ဝိညာဉ်သစ်သား အမတေ
Vol. 2 Ch. 185
"ဝိညာဉ်သစ်သား ဟုတ်လား။ အဲ့ဟာက ဘယ်လိုမျိုးလဲ...” ဆေးဘုရင်က ချန်းဖန်ကို မေးလိုက်သည်။
"ဝိညာဉ်သစ်ပင်တွေ ဆိုတာက အနည်းဆုံး နှစ်ပေါင်း တစ်သောင်းလောက်ထိ အသက်ရှင်နိုင်တဲ့ သစ်ပင်ကြီးတွေပဲ။ သူတို့က မိုးကြိုးကပ်ဘေးကို ကျော်လွန်နိုင်တဲ့ အခါမှာ အစွမ်းထက်တဲ့ ဝိညာဉ် စွမ်းအင်တွေကို သိုလှောင် လာနိုင်တယ်။ ပိုပြီးအစွမ်းထက်တဲ့ ဝိညာဉ် သစ်ပင်တွေဆိုရင် လူအသွင် ပြောင်းလာနိုင်ပြီး စွမ်းအားကြီးတဲ့ အင်မော်တယ် ဉာဏ်အလင်းတွေကိုပါ ပိုင်ဆိုင်လာနိုင်တယ်...”
ချန်းဖန်က ဆေးဘုရင်ကို ရှင်းပြနေရင်းကပင် လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်သည်။
ဝိညာဉ်သစ်သား အမေတေမှာ ဆေးပုံကြီးထဲမှ လေပေါ်သို့ မြောက်တက်လာပြီး ချန်ဖန်ထံ ပျံသန်း လာခဲ့သည်။ ထိုအရာကား မြစ်ကမ်းပေါ်ရှိ ကျောက်စရစ်လုံး များကဲ့သို့ မည်းနက် ပြောင်လက် နေပြီး သစ်သားလုံး တစ်လုံးသဏ္ဌာန် ရှိသည်။
ဆေးဘုရင်က ထိုအရာကို ကြည့်ရင်း အံ့ဩတကြီး ရေရွတ်သည်။
"နှစ်တစ်သောင်း ကြာအောင် အသက်ရှည်တဲ့ သစ်ပင်။ ဘယ်လို သစ်ပင်မျိုးက အဲ့လောက်အထိ အသက်ရှည်လို့လဲ။ နောက်ပြီးတော့ သစ်ပင်က အစွမ်းထက်ပြီး လူသားပုံစံ ပြောင်းလဲနိုင်တယ်လား."
ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ထိုအရာကို ဖမ်းယူလိုက်သည်။ ထိုဝိညာဉ်သစ်သား အမတေမှာ သာမန် သစ်သားထက် ဆယ်ဆခန့် ပိုလေးပြီး သံထက်ပင် ပိုသိပ်သည်းသည်။
"ကျိုးကျင်းရီ ငါ့ကိုပေးခဲ့တဲ့ သစ်သားစက ပေါ့ပေါ့တန်တန် ပုံစံမျိုးနဲ့ ယူလာခဲတာ ဖြစ်ရမယ်။ ဝိညာဉ် သစ်သားစ ဆိုတာ သိတဲ့လူ တစ်ယောက်မှ ရှိပုံမရဘူး။ အာ့ကြောင့်ပဲ သိုလှောင်ရုံထဲမှာ ဒီအတိုင်း ပစ်ထားခဲ့တာပဲ...”
ချန်းဖန်က ဝိညာဉ်သစ်သား အမြုတေကို စစ်ဆေးရင်း တွေးမိသည်။
ကျိုးကျင်းရီ ဝိညာဉ် သစ်သားစ တစ်ခုကို သူ့ကို ပြသပြီးကတည်းက ထိုကဲ့သို့ သစ်သားစမျိုး ဆေးနတ်ဘုရား တောင်ကြား၌ ရှိနေလောက် သေးသည်ဟု တွေးမိခဲ့သော်လည်း ယခုကဲ့သို့ ဝိညာဉ်သစ်သား အမတေကို တွေ့မြင် ရလိမ့်မည်ဟု ချန်းဖန် ထင်မထားခဲ့ပေ။
"ဝိညာဉ်သစ်ပင် ဆိုတာက နတ်ဘုရား တစ်ပါးလား...” ဆေးဘုရင်က တီးတိုး ရေရွတ်နေသည်။ အကယ်၍ သစ်ပင်တစ်ပင်ကသာ နှစ်ပေါင်း တစ်သောင်းခန့် အထိ အသက်ရှည်ခဲ့သည်လျှင် အင်မော်တယ် စွမ်းအင်များ ရှိနေ၍သာ ဖြစ်ရမည်။ သို့မဟုတ်ရင် မည်သို့မျှ အသက်ရှင်ရန် မဖြစ်နိုင်ပေ။
"ဆရာချန်း ဝိညာဉ်သစ်သား အမတေကရော ဘယ်လိုမျိုးလဲ...” ဆေးဘုရင်က ချန်းဖန်ကို မေးလိုက်သည်။
ချန်းဖန်က ထိုဝိညာဉ် သစ်သား အမတေဟု ခေါ်သော အရာလေးကို အလွန် သဘောကျ နေသည်ကို သူတွေ့မြင် နေရသည်။ ချန်းဖန်၏ မျက်လုံးထဲတွင် ထိုအရာလေးမှာ အခန်းထဲရှိ ဆေးပင် အားလုံးထက် ပို၍ အဖိုးတန်နေပုံ ပေါ်သည်။
"ဝိညာဉ် သစ်ပင်တွေက နှစ်ပေါင်း တစ်သောင်းလောက်ထိ အသက်ရှင်နိုင်ပြီး မီတာရာချီအောင် ကြီးထွားနိုင်တဲ့ အပင်မျိုးစိတ် တစ်မျိုးပဲ။ ဝိညာဉ် သစ်ပင်ရဲ့ အလယ်ဗဟိုမှာ ဝိညာဉ်အမတေ ရှိပြီးတော့ အဲဒီဟာက ဝိညာဉ် ချီများစွာကို စုပ်ယူ ထားနိုင်တယ်လေ။ ရှင်းရှင်း ပြောရရင်တော့ ဝိညာဉ် သစ်ပင်တစ်ပင်ရဲ့ အသက်က ဝိညာဉ်အမတေလို့ ခေါ်လို့ရတယ်။ တကယ်လို့ ဝိညာဉ်သစ်ပင် ဖျက်ဆီး ခံရရင်တောင် ဝိညာဉ်အမတေနဲ့ ခဏအတွင်း ပြန်လည် ရှင်သန်လာနိုင်တယ်...” ချန်းဖန်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
"ဒါဆို ဒီသစ်သားလုံးလေးမှာ ဝိညာဉ်သစ်ပင်ရဲ့ ဝိညာဉ် စွမ်းအင်တွေ အားလုံး ပါဝင်နေတာပေါ့ ဟုတ်လား...” ဆေးဘုရင်က ထိတ်လန့်တကြား မေးသည်။
"ဟုတ်တယ် အဲလိုပဲ ပြောရမှာပေါ့...” ချန်းဖန်က ခေါင်းညိတ်ရင်း ပြန်ပြောသည်။
သစ်ပင်၊ လူသား၊ မှော်သားရဲ မည်သည့် ကျင့်ကြံသူပင် ဖြစ်စေ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်သည်နှင့် ဝိညာဉ် အမတေကို ဖွဲ့စည်းလာနိုင်မည် ဖြစ်ပြီး ထိုအရာက သူတို့၏ အသက် ဖြစ်လာသည်။ အကယ်၍ ထိုအမတေသာ ပျက်စီးသွားလျှင် သူတို့လည်း သေဆုံးရမည် ဖြစ်သည်။
လူသား ကျင့်ကြံသူများကမူ ထိုအရာကို ဝိညာဉ် အမြုတေဟု ခေါ်ဆိုကြပြီး ထိုအရာကို ဝိညာဉ် ချီစွမ်းအင်များနှင့် အားဖြည့် ပေးရသည်။ မရေမတွက် နိုင်လောင်အောင် သန့်စင် အားဖြည့်ပြီးသည်နှင့် ဝိညာဉ် အမြုတေမှာ ရွှေရောင်အမြုတေ အဖြစ်ပြောင်းလဲ လာမည် ဖြစ်သည်။ ထိုအဆင့်ကို ရွှေအမြုတေ အဆင့်ဟုလည်း ခေါ်သည်။ ထိုအဆင့်ရောက်လျှင် နှစ်ထောင်နှင့် ချီကာ အသက်ရှင်သန် နိုင်မည် ဖြစ်သည်။
"ဒါက နှစ်သောင်းချီတဲ့ ဝိညာဉ် သစ်ပင်ရဲ့ နတ်ဆိုး အမတေပဲပေါ့ ဟုတ်လား...” ဆေးဘုရင်၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ဝိုင်းစက် နေခဲ့သည်။ ထိုကဲ့သို့ လျှို့ဝှက် ဆန်းကြယ်သော အရာမျိုးကို သူတစ်ခါမျှပင် မကြားဖူးခဲ့ချေ။
"မင်းထွက်သွားလို့ ရပြီ။ ငါခု တစ်ယောက်တည်း အေးအေးဆေးဆေး လေ့ကျင့်ချင်တယ် ...”
ချန်းဖန်က ဆေးဘုရင်ကို ပြောလိုက်သည်။
"ငါ ကျင့်ကြံနေတုန်းမှာ ဘာအနှောက်အယှက်မှ မရှိစေချင်ဘူး ကြားလား...”
"ကောင်းပါပြီ အင်မော်တယ် ဆရာချန်း...” ဆေးဘုရင်က ချန်းဖန်ကို ရိုသေစွာ ဦးညွတ်ရင်း အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်ခွာ သွားသည်။ သူ၏ ရင်ထဲတွင်တော့ အတော်နာကျင်နေမိသည်။ ဝိညာဉ်သစ်သား အအတေဟု ခေါ်သော အရာကား အရမ်းကို အစွမ်းထက် လွန်းသည်။ သို့သော် ထိုအရာကို မမြင်နိုင်ခဲ့သော သူ့ကိုယ်သူ အပြစ်တင်ရန်သာ ရှိတော့သည်။
****
ဆေးဘုရင် ထွက်သွားသည်နှင့် ဆေးသိုလှောင်ခန်းထဲတွင် ချန်းဖန် တစ်ယောက်သာ ကျန်ရှိတော့သည်။ ချန်းဖန် နေရာတစ်ခုကို ရွေးကာ ထိုင်ချလိုက်ပြီး အာကာသသန့်စင် မွမ်းမံခြင်း ကျင့်စဉ်ကို စတင်ရန် ပြင်လိုက်သည်။ သူသာ အာကာသ မွမ်းမံသန့်စင်ခြင်း ကျင့်စဉ်ဖြင့် ဝိညာဉ်သစ်သား အမြုတေကို သန့်စင်ပြီးလျှင် တာအို ခန္ဓာအဆင့်အထိ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
တာအိုခန္ဓာ ရရှိရန်အတွက် နှစ်ထောင်ချီ ဆေးမြစ်များစွာကို စုဆောင်း ရလိမ့်မည်ဟု ချန်းဖန် မျှော်လင့် ထားခဲ့သော်လည်း ယခုမူ အလွန် လွယ်ကူသွားပြီ ဖြစ်သည်။ ဝိညာဉ်သစ်သား အမတေထဲတွင် ပါဝင်သော ချီစွမ်းအင်များမှာ အလွန်များပြားပြီး တာအိုခန္ဓာ၏ ကနဦး အောင်မြင်မှုကို အထိ ကျင့်ကြံရန်မှာ ပြဿနာ မရှိပေ။
"ဒီ ဝိညာဉ်ချီ တွေက သစ်သားက ဖြစ်လာတာဆိုတော့ ငါသစ်သား ဒြပ်စင် စုစည်းခြင်း နည်းလမ်းကိုပဲ အသုံးပြုရမယ်...”
ချန်းဖန်က အာကာသ မွမ်းမံသန့်စင်ခြင်း ကျင့်စဉ်ကို တစ်ခေါက် ပြန်စဉ်းစားကာ သစ်သား ဒြပ်စင် စုစည်းခြင်း နည်းလမ်းကို အထပ်ထပ် ပြန်တွေးလိုက်သည်။
တာအိုခန္ဓာ ရရှိခြင်းတွင်လည်း အဆင့်များ ခွဲခြား ထားသေးသည်။ သာမန်တာအို ခန္ဓာ ရရှိသူများမှာ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များ ပိုမို သန်စွမ်းလာပြီး နှစ်ရာနှင့်ချီကာ အသက်ရှင်လာနိုင်မည် ဖြစ်သည်။ တာအိုခန္ဓာကို ရရှိသည်နှင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကိုပါ ချိတ်ဆက် အသုံးပြု လာနိုင်မည်လိမ့်မည် ဖြစ်သည်။
အကယ်၍ လူတစ်ယောက်ကသာ ဝိညာဉ်ခန္ဓာကို ဖွဲ့စည်းနိုင်ခဲ့လျှင် ပိုမို အစွမ်းထက်လာမည် ဖြစ်သည်။
"တာအို ခန္ဓာကိုယ်က ဝိညာဉ်ချီ စွမ်းအင်ပေါင်းစုံ စုစည်းထားပြီး တစ်ခုမှ သူရဲ့ အစွမ်းအထက်ဆုံး အခြေအနေမှာ ရှိမနေခဲ့ဘူး။ ဝိညာဉ် ခန္ဓာကတော့ ဝိညာဉ်စွမ်းအင် တစ်မျိုးထဲကို စုစည်းပြီး အဲ့စွမ်းအင်ရဲ့ အစွမ်းအထက်ဆုံး အခြေအနေကို ရောက်နေခဲ့ပြီ လို့ ပြောလို့ရတယ်။ တကယ်လို့ တာအိုခန္ဓာရရှိတဲ့ လူနဲ့ တိုက်ခိုက်ရင် ဝိညာဉ် ခန္ဓာရှိတဲ့လူက စွမ်းအင် တစ်မျိုးထဲကို အထွတ်အထိပ် ရောက်တဲ့ အထိ ဖော်ထုတ်နိုင်တာကြောင့် တာအို ခန္ဓာပိုင်ရှင်ကို အနိုင်ရနိုင်တယ်...”
စကြဝဠာထဲတွင် မရေတွက်နိုင်သော ဝိညာဉ် ခန္ဓာဖွဲ့စည်းနိုင်သူ ပေါင်း မရေမတွက်နိုင်အောင် ရှိသည်။ ချန်းဖန်၏ ပထမ ရည်ရွယ်ချက်မှာ နှစ်ထောင်ချီ ဆေးမြစ်များစွာမှ ချီစွမ်းအင်များကို စုပ်ယူကာ တာအို ခန္ဓာဖွဲ့စည်း ရမည် ဖြစ်သောကြောင့် ရိုးရိုးတာအို ခန္ဓာကိုသာ ဖွဲ့စည်းရန် သူမျှော်လင့်ထားခဲ့ခြင်း ဖြစ်စည်။
စကြာဝဠာထဲတွင် ဝိညာဉ်ခန္ဓာ ရရှိရန်အတွက် ကျင့်စဉ်ပေါင်း တစ်သိန်း ခုနစ်သောင်း နှစ်ရာ ရှိပြီး ထိုကျင့်စဉ်များမှာ အဓိက ကျင့်စဉ်ကြီး ငါးခုကို မြစ်ဖျားခံထားခြင်း ဖြစ်သည်။ ထိုကျင့်စဉ်ကြီးငါးခု အောက်တွင် သစ်သား ဒြပ်စင် စုစည်းသည့် နည်းလမ်းပေါင်း ခုနစ်ရာ ရှစ်ဆယ့် ကိုးခု အထိ ရှိနေသည်။
"သစ်သား ဒြပ်စင်က လူတော်တော် များများ ကျင့်ကြံဖို့ ရွေးချယ်ကြတဲ့ ဒြပ်စင်ပဲ။ ဒါပေမဲ့ ဒြပ်စင် စုစည်းတဲ့ နည်းလမ်း တစ်ခုချင်းစီက တစ်မျိုးစီ ကွာခြားမှု ရှိနေတယ်။ အဲဒီကွာခြားမှုက ဉာဏ်အလင်း စုဆောင်းတဲ့ နေရာမှာ အရမ်းကို အကျိုး သက်ရောက်မှု ရှိတယ်။ ဝိညာဉ် ခန္ဓာကိုယ်လိုပဲ ဉာဏ်အလင်း စုဆောင်းတဲ့ စွမ်းရည်တွေကလည်း အမျိုးမျိုး ကွဲပြားသွားတယ်။ တကယ်လို့ ငါသာ ကောင်းကင် ကျင့်ကြံခြင်း နည်းလမ်းကို အသုံးပြုပြီး သစ်သား ဒြင်စင်ချီတွေကို စုပ်ယူမယ်ဆိုရင် အစွမ်းအထက်ဆုံး ဖြစ်လာလိမ့်မယ်..”
ချန်းဖန် အရင်ဘဝက အစစ်အမှန်သိုင်း နတ်ဘုရားဂိုဏ်းတွင် ကျင့်ကြံခဲ့ပြီး အစစ်အမှန် မဟာခန္ဓာကို ဖွဲ့စည်းနိုင်ခဲ့သည်။
အစစ်အမှန် မဟာခန္ဓာမှာ အစွမ်း အထက်ဆုံး ဝိညာဉ်ခန္ဓာများ အနက် တစ်ခုဖြစ်ကာ "မဟာ ခန္ဓာ" ဟုပင် အမည်ပေး ရလောက်အောင် အစွမ်းထက်ခဲ့သည်။
"ဘာပဲဖြစ်ဖြစ် အစစ်အမှန် မဟာ ခန္ဓာကိုယ်ကို ဖွဲ့စည်းဖို့ လိုအပ်နဲ့ ချီပမာဏက ဒီကမ္ဘာမှာရှိတဲ့ ချီစွမ်းအင် အားလုံးထက် ပိုများနေသေးတယ်။ ဒါကြောင့်ပဲ မဟာခန္ဓာ လို့ နာမည် အတပ်ခံရတာပေါ့..”
ကံကောင်းစွာဖြင့်ပင် သူ၏ မှတ်ဉာဏ်ထဲတွင် အစွမ်းထက်သော နည်းလမ်းများစွာ ရှိနေသေးသည်။ ထိုနည်းလမ်းထဲမှ တစ်ခုနှင့်ဆိုလျှင် သူ၏ ယခင်ဘဝကဲ့သို့ အစစ်အမှန် မဟာခန္ဓာကို ဖွဲ့စည်းရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။
ချန်းဖန် သူ၏ ယခု အခြေအနေနှင့် လိုက်ဖက်မည့် သစ်သား ဝိညာဉ်ခန္ဓာ တည်ဆောက်ခြင်း နည်းလမ်းများကို စတင် စဉ်းစားလိုက်သည်။
"ယီသစ်သား ခန္ဓာ..။ ဒါက အဆင့်နိမ့် ခန္ဓာတစ်ခုပဲ။ ကျင့်ကြံခြင်း အဆင့်ကို မြန်စေပေမယ့် အစွမ်း သိပ်မထက်ဘူး...”
"အစိမ်းရောင် ပန်းပွင့် ဓား ခန္ဓာ...”
"ပျား ဖယောင်း ခန္ဓာ...။ ဒါလည်း မဟုတ်သေးဘူး...”
"ထာဝရ နွယ်ပင် ခန္ဓာ...။ မဟုတ်ဘူး..”
ချန်းဖန် သစ်သားဒြပ်စင် စုပ်ယူခြင်း နည်းလမ်းများကို တစ်ခုပြီး တစ်ခု ပြန်လည် စဉ်းစား နေခဲ့သည်။ သူ့မှတ်ဉာဏ်ထဲမှ ခန္ဓာတည်ဆောက်ခြင်း နည်းလမ်းတိုင်းမှာ အရမ်း အစွမ်းထက်ပြီး သာမန် ကျင့်ကြံသူများပင် မသိရှိသော အရာများပင် ဖြစ်သည်။
"ခုအခြေအနေနဲ့ ဆိုရင် အစိမ်းရောင် ပန်းပွင့်ဓား ခန္ဓာ နည်းလမ်းက ငါနဲ့ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်။ အဲဒါက ငါအရင်ဘဝက ကျင့်ကြံခဲ့တဲ့ ရွှေခုနှစ်မျိုး ဓမ္မခန္ဓာ နည်းလမ်းနဲ့ နည်းနည်း ဆင်တယ်။..." ချန်းဖန် တစ်ယောက်တည်း တွေးရင်း ချီတုံချတုံ ဖြစ်နေခဲ့သည်။
ရုတ်တရက် သူတစ်ခုကို ပြန်စဉ်းစားမိဟန် ဖြင့် မျက်မှောင် ကြုတ်လိုက်သည်။
"အဇူရာ သက်ရှည်ခန္ဓာ။ အဓိကကျင့်စဉ်ကြီး ငါးခုအနက် အစွမ်း အထက်ဆုံး ခန္ဓာ တည်ဆောက်ခြင်း ကျင့်စဉ်။ ဒီနည်းလမ်း အတိုင်းသာ ကျင့်ကြံမယ် ဆိုရင် အစွမ်းထက်တဲ့ မဟာခန္ဓာကို ရရှိလိမ့်မယ်။..."
***