တစ်ညတည်းဖြင့် ပွပေါက်တိုးခြင်း
Vol. 01 Ch. 26
“ဘော့စ်… ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။” အချိန်အတော်ကြာသည့်တိုင်အောင် တိတ်ဆိတ်နေပြီးသောအခါ တက်တူးနှင့်လူရွယ်သည် ထိတ်လန့်စွာဖြင့် လီကန်းလုံအား မေးလိုက်သည်။
“လခွမ်းမှပဲ ငါ ဘာတတ်နိုင်မှာလဲ။ ဒီနေ့က ငါ့ရဲ့ကံဆိုးတဲ့နေ့လို့ပဲ သတ်မှတ်ပြီး အထက်တန်းကျောင်းသားလေး စိတ်ကြိုက်ကစားတာကို ခွင့်ပြုရတော့မှာပဲ။ သူ ပျော်ရွှင်မှ သခင်လေးလုံက စိတ်ကျေနပ်ပြီး ငါတို့ ဂိမ်းခန်းမ ဆက်ဖွင့်လို့ရမှာ။”
လီကန်းလုံသည် ခါးသီးသောအမူအရာဖြင့် ကြယ်တာရာမြို့ကြီးှရှိ လုံကျန့်လင်းဖခင်၏ သြဇာအာဏာအား တွေးမိရင်း ပြောလိုက်သည်။ ထိုသို့ တွေးမိချိန်၌ပင် လီကန်းလုံသည် သူ့ပါးသူသာ အဖန်တလဲလဲ ရိုက်ချင်မိတော့သည်။ ထိုကျောင်းသားလေးကိုသာ မက်လောက်စရာငွေအသင့်အတင့်နှင့် ကောင်းမွန်စွာ ပြောဆိုခဲ့ပါလျှင် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာမည်မဟုတ်ချေ။ ယခုမူ သခင်လေးလုံအား ပြစ်မှားမိသည်သာမက သူ၏ငွေများလည်း ဆုံးရှုံးရပေတာ့မည်။
“ဘော့စ်… ဒီကျောင်းသားလေးသာ စလော့စက်တွေရဲ့ဆုရနိုင်ချေနည်းကို ရှာတွေ့ခဲ့ရင် ကျွန်တော်တို့ တစ်ပတ်စာ ရှာထားသမျှ ငွေကြေးတွေ ဆုံးရှုံးရမှာနော်။” တက်တူးနှင့်လူရွယ်သည် စိုးရိမ်ပူပန်နေသောလေသံဖြင့် ပြောလိုက်သည်။
“စလော့စက်တွေရဲ့ဆုရနိုင်ချေနည်းကို ရှာတွေ့ခဲ့ရင် ဟုတ်လား။ မင်းကလဲ အတွေးခေါင်နေပြန်ပါပြီ။ကြယ်တာရာမြို့တော်မှာ ဒီလိုဂျီးနီးယပ်စ်မျိုး ဘယ်လိုရှိမှာလဲကွ။ အဲ့လိုသာ ရှိခဲ့ရင် မကာအိုမှာ သွားလောင်းတာက သူ့အတွက် ပိုကောင်းမှာပေါ့။ ငါ့ရဲ့ဆိုင်သေးသေးလေးကို ဘာကြောင့် လာနေမှာတုန်း။”
လီကန်းလုံသည် တက်တူးနှင့်လူရွယ်၏စကားများ ကြားသောအခါ သဘောမတူနိုင်ပဲရှိသည်။ ထန်ရှုသည် စလော့စက်၏ဂျက်ပေါ့အား ထိရန် နည်းလမ်းများ သိလိမ့်မည်မဟုတ်ဟု လီကန်းလုံ ပြောလိုက်သော်ငြား စိုးရိမ်ကြောင့်ကြမှုသည် သူ၏ရင်တွင်းတွင် ရှိနေသည်။ လုံကျန့်လင်း၏နောက်ခံကိုသာ မကြောက်ရပါက လီကန်းလုံသည် ထန်ရှုအား ဂိမ်းခန်းမမှ အလျင်အမြန်ပင် ဆွဲထုတ်မည်သာဖြစ်သည်။ ထိုသို့ လီကန်းလုံနှင့် သူ၏နောက်လိုက်များ စိတ်မသက်သာသောအခြေအနေတွင် ရှိနေစဉ် ထန်ရှုသည် သံသယအနည်းငယ်မျှ မရှိဘဲ အရာရာအား အစီအစဉ် ရေးဆွဲနေပေသည်။
ဂျက်ပေါ့၃ကြိမ်တိုင် ထိထားပြီးသည့်နောက် ထန်ရှုသည် ဂိမ်းခန်းမတွင် ကျော်ကြားလာခဲ့ပြီဖြစ်သည်။ စလော့စက်တစ်ခုအား မျက်နှာချင်းဆိုင်လိုက်သည်နှင့် ထိုစက်တွင် တန်းစီနေသော လူများသည် ထန်ရှုအား နေရာဖယ်ပေးကြပြီးလျှင် သူ၏အနိုင်ရရန် ကစားသည့်နည်းအား စောင့်ကြည့်ကြသည်။ သို့သော်လည်း အချို့သောသူများသည် ထန်ရှု လာရောက်တန်းစီသည်ကို မြင်သည့်အခါ ထိုစလော့စက်သည် ၁၀၀% အနိုင်ရမည့်နှုန်းအား ပေးတော့မည်ဟု တွေးထင်ကြပြီး ထန်ရှုအား နေရာမဖယ်ပေးလိုကြချေ။ သို့သော် ထန်ရှုသည် ရယ်မောပြီး မည်သည့်စကားမျှမဆိုဘဲ အခြားစလော့စက်တွင် သွားရောက်တန်းစီလိုက်သည်။ ထိုအခါ ထိုသူများသည် မည်ကဲ့သို့လုပ်ရမည်ကို မသိသောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး ဂိမ်းငွေများ ရှုံးသွားကြသည်။
ဂိမ်းခန်းမ၏ စိတ်ထားမကောင်းမှုသည် ထန်ရှုအား ဒေါသထွက်စေခဲ့ပြီး သူ၏လှုပ်ရှားမှုများအား ထိန်းချုပ်ထားခြင်း မရှိတော့ဘဲ ဂိမ်းခန်းမ ဆက်လက်ရပ်တည်နိုင်ရန်အတွက်လည်း ဂရုမစိုက်တော့ချေ။
ထို့နောက်တွင်တော့ ဂိမ်းခန်းမအတွင်းရှိ လူတိုင်းသည် စလော့စက်များအတွင်းမှ ဂိမ်းငွေကြေးများ ထွက်လာသည်အား သက်သေအဖြစ်ပင် ကြည့်ရှုကြတော့သည်။
ဂိမ်းငွေကြေး၃ပြားထည့် ၁သောင်းနှစ်ထောင် ဂိမ်းငွေကြေးထွက်။
ဂိမ်းငွေကြေး ၁၇ ပြားထည့် ခြောက်ထောင် ဂိမ်းငွေကြေးထွက်။
ဂိမ်းငွေကြေး ၉၉ ပြား ၂သောင်းနှစ်ထောင် ဂိမ်းငွေကြေးထွက်။
နာရီဝက်ကြာသောအခါ ထန်ရှုသည် ဂိမ်းခန်းမအတွင်းရှိ စလော့စက်အရေအတွက် တစ်ဝက်မက ပိုက်ဆံများအား သိမ်းယူပြီးဖြစ်ပြီး စက်တစ်ခုစီသည် ထောင်ပေါင်းများစွာ ဂိမ်းငွေကြေးများ ထုတ်ပေးခဲ့သည်။ စက်တစ်လုံးသည်ဆိုလျှင် ဂိမ်းငွေကြေး ၂သောင်းမက ထုတ်ပေးခဲ့သည်။
စလော့စက်များတွင် နေရာဖယ်ပေးရန် ငြင်းသောသူများပင် ပဟေဠိဖြစ်ခဲ့ရသည်။ ၎င်းတို့ အနိုင်ရစေကာမူ ငွေကြေးပမာဏသည် အလွန်နည်းပါးပြီး ပြန်လည်သုံးစွဲမိကြသည်။ တစ်ကြိမ်ထက်ပိုကာ အနိုင်ရသောသူ မရှိခဲ့ပေ။ စလော့စက်များအား အကဲခတ်ရုံမျှဖြင့် ထန်ရှုကဲ့သို့ ငွေမရှာနိုင်ကြောင်း သူတို့ နားလည်သဘောပေါက်လာကြသည်။ ထိုအချိန်တွင် ဂိမ်းခန်းမမှ ကျန်သောသူများသည် ထန်ှရှုအား လွန်မင်းစွာ လေးစားနေကြပြီဖြစ်တော့သည်။
နောက်ဆုံးတွင် ဂိမ်းခန်းမရှိ ကစားသမားများသည် သူတို့ဘာသာ မကစားကြတော့ဘဲ ထန်ရှုသွားသည့်နောက်သို့ တကောက်ကောက် လိုက်ကြသည်။ သူတို့အနေဖြင့် မည်သို့သော အထူးအဆန်းများ ဖြစ်ဦးမည်ကို ကြည့်ချင်နေကြသောကြောင့်ဖြစ်သည်။
ထိုသို့ ထန်ရှုတစ်ယောက် ဂိမ်းခန်းမမှ ငွေကြေးများအား ပတ်သိမ်းနေချိန်တွင် လီကန်းလုံသည် အဖြစ်အပျက်အား သိရှိနေသောကြောင့် ငိုကြွေးလုနီးပါး ဖြစ်နေလေသည်။ ဂိမ်းခန်းမ၏အမြတ်အစွမ်းမှာ ကြီးမားသော်လည်း ထိုဟာသည် သူတစ်ယောက်တည်း ရရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
အပေါ်ယံတွင် လီကန်းလုံသည် ဂိမ်းခန်းမ၏သူဋ္ဌေးအဖြစ် တည်ရှိနေသော်လည်း ရှယ်ယာအများစုသည် အခြားလူများမှ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ တစ်ကြိမ်တွင် အများကြီး ရှုံးခဲ့ပါလျှင် သူ့အား ထိုသူများမှ သူဋ္ဌေးရာထူးမှ ဖြုတ်ချပေလိမ့်မည်။ ထိုသို့မဖြစ်ရန်အတွက် သူ၏ပိုက်ဆံများနှင့် ဖြည့်တင်းရတော့မည်ဖြစ်သည်။ လုံကျန့်လင်း၏စကားအား ဆန့်ကျင်ပြီးလည်း မည်သည့်လှုပ်ရှားမှုမှ သူမလုပ်ရဲပါချေ။ ဂိမ်းခန်းမ၏ငွေအတွက် သူ့ပိုက်ဆံအား ဖြည်းဖြည်းချင်း ဖြည့်သွားနိုင်သော်လည်း လုံကျန့်လင်း၏စကားအား ဆန့်ကျင်မိပါက သူ့အသက်အား ပေးလိုက်ရမည်ဖြစ်သည်။ လီကန်းလုံသည် သူ ကပ်စေးအရမ်းနည်းမိသည့်အတွက်လည်းကောင်း၊ ထန်ရှုအား မပြေမလည်ဆက်ဆံမိသည့်အတွက်လည်းကောင်း နောင်တအကြီးအကျယ် ရနေခဲ့ပြီဖြစ်သည်။ သူ၏နှလုံးထဲမှ သွေးများ ယိုစီးနေသည်ဟုပင် ခံစားမိနေရသည်။ လုံကျန့်လင်းသာ ခွင့်ပြုမည်ဆိုပါက လီကန်းလုံသည် ထန်ရှုရှေ့တွင် ဒူးထောက်ကာ ဆက်မကစားတော့ရန် တောင်းပန်လိုက်ချင်သည်။ လုံကျန့်လင်း၏အပြုံးမျက်နှာဖြင့် ခြိမ်းခြောက်သွားမှုကြောင့် လီကန်းလုံခမျာ ထန်ရှုအနား တောင်းပန်ရန်ပင် မကပ်ဝံ့တော့ချေ။
“တွေ့လား။ ထန်ရှုက တကယ်မိုက်တာကွ။ သူ စာမေးပွဲတွေမှာ အမှတ်ကောင်းရပြီး အမြဲပထမယူနိုင်တာတွေ အိုလံပစ်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ယူပေးနိုင်တာတွေက အံ့သြစရာ မရှိတော့ဘူးပဲ။”
“အစ်ကိုကြီး ပြောတဲ့ ထန်ရှုက ဦးနှောက်ပြသနာရှိနေတယ်ဆိုတဲ့စကားက မမှန်ဘူးထင်တယ်။ ငါ သေချာပြောရဲတယ် သူ့ရဲ့လှုပ်ရှားမှုက ကံကောင်းမှုအပေါ်မှာ မမှီခိုထားဘူး။ ဂျက်ပေါ့ထိမယ့် လမ်းကြောင်းနဲ့ ဆုချပေးနှုန်းကို သူ အမှန်တကယ် တွက်ချက်ထားတာပဲ ဖြစ်ရမယ်။”
စုသွမ့်ရှင်းနှင့် တန်လီကွမ်းတို့သည် စုရှန်ဖေး၏ဖြူဖျော့ကာ ရုပ်ဆိုးနေသောသွင်ပြင်အား ကြည့်ပြီး အချင်းချင်းတီးတိုး ပြောဆိုနေကြသည်။
“ထန်ရှုက တကယ်တော်တယ်လို့ မင်းတို့ထင်လား။ သူ အနိုင်ရတဲ့ပိုက်ဆံတွေကို အားကျနေတာလား။”
စုသွမ့်ရှင်းနှင့် တန်လီကွမ်းတို့၏ အားကျနေသောသွင်ပြင်အား ကြည့်ပြီး စုရှန်ဖေးသည် ကောက်ကျစ်စွာ ပြုံးလိုက်ကာ
“သူ့ဦးနှောက် ပြသနာရှိတယ်လို့ ငါ သေချာပေါက် ပြောနိုင်တယ်။ မင်းတို့ စဉ်းစားကြည့် ဒီလမ်းထဲမှာ ဒီလောက်ကြီးတဲ့ ဂိမ်းခန်းမ ဘယ်လို လာဖွင့်နိုင်တာလဲ။ ဂိမ်းခန်းမသူဋ္ဌေးက ဘယ်လိုလူမျိုးလဲ။ သူကရော သူ့စီးပွားရေး တုတ်နဲ့ထိုးတဲ့အဖြစ်မျိုးကို လက်ခံမှာတဲ့လား။ နောက်ဆုံးကျ ထန်ရှုက သူ့အသက်နဲ့ ဒီပိုက်ဆံတွေနဲ့ ပြန်လဲခဲ့ရလိမ့်မယ်။” ထန်ရှု၏ကျေနပ်ဂုဏ်ယူနေသော မျက်နှာအား ကြည့်ပြီး စုရှန်ဖေးသည် သနားစရာလူအဖြစ် မြင်နေမိသည်။
စုရှန်ဖေး၏သုံးသပ်ချက်အား နားထောင်ပြီး စုသွမ့်ရှင်းနှင့် တန်လီကွမ်းတို့သည် ကြောက်ရွံ့သွားကြသည်။ ထို့နောက် သူတို့သည် အားကျသည့်မျက်ဝန်းများအစား သနားစရာလူအဖြစ်သာ ကြည့်မိကြတော့သည်။ စုသွမ့်ရှင်းနှင့် တန်လီကွမ်းတို့သည် သည်လောကကြီးသည် အမြင်လောက် မရိုးှရင်းသည်ကို နားလည်ထားကြသည်။ ထန်ရှု အနိုင်များစွာ ရလေလေ ဂိမ်းခန်းမက သူ့အား ထွက်ခွာခွင့်မပြုလေမှာ သေချာသလောက်ပင်ရှိသည်။ ထန်ရှုသည် သတိပြုမိမည်ဆိုပါက သူ့အသက်အတွက် ထိုအနိုင်ရထားသော ပိုက်ဆံများဖြင့် ပြန်ဝယ်ရပေလိမ့်မည်။ ထို့ကြောင့် သူအားထုတ်ခဲ့သမျှသည် အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
စုသွမ့်ရှင်းနှင့် တန်လီကွမ်းတို့ မသိခဲ့သောအချက်မှာ စုရှန်ဖေးသည် ထန်ရှုသည် ဂိမ်းခန်းမအပြင်ဘက် ထွက်နိုင်မည်မဟုတ်ဟုတွေးနေခဲ့သော်လည်း ထန်ရှု၏စိတ်သည် ပုံမှန်ပြန်ဖြစ်နေသည်ဟူသောအချက်နှင့် ကားအက်ဆီးဒင့်မဖြစ်မီကထက် ပိုမိုကောင်းမွန်နေသည်ဟူသောအချက်အား သတိပြုမိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထန်ရှု၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေပြီး ရဲတင်းသောအပြုအမူသည် သူ၏နောက်တွင် ကြီးမားသောနောက်ခံရှိနေသည့်သဖွယ် ဂိမ်းခန်းမအား မကြောက်မရွံ့ရှိနေသည်ကို မြင်ရသဖြင့် စုရှန်ဖေး၏စိတ်နှလုံးအား မငြိမ်မသက်ဖြစ်စေသည်။
နာရီဝက်ကြာသောအခါ ထန်ရှုသည် စလော့စက်အားလုံးတွင် အနိုင်ကစားပြီး ဂိမ်းငွေကြေး ၄သိန်း၇သောင်းအား တုန်လှုပ်စရာကောင်းလောက်အောင် ရရှိခဲ့သည်။ ဂိမ်းခန်းမမှ တစ်ယောက်ချင်း တွေ့ဆုံမည်ကို မစောင့်တော့ဘဲ ငွေကြေးနင့်လဲလှယ်ရန်အတွက် ကောင်တာသို့ သွားတော့သည်။ ထန်ရှု သွားသည့်ဦးတည်ရာကို ကြည့်ပြီး ဂိမ်းခန်းမတစ်ခုလုံး ခြောက်ခြားစရာကောင်းအောင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လူတိုင်း သိနေသည်မှာ ထန်ရှု၏အနိုင်ရရှိသောပိုက်ဆံသည် ငွေကြေးအဖြစ် ပြောင်းလဲနိုင်မည်မဟုတ်ဆိုသည်ပင်။ ဂိမ်းခန်းမသည် ထိုဂိမ်းငွေပြားများအား ငွေကြေးအဖြစ်လဲလှယ်ပေးမည်ဆိုသည်မှာ မဖြစ်နိုင်သောအရာ (သို့မဟုတ်) သူတို့သည် ထန်ရှုအား ဘေးကင်းစွာဖြင့် ထွက်ခွာခွင့်ပြုမည်မဟုတ်ဟု လူတိုင်းတွေးနေကြသည်။
သို့သော် အလွန်အမင်း အံ့အားသင့်စရာကောင်းလောက်အောင်ပင် ဂိမ်းခန်းမသူဋ္ဌေးကိုယ်တိုင် ထန်ရှုအား ဦးညွတ်ကာ ရိုသေသမှုပြုပြီး တောင်းပန်သည့်အပြုံးဖြင့် ရှိနေစဉ်တွင် ကျန်ဝန်ထမ်းများမှ ငွေကြေးအား သယ်ဆောင်လာပြီး ထန်ရှုလက်ထဲသို့ ထည့်ကာ ဂိမ်းခန်းမအပြင်ဘက်အထိ အစောင့်အရှောက်များဖြင့် လိုက်ပို့သည်ကို လူတိုင်း တွေ့မြင်ကြရလေသည်။ ထိုမြင်ကွင်းကြောင့် လူတိုင်းသည် အိပ်မက်မက်နေသည့်ပမာ ထင်မြင်မိပြီး မလှုပ်မယှက် မိန်းမောသွားကြကုန်သည်။
ထန်ရှုပင်လျှင် ဇဝေဇဝါ ဖြစ်သွားရသည်။ ထိုပြသနာအား အကြမ်းနည်းဖြင့် ဖြေရှင်းရန် သူ၏စိတ်ထဲတွင်ပင် ပြင်ဆင်ထားခဲ့ပြီးသည့်အချိန်တွင် ဂိမ်းခန်းမမှ ထိုကဲ့သို့ သူ့အား ဆက်ဆံလိမ့်မည်ဟု ထင်မထားမိပေ။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဂိမ်းခန်းမသူဋ္ဌေးက ထန်ရှုကို ပြန်ခွင့်ပြုလိုက်တယ်ပေါ့။ နာမည်ပျက်မှာ စိုးရိမ်နေတာဖြစ်မယ်။ အဲ့ဒါကြောင့် သူက ဂိမ်းခန်းမထဲမှာ ထန်ရှုကို ဂရုမစိုက်ချင်ဘူး ဒါပေမယ့် သူ့စိတ်သူ ပြင်ဆင်ပြီး ထန်ရှုလာတာကို စောင့်နေပေးတယ်။ ဟုတ်တယ် ဒီလိုပဲ ဖြစ်သင့်တယ်။ ဒါက ရုပ်ရှင်တွေထဲမှာ မြင်ရတဲ့ ပုံစံမျိုးပဲ။” စိတ်ကူးထဲတွင် ထင်မြင်ထားသော ပုံစံနှင့် တကယ်ဖြစ်လာသည်မှာ ကွာခြားနေသောကြောင့် စုရှန်ဖေး အံ့အားသင့်သွားခဲ့သည်။
စုသွမ့်ရှင်းနှင့် တန်လီကွမ်တို့သည်လည်း တကယ့်ဒရာမာအား ကြည့်ရန်စောင့်နေကြသော်လည်း ဖြစ်မလာသောကြောင့် တစ်စုံတစ်ယောက် ဖျက်ဆီးသွားသည့်နှယ် ခံစားနေရသည်။ စုရှန်ဖေး၏ကောက်ချက်ချသံကို ကြားမှသာ နေသာထိုင်သာဖြစ်သွားကြသည်။
“အစ်ကိုကြီးဖေး… ထန်ရှုနောက်ကို တိတ်တိတ်လေး လိုက်သွားပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာ လိုက်ကြည့်ရအောင်။” ခဏတာမျှ ချီတုံချတုံဖြစ်နေပြီးနောက် စုသွမ့်ရှင်းသည် လှုပ်ရှားရန်ပြောလိုက်သည်။ စုရှန်ဖေးသည် ထိုစကားကြားသောအခါ မျက်လုံးအရောင်လက်သွားကာ တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြကာ သဘောတူလိုက်သည်။ ထို့နောက် သူတို့၃ယောက်သည် ထန်ရှုနောက်သို့ လျင်မြန်စွာ လိုက်သွားကြတော့သည်။
ဂိမ်းခန်းမ အပြင်ရောက်သည်နှင့် ထန်ရှုအား လုံကျန့်လင်းသည် ရပ်တန့်ကာ လမ်းပိတ်ထားသည်။
“အစ်ကိုကြီး.. မင်းက တကယ့်ကို ခဏလေးနဲ့ ငွေရှာနိုင်တာလား။ အဲ့လိုသာ လုပ်နိုင်တယ်ဆိုရင် ငါ့မှာ မင်းကို တစ်ညတည်းနဲ့ ချမ်းသာသွားစေမယ့် နည်းရှိတယ်။” တစ်နာရီ ကြာသွားသောအခါ လုံကျန့်လင်းသည် ထန်ရှုအား အောင်မြင်စွာ ချဉ်းကပ်နိုင်ခဲ့ပြီး အရှက်ကင်းမဲ့စွာ ဆလုရိုက်လျက် ထန်ရှုအား ဆရာတစ်ယောက်သဖွယ် ဆက်ဆံနေတော့သည်။
ထန်ရှုသည် လုံကျန့်လင်းကဲ့သို့လူမျိုးအား ညီငယ်ဟုသဘောမထားချင်သော်လည်း လုံကျန့်လင်းသည် ထန်ရှု၏အမြင်အား လစ်လျူရှုကာ သူ့အား အစ်ကိုကြီးတစ်ယောက်သဖွယ် ပြုမူဆက်ဆံလေသည်။
“မင်းက ငါ့ရဲ့တွက်ချက်နိုင်တဲ့စွမ်းရည်ကို အသုံးပြုပြီး လောင်းကစားလုပ်ချင်နေတာလား။ ငါက ဂိမ်းခန်းမကနေ ငွေသား ယွမ်၃သောင်းကျော်ကျော်ပဲ ရခဲ့တာ။ အခုဆိုရင် သူတို့ရဲ့ပစ်မှတ် ဖြစ်သွားခဲ့ပြီ။ အဲ့ဒါကို မင်းက ငါ့ကို အသုံးချပြီး တစ်ညတည်းနဲ့ ချမ်းသာအောင် လုပ်မယ်လို့ တွေးနေတာလား။” ထန်ရှုသည် လုံကျန့်လင်းအား ကြည့်လိုက်ပြီး မေးလိုက်သည်။
“အစ်ကိုကြီး.. ငါ လောင်းကစားလုပ်ချင်နေတာကို ဘယ်လိုသိလဲ။ အာ..ဟုတ်သားပဲ မင်းက ဉာဏ်ကြီးရှင်ပဲကို။ ငါ့အတွေးထဲမှာ ဘာရှိလဲဆိုတာ ခန့်မှန်းနိုင်မှာပေါ့။” ထန်ှရှုသည် သူ၏ရည်ရွယ်ချက်အား အလွယ်တကူ သိရှိသွားသဖြင့် လုံကျန့်လင်း အံ့အားသင့်သွားသော်လည်း ဂိမ်းခန်းမတွင် ထန်ရှု လုပ်ခဲ့သည်များအား ပြန်လည်မြင်ယောင်လာပြီး လျင်မြန်စွာ စိတ်သက်သာရာရသွားသည်။
“အစ်ကိုကြီး.. မင်းသာ အမှန်တကယ် မင်းရဲ့လောင်းကစားစွမ်းရည်အပေါ် ယုံကြည်တယ်ဆိုရင် တစ်ညတည်းနဲ့ ချမ်းသာရုံတင်မကဘူး တစ်စုံတစ်ယောက်ရဲ့မျက်နှာသာပေးမှုကိုလည်း ရလိမ့်မယ်။ အဲ့လူရဲ့ မျက်နှာသာပေးမှုကို မင်း ရမယ်ဆိုရင် ရွှမ်းကျင်းပြည်နယ်တစ်ခုလုံး မင်း စိတ်ကြိုက် အများကြီး လုပ်နိုင်လိမ့်မယ်။”
သူ၏ရည်ရွယ်ချက်အား ထန်ရှုသိသွားပြီဖြစ်သည့်အလျောက် လုံကျန့်လင်းသည် ကွယ်ဝှက်မနေတော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။