ရီကျင်း၏ အတွေးများ
Vol. 1-9 Ch. 7
အခန်း (၇) ရီကျင်း၏ အတွေးများ
ရန်ကျောက်ကဲက မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ ပြောလိုက်သော်လည်း ရီကျင်းက ထိုစကားများ၏ အဓိပ္ပာယ်ကို သဘောပေါက်သည်။
မွေးရပ်မြေသို့ ဂုဏ်ယူစွာ ပြန်လာသော ရီကျင်းအဖို့ နှစ်နာရီမျှသော အချိန်ဖြင့် ဇာတိမြို့လေးသို့ ပြန်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
အခြားသူများကတော့ ပျော်ရွင်နေကြသည်။
သူတို့သည် ရန်ကျောက်ကဲ၏ အရိပ်မိုးမှုအောက်တွင် နေရသော်လည်း ဝါဒတောင်တွင် မရှိတော့သည်ကို သဘောပေါက်သွားသည်နှင့် ဤနေရာ၊ အရှေ့ကောင်းကင်ဒေသ၊ အရှေ့တန်နိုင်ငံ၌မူ သူတို့လည်းပဲ ပါရမီရှင်များဖြစ်ကြသည်။
ထိပ်သီးနယ်မြေများထဲမှ တစ်ခုဖြစ်သော ဝါဒတောင်ဂိုဏ်း၏ တပည့် ဖြစ်သည့်အားလျော်စွာ သူတို့သည် အရှေ့တန်နိုင်ငံကဲ့သို့ အင်အားစုကြီးများ၏ အကောင်းဆုံးသောပါရမီရှင်များထဲမှ စမ်းသပ်၊ရွေးချယ်ခံရသူများ ဖြစ်ကြသည်။ အဘယ်သို့ သူတို့ထဲတွင် ညံ့ဖျင်းသည့်လူ ရှိမည်နည်း။
သူတို့ထဲမှ တစ်ယောက်ချင်းစီက မိမိကိုယ်ကို စိတ်ကြီးဝင်မိသည့် အချိန်တိုင်းတွင် ရှေ့ဆုံးမှ အေးအေးလူလူလျှောက်နေသော အပြာရောင်ဝတ်စုံဝတ် လူငယ်၏ နောက်ကျောကို မြင်လိုက်ရသည်နှင့် သူတို့၏ မာန်တက်နေသော အတွေးများက ချက်ချင်း ပျောက်ကွယ်သွားသည်။
သူတို့၏လက်များက ဝိဉာဉ်လက်နက်များနှင့် ထိတွေ့ချိန်တိုင်းတွင် အထက်သို့ မြင့်သည်ထက်မြင့်အောင် ကြိုးစားရုန်းကန်လိုသည့် အတွေးများက သူတို့စိတ်ထဲတွင် ပြည့်နှက်လာသည်။
အရှေ့တန်နိုင်ငံတွင် တော်ဝင်နန်းတွင်းတပ်ဖွဲ့၏ အကောင်းဆုံးသော ထိပ်တန်းတပ်ဖွဲ့ဝင်များကသာ သူတို့နှင့် နှိုင်းယှဉ်နိုင်သော ကျင့်ကြံမှုရှိ၏။ ထို့အပြင် သူတို့၏လက်နက်များက တော်ဝင်နန်းတွင်းတပ်ဖွဲ့၏ တစ်ဝက်တစ်ပျက် ဝိဉာဉ်လက်နက်ထက် သာလွန်လေသည်။
သေချာတာတစ်ခုကား သူတို့သည် ရန်ကျောက်ကဲနှင့်တော့ မယှဉ်နိုင်ပေ။
သူတို့ဆက်ဆံသော လူများသည်ပင် လုံးဝခြားနားသော အဆင့်တစ်ခုတွင် ရှိနေသည်။
ရန်ကျောက်ကဲ ပထမဆုံး သွားရောက်တွေ့ဆုံမည့် လူမှာ အရှေ့တန်နိုင်ငံ၏ ဘုရင်ဖြစ်သည်။ အထူးတလည် ရှင်းပြစရာ မလိုအောင်ပင် သူက အရှေ့တန်နိုင်ငံ၏ နံပါတ်တစ် ကျင့်ကြံသူ ဖြစ်သည်။ သူသည် အရှေ့ကောင်းကင်ဒေသ၊ ဝါဒတောင်ဂိုဏ်း၏ လက်အောက်တွင်ရှိသော အင်အားစုကြီးသုံးခုမှ တစ်ခု၏ အုပ်ချုပ်သူဖြစ်၏။ ဒေသအတွင်းတွင် အရှေ့တန်ဘုရင်သည် အစွမ်းထက်ပြီး ဩဇာကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။
အဆင့်မြင့်အကြီးအကဲသည် အရှေ့တန်နိုင်ငံအတွက် ဝါဒတောင်ဂိုဏ်း၏ တာဝန်ရှိသူဖြစ်သည်။ သူသည် ဤနိုင်ငံ၏ အဓိပတိပုဂ္ဂိုလ်ဖြစ်ပြီး သူ၏ ဂိုဏ်းအတွင်း ရာထူးက ရန်ကျောက်ကဲအား မျက်နှာပျက်ရန် ကြိုးစားခဲ့သော အကြီးအကဲခွိုင်ထက် မြင့်မားသည်။
ဂိုဏ်းအတွင်းနှင့် ဂိုဏ်းအပြင်ရာထူး၊ ကျင့်ကြံမှုအဆင့်၊ လုပ်ပိုင်ခွင့်များ အကြား ကွာခြားမှု ရှိသော်လည်း အကြီးအကဲခွိုင်ကဲ့သို့ လက်ထောက်အကြီးအကဲများသည် အရှေ့တန်နိုင်ငံကဲ့သို့ နေရာများ အပြင်ဘက်မှ အရေးကြီးသောမြို့ကြီးများ၊ ကြွယ်ဝသောမြေများ သို့မဟုတ် သတ္တုတွင်းများနှင့် အခြားအရေးကြီးသော အရင်းအမြစ်များကို ကြီးကြပ်ရသူများ ဖြစ်သည်။ သူတို့၏တာဝန်မှာ ဂိုဏ်း၏အကျိုးစီးပွားကို ကာကွယ်ရန် ဖြစ်၏။
အခြားတစ်ဖက်တွင် အဆင့်မြင့်အကြီးအကဲများသည် ဝါဒတောင်ဂိုဏ်း၏ လက်အောက်ရှိ နိုင်ငံများ၊ ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုကြီးများကို ကြီးကြပ်ကြသည်။ သူတို့သည် ထိုအင်အားစုများ၏ အဓိပတိများ ဖြစ်လာပြီး ထိုနေရာများမှ ဝါဒတောင်ဂိုဏ်း၏ အင်အားနှင့် အခွန်များကို
ကြီးကြပ်ပေးသည်။ အဓိပတိများအနေဖြင့် သူတို့သည် ထိုနေရာများတွင် မမျှော်လင့်သော အခြေအနေများ ဖြစ်ပေါ်လာသောအခါ ရင်ဆိုင်ဖြေရှင်းကြရသည်။
မြို့အတွင်းသို့ ရောက်၍ ပြန်လည်တွေ့ဆုံကြမည့် ဆုံမှတ်ကို ရွေးပြီးသည်နှင့် ရန်ကျောက်ကဲသည် ဘုရင့်နန်းတော်သို့ ထွက်သွားသည်။ ရီကျင်းနှင့် အခြားသူများလည်း လူစုခွဲကြပြီး မြို့တော်အတွင်း ခြေဦးတည့်ရာ နေရာများသို့ လျှောက်သွားနေကြသည်။
ရီကျင်းသည် သူအရင်က ရောက်ခဲ့ဖူးသော နေရာဟောင်းများကို သွားရောက်လည်ပတ်လိုစိတ် မရှိပေ။ မြို့တော်ကို ဖြတ်၍ စီးဆင်းနေသော မြစ်ရိုးအတိုင်း သူ လမ်းလျှောက်ရင်း တံတားတစ်စင်းကို တွေ့မှ ရပ်လိုက်သည်။ သူသည် တံတားပေါ်ရှိ လက်ရန်းဘေး၌ မတ်တပ်ရပ်လိုက်ရင်း တံတားအောက်တွင် တသွင်သွင်စီးဆင်းနေသော မြစ်ကို တည်ငြိမ်စွာ ကြည့်နေ၏။
စစ်ခုန်ချင်းက သူ့အနောက်တွင် တိတ်ဆိတ်စွာ ရောက်လာ၏။ ရီကျင်းက သူမရောက်လာသည်ကို သတိထားမိပြီး "စီနီယာအမ..."
"ဘာတွေ တွေးနေတာလဲ" စစ်ခုန်ချင်းသည် ခေါင်းကို ချစ်စဖွယ်အမူအရာဖြင့် ဘယ် ညာ ယိမ်းရင်း မေးလိုက်၏၊
ရီကျင်း ခေါင်းခါလိုက်သည်။ "အဲ့အချိန်တုန်းက ကျွန်တော်က သူ တမင်သက်သက်ကြွားပြတယ် ထင်တာ၊ အခု ပြန်တွေးကြည့်တော့ အဲ့လို မဟုတ်သလိုပဲ"
စစ်ခုန်ချင်းက "အဲ့တာဆို နင်က စီနီယာအကိုကြီးရန် လူတိုင်းကို ဝိဉာဉ်လက်နက်တွေပေးတဲ့အကြောင်း တွေးနေတာလား"
သူတို့ ဂိုဏ်းမှာ ရှိစဉ်က ခရီးတွင် လိုက်ပါကြသည့် လူဆယ့်ခြောက်ယောက်အနက် ရီကျင်းတစ်ယောက်ထဲသာ ရန်ကျောက်ကဲပေးသော ဝိဉာဉ်လက်နက်ကို မယူခဲ့ပေ။ စစ်ခုန်ချင်းအပါအဝင် အခြားဆယ့်ငါးယောက်က ဝိဉာဉ်လက်နက်တစ်ခုစီ ယူခဲ့ကြသည်။
"စီနီယာအကိုကြီးရန် ကြွားတာ ဖြစ်ရင်ဖြစ်လိမ့်မယ်၊ ဒါပေမယ့် သူ့မှာ အဲ့လိုကြွားပိုင်ခွင့် ရှိပါတယ်" စစ်ခုန်ချင်းက ပြောပြောဆိုဆိုနှင့် ရီကျင်း၏ဘေးတွင် ရပ်လိုက်သည်။
"အဆင့်နိမ့် ဝိဉာဉ်လက်နက်တွေက တွေးနေစရာတောင်မလိုဘူး၊ လက်ရှိ ငါတို့အတွက်တော့ တန်ဖိုးကြီးပစ္စည်းတွေပဲ၊ ဒါပေမယ့် ငါတို့ရဲ့ အနာဂတ်အောင်မြင်မှုကို အဆင့်နိမ့် ဝိဉာဉ်လက်နက်တစ်ခုထဲနဲ့ ဆုံးဖြတ်ပေးမှာ မဟုတ်ဘူး၊ စီနီယာအကိုကြီးရန်က လူတိုင်းကို သာတူညီမျှစွာ ဆက်ဆံပြီး ဝိဉာဉ်လက်နက်တစ်ခုစီပေးတယ်၊ ဒါကြောင့် ငါက ဒီဝိဉာဉ်လက်နက်ကို ငြင်းစရာအကြောင်းမတွေ့ဘူးလေ၊ ငါ အနာဂါတ်မှာ သူ့ကို ဒီ့ထက် ကောင်းတာ တစ်ခုခုတောင် ပြန်ပေးနိုင်ဦးမယ်"
ရီကျင်းက ခေါင်းငြိမ့်လိုက်၏။ စစ်ခုန်ချင်းသည် အခြားသူများကဲ့သို့ ဝိဉာဉ်လက်နက်တစ်ခုယူခဲ့သော်လည်း သူမ၏ အနာဂါတ် အောင်မြင်မှုများကို ယုံကြည်ခြင်းကြောင့် ထိုကိစ္စအပေါ် အများကြီး အလေးထားခြင်း မရှိပေ။
"နင်က ဝိဉာဉ်လက်နက်ကို လက်မခံဖို့ ဆုံးဖြတ်တယ်၊ အဲ့တာ နင့်လမ်းနင်လျှောက်မယ့် နင့်ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို ပြနေတာပဲ" စစ်ခုန်ချင်းက ပြောလိုက်၏။ "ဒါပေမယ့် ဒါက စီနီယာအကိုကြီးရန်ရဲ့ စေတနာကို နင် ငြင်းပယ်လိုက်တယ်လို့လည်း သတ်မှတ်နိုင်တယ်၊ နင်ငြင်းဆန်လိုက်တယ်ဆိုတာက နင်က အကောင်းနဲ့အဆိုးကို မခွဲခြားနိုင်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဒါပေမယ့် စီနီယာအကိုကြီးရန်က နင့်အပေါ် အခြား မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ခံစားမိတယ်၊ သူ ငါတို့ကိုကြည့်တဲ့ပုံစံနဲ့ နင့်ကို ကြည့်တဲ့ပုံစံ ဘာမှ ကွာခြားမှု မရှိဘူး"
သူမ၏စကားများက မမျှော်လင့်ဘဲ ရီကျင်းအား လက်သီးကျစ်ကျစ် ဆုပ်သွားစေသည်။ အတိတ်က သူ့ငယ်ချစ်ဦးကို လုယူသွားသည့်ပုံရိပ်နှင့် သူ့ကို လုံးဝလျစ်လျူရှု့ထားသည့် ပုံရိပ်တို့က သူ့မျက်လုံးထဲတွင် တစ်ဖန် ပြန်ပေါ်လာသည်။
"သူ ဘယ်လိုထင်လဲ ကျွန်တော် မသိဘူး၊ ဒါပေမယ့် သူ့ဆီ ဘာမှလက်ခံမှာ မဟုတ်ဘူး" ရီကျင်းက ပြောလိုက်၏။ သူ့အသံက ပိုမိုတည်ငြိမ်လာပြီး သူ့့မျက်လုံးများက အားမာန်အပြည့်ဖြင့် ယုံကြည်မှုများ ပြည့်နှက်နေ၏။ " လက်ရှိ ကျွန်တော့အတွက်တော့ အဆင့်နိမ့် ဝိဉာဉ်လက်နက်ဆိုတာ အရမ်းကောင်းတဲ့အရာပဲ၊ ကျွန်တော့ခန္ဓာကိုယ်နဲ့ ကျင့်ကြံခြင်းက အများကြီးပို အရေးကြီးတယ်"
စစ်ခုန်ချင်းက ပြောလိုက်၏။ "ဒါလည်း မှန်တာပဲ၊ စိတ်က ကြည်လင်ပြီး နှလုံးသားက မနောက်ကျိနေသရွေ့ ကျင့်ကြံရာမှာ ပိုမို အောင်မြင်လာလိမ့်မယ်၊ နောက်ကျိနေတဲ့ နှလုံးသားက ကျင့်ကြံခြင်းကို ထိခိုက်နိုင်တယ်၊ ကိုယ့်စိတ်ကို လွှတ်ချပြီး ကိုယ့်ခံစားချက်တွေအတိုင်းပဲ နေထိုင်သင့်တယ်"
ရီကျင်းက လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ရင်း ပြောလိုက်၏။ "ရန်ကျောက်ကဲက လက်ရှိမှာ ကျွန်တော့ထက် သာလွန်တာ အမှန်ပဲ၊ သူ့ခွန်အားကပဲ ကျွန်တော့ထက် သာလွန်နေတာ မဟုတ်ဘူး၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုဝိဉာဉ်လက်နက်သန့်စင်တဲ့ နည်းလမ်းလည်း ရှိသေးတယ်၊ ဒါပေမယ့် ကျွန်တော် အမြဲတမ်းမရှုံးပါဘူး၊ ကျွန်တော် သေချာပေါက် ကျော်နိုင်မှာပါ"
"သိုင်းပညာရှင်ဆိုတာ ဘာမှမဟုတ်ဘူး၊ ကျွန်တော် သူနှင့် ယှဉ်ပြိုင်နိုင်တယ်၊ ဘယ်သူက သိုင်းဆရာသခင်အဆင့် အရင်ရောက်မလဲ၊ ပြီးတော့ ဘယ်သူက မသန့်စင်မှုတွေကို ခဝါချပြီး သိုင်းသူတော်စင် အဆင့်ကို အရင် တက်လှမ်းနိုင်မလဲ"
ဤကမ္ဘာတွင် သိုင်းကျင့်ကြံခြင်းကို အဆင့်များဖြင့် ခွဲခြားနိုင်သည်။ ခန္ဓာကိုယ်သန့်စင်သည့် အဆင့်မှ စတင်ပြီး ၎င်းတွင် အဆင့်ကြီး သုံးခုရှိသည်။ ပထမအဆင့် အသွေးအသားသန့်စင်ခြင်း၊ ထို့နောက် အကြောများဖွင့်ခြင်းနှင့် နောက်ဆုံးတွင် ချီလည်ပတ်ခြင်း ဟူ၍ သုံးဆင့်ရှိသည်။ ထိုအဆင့်တစ်ဆင့်စီတိုင်းတွင် ကနဦး၊ အလယ်အလတ်၊ နှောင်းပိုင်း ဟူ၍ အဆင့်ငယ်သုံးခုရှိသည်။
စုစုပေါင်း အဆင့်ကိုးခုရှိရာ ထိုအဆင့်များပြီးနောက် ခန္ဓာကိုယ်သန့်စင်ခြင်း၏ နောက်ဆုံးအဆင့်ဖြစ်သော ဆယ်ခုမြောက်အဆင့် အနုစိတ် အဆင့်ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် စုစုပေါင်း အဆင့် ၁၀ဆင့် ရှိသည်။
အနုစိတ်အဆင့်၏ အထက်တွင် ကြီးမားသော ပိတ်ဆို့မှုကြီး ရှိသည်။ အကယ်၍ သိုင်းစစ်သည်က ထိုအဆင့်ကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်ခဲ့လျှင် သိုင်းပညာရှင် အဆင့်သို့ ဝင်ရောက်နိုင်သည်။
သိုင်းပညာရှင် အဆင့်သည် ဝါဒတောင်ကဲ့သို့ ထိပ်သီးနယ်မြေများတွင် အထူးအဆန်း မဟုတ်သော်လည်း လက်တွေ့တွင် သိုင်းပညာရှင် အဆင့် ရောက်ပြီးသော လူတစ်ယောက်သည် သိုင်းသင်တန်းကျောင်းငယ်များ၊ ဂိုဏ်းငယ်များ တည်ထောင်ရန် အရည်အချင်းပြည့်မီနေပြီဖြစ်သည်။
အင်အားစုငယ်များ၏ ခေါင်းဆောင်များသည် သိုင်းပညာရှင် အဆင့် ကျင့်ကြံမှု ရှိကြသူများ ဖြစ်၏။
သိုင်းပညာရှင် အဆင့်ကိုလည်း အဆင့်ကြီး သုံးခု ခွဲခြားနိုင်သည်။ ၎င်းတိူ့မှာ အတွင်းပိုင်းကြယ်တာရာချီ၊ အပြင်ပိုင်းကြယ်တာရာချီနှင့် ရှန်တျန်းတို့ ဖြစ်ကြသည်။ထိုအဆင့်ကြီးများသည်လည်း ကနဦး၊ အလယ်အလတ်၊ နှောင်းပိုင်း ဟူ၍ အဆင့်ငယ်သုံးခု ထပ်ခွဲနိုင်သည်။ ထို့ပြင် ကောင်းကင်ချိတ်ဆက်ခြင်း ဟူသော နောက်ဆုံးအဆင့်ရှိသေးရာ သိုင်းပညာရှင် အဆင့်ကိုလည်း စုစုပေါင်း ၁၀ ဆင့် ခွဲခြားနိုင်သည်။
ကောင်းကင်ချိတ်ဆက်ခြင်း အဆင့်၏ အထက်တွင် အလွန်ကြီးမားသော ကွာဟမှုကြီး ရှိသည်။ ထိုကွာဟမှုကြီးကို ဖြတ်ကျော်နိုင်သည်နှင့် သိုင်းဆရာသခင် အဆင့်သို့ ရောက်ကြသည်။
ထိုအဆင့်သို့ ရောက်သော သူတို့သည် သူတို့၏သက်ဆိုင်ရာဒေသများတွင် အစွမ်းထက်ပြီး ဩဇာကြီးသော ပုဂ္ဂိုလ်များ ဖြစ်ကြ၍ သူတို့သည် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် ထင်ရှားကျော်ကြားသည်။
သိုင်းဆရာသခင် အဆင့်ကိုလည်း အဆင့်ကြီး လေးဆင့်နှင့် အဆင့်ငယ် ဆယ်ဆင့်ဟူ၍ ခွဲခြားထားသည်။ နောက်ဆုံးအဆင့်ကို မသန့်စင်မှုတွေခဝါချခြင်း ဟုခေါ်ပြီး သိုင်းသူတော်စင် အဆင့်သို့ ရောက်ရန် မသန့်စင်မှုများကို ကျော်ဖြတ်ရသည်။ အကယ်၍ လူတစ်ယောက် ဤအဆင့်သို့ ရောက်ခဲ့ပါက သူတို့တွင် သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ကာ သိုင်းသူတော်စင် ဖြစ်နိုင်မည့် မျှော်လင့်ချက် ရေးရေးမျှသာ ရှိသည်။
လက်ရှိကမ္ဘာတွင် သိုင်းသူတော်စင် အရေအတွက်ကို လက်တစ်ဖက်ထဲနှင့်ပင် ရေတွက်နိုင်သည်။
"သူ့ရဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုဝိဉာဉ်လက်နက်သန့်စင်ခြင်းနည်းစနစ်က ဝိဉာဉ်လက်နက်တွေ၊ စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်တွေကို သန့်စင်နိုင်လိမ့်မယ်၊ ဒါပေမယ့် အဲ့တာက အထွတ်အမြတ်အဆင့် ဝိဉာဉ်လက်နက်ကို သန့်စင်နိုင်မှာလား၊ သိုင်းဂိုဏ်းတစ်ခုအတွက်တော့ စိတ်ဝိဉာဉ်အဆင့် ဝိဉာဉ်လက်နက်တွေက ဘယ်လိုလုပ် သိုင်းသူတော်စင်တစ်ယောက်ရဲ့ အရေးပါမှုနဲ့ နှိုင်းယှဉ်နိုင်မှာလဲ" ရီကျင်း၏ မျက်လုံးများ တောက်ပနေ၏။
သူ့ဒန်တျန်အတွင်း ချီပင်လယ်ကို အောင်အောင်မြင်မြင်တည်ဆောက်ပြီးသော်လည်း သူသည် ခန္ဓာကိုယ်သန့်စင်ခြင်း၏ အဆင့်ရှစ်၊ ချီလည်ပတ်ခြင်း အလယ်အလတ်အဆင့်မှာပင် ရှိသေးသည်။ ရန်ကျောက်ကဲက သိုင်းပညာရှင်ဖြစ်တာ ကြာပြီးဖြစ်သည်။ ထို့အပြင် ရန်ကျောက်ကဲသည် အတွင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်သို့ ရောက်ပြီး ဖြစ်၏။
သို့သော် ရီကျင်းက ယုံကြည်မှုအပြည့်ဖြစ်နေလေသည်။ သူသည် သူ၏ ကြမ္မာဖက် ရန်သူ၊ ထိုလူငယ်အား သေချာပေါက် ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်လျက်ရှိသည်။
သူ့တွင် လုံလောက်သည့် ဇွဲလုံလနှင့် အကြွင်းမဲ့ စိတ်ပိုင်းဖြတ်မှုတို့ ရှိ၏။ ထို့အပြင် သူ့မှာ သူ့၏ကိုယ်ပိုင်ဝှက်ဖဲလည်းရှိသည် မဟုတ်ပါလော။
ရီကျင်းသည် နွမ်းလျသော ချီများကို ညင်သာစွာ ရှုထုတ်လိုက်သည်။ သူ့လက်ချောင်းများက သူ့ညာဘက်လက်တွင် ဝတ်ဆင်ထားသည့် နီညိုရောင်လက်စွပ်လေးကို ပွတ်သပ်နေ၏။
သူ၏ စမှတ်နိမ့်သည်က အရေးမကြီးပေ။ သူ လျင်မြန်စွာ တိုးတက်နိုင်သည်။ ထို့နောက် သူ၏ပစ်မှတ်ကို လိုက်မှီလာပြီး ကျော်ဖြတ်နိုင်မည့် နေ့ဟူသည် သေချာပေါက် ရှိလာမည်ဖြစ်သည်။
စစ်ခုန်ချင်းက ရီကျင်းအား ကြည့်လိုက်သည်။ "ဂျူနီယာမောင်လေးရီ... နင့်ရဲ့အလားအလာက ထူးခြားတယ်၊ ရည်မှန်းချက် မြင့်မြင့်ထားပြီး ကိုယ်ရောက်တဲ့နေရာမှာ ခိုင်ခိုင်မာမာ ရပ်ပါ၊ အဲ့တာဆို နင် မသန့်စင်မှုကို ကျော်ဖြတ်ပြီး သူတော်စင်ဘဝကို ဆုပ်ကိုင်နိုင်မယ့် နေ့တစ်နေ့ဆိုတာ သေချာပေါက် ရောက်လာမှာပါ"
ရီကျင်းက ပြုံးရင်း ပြောလိုက်၏။ "ကျွန်တော်က လျှောက်ကြွားနေတာ၊ စီနီယာအမစိတ်ထဲမှာ ကြိတ်ရယ်မနေနဲ့နော်၊ စီနီယာအမက အနုစိတ် အဆင့် ရောက်နေပြီ၊ သိုင်းပညာရှင် အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်၊ လက်ရှိမှာ ရန်ကျောက်ကဲကို ကျော်ဖြတ်ဖို့ ဖြစ်နိုင်ချေ အရှိဆုံးပဲ၊ ပြီးတော့ ဝါဒတောင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နောက်ထပ် သိုင်းပညာရှင်ဖြစ်လာဖို့ အနီးစပ်ဆုံးပဲ"
စစ်ခုန်ချင်းက "ဒါပေမယ့် ဒီတစ်ခါ စီနီယာအကိုကြီးရန်က မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ငါထင်တာပဲ၊ တာဝန်ခန်းမထဲက အကြီးအကဲခွိုင်ရဲ့ စကားတွေကို ကြည့်ပါလား၊ အတော်သံသယဖြစ်စရာကောင်းတယ်၊ နင်တို့ကို ရန်တိုက်ပေးနေသလိုပဲ၊ ဂျူနီယာမောင်လေးရီ... အနာဂတ်မှာ လက်သီးပုန်းတိုက်ခိုက်မှုတွေကို နင် ဂရုစိုက်ကမယ်၊ ဂိုဏ်းထဲမှာ ငါတို့တွေနားမလည်နိုင်တဲ့ ပုဂ္ဂိုလ်ရေး ဆက်နွယ်မှုတွေရှိတယ်၊ နောက်ကွယ်က အရှုပ်အထွေးတွေကြားထဲကို ကိုယ်တောင် သတိမထားမိဘဲ ပါသွားနိုင်တယ်"
ရီကျင်း ခေါင်းငြိမ့်လိုက်၏။ "ကျွန်တော် နားလည်ပါပြီ"