← Chapters

ဓမ္မဓား နယ်ပယ်

Vol. 2 Ch. 180

ဓမ္မဓား နယ်ပယ်

Vol. 2 Ch. 180

ချန်းဖန် ကျောက်စိမ်း အဆောင်လေးကို ရှောင်ချုံးအား ပေးပြီးချိန်မှ စ၍ သူ့တွင် အကာအကွယ် အဆောင် တစ်ခုမျှပင် မရှိတော့ချေ။ သို့သော် ချန်းဖန်မှာ အခြေခံ တည်ဆောက်ခြင်း အဆင့်၏ နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ရောက်ရန် ခြေတစ်လမ်းသာ လိုတော့သည်။ ထို့ကြောင့် အကာအကွယ် အဆောင်များကို သူ မလိုအပ်တော့ပေ။

ချန်းဖန် လက်နှစ်ဖက်ကို ဖြန့်ကား လိုက်သည်နှင့် ရွှေရောင် အမိုးခုံး တစ်ခု ဖြစ်ပေါ်လာပြီး အရာအားလုံးကို ဖြတ်သန်းလွှမ်းမိုး သွားသည်။ အကြီးအကဲများ၏ တိုက်ခိုက်မှုများ၊ အစီအရင် များမှာလည်း ထိုရွှေရောင် အမိုးခုံး၏ လွှမ်းမိုးခြင်း ခံလိုက်ရသည်။

"ဘုန်း..."

ချီစွမ်းအင်များက အရှိန်ပြင်းစွာ ပေါက်ကွဲပြီး ရောင်စုံ သက်တံတစ်ခု ဖြစ်ပေါ်လာကာ အရာ အားလုံးကို တိုက်စားရန် ကြိုးစားသည်။ ထိုအစီအရင်မှာ မသေမျိုးကမ္ဘာမှ အစီအရင် တစ်ခု ဖြစ်သည်။ ထို့ကြောင့် သေမျိုးများ၏ အစီအရင်ထက် မနှိုင်းယှဉ်နိုင်အောင် အစွမ်းထက်သည်။ ထိုအစီအရင်၏ ထောက်ပံ့မှုနှင့် အတူ အမိုးခုံးက ပိုမိုလင်းလက် လာခဲ့သည်။

"မဖြစ်နိုင်ဘူး..." ဆေးနတ်ဘုရား တောင်ကြား၏ အကြီးအကဲများစွာ ထိုမြင်ကွင်းကို ကြည့်ပြီး အလွန် ကြောက်ရွံ့ သွားသည်။

"ချန်းပေ့ရွှမ်းက သိုင်းပညာလမ်းစဉ်ရဲ့ အထွတ်အထိပ်အဆင့် တစ်ယောက် မဟုတ်ဘူးလား။ သူက ဘာဖြစ်လို့ မှော်စွမ်းအင် တိုက်ခိုက်မှုတွေပါ ပြုလုပ် နေနိုင်တာလဲ..." အကြီးအကဲငါးက သွေးရူးသွေးတန်း ရေရွတ်သည်။

သူ၏ စကားကြောင့် လူအများကို ဆွံ့အစေသည်။

သိုင်းပညာနှင့် မှော်စွမ်းအင် နှစ်လုံးကို ပူးတွဲ လေ့ကျင့်ရန်မှာ အမှန်ပင် မလွယ်ကူပေ။ ထို့ထက်ပိုသည်မှာ ထိုကောင်လေးက သိုင်းပညာ လမ်းစဉ်တွင်သာ အထွတ်အထိပ်အဆင့် သို့ရောက်နေခြင်း မဟုတ်ပဲ မှော်ပညာ လမ်းစဉ်တွင်ပါ ဓမ္မအဆင့်သို့ ရောက်ရှိ နေပုံရသည်။

"ဝူတန်ဂိုဏ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မှော်အစီအရင်နဲ့ သိုင်းပညာ နှစ်ခုပေါင်းထားတဲ့ နည်းစနစ် တစ်ခုကို တီထွင် ခဲ့ဖူးတယ်လို့ ကောလာဟလတွေ ရှိခဲ့တယ်။ သူက ဝူတန်ဂိုဏ်းကလား..." ဒုတိယ အကြီးအကဲက မေးလိုက်သည်။

"အဲဒါက ကောလာဟလပါပဲ။ နောက်ပြီးတော့ ဝူတန်ဂိုဏ်း ကျဆင်းသွားခဲ့တာ ကြာနေပြီ။ သူတို့က သမိုင်းထဲမှာပဲ ရှိတော့တယ်..." အကြီးအကဲငါးက ပြန်ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ မပြောကြနဲ့တော့။ အားလုံး အာရုံစိုက်ပြီး တိုက်ခိုက်စမ်း..." အကြီးအကဲချုပ်က အော်ဟစ် လိုက်သည်။

သူ၏ သတိပေးမှုက များစွာသော အကြီးအကဲများ၊ အာခီမီ ပညာရှင်များကို သတိဝင်စေခဲ့သည်။ ချန်းဖန်က လေပေါ်သို့ မြင့်တက်သွားကာ နဂါးတစ်ကောင်ကဲ့သို့ ရန်သူများကို အထက်စီးမှ ကြည့်သည်။ ချန်းဖန်၏ လက်တွင် သုံးမီတာခန့် ရှည်သော ရွှေရောင်ဓားရှည် တစ်လက် ဖြစ်ပေါ်လာပြီး အရာရာမှာ သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေသကဲ့သို့ ခံစားရသည်။

"စုစည်း တိုက်ခိုက်ကြစမ်း..."

အကြီးအကဲချုပ်၏ အမိန့်အောက်တွင် အတွင်းအား ပညာရှင်များ၊ အကြီးအကဲများနှင့် အာခီမီ ပညာရှင်များစွာက သူတို့၏ စွမ်းအင်များကို စုစည်း ချိတ်ဆက်ကြသည်။

"သတ်…"

ချန်းဖန်က လက်ထဲမှ ရွှေရောင်ဓားကို ဝှေ့ယမ်းပြီး ရန်သူများကို တိုက်ခိုက်လိုက်သည်။ ရွှေရောင် အလင်းတန်းများသည် မြေပြင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ရွှေရောင် ဓားရှည်က ရန်သူများထံ အကန့်အသတ်မဲ့ ကျဆင်း လာသည်။

"အား...."

သိုင်းပညာရှင် များစွာမှာ ခုခံချိန်ပင် မရလိုက်ပဲ ချန်းဖန်၏ တိုက်ခိုက်မှု အောက်တွင် သေဆုံး သွားကြသည်။ ဆေးနတ်ဘုရား တောင်ကြားမှ သိုင်းပညာရှင်များ၏ အလောင်းများကား နေရာ အနှံ့ ပြန့်ကျဲ နေတော့သည်။

ထိုအရာကား ဓမ္မဓား ဖြစ်၏။ ချန်းဖန်သည် ဓမ္မဓားကို ယင်နဂါးရေကန်မှ မြွေကို တိုက်ခိုက်ရာတွင် တစ်ခါ အသုံးပြုခဲ့ဖူးသည်။

"အရူးကောင်..."

အကြီးအကဲများက သွေးရူးသွေးတန်း ရေရွတ်သည်။ သူတို့ ရှေ့တွင်ပင် လူသုံးယောက်မှာ ခြောက်ပိုင်း အဖြစ် ပြောင်းလဲသွားခြင်းက သူတို့ကို သွေးပျက်စေသည်။

"နဂါးဒေါသ လက်သီး..."

နတ်ဘုရားတောင်ကြားမှ အသက်လတ် တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ရင်း ခြေပြင်‌ကို ခြေထောက်ဖြင့် အရှိန်ပြင်းစွာ ဆောင့်သည်။ သူ့ခန္ဓာကိုယ်မှ စွမ်းအင်များ ဒေါသတကြီး ထွက်ပေါ်လာကာ သူ့အဝတ်အစားများပင် စုတ်ပြဲ ကုန်သည်။ သူ၏ စွမ်းအင်များမှာ တစ်နေရာတည်းတွင် စုစည်းလာပြီး နဂါးတစ်ကောင်၏ ပုံရိပ် ဖြစ်ပေါ်လာသည်။

အသတ်လတ်လူ၏ စွမ်းအင်များမှာ အထွတ်အထိပ် တစ်ပိုင်းအဆင့်သို့ ရောက်ရှိလာခဲ့ပြီး စုဝူတိ၊ ကူရှီတုန်းတို့ ကဲ့သို့ အစွမ်းထက်လာသည်။

"ဂိုဏ်းတိုက်ခိုက်ရေး သမားဝူရဲ့ နဂါးဒေါသ လက်သီးက အစွမ်းထက် လွန်းတယ်..." အကြီးအကဲ ငါးက တီးတိုး ရေရွတ်သည်။

"ဂိုဏ်းတိုက်ခိုက်ရေး သမားဝူက တရုတ်နိုင်ငံ မြောက်ပိုင်းကလေ။ သူ့ရဲ့ နဂါးဒေါသ လက်သီးက ဝူမိသားစုရဲ့ လျှို့ဝှက် ကျင့်စဉ် တစ်မျိုးပေါ့...."

အတွင်းအား ထိပ်သီးအဆင့် သိုင်းသမား တစ်ယောက်ကလည်း ထိုမြင်ကွင်းကို ကြည့်ရင်း ပြောသည်။

ဂိုဏ်းတိုက်ခိုက်ရေး သမားဝူက သူ၏ နဂါး ဒေါသလက်သီးကို ယုံကြည်မှုရှိသည်။ အကယ်၍ ယဲ့နန်ထန်းနှင့် တိုက်ခိုက်ရလျှင်ပင် ခဏမျှ အချိန်ဆွဲထား နိုင်လိမ့်မည် ဖြစ်သည်။

"မြင့်တက်စမ်း..."

ချန်းဖန်၏ အမူအရာက တည်ငြိမ်နေသည်။ ချန်းဖန်က ရွှေရောင် ဓားရှည်ကို မြှောက်ရင်း တစ်စောင်း ဝှေ့ယမ်း လိုက်သည်။ ရွှေရောင်ဓားရှည်မှ စွမ်းအင်အချို့က ပါးလွှာသော ချည်ကြိုး တစ်မျှင်ကဲ့သို့ ပြောင်းလဲသွားပြီး တိုက်ခိုက်ရေးသမား ဝူထံ တိုးဝင်သွားသည်။ သူ၏ ပတ်ဝန်းကျင်မှ စွမ်းအင်များ မတည်မငြိမ် ဖြစ်လာပြီး လေထုပင် ပိုင်းဖြတ်ခံကသလို သူခံစားလာရသည်။ ရွှေရောင် ဓားအလင်းက အတားအဆီးများ အားလုံးကို ပိုင်းဖြတ်ရင်း သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းဖြတ် လိုက်တော့သည်။

"အ..."

ဂိုဏ်းတိုက်ခိုက်ရေး သမားဝူမှာ ဆုံးအောင်ပင် မအော်ဟစ်နိုင်ပဲ မြေပြင်ပေါ် နှစ်ပိုင်းပြတ်ကာ ပြုတ်ကျ သွားတော့သည်။

တောင်ကြား တစ်ခုလုံးကား လုံးဝတိတ်ဆိတ် နေခဲ့ပြီ ဖြစ်သည်။

"ဓားတစ်ချက်..."

ထိုဓားတစ်ချက်တည်းက အရာအားလုံးကို ပိုင်းဖြတ် သွားခဲ့သည်။ ထိုအရာက အနည်းငယ်တော့ လွန်လွန်းသည်။ ဝူမိသားစု၏ နဂါးဒေါသ လက်သီး ပညာရပ်မှာ သာမန် မဟုတ်ပေ။ သို့သော် အရာအားလုံးက ဓားကွက် တစ်ခုအတွင်း ပြီးဆုံး သွားခဲ့သည်။

"ဒါက အရမ်း ကြောက်စရာ ကောင်းတယ်။ ဒီကောင်လေးက မကောင်းဆိုးဝါး တစ်ကောင်လိုပဲ..."

များစွာသော သိုင်းပညာရှင်များက သေခြင်းတရား၏ အငွေ့အသက် ရိုက်ခတ်မှုကြောင့် မျက်နှာများ ဖြူလျော် နေခဲ့ပြီ ဖြစ်သည်။

"သတ်စမ်း..."

အကြီးအကဲများ၊ အာခီမီ ပညာရှင်များ၊ ဂိုဏ်းတိုက်ခိုက်ရေး သမားများက သွေးရူးသွေးတန်း အော်ဟစ်ရင်း သူတို့၏ တိုက်ခိုက်ရေး စွမ်းအားများကို အပြည့်အဝ ဖော်ထုတ်ကာ ချန်းဖန်ကို တိုက်ခိုက် ကြတော့သည်။

"နိုးထစမ်း..."

ချန်းဖန်က တည်ငြိမ်စွာ ရေရွတ်ရင်း ရွှေရောင်ဓားရှည်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းသည်။ ဓားရှည်မှ ရွှေရောင် စက်ဝိုင်း အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ ချန်းပတ်၏ ဘေးပတ်လည်၌ ဝန်းရံလာသည်။ ထို‌အလင်းတန်းမှ ရွှေ‌ရောင် ချီစွမ်းအင်လှိုင်းများ ဖြစ်ပေါ်နေပြီး အရာအားလုံးကို တိုက်စားမည့်ဟန် ပြင်သည်။

ထိုအရာကား ဓားနယ်ပယ် ဖြစ်ပြီး အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်း၏ ကျင့်စဉ် တစ်ခု ဖြစ်သည်။ ဓားနယ်ပယ်မှာ စကြဝဠာ အတွင်းရှိ မည်သည့် အရာကိုမဆို ပိုင်းဖြတ်နိုင်ပြီး မှော်အစီအရင် တိုင်းကို တားဆီးနိုင်သည်။ ဓားနယ်ပယ်ကြောင့်ပင် အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်း၏ ကျင့်ကြံ သူများမှာ အဆုံးအစမဲ့ စကြဝဠာ ထဲတွင် အနှောင်အဖွဲ့ ကင်းမဲ့စွာ လေလွင့် နိုင်ခဲ့သည်။

"ဘန်း.... ဘန်း ... ဘန်း..."

များစွာသော တိုက်ခိုက်မှုများက ချန်းဖန်ထံ အရှန်ပြင်းစွာ တိုးဝင် လာသော်လည်း ဓားနယ်ပယ်ထဲကို ဝင်ရောက်သည်နှင့် အစရှာမရအောင် ပျောက်ကွယ် သွားတော့သည်။

"ချီးပဲ..."

များစွာသော သိုင်းပညာရှင်များကား ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်တကြား ရေရွတ်သည်။ သူတို့၏ များစွာသော တိုက်ခိုက်မှုများကား ထူးဆန်းသော အလင်းစက်ကွင်းထဲကို ဝင်ရောက်သည်နှင့် အစအနပင် ရှာမရအောင် ပျောက်ကွယ် သွားကြသည်။ ထိုမကောင်းဆိုးဝါး ကောင်လေးကား အမှန်ပင် ကြောက်စရာ ကောင်းလွန်းသည်။

"သတ်... သတ်... သတ်..."

နောက်တစ်ကြိမ် တိုက်ခိုက်မှုများ ရောက်မလာခင် ရွှေရောင် အလင်းစက်ကွင်းက သိုင်းပညာရှင် များစွာထံ အရှိန်ပြင်းစွာ တိုးဝင်သွားပြီး အရာရာကို ရက်စက်စွာ ပိုင်းဖြတ်သည်။

"အား...အား... "

နာကျင်သော အော်ဟစ်သံများက တောင်ကြား တစ်ခုလုံး ဖုံးအုပ်နေခဲ့သည်။ ရွှေရောင် အလင်းစက်ဝိုင်းက သူတို့ကို ပိုင်းဖြတ်ပြီး အကြီးအကဲများ ရှိရာထံသို့ ဆက်လက် တိုးဝင်သည်။

"ချန်းပေ့ရွှမ်း မင်းက အရမ်းရက်စက်တဲ့ မကောင်းဆိုးဝါးပဲ...."

အကြီးအကဲချုပ်က ဒေါသတကြီး အော်ဟစ်သည်။ ခဏအတွင်းမှာပင် သူတို့ဘက်မှ သိုင်းပညာရှင်များစွာ အပိုင်းပိုင်း ဖြတ်ခံရပြီး အသတ် ခံခဲ့ရသည်။ အချို့မှာ မသေဆုံးသည့်တိုင် ခြေပြတ်၊ လက်ပြတ် ဒုက္ခိတများ ဖြစ်နေပြီ ဖြစ်ကာ မြေပြင်ပေါ် လဲကျနေကြသည်။

အကြီးအကဲချုပ်၏ မျက်လုံးများက နီရဲလာပြီး မည်းနက်သည့် ကျောက်တုံးတစ်ခုကို ချန်းဖန်ရှိရာသို့ ပစ်လွှတ်လိုက်သည်။ ထိုကျောက်တုံးမှာ လေထဲတွင် ပေါက်ကွဲသွားပြီး ငွေရောင် လျှပ်စီး မုန်တိုင်းအဖြစ် ပြောင်းလဲကာ ချန်းဖန်ထံသို့ တိုးဝင်သွားသည်။

"ကောင်းကင် သခင်ဂိုဏ်းရဲ့ မိုးကြိုးကျောက်တုံး ...”

များစွာသော အကြီးအကဲများက ထိုမြင်ကွင်းကို ကြည့်ရင်း အံဩတကြီး ရေရွတ်သည်။ ထိုအရာကား ကျားနှင့် နဂါးတောင်မှ အဆောင်ပစ္စည်း တစ်ခု ဖြစ်ကာ ထုတ်လွှတ် လိုက်သည်နှင့် ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုနှင့် ညီမျှသော အင်အားကို ဖြတ်ပေါ်စေသည်။

"သတ်စမ်း...."

အပူစွမ်းအင်များ ပြည့်နှက်နေသည့် မိုးကြိုးမုန်တိုင်း တစ်ခုက အနားသို့ ရောက်လာသည်နှင့် ချန်းဖန်က ဓားကို တစ်ချက် ဝှေ့ယမ်းသည်။

"ဘန်း...”

လျှပ်စီးမိုးကြိုး မုန်တိုင်းကား သာမန် ဝှေ့ယမ်းသော ဓားချက်အောက်တွင်ပင် အလုံးစုံ ပျက်စီးရသည်။ လျှပ်စီး မိုးကြိုးမုန်တိုင်းက ကျယ်လောင်စွာ ပေါက်ကွဲပြီး လေထဲတွင်ပင် ကွယ်ပျောက် သွားသည်။

"သူက အရမ်း သန်မာတယ်။ အရမ်း သန်မာတယ်...."

အကြီးအကဲချုပ်ကား ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုကား ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်၏ အစွမ်းနှင့်ပင် ညီမျှပြီး ကောင်းကင် သခင်ဂိုဏ်း၏ အစွမ်းထက်ဆုံး အဆောင်ပစ္စည်း တစ်ခု ဖြစ်သည်။ အထွတ်အထိပ် အဆင့် တစ်ယောက်ပင်လျှင် ယခုကဲ့သို့ အလွယ်တကူ ချေဖျက်ရန် မဖြစ်နိုင်ပေ။

ချန်းဖန်၏ ဓားချက်က ထိုတိုက်ခိုက်မှုကို ဖျက်ဆီးပြီးသည်နှင့် သူ့ထံသို့ ထပ်မံ တိုးဝင်လာခဲ့ပြီ ဖြစ်သည်။

အကြီးအကဲချုပ်က အံတင်းတင်း ကြိတ်ကာ လည်ပင်းရှိ ဆွဲကြိုးကို ဆွဲဖြတ် လိုက်သည်။ ရွှေရောင် အလင်းတန်း တစ်ခု ပေါ်ထွက်လာကာ သူ့ကို ဝန်းရံသွားသည်။ ထိုအရာမှာ တိဘက် ဘုန်းကြီး တစ်ဦးထံမှ ရရှိခဲ့သော အကာအကွယ် အဆောင် တစ်ခုဖြစ်သည်။

ထိုအကာအကွယ် အဆောင်မှာ အကြီးအကဲချီ၏ အဆောင်ထက် အားနည်းသည့်တိုင် သူဈေးကြီးပေး၍ ဝယ်ထားခဲ့ရသော အရာ ဖြစ်သည်။ ထိုအရာက ချန်းဖန်၏ တိုက်ခိုက်မှုကို အချိန်အနည်းငယ် ခုခံ နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

"ဟမ့်... မင်းက ငါ့ရဲ့ တိုက်ခိုက်မှုကို တားဆီးချင်တာလား...."

ချန်းဖန်က နှာခေါင်း တစ်ချက်ရှုံ့ရင်း ဓားကို ထပ်မံဝှေ့ယမ်းသည်။ သူ တောင်တန်းမြစ်ပြင် ဖြတ်သန်းခြင်း ဓားကွက်ကိုပင် အသုံးမပြုခဲ့ပေ။

ဓားလှိုင်းတစ်ခုက အကြီးအကဲချုပ်၏ အကာအကွယ်ကို လွယ်ကူစွာ ဖြတ်သန်းပြီး အကြီးအကဲချုပ်၏ လည်ပင်းပေါ်တွင် ရပ်တန့် လိုက်သည်။ အကြီးအကဲချုပ်ကား မျက်လုံးကို မှိတ်ကာ သေခြင်း တရားကို ရင်ဆိုင်ရန် ပြင်သည်။ ကံကြမ္မာ ယခုကဲ့သို့ အဆုံးသတ် စေမည်ဟု သူ မျှော်လင့် မထားခဲ့ပေ။

"ရပ်လိုက်စမ်း..."

ထိုအချိန်မှာပင် အရှိန်အဝါကြီးသော အသံတစ်ခုက ထွက်ပေါ်လာပြီး တောင်ကြား တစ်ခုလုံးလုံးကို ဖုံးအုပ် သွားသည်။ ထိုအသံမှာ အဝေးမှ လာသည်ဟု ထင်ရသည့်တိုင် အနားကို ကပ်၍ ပြောသလို ချန်းဖန် ခံစားလိုက်ရသည်။

"ဂိုဏ်းခေါင်းဆောင် ခင်ဗျား ရောက်လာပြီပဲ..."

ချန်းဖန်က ကျေနပ်စွာ ခေါင်းတစ်ချက် ညိတ်ရင်း ပြုံးပြ လိုက်သည်။

***

All Chapters