပြီ ဖြစ်သည်။
"ကျင်းရီ..."
ကျိုးစင်းယုက လှမ်းအော်သည်။ သို့သော်လည်း သူမ၏ သတိပေးမှုက နောက်ကျနေပြီ ဖြစ်သည်။ များစွာသော တိုက်ခိုက်မှုများ ကလည်း သူမကိုပါ ဝန်းရံလာခဲ့ပြီ ဖြစ်သည်။
အကြီးအကဲငါးက ပြုံးရင်း အေးစက်စွာ ပြောသည်။
"ငါတို့က ချန်းပေ့ရွှမ်းရဲ့ အစွမ်းကို အထင်ကြီး ထားခဲ့မိတာပဲ။ သူက ငယ်ရွယ်တဲ့ ကောင်လေး တစ်ယောက်သာသာပါပဲ။ ဒါက ဆေးနတ်ဘုရား တောင်ကြားကို စော်ကားတဲ့ သူတွေအတွက်… အမ်… ဘာလဲဟ”
သူ့စကား မဆုံးခင်မှာပင် ရွှေရောင် အမိုးခုံးတစ်ခု ဖြစ်ပေါ်လာပြီး ခဏအတွင်း ကြီးမားလာ၍ သူတို့ကို ဖုံးအုပ် လာတော့၏။ ရွှေအမိုးခုံး၏ အလင်းရောင်မှာ တဖြည်းဖြည်းပိုမို ထွန်းလင်းလာပြီး နေတစ်စင်း၏ အရှိန်အဝါများ ထွက်ပေါ်လာကာ သူတို့ကို အုပ်မိုး လိုက်တော့သည်။
ထိုအရာကို မြင်သည်နှင့် ကျိုးကျင်းရီ၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူလျော်လာကာ စိတ်ပျက် အားလျှော့သည့် အသွင် ဖြစ်ပေါ်လာသည်။
***