အဆိပ်ခုနစ်မျိုး အစီအရင်
Vol. 2 Ch. 181
"ချန်းပေ့ရွှမ်း မင်းဘာကြောင့် ကိုယ့်အတိုင်းအတာကို ကိုယ်မသိတာလဲ...."
မီးခိုးရောင် အရိပ်တစ်ခုက ကောင်းကင်မှ မြေပြင်ပေါ် ဖြည်းညင်းစွာ ကျဆင်းလာပြီး ချန်းဖန်ထံ လျှောက်လှမ်း လာသည်။ အရိပ်သည် တဖြည်းဖြည်း နီးကပ်လာသည်နှင့် အစိမ်းပုပ်ရောင် တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် အဘိုးအို တစ်ယောက်အား လူတိုင်းက တွေ့မြင် လိုက်ကြရသည်။
ထိုအဘိုးအိုမှာ ဆံပင်များ ဖြူနေသောကြောင့်သာ အဘိုးအိုဟု ခေါ်ရမည် ဖြစ်ပြီး သူ၏ ရုပ်ရည်မှာ လူငယ်လေး တစ်ယောက်ကဲ့သို့ပင် နုပျိုသည်။ သူ၏ အသားအရေမှာလည်း မွေးကင်းစ ကလေးငယ် တစ်ယောက်ကဲ့သို့ ချောမွေ့နေပြီး မိုးကောင်းကင်မှ မသေမျိုး တစ်ယောက်ကဲ့သို့ အရှိန်အဝါများ ထွက်ပေါ် နေခဲ့သည်။
"ဂိုဏ်းခေါင်းဆောင်..."
ဆေးနတ်ဘုရား တောင်ကြားမှ အဖွဲ့ဝင်များစွာက ရိုသေစွာ နှုတ်ဆက် လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့၏ ပြည့်စုံခြင်း အဆင့် ဂိုဏ်းခေါင်းဆောင်မှာ ရောက်ရှိ လာခဲ့လေပြီ။
ဂိုဏ်းစတင် တည်ထောင် ပြီးချိန်မှ စတင်၍ ယခုကဲ့သို့ တစ်ခါမျှ အစုလိုက်၊ အပုံလိုက် သေဆုံးခဲ့ခြင်းမျိုး မရှိခဲ့ပေ။ ယနေ့ကား ဂိုဏ်း၏ သမိုင်းတွင် အဆိုးဆုံး နေ့ရက် တစ်ခုပင်။
ကျူးရိုဟန်က ထိုမြင်ကွင်း အစ၊ အဆုံးကို ကြည့်ရင်း သေမတတ် ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ သူမနှင့် တစ်လမ်းလုံး အတူလာခဲ့သည့် ကောင်လေးကား မကောင်းဆိုးဝါး တစ်ကောင်ထက်ပင် ရက်စက် လွန်းကာ လူပေါင်းများစွာ၏ အသက်ကို သတ်ဖြတ်ခဲ့သည်။
"မင်းတို့ဂိုဏ်းရဲ့ အကြီးအကဲချီက လူတစ်စုကို ဦးဆောင်ပြီး ငါ့ကို လာတိုက်ခိုက်တယ်။ တကယ်လို့ ငါသာ အစွမ်းမရှိတဲ့ ကောင်လေး တစ်ယောက်ဆို ငါ ဘာဖြစ်သွားမယ်လို့ မင်းထင်လဲ..."
ချန်းဖန်က ဂိုဏ်းခေါင်းဆောင်ကို တည်ငြိမ်စွာ ကြည့်ရင်း မေးသည်။
"အကြီးအကဲချီကို မင်းသတ်လိုက်ပြီ မလား။ မကျေနပ်သေးဘူးလား..." ဂိုဏ်းခေါင်းဆောင်က ပြန်ပြောလိုက်သည်။
"ငါက ဒါကို မေ့ပစ်လိုက်လို့ ရတယ်။ ဒါပေမဲ့ မင်းရဲ့ တပည့်တွေက မေ့ပစ်လိုက်မယ်လို့ ထင်နေလား...."
ချန်းဖန်က ပြောရင်း လက်အစီအရင် တစ်ခုကို ပြုလုပ်ကာ လေထဲတွင် ရေးဆွဲ လိုက်သည်။ ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ပေါ်ထွက်လာကာ ဆေးနတ်ဘုရား တောင်ကြား တစ်ခုလုံးကို ဖုံးလွှမ်း သွားသည်။
"ငါတို့ ဘာလို့ အချိန်ဖြုန်း နေရဦးမှာလဲ။ ငါတို့မှာ တာအို ရရှိခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ အတွင်းအား ထိပ်သီးအတင့် သိုင်းပညာရှင်တွေ အများကြီး ရှိတယ်မလား။ ငါတို့ သူ့ကို သတ်ပစ်နိုင်တယ်..."
"တတိယ အကြီးအကဲ အလကားသေရတာမျိုး ငါတို့ ခွင့်မပြုနိုင်ဘူး။ ဒါပေမဲ့ သူ့ကို ကိုင်တွယ်ဖို့က တကယ် မလွယ်ကူဘူး။ ငါတို့သာ အစီအစဉ် ကောင်းကောင်း ချမထားရင် သူအလွယ်တကူ လွတ်မြောက် သွားလိမ့်မယ်..."
အသံနှစ်ခုက တောင်ကြား တစ်ခုလုံးကို ပျံ့လွင့်နေခဲ့သည်။ ထိုအသံကို ကြားသည်နှင့် များစွာသော သိုင်းပညာရှင်များမှ ခေါင်းကို ငုံ့လိုက်မိသည်။ သူတို့ ချန်းဖန်ကို မကြည့်ဝံ့ကြတော့ပေ။
ထိုစကားများမှာ အကြီးအကဲငါးနှင့် အကြီးအကဲ ချုပ်တို့၏ အစည်းအဝေး ခန်းမတွင် ပြောဆိုခဲ့သော စကားများ ဖြစ်ပြီး ချန်းဖန်က အစီအရင် တစ်ခုကို အသက်သွင်းကာ ပြန်လည် ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။
သူက ဆေးနတ်ဘုရား တောင်ကြားသို့ ရောက်သည်နှင့် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး တောင်ကြား တစ်ခုလုံးကို စစ်ဆေးခဲ့သည်။ အစည်းအဝေး ခန်းမမှာလည်း မည်သည့် အစီအရင် တစ်ခုမျှပင် မရှိသဖြင့် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံကို တားဆီးနိုင်ခဲ့ခြင်း မရှိပေ။
အကြီးအကဲချုပ်နှင့် အကြီးအကဲငါးတို့၏ မျက်နှာများမှာ ကြောက်ရွံ့မှုကြောင့် နီရဲနေခဲ့ကြပြီ ဖြစ်သည်။
"တကယ်ကောင်းတဲ့ အစီအရင်ပါပဲ... အထွတ်အထိပ် ပညာရှင်ချန်း။ ဒီလို အစီအရင်မျိုး ငါအရင်က မမြင်ခဲ့ဖူးဘူး။ မင်းက အထွတ်အထိပ် ပညာရှင် တစ်ယောက်တင် မဟုတ်ဘူး။ မှော်လမ်းစဉ်မှာပါ ပြည့်စုံခြင်း အဆင့်ရောက်အောင် ကျင့်ကြံ ထားနိုင်ခဲ့တာပဲ..."
ဆေးနတ်ဘုရား ဂိုဏ်းခေါင်းဆောင်က ပြောလိုက်သည်။
သူက ခဏ ရပ်နားက မျက်မှောင်ကြုတ်ရင်း ဆက်ပြောသည်။
"ဝူတန်ဂိုဏ်းတစ်ခုပဲ မှော်ပညာ၊ သိုင်းပညာ နှစ်မျိုး ပူးတွဲကျင့်ကြံတဲ့ နည်းစနစ် ရှိတယ်လို့ ငါကြားဖူးတယ်။ မင်းက ဝူတန်ဂိုဏ်းနဲ့ တစ်ခုခု ပတ်သက် နေတာလား...."
"မင်း ငါ့ဂိုဏ်းရဲ့ နာမည်ကို ကြားဖူးမှာ မဟုတ်ပါဘူး ..." ချန်းဖန်က တည်ငြိမ်စွာပင် ပြောသည်။
"ငါ မင်းတို့ဂိုဏ်းက နှစ်ထောင်ချီ ဆေးမြစ်တွေ လိုချင်တယ်။ အဲ့ဟာကို ရရင် ဒီက ချက်ချင်း ထွက်သွားပေးမယ်..."
"ဟား ဟား ချန်းပေ့ရွှမ်း။ မင်းက ဘဝင်မြင့်နေတဲ့ အရူးပဲ..."
ဂိုဏ်းခေါင်းဆောင်က ချန်းဖန်ကို ကြည့်ရင်း ပြောသည်။
"အခြားနေရာမှာ ဆိုရင်တောင် ငါမင်းကို အလျှော့ ပေးကောင်း ပေးမိမယ်။ ဒါပေမဲ့ မင်းခု ရောက်နေတာက ငါ့ရဲ့ နယ်မြေပဲ။ ငါ့နယ်မြေကို ငါ အစိုးရတယ်..."
ဂိုဏ်းခေါင်းဆောင်က ပြောရင်း အစီအရင်တစ်ခုကို အသက်သွင်းရင်း ကျယ်လောင်စွာ အော်ဟစ်သည်။
"အစီအရင် နိုးထစမ်း..."
ရုတ်တရက် အရောင်ခုနစ်မျိုး ရောစပ်နေသည့် မီးခိုးတစ်ခု မြေပြင်တွင် ပေါက်ကွဲကာ အရာအရာကို ဖုံးလွှမ်းရန် ကြိုးစားသည်။ ထိုအရောင် ခုနစ်မျိုး မီးခိုးများမှာ ကောင်းကင်မှ ဆင်းသက် လာသည့် ရောင်စုံ တိမ်တိုက် တစ်ခုကဲ့သို့ ချန်းဖန်ကို ဖုံးအုပ်ဟန်ပြင်သည်။
"အဆိပ်ခုနစ်မျိုး အစီအရင်...”
အကြီးအကဲချုပ်က အံဩတကြီး ရေရွတ်သည်။ ထိုအရာမှာ ဆေးနတ်ဘုရား တောင်ကြား၏ အစွမ်းအထက်ဆုံး အစီအရင် တစ်ခု ဖြစ်ပြီး ဂိုဏ်းအား နှစ်ရာနှင့်ချီ၍ တည်တံ့အောင် ကူညီပေးခဲ့သည်။ ရာစုနှစ်တစ်ခု အတွင်းမှာပင် အဆပ်ခုနစ်မျိုး အစီအရင်ကို သုံးကြိမ်သာ အသက်သွင်းခဲ့ရပြီး ထိုသုံးကြိမ် စလုံးတွင် ရန်သူများကို သုတ်သင်နိုင်ခဲ့သည်။
"မှော်အစီအရင်... အင်း စိတ်ဝင်စားစရာပဲ..."
ချန်းဖန်က ရောင်စုံ မီးခိုး တိမ်တိုက်ကို စိတ်တင်တစား ကြည့်သည်။ ဆေးနတ်ဘုရား တောင်ကြား၏ အစီအရင်မှာ မြူခိုးအစီအရင်၊ ယင်နဂါး အစီအရင်များနှင့် ခြားနားပြီး တစ်မူ ထူးဆန်းသည်။
"အဆိပ်တွေနဲ့ ချီစွမ်းအင်တွေကို ရောနှောပြီး အစီအရင်အတိုင်း မြေကြီးထဲမှာ မြှုပ်နှံထားတာပဲ။ ဒီအစီအရင်ကို အသက် သွင်းပြီးတာနဲ့ အထွတ်အထိပ် အဆင့်တစ်ယောက်ကိုတောင် အလွယ်တကူ အနိုင်ယူ နိုင်လိမ့်မယ်..." ချန်းဖန်က ထိုအစီအရင်ကို ကြည့်ရင်း တီးတိုးရေရွတ်သည်။
ကျူးရန်တုန်းနှင့် အခြား သာမန်လူများမှာ သူတို့မြင်တွေ့နေရသော မြင်ကွင်းများကြောင့် ကြောင်တောင်တောင်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"ချန်းပေ့ရွှမ်း... နင်က သာမန် သေမျိုးတစ်ယောက်ပဲ။ နင် အဲဒါကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ မြန်မြန် အညံ့ခံလိုက်။ ဂိုဏ်းခေါင်းဆောင်က နင့်ကို ခွင့်လွှတ်ပေးလိမ့်မယ်..." ကျိုးကျင်းရီက တုန်တုန်ရီရီဖြင့် ချန်းဖန်ကို လှမ်းသတိပေးသည်။
"ကျင်းရီစကားကို နားထောင်လိုက် လူငယ်လေး။ မင်းကို လူငယ်လေး တစ်ယောက်ကို သတ်ရမှာ ငါလိပ်ပြာ မလုံဘူး။ မင်းသာ အညံ့ခံရင် အကြီးအကဲ တစ်ယောက်အဖြစ် ခုချက်ချင်း ခန့်အပ်ပေးမယ်..."
ဂိုဏ်းခေါင်းဆောင်ကလည်း ချန်းဖန်ကို လှမ်းပြောသည်။ သို့သော် ချန်းဖန် အညံ့ခံ လိုက်သည်နှင့် အစီအရင်ကို အသက်သွင်းကာ ချန်းဖန်ကို သူသတ်ပစ်မည် ဖြစ်သည်။
သူတို့၏ စကားများက ချန်းဖန်၏ စိတ်ကို မယိမ်းယိုင်စေခဲ့ပေ။ သူက ပြုံးရင်း ဂိုဏ်းခေါင်းဆောင်ကို ကြည့်လိုက်သည်။
"မင်းက နိုင်မယ် လို့ ထင်နေတာလား..."
"ကြားရတာ မင်းက အညံ့မခံတော့ဘူးပဲ..." ဂိုဏ်းခေါင်းဆောင်က သက်ပြင်း တစ်ချက်ချရင်း ခေါင်းကို ခါရမ်း လိုက်သည်။ သူ၏ ပုံစံမှာ မတတ်သာတော့၍သာ ကလေးတစ်ယောက်ကို သတ်ဖြတ် ရတော့မည့် အသွင်ကို ဆောင်သည်။
ဂိုဏ်းခေါင်းဆောင်က လက်ကို ဝှေ့ယမ်းရင်း ရောင်စုံ တိမ်တိုက်များကို ထိန်းချုပ်သည်။ ရောင်စုံ တိမ်တိုက်များမှာ သူ့ကို မြစ်ဖျားခံ၍ လေဆင်နှာမောင်း ပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်။
"ချန်းပေ့ရွှမ်း မင်းအသက်ရှင်ချင်လား။ သေချင်လား..."
နတ်ဘုရား အစီအရင်က ရိုင်းစိုင်းသော အငွေ့အသက်များ ဖြာထွက်နေပြီး အရာရာက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ သူက လောကကို ထိန်းချုပ်ထားသည့် အင်မော်တယ် စစ်သည် တစ်ယောက်ကဲ့သို့ တောင်ကြားတစ်ခုလုံးကို ခြုံငုံကြည့်သည်။ ထိုတောင်ကြား တစ်ခုလုံးက သူ့နယ်မြေဖြစ်သည်။ အရာရာကို သူပိုင်စိုးသည်။
"ဒီ မြူခိုး လေဆင်နှာမောင်းလေးက မင်း လုပ်နိုင်တာ အကုန်လား..."
ချန်းဖန်က ဂရုမစိုက်သော အမူအရာဖြင့် သူ့ကို မေးသည်။
"ဟား ဟား ဒါလေးကပဲ မင်းကို သတ်ဖို့ လုံလောက်တယ်...."
ဂိုဏ်းခေါင်းဆောင်က ရယ်မောရင်း ပြောသည်။
"အထွတ်အထိပ်အဆင့်ရဲ့ နောက်ဆုံး အဆင့်ကို ရောက်နေတဲ့ ပညာရှင်တွေတောင် ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို အံမတုနိုင်ဘူး..."
"ငါ့အချိန်တွေကို လာမဖြုန်းနဲ့။ မင်းတိုက်ခိုက်မှာလား။ စောက်စကားပဲ များနေမှာလား...”
"မောက်မာလိုက်တာ..." ဂိုဏ်းခေါင်းဆောင်၏ စိတ်ရှည်မှုများ ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။
ဘုန်း...
လေဆင် နှာမောင်းက ချန်းဖန်ထံ နဂါးတစ်ကောင်ကဲ့သို့ တိုးဝင်လာသည်။ လေဆင် နှာမောင်းကား အရာအားလုံးကို တိုက်စားပြီး ချန်းဖန်ထံ တိုးဝင်လာသည်။ ထိုအရာကား မည်သည့် အရာကိုပင် မဆို ဖျက်ဆီးရန် အားအင် အပြည့်အဝ ရှိပုံရသည်။
"ဂရုစိုက်...." ကျိုးကျင်းရီက လှမ်းအော်မိသည်။
အကြီးအကဲငါးနှင့် အခြားသူများကမူ ထိုမြင်ကွင်းကို ကြည့်ရင်း အားတက် လာကြသည်။
"ခွေးကောင် ဆေးနတ်ဘုရားဂိုဏ်းရဲ့ စွမ်းအားကို သိပြီမလား..."
ကျိုးစင်းယုကမူ ကျိုးကျင်းရီကို ကြည့်ရင်း နှုတ်ဆိတ်နေမိသည်။ သူမ၏ ညီမဖြစ်သူကား အတော်လေး ပြောင်းလဲ သွားပုံရသည်။ ယခင်ကဆိုလျှင် ထိုကလေးမမှာ အခြားသူများကို ဂရိုစိုက်တတ်သူ တစ်ယောက် မဟုတ်ချေ။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျူးရိုဟန်၏ မျက်နှာမှာ အသက်မဲ့သလို ဖြူလျော် နေတော့သည်။ သူမ ကြောက်ရွံ့ လွန်းသဖြင့် မတ်တတ် မရပ်နိုင်တော့ပဲ မြေပြင်ပေါ် လဲကျသွားတော့သည်။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားမှာ သာမန် လူတစ်ယောက် လိုက်မှီရန် မဖြစ်နိုင်သော အရာဖြစ်သည်။ ထိုတိုက်ပွဲကို ကြည့်ရင်း လူများစွာမှာ သူ့တို့ကိုယ် သူတို့ ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ ခံစားလာရသည်။
ရောင်စုံတိမ်တိုက် လေဆင်နှာမောင်း၏ ဦးတည်ရာတွင်မူ ချန်းဖန်က တည်ငြိမ်စွာ ရပ်ရင်း ရွှေရောင် ဓားရှည်ကို ဦးခေါင်းပေါ် ဖြည်းညင်းစွာ မြှောက်တင် လိုက်တော့သည်။
ရွှေရောင်ဓားကား တဖြည်းဖြည်း ကြီးမားလာပြီး အဆုံးအဆမဲ့ အရောင်အဝါများကို ထုတ်လွှတ်သည်။ တစ်ခဏ အတွင်းမှာပင် ဆယ်မီတာ ကျော်ခန့်အထိ ရှည်လျားလာပြီး ၎င်း၏ မျက်နှာပြင်မှာ ရွှေရောင် မီးတောက်များ တောက်ပ လာတော့သည်။
"တောင်တန်းမြစ်ပြင် ဖြတ်တောက်ခြင်း...”
တစ်ခဏ အတွင်းမှာပင် ရွှေရောင် ဓားလှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုဓားလှိုင်းက ကမ္ဘာကို နှစ်ပိုင်း ပိုင်းဖြတ်ပြီးချိန်မှာပင် တည်မြဲနေမည့်ပုံ ရသည်။
"အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်၊ တောင်တန်း မြစ်ပြင် ဖြတ်တောက်ခြင်း...."
***