← Chapters

ဒူးထောက်ကြခြင်း

Vol. 2 Ch. 183

ဒူးထောက်ကြခြင်း

Vol. 2 Ch. 183

"အစ်ကို.. ငါသေရတော့မှာလား..."

ကျူးရိုဟန်က မြေပြင်ပေါ်တွင် လဲလျောင်းရင်း ဖျော့တော့စွာ မေးသည်။

ထူထပ် မည်းမှောင်လာသော မြူခိုးများကို ကြည့်ရင်း ကျူးရန်တုန်းသည် လည်ပင်းပင် ခြောက်ကပ် လာသလို ခံစားနေရသည်။ သူက ဘက်စုံ ထူးချွန်သော လူတစ်ယောက် ဖြစ်သည့်တိုင် ဤကဲ့သို့ စစ်မြေပြင်မျိုးတွင် ခွန်အား ကင်းမဲ့နေသည်။

"ဟင့်အင်း ငါတို့ မသေပါဘူး။ ဆေးနတ်ဘုရား တောင်ကြားက လူတွေက အရမ်းအစွမ်းထက်တဲ့ လူတွေပဲ။ သူတို့က အစ်ကိုတို့ကိုလည်း ကယ်တင်ပေးလိမ့်မယ်။ နောက်ပြီးတော့ အဖေ့ကိုလည်း ကယ်တင်ပေးလိမ့်မယ်..."

ကျူးရန်တုန်းက အားတင်းပြုံးပြပြီး ညီမဖြစ်သူကို နှစ်သိမ့်သည်။ သို့သော် သူ၏ အပြုံးက လုံးဝ မပီပြင်ပေ။

ထိုအချိန်မှာပင် ချန်းဖန်၏ မျက်လုံးမှ အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ရှိ ရောင်စုံ တိမ်တိုက်ကို ဝါးမျိုသွားသည်ကို သူတို့ နှစ်ယောက်လုံး မြင်တွေ့လိုက်ရသည်။ ကောင်းကင်ရှိ ရောင်စုံ တိမ်တိုက်မှာ ရွှေရောင်မီးတောက်၏ အောက်တွင် တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ် သွားတော့သည်။ ထိုမြင်ကွင်းကား နတ်ဘုရားများ တိုက်ခိုက်နေသည့် အလားပင်။

"ဒါက ကောင်းကင်ရဲ့ စွမ်းအား..." အကြီးအကဲချုပ်၏ လက်များကား တုန်ရီနေပြီး မျက်ရည်များက အတားအဆီး ကင်းမဲ့စွာ ထွက်ပေါ်လာသည်။ ထိုစွမ်းအားမျိုးမှာ သူ အမြဲ အိပ်မက် မက်ခဲ့ရသော စွမ်းအားဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ဆေးနတ်ဘုရား တောင်ကြားမှ အာခီမီ ပညာရှင်များ၊ သိုင်းပညာရှင် များမှာ ထိုစွမ်းအားကို ကြည့်ရင်း အလိုလျောက် ဒူးထောက်မိကာ ‌ဦးခေါင်းများကို ငုံ့ထား ကြတော့သည်။

"ဘာလို့ ဒီချီးထုပ်လေးက ဒီလောက်တောင် အစွမ်းထက် ရတာလဲ။ ဘယ်လို ဘယ်လိုဖြစ်သွားရတာလဲ...” ထိုမြင်ကွင်းကို ကြည့်ရင်း ဂိုဏ်းခေါင်းဆောင်၏ မျက်လုံးများ တဖြည်းဖြည်း မှုန်ဝါး လာနေခဲ့ပြီ ဖြစ်သည်။

ချန်းဖန် ထုတ်ဖော်ခဲ့သော စွမ်းအားမှာ အထွတ်အထိပ် များနှင့် ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူများ လိုက်မမီနိုင်သော အရာ ဖြစ်သည်။ မိစ္ဆာဘုံမှ နတ်ဆိုးများသာ ထိုကဲ့သို့ စွမ်းအားကို ဖော်ထုတ် နိုင်ပေလိမ့်မည်။

"အမှောင်ကဝေ ဂိုဏ်းက သူတို့ရဲ့ စွမ်းအားကို ပြသဖို့ ဒီကောင်လေးကို စေလွှတ် လိုက်တာလား..." သူက စိတ်ထဲမှ ထိတ်လန့်စွာ တွေးမိသည်။

အမှောင်ကဝေ ဂိုဏ်းမှာ တရုတ်နိုင်ငံ၏ ဒဏ္ဍာရီများတွင် ထင်ရှားသော အဖွဲ့တစ်ဖွဲ့ဖြစ်ကာ အစွမ်းထက် လွန်းခဲ့သည်။ ထိုအမှောင်ကဝေ ဂိုဏ်းမှာ ကောင်းကင် သခင်ဂိုဏ်းနှင့်ပင် တန်းတူ ယှဉ်နိုင်ခဲ့ပြီး နှစ်ပေါင်း သုံးရာကျော် တည်တံ့ခဲ့သည် ဟု ဆိုကြသည်။ ထိုအရာမှာ အိုဟောင်းနေသည့် ဒဏ္ဍာရီ တစ်ခု ဖြစ်သည့်တိုင် ယခုထိ လူပြော များနေဆဲ ဖြစ်သည်။

"ဟူး... လား... လား..."

ရွှေရောင် မီးတောက်က မိုးကောင်းကင်ရှိ ရောင်စုံ တိမ်တိုက်ကို တစ်ခုမှ မကျန်အောင် ဝါးမျို လိုက်သည်။ ရောင်စုံ တိမ်တိုက် ကွယ်ပျောက် သွားသည်နှင့် ချန်းဖန်က လီရွှေရောင် မျက်လုံးကို ပြန်လည် ရုတ်သိမ်း လိုက်သည်။

ရွှေရောင် မီးတောက်က အားလုံးကို တိုက်စား ပြီးသည့်တိုင် အခိုးအငွေ့ အကြွင်းအကျန် အချို့က တောင်ကြား တစ်လျှောက် ပျံ့လွင့်နေဆဲ ဖြစ်သည်။ များစွာသော သာမန် လူများ၏ မျက်နှာများမှာ အစိမ်းရောင် သန်းနေပြီး လည်ပင်းများတွင် အစင်းရာများ ပေါ်နေကြသည်။

"ငါ ရွှေရောင်လီ မီးတောက်မျက်လုံးကို လအနည်းငယ် ကြာအောင် သုံးနိုင်တော့မယ် မထင်ဘူး..." ချန်းဖန်က အားနည်းစွာ တီးတိုး ရေရွတ်သည်။ ချန်းဖန်ကား ဆေးနတ်ဘုရား တောင်ကြား၏ အစွမ်း အထက်ဆုံး အဆိပ်ခုနစ်မျိုး အစီအရင်ကိုပင် ဖျက်ဆီးနိုင်ခဲ့ပြီ ဖြစ်ရာ မည်သူမှ သူ့ကို တိုက်ခိုက် ဝံ့တော့မည် မဟုတ်ချေ။

"ငါ အရှုံးကို ဝန်ခံတယ်။ တစ်နေ့မှာ အင်မော်တယ် ဆရာသခင် တစ်ယောက်နဲ့ တိုက်ခိုက် ရလိမ့်မယ်လို့ မျှော်လင့် မထားခဲ့ဖူးဘူ...” ဂိုဏ်းခေါင်းဆောင်က သက်ပြင်း တစ်ချက်ချရင်း ပြောသည်။ ချန်းဖန် ထုတ်လွှတ်ခဲ့သော ‌ရွှေရောင်လီ မီးတောက် မျက်လုံးမှာ သူတို့ကဲ့သို့ သေမျိုးများ အလှမ်းမမှီသော အရာပင် ဖြစ်သည်။

"အင်မော်တယ် ဆရာသခင်..." အကြီးအကဲချုပ်က ထိုစကားကို တီးတိုးလိုက်၍ ရွတ်ဆိုသည်။ ထိုစကားလုံး၏ အဓိပ္ပာယ်မှာ အလွန် နက်ရှိုင်းပြီး လောကကြီး၏ အထွတ်အထိပ်၊ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်များကို ရည်ညွှန်းသည်။

သူ ဆယ်စုနှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သည့်တိုင် ထိုကဲ့သို့ နတ်ဘုရားအဆင့် ပုဂ္ဂိုလ်များကို မမြင်တွေ့ ခဲ့ဖူးချေ။ သို့သော် နတ်ဘုရားအဆင့် ပုဂ္ဂိုလ် တစ်ယောက်က သူ့ရှေ့ကောင်းကင် ထက်တွင် ရပ်တန့် နေခဲ့ပြီ ဖြစ်သည်။

"ဟမ့် မင်း ငါ့ကို သတ်မယ်လို့ ပြောခဲ့တယ် မလား။ ခု ဘာလို့ အညံ့ခံနေရတာလဲ..." ချန်းဖန်က ဂိုဏ်းခေါင်းဆောင်ကို ကြည့်ကာ နှာခေါင်းရှုံ့ရင်း ပြောသည်။

"တကယ်လို့ ဆရာက အင်မော်တယ် ဆရာသခင် တစ်ယောက်ဆိုတာ သိခဲ့တယ်။ ကျွန်တော် အပြစ်လုပ်ရဲမှာ မဟုတ်ပါဘူး..." ဂိုဏ်းခေါင်းဆောင်က ဖြူလျော်သော အပြုံးဖြင့် ပြန်ပြောသည်။

"မင်းရဲ့ ဂိုဏ်းထဲက အကြီးအကဲတွေ၊ ဂိုဏ်းသားတွေကို သတ်ခဲ့တာ အတွက်ရော လက်စား မချေတော့ဘူးလား..." ချန်းဖန်က အေးဆေးစွာ ပြုံးရင်း မေးလိုက်သည်။

ဂိုဏ်းခေါင်းဆောင်၏ မျက်နှာမှာ တစ်ချက် တွေဝေသွားပြီး လေးနက်သော အသံဖြင့် ကြေညာလိုက်သည်။

"သူတို့က ထိုက်တန်တာကို ရရှိသွားကြတာပဲ။ ဘယ်သူပဲ ဖြစ်ဖြစ် အင်မော်တယ် ဆရာသခင်ကို အပြစ်လုပ်မိတဲ့သူက သူ့အပြစ်ကို သူခံရမှာပဲ..."

စွမ်းအားမှာ စစ်မှန်သော အမှန်တရားတစ်ခုဖြစ်သည်။ အင်အားကြီးသူကသာ လောကကို အုပ်စိုးနိုင်သည်။ ဆေးနတ်ဘုရား တောင်ကြား ခေါင်းဆောင်မှာ ထိုအမှန်တရားကို နားလည် သဘောပေါက်‌ သည်ဟု ဆိုရပေမည်။

ချန်းဖန်က အကြီးအကဲများကို တစ်ချက် ဝှေ့ကြည့်သည်။ အကြီးအကဲများစွာမှာ ချန်းဖန်၏ အကြည့်အောက်၌ တစ်ကိုယ်လုံး တုန်ရီကာ ကြောက်ရွံ့နေကြသည်။ ချန်းဖန်က အဆိပ်မိနေသော သာမန်လူများကို ညွှန်ပြပြီး သူတို့ကို အမိန့်ပေးလိုက်သည်။

"အပြစ်မဲ့တဲ့ သူတွေကို အရင်ကယ်ကြ...”

အကြီးအကဲများစွာက ဒူးထောက်နေရာမှ ကပျာကယာ ပြေးထွက်သွားကြပြီး အဆိပ်မိနေသော သာမန်လူများကို ကယ်တင်ရန် ပြင်ဆင်ကြတော့သည်။ ထိုအကြီးအကဲများမှာ သူ့ကို ဝိုင်း၍ တိုက်ခိုက် ကြသည့်တိုင် ယခု အညံ့ခံနေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်အနေဖြင့် အလွန် အားနည်းသူများကို သတ်ရန် စိတ်မပါချေ။

မကြာခင်မှာပင် အဆိပ်မိသော လူများကို စမ်းသပ်နေသည့် အကြီးအကဲ တစ်ယောက်က ချန်းဖန်ထံ ပြေးလာကာ ခေါင်းငုံ့၍ ပြောသည်။

"အဆိပ်ခုနစ်မျိုး အစီအရင်ထဲက အဆိပ်တွေက အရမ်းကို ပြင်းထန်လွန်းတယ်။ သူက မြေကြီးထဲမှာ နှစ်ရာနဲ့ချီပြီး မြှုပ်နှံ ခံထားခဲ့ရတာကြောင့် အရမ်းကို အစွမ်းထက် လာတယ်။ အဖျားအနား အဖြစ် ပေါ်ထွက်လာတဲ့ မြူခိုးတွေကတောင် သာမန်လူတွေကို သေစေနိုင်တယ်။ ခု ကုသဖို့ အချိန်မမီ နိုင်လောက်တော့ဘူး အင်မော်တယ် ဆရာသခင်..."

ထို အကြီးအကဲ၏ မျက်လုံးများမှာ ‌နီရဲနေပြီး ခန္ဓာကိုယ်မှာလည်း ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေခဲ့သည်။

"အထဲမှာ အစွမ်းထက်တဲ့ အဆိပ်ဖြေဆေး အချို့ရှိတယ်။ သွားထုတ်ယူလာခဲ့။ ..." ဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်ရင်း ထိုအကြီးအကဲကို အော်ပြောလိုက်သည်။

"ဂိုဏ်းခေါင်းဆောင် အစွမ်းထက်တဲ့ အဆိပ်ဖြေဆေးက အနည်းငယ်ပဲ ရှိတာ။ ခု အဆိပ်မိနေတဲ့ သူတွေက ရာနဲ့ချီပြီး ရှိတာ။ ကျွန်တော်တို့ လူနည်းနည်းလောက်ပဲ ကယ်တင် နိုင်လိမ့်မယ်..." အကြီးအကဲ၏ စကားက ဂိုဏ်းခေါင်းဆောင်၏ မျက်နှာကို ဖြူလျော် သွားစေခဲ့သည်။

တောင်ကြားထဲတွင် အပြစ်မရှိသူ များစွာရှိပြီး ထိုလူများထဲတွင် သူတို့၏ မိတ်ဆွေများလည်း ပါဝင်နေသည်။ အဆိပ်ကိုသာ အချိန်မီ မဖြေနိုင်လျှင် သူတို့အားလုံး သေဆုံး ကြရလိမ့်မည်။ ထိုအတွေးက ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲ များစွာကို အကူအညီ ကင်းမဲ့စေသည်။

ချန်းဖန်ကမူ မြေပြင်ပေါ်တွင် လဲကျနေသော ကျူးမောင်နှမကို ကြည့်ရင်း ဖြည်းညင်းစွာ လျှောက်သွား လိုက်သည်။

ကျူးရိုဟန်၏ မျက်နှာမှာ သွေးမရှိသကဲ့ ဖြူလျော်လျော်တွင် အစိမ်းရောင် သန်းနေခဲ့သည်။ သူမ၏ ဖြူဖွေးသော လည်ပင်းမှာလည်း ကုတ်ရာ၊ ခြစ်ရားကဲ့သို့ အစင်းကြောင်းများဖြင့် ပြည့်နှက် နေခဲ့သည်။

ကျူးရန်တုန်း၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး၊ ပျော်ပျော် နေတတ်သည့် ပင်ကို ပုံစံမှာလည်း ကွယ်ပျောက် နေခဲ့ပြီ မြေပြင်ပေါ် လဲကျနေခဲ့သည်။

"ငါ ဒီလို အဆုံးသတ်ရလိမ့်မယ် လို့ ငါမမျှော်လင့်ခဲ့ဘူး..."

သူက ဖျော့တော့စွာ ရေရွတ်သည်။

"စိတ်မပူနဲ့ မင်းသေတော့မှာ မဟုတ်ဘူး...”

ကျူးရန်တုန်း စိတ်ဓာတ်ကျကာ အတွေးလွန် နေစဉ်မှာပင် သာယာ ကြည်လင်သော အသံတစ်ခုကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

ချန်းဖန်က သူ့ကို ညင်သာစွာ ပြောရင်း ဆေးတစ်လုံးကို ကျူးရန်တုန်း၏ ပါးစပ်ထဲသို့ ထည့်ပေး လိုက်သည်။ ဆေးလုံးက ပါးစပ်ထဲသို့ ရောက်သည်နှင့် စွမ်းအင် အမျှင်တန်းများ အဖြစ်သို့ ပြောင်းလဲကာ သူ၏ တစ်ကိုယ်လုံးသို့ အတားအဆီး ကင်းမဲ့စွာ စိမ့်ဝင် ပျံ့နှံ့သွားသည်။ ဆေးစိမ့်ဝင် ပျံ့နှံ့သွားသည့် နေရာ တစ်လျှောက်ရှိ အဆိပ်များကား တိုက်စားခံရကာ တဖြည်းဖြည်း လျော့နည်းလာသည်။ မကြာခင်မှာပင် အဆိပ်များ ကုန်စင်သွားပြီး ကျူးရန်တုန်း၏ မျက်နှာမှာ သွေးရောင် ပြန်လွှမ်းလာခဲ့သည်။ ခဏအတွင်းမှာပင် သူမတ်တတ် ပြန်ရပ်လာနိုင်ခဲ့ပြီ ဖြစ်သည်။

"ဟူး...” ကျူးရန်တုန်းက သက်ပြင်း တစ်ချက်ကို ဖြည်းညှင်းစွာ ချမိသည်။ သူကား သေမင်း တံခါးဝမှ ပြန်လှည့် လာခဲ့သည့် လူတစ်ယောက်ကဲ့သို့ ခံစားနေရသည်။

"ငါမသေသေးဘူး။ ငါအသက်ရှင် နေသေးတယ်…"

သူက ပျော်ရွှင်စွာရေရွတ်ရင်း လက်နှစ်ထက်ကို ကြည့်သည်။ သူ၏ အရေပြားများပေါ်မှာ အစိမ်းရောင် အက်ကွဲကြောင်း များမှာလည်း လုံးဝ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

ဆေးနတ်ဘုရား တောင်ကြားမှ များစွာသော လူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက် လာခဲ့သည်။ ထိုကောင်လေးကား ကောင်ကင်မှ စေလွှတ်ခဲ့သည့် တမန်တော် တစ်ယောက်ကဲ့သို့ အစွမ်းထက်လွန်းသည်။ သူထုတ်လိုက်သော ဆေးတစ်လုံးကပင်လျှင် ကျူးရန်တုန်း၏ အသက်ကို စက္ကန့်ပိုင်း အတွင်း ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည်။ ထို့ကဲ့သို့သော အချင်းအရာမှာ အလွန်ပင် ကြောက်စရာ ကောင်းလွန်းသည်။

"အင်မော်တယ် ဆရာသခင်ချန်း ကျွန်တော်တကယ်ပဲ အမြင်ကျယ်ရပါတယ်...” ဂိုဏ်းခေါင်းဆောင်က ဒူးထောက်ရင်း လေးစားစွာ ဆိုသည်။

အခြား အကြီးအကဲ များစွာကလည်း နောက်တစ်ကြိမ် ဒူးထောက်ကာ ချန်းဖန်ကို အရိုအသေ ပြုလိုက်ကြတော့သည်။ ယခုတစ်ကြိမ်ကား ချန်းဖန်ကို အလွန်လေးစား ကြည်ညိုမိသဖြင့် သူတို့ စိတ်ဆန္ဒ အတိုင်း ဒူးထောက် မိကြခြင်း ဖြစ်သည်။

ကျိုးစင်းယုနှင့် ကျိုးကျင်းရီတို့ကလည်း ချန်းဖန်ကို လေးစားစွာ ကြည့်ကြသည်။

ယခင်က သူတို့ ချန်းဖန်ကို ကြောက်ရွံ့ ခဲ့ကြသော်လည်း ယခုမူ သူတို့ရင်ထဲတွင် လေးစားမှုများဖြင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်လေသည်။

"အင်မော်တယ် ဆရာသခင် ချန်း...”

ကျူးရန်တုန်းက တီးတိုး ရေရွတ်ရင်း နတ်ဘုရားငယ် တစ်ပါးအလား တည်ရှိနေခဲ့သည့် ချန်းဖန်ကို လေးစားစွာ ကြည့်နေ မိတော့သည်။

***

All Chapters