အဇူရာ သက်ရှည် ခန္ဓာ
Vol. 2 Ch. 186
"အဇူရာသက်ရှည် ခန္ဓာ တည်ဆောက်ခြင်း ကျင့်စဉ်က မဟာအင်မော်တယ် ဂိုဏ်းကြီး ကိုးဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ဒြပ်စင် ငါးမျိုးနတ်ဘုရား ဂိုဏ်းရဲ့ အကောင်းဆုံး ကျင့်စဉ် တစ်မျိုးပဲ။ ဒီကျင့်စဉ်ကိုသာ အောင်မြင်ပြီးသွားရင် သစ်သား ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်လာပြီးတော့ မဟာခန္ဓာကို ငါဖွဲ့စည်း နိုင်လိမ့်မယ်...”
"ငါသာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို သစ်သား ဝိညာဉ် တည်ဆောက်ခြင်းနဲ့ ရောက်ရှိခဲ့မယ် ဆိုရင် ပတ်ဝန်းကျင်မှာ ရှိတဲ့ သစ်သားဒြပ်စင်တွေကို ထိန်းချုပ်လာနိုင်လိမ့်မယ်....”
"အဇူရာသက်ရှည် ခန္ဓာ ကျင့်စဉ်ကို လေ့ကျင့်ပြီးရင် ငါ့ရဲ့ အသက်ကလည်း ဆယ်ဆအထိ ပိုရှည်လာမှာ ဖြစ်ပြီးတော့ အစိမ်းရောင် ဓမ္မမျက်လုံး ဉာဏ်အလင်း စုဆောင်းခြင်း စွမ်းအင်ကို ရရှိလာလိမ့်မယ်....”
သာမန် ဝိညာဉ်ခန္ဓာများ တည်ဆောက်ပြီးလျှင် ဉာဏ်အလင်း စုဆောင်းခြင်း စွမ်းအင် နှစ်ခုခန့်သာ ရရှိမည် ဖြစ်ပြီး အဇူရာ သက်ရှည် ခန္ဓာကျင့်စဉ်ကိုသာ ပြီးမြောက်ခဲ့လျှင် ဉာဏ်အလင်း စုဆောင်းခြင်း စွမ်းအင် တစ်ဒါဇင်ခန့် အထိ ရရှိလာမည် ဖြစ်သည်။ ထိုအရာကား ဒြပ်စင်ငါးမျိုး နတ်ဘုရားဂိုဏ်း၏ ထိပ်တန်း ကျင့်စဉ် တစ်ခုဟု မပြောရချေ။
"အဇူရာ သက်ရှည် ခန္ဓာက ဘာမှ သိပ်ပြီး မထူးခြားသေးပါဘူး...။ ဒီကျင့်စဉ်လို အစွမ်းထက်တဲ့ ကျင့်စဉ်တွေ ငါ့မှာ တစ်ဒါဇင်လောက် ရှိသေးတယ်။ ဒါပေမဲ့ ငါသာ ဒြပ်စင်ငါးမျိုး မဟာခန္ဓာ ကိုသာ ရရှိခဲ့မယ် ဆိုရင်တော့ လုံးဝ ခြားနားတဲ့ အရာဖြစ်သွားပြီ...” ချန်းဖန်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
ဒြပ်စင်ငါးမျိုး မဟာခန္ဓာမှာ ဒြပ်စင်ငါးမျိုး နတ်ဘုရား ဂိုဏ်း၏ အစွမ်း အထက်ဆုံးသော ကျင့်စဉ်ဖြစ်ပြီး ဒြပ်စင်ငါးမျိုး ခန္ဓာတစ်ခုချင်းစီကို ပေါင်းစပ်လာ လေ့ကျင့်ရသည်။ ထိုအထဲတွင် အဇူရာ သက်ရှည် ခန္ဓာလည်း တစ်ခု အပါအဝင် ဖြစ်သည်။
"ငါ့မှာက ဒြပ်စင် ငါးမျိုးထဲက တစ်မျိုးပဲရှိတာ။ အဲခန္ဓာ ကို ရရှိဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး...” ချန်းဖန် စိတ်ပျက်လက်ပျက် ခေါင်းကို ခါရမ်းမိသည်။
သို့သော်လည်း ယီသစ်သားခန္ဓာ၊ အစိမ်းရောင် ပန်းပွင့်ဓား ခန္ဓာတို့နှင့် နှိုင်းယှဉ်လျှင် အဇူရာ သက်ရှည်ခန္ဓာက အဆများစွာ အစွမ်းထက် နေသေးသည်။
"အဇူရာ သက်ရှည် ခန္ဓာကိုပဲ ငါရွေးလိုက်တော့မယ်။ ဝိညာဉ်သစ်သား အမတေထဲမှာ ပါဝင်တဲ့ ဝိညာဉ် စွမ်းအင်တွေနဲ့ဆို ဝိညာဉ်ခန္ဓာ အစပျိုးအဆင့်ကို အလွယ်လေး ရောက်နိုင်တယ်။..."
ချန်းဖန် တီးတိုး ရေရွတ်ရင်း ပြုံးလိုက်သည်။
အဇူရာ သက်ရှည် ခန္ဓာမှာ အစွမ်းထက်သော ခန္ဓာ တစ်ခုဖြစ်ပြီး ကျင့်ကြံရန်မှာလည်း အလွန် ခက်ခဲသည်။ ထိုအရာက ဝိညာဉ် ချီစွမ်းအင်များစွာ လိုအပ်ပြီး ပြီးဆုံးအောင် လေ့ကျင့်ရန်မှာ ဝိညာဉ်သစ်သား အမတေ တစ်ခုတည်းနှင့် မလုံလောက်ချေ။
"ဘာပဲဖြစ်ဖြစ် အစပျိုးအဆင့်က ငါ့အတွက် လုံလောက်တယ်။ နောက်ပြီးတော့ အဇူရာ သက်ရှည် ခန္ဓာက စကြဝဠာထဲမှာ ရှိတဲ့ အစွမ်းအထက်ဆုံး ခန္ဓာတွေထဲက တစ်ခုပဲလေ..."
ချန်းဖန် အတွေးများကို လက်စဖြတ်ပြီး အဇူရာ သက်ရှည်ခန္ဓာကို စတင်ကျင့်ကြံရန် ပြင်ဆင် လိုက်တော့သည်။
ဟူး... ဟူး....
ချန်းဖန် ဆေးသိုလှောင်ခန်း၏ အလယ်တွင် ထိုင်နေခဲ့ပြီး သူ၏ လက်များက ရင်ဘတ်ပေါ်တွင် ကြက်ခြေခတ် သဏ္ဌာန် ပြုလုပ်ထားသည်။ ဝိညာဉ်သစ်သား အမတေမှာ ချန်းဖန်၏ ရှေ့ လေပေါ်တွင် မျောပါလျက် ရှိပြီး စွမ်းအင်လှိုင်းများ ဖြတ်သန်း စီးဆင်နေခဲ့သည်။
ဝိညာဉ် အမတေထဲမှ ဝိညာဉ် စွမ်းအင်များမှာ အစိမ်းရောင် သန်းနေပြီး အဝေးမှ ကြည့်လျှင် မြူများနှင့်ပင် သဏ္ဌာန် တူနေသေးသည်။ ထိုအစိမ်းရောင် မြူများထဲမှ အချို့ကို သာမန် လူတစ်ယောက် စုပ်ယူနိုင်ခဲ့လျှင်ပင် အသက် ဆယ်နှစ်ခန့်အထိ ပိုမို ရှည်လျားသွားနိုင်မည် ဖြစ်သည်။ ထိုဝိညာဉ်ချီများ၏ စွမ်းအားမှာ အမတေ စွမ်းအင်တိုးမြှင့်ခြင်း ဆေးလုံးများနှင့် သဘောတရားချင်း ဆင်တူသည်။
ဘုန်း ...
ချန်းဖန် သစ်သား ဝိညာဉ်ချီများကို စတင် သန့်စင်လိုက်သည်နှင့် အစိမ်းရောင် ဝိညာဉ် မြူခိုးများမှာ သိပ်သည်းသွားပြီး အရည်တစ်စက် ဖြစ်တည်လာသည်။ ထိုအရည်စက်မှာ ဝိညာဉ်စွမ်းအင်၏ စစ်မှန်သော အမြုတေများပင် ဖြစ်သည်။ ဝိညာဉ်သစ်သား အမတေထဲတွင် ထိုကဲ့သို့ အစိမ်းရောင် အရည်စက် တစ်သောင်းခန့် ထိပင် ရှိနေသည်။
"ငါတစ်နေ့ကို ဆယ်စက်နှုန်း သန့်စင်မယ်ဆိုရင် တစ်လမှ အစက်သုံးရာပဲ ပြီးလိမ့်မယ်။ ဒီနှုန်းအတိုင်း သွားမယ်ဆို အစိမ်းရောင် အရည်စက်တွေ ကုန်ဖို့ သုံးနှစ်လောက် အချိန်ယူရမယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ငါ့ရဲ့ သန့်စင်နှုန်းက တိုးတက်မှာဦးမှာ။ နောက်ကျရင် တစ်နေ့ကို အစက်တစ်ရာ လောက်ထိ သန့်စင်နိုင်လိမ့်မယ်...”
ချန်းဖန် အရည်စက်များကို သန့်စင်ရင်း တွေးနေမိသည်။
ပထမတစ်စက်...။
ဒုတိယ တစ်စက်...။
တတိယတစ်စက်...။
စတုတ္ထတစ်စက်...။
နေမဝင်ခင်မှာပင် အစိမ်းရောင် အရည်စက် ဆယ်စက်လောက် အထိ ချန်းဖန် သန့်စင်နိုင်ခဲ့သည်။
ဆေးသိုလှောင်ခန်း တစ်ခုလုံးကား သစ်သားဝိညာဉ်ချီ အစိမ်းရောင် မြူခိုးများနှင့် ပြည့်နှက် နေခဲ့ပြီး အခန်းအတွင်းရှိ ခြောက်သွေ့နေသော ဆေးမြစ်များ၊ ဆေးဖက်ဝင် အပက်ခြောက်များ၊ အသီးခြောက်များ စသည်တို့မှာ ပြန်လည်စိမ်းစို လာခဲ့သည်။ အချို့ကား အပင်ငယ်လေးများပင် ထပ်မံ ပေါက်နေခဲ့ပြီ ဖြစ်သည်။ ထိုအရာကား သစ်သား ဝိညာဉ်ချီ၏ သေးငယ်သော အစွမ်းတစ်ခုသာ ဖြစ်သည်။ ဆေးသိုလှောင်ခန်းကား အင်မေယ်တယ် ဆေးဥယျာဉ် တစ်ခုလိုပင် ဖြစ်နေခဲ့တော့သည်။
ကမ္ဘာပေါ်ရှိ ဆေးမြစ်များမှာ ဝိညာဉ် ဆေးမြစ် ဖြစ်လာရန် နှစ်ထောင်ချီ ကြာအောင် ဝိညာဉ်ချီများကို စုပ်ယူ ရသော်လည်း ခန်းမင်နယ်ပယ် တွင်စိုက်ပျိုးပါက ဆယ်စုနှစ် အနည်းငယ်သာ အချိန်ယူရမည် ဖြစ်သည်။ အကယ်၍ ထိုဆေးမြစ်များကိုသာ အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်း၏ နှလုံးသား နယ်မြေတွင် စိုက်ပျိုးလျှင်မူ လအနည်းငယ်သာ ကြာမြင့်မည် ဖြစ်သည်။ ဂျင်ဆင်း ဆေးမြစ်များ၏ ကြီးထွားနှုန်းမှာ ပတ်ဝန်းကျင်တွင် ဝိညာဉ်ချီစွမ်းအင် သိပ်သည်းမှုနှင့် တိုက်ရိုက် အချိုးကျသည်။ ဝိညာဉ် ချီစွမ်းအင် သိပ်သည်းလေလေ ဆေးမြစ်၏ ကြီးထွားမှုက မြန်လေလေ ဖြစ်သည်။
ယခုပင်လျှင် ဝိညာဉ်သစ်သား၏ အစိမ်းရောင် မြူခိုးအနည်းငယ် ပျံ့ထွက်မှုကြောင့် ဆေးသိုလှောင်ခန်း တစ်ခုလုံးမှာ အင်မော်တယ် ဥယျာဉ် တစ်ခုအလား ဖြစ်လာခဲ့သည်။ အကယ်၍ ချန်းဖန်သာ ဆေးနတ်ဘုရား တောင်ကြားတွင် စွမ်းအင်စုဆောင်းခြင်း အစဉ်အရင် တစ်ခုသာ ခင်းကျင်းခဲ့လျှင် တောင်ကြား တစ်ခုလုံးမှာ အင်မော်တယ် ဆေးဥယျာဉ် တစ်ခုကဲ့သို့ ဖြစ်လာပေလိမ့်မည် ဖြစ်သည်။
သို့သော် ချန်းဖန်က ထိုသို့သော ကိစ္စများကို သိပ်စိတ်မဝင်စားပေ။ သူ၏ အရေးအကြီးဆုံးသော အလုပ်မှာ သူ၏ ကျင့်ကြံခြင်း၌ အစွမ်းထက် လာစေရန်သာ ဖြစ်သည်။ အကယ်၍ တာအိုခန္ဓာကိုသာ သူပိုင်ဆိုင်ပြီးလျှင် သူ၏ စွမ်းအင် ကျင့်ကြံနှုန်းမှာ လျင်မြန်စွာ တိုးတက် လာနိုင်မည် ဖြစ်သည်။
ချန်းဖန် ပထမဆုံးနေ့တွင် အစိမ်းရောင် အရည်စက် ဆယ်စက်သာ စုပ်ယူ သန့်စင် နိုင်ခဲ့သော်လည်း ဒုတိယနေ့တွင် ဆယ့်တစ်စက် စန့်စင်နိုင်ခဲ့သည်။ တတိယနေ့တွင်မူ အစက်သုံးဆယ် သန့်စင်နိုင်ခဲ့ကာ စတုတ္ထနေ့တွင် အစက် ခုနစ်အထိ တိုးတက် လာခဲ့သည်။
ဤသို့ဖြင့် ....။
ချန်းဖန်၏ အရေပြား၊ ခန္ဓာကိုယ် ကြွက်သား၊ မွေးညင်းများနှင့် နောက်ဆုံး သူ၏တပည့်ကျော် ပင်လျှင် အစိမ်းရောင် သန်းလာခဲ့သည်။ အစွမ်းထက်သော သစ်သား ဒြပ်စင် ဝိညာဉ်ခန္ဓာက သူ၏ သေးငယ်သော ဆဲလ်ဘေးများ အထိပင် ပြုပြင် ပေးနေခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သေးငယ်သော အစိတ်အပိုင်း လေးများမှ စ၍ ပြောင်းလဲလာပြီး သစ်သား ဒြပ်စင်ခန္ဓာကို စတင် တည်ဆောက်သည်။
ချန်းဖန် သူ၏ စိတ်နှင့် ခန္ဓာနှစ်ခုလုံးကို ကျင့်ကြံခြင်းတွင်သာ မြှပ်နှံထားပြီး မူလကထက် အဆများစွာ အစွမ်းထက် လာခဲ့သည်။ လအနည်းကြာသည်အထိ သုံးမရတော့ဟု မျှော်လင့်ထားခဲ့သော လီရွှေရောင် မီးတောက်မျက်လုံးပင်လျှင် ပြန်လည် ရရှိခဲ့ပြီ ဖြစ်သည်။
သာမန် ဝိညာဉ်ခန္ဓာများမှာ ပျက်စီး လွယ်သော်လည်း မဟာခန္ဓာ ရရှိခဲ့လျှင်မူ ထိုအရာက ထာဝရ တည်ရှိသွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် မဟာခန္ဓာရရှိသူများမှာ စကြဝဠာ တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး လူများ ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။
***
၂၀၀၈ ခုနှစ်၊ မေလ၊ ကျောင်းဟိုင်လေဆိပ်...။
လေဆိပ်အတွင်းတွင် လေယာဉ် ပျံကြီးများထဲမှ အချို့မှာ ဆင်းသက် နေကြသလို၊ အချို့မှာလည်း ပျံတက် ထွက်ခွာလျက် ရှိသည်။ ဧည့်သည်ကြိုသော နေရာတွင်လည်း လူများစွာမှာ ဆိုင်းပုတ်များကို ထောင်၍ သက်ဆိုင်ရာ လူများကို စောင့်ဆိုင်းလျက် ရှိနေကြသည်။
စောင့်ဆိုင်းသည့် အခန်းတစ်ခုထဲတွင် အဘိုးအိုတစ်ဦးနှင့် မြေးအရွယ် ကလေးတစ်ဦး တို့မှာ ထိုင်ရင်း စကားစမြည် ပြောဆိုနေကြသည်။
"အဘိုး... သားသားကို ချန်းပေ့ရွှမ်း အကြောင်း ပြောပြပါလား...”
အဘိုးအိုမှာ အသက် ခုနှစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှိကာ သိုင်းသမား တစ်ဦးလည်း ဖြစ်သည်။ သူ၏ လှုပ်ရှားမှာများမှာ ငြိမ်သက်နေသော ရေပြင်တစ်ခုနှယ် တည်ငြိမ်နေပြီး အသံတစ်ခုတလေပင် ထွက်ပေါ်ခြင်း မရှိပေ။ ကလေးငယ်က အဘိုးအို၏ လက်ပေါ်တွင် သူမေးစေ့ကို မှေးတင်ရင်း အဘိုးအိုကို မျှော်လင့်တကြီး ပြောနေသည်။
"သားသားကို အဘိုး အများကြီး ပြောပြပြီးပြီ မဟုတ်လား။ ဘာလို့ မကျေနပ်သေးတာလဲ...” အဘိုးအိုက ကလေးငယ်ကို ချစ်စနိုး ကြည့်ရင်း မေးသည်။ သို့သော် နောက်ဆုံးတွင် သူ၏ မြေးငယ်ကို အလျှော့ပေးလိုက်ပြီး သူအကြိမ်ကြိမ် ပြောခဲ့ဖူးသည့် ပုံပြင်ကိုပင် နောက်တစ်ကြိမ် ပြန်ပြောပြ လိုက်သည်။
"သိုင်းပညာ ညီလာခံမှာ လာတဲ့ လူတိုင်းက ချန်းပေ့ရွှမ်းဆိုတဲ့သူကို အသက် နှစ်ဆယ်တောင် မပြည့်သေးတဲ့ လူငယ်လေး ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။ နောက်ဆုံးမှာ သူက လုမိသားစု သခင်ကြီးနဲ့တောင် ထိပ်တိုက် တွေ့ခဲ့ပြီး ....”
အဘိုးအို သူ၏ မြေးငယ်ကို ပုံပြောပြ နေစဉ်မှာပင် အုပ်စုတစ်စုက သူတို့ရှိရာ အခန်းအနားသို့ ရောက်လာခဲ့သည်။ ထိုအုပ်စုထဲတွင် အဖြူရောင် ဝတ်စုံနှင့် အဘိုးအို တစ်ယောက်က ရှေ့ဆုံးမှ လျှောက်လာပြီး သူဘေးမှ လူအချို့က ရိုသေသော အမူအရာဖြင့် လိုက်ပါလာခဲ့သည်။ အဘိုးအို၏ ဆံပင်များမှာ ဆွတ်ဆွတ်ဖြူ နေသည့်တိုင် သူ၏ မျက်နှာမှာမူ လူငယ် တစ်ယောက်ကဲ့သို့ ငယ်ရွယ် နေခဲ့သည်။ အထူးသဖြင့် လူတိုင်း သတိထားမိစေသော အရာမှာ သူ၏ ထက်မြက်ပြီး၊ ရှင်းလင်းသော မျက်လုံးများ ဖြစ်သည်။ ထိုအဘိုးအို၏ လှုပ်ရှားမှုများမှာ တိကျ၊ တည်ငြိမ်ပြီး ထက်မြက်ခြင်း တစ်မျိုးကို ပုံဖော်နေသည်။
"အဘိုးနဲ့ ချန်းပေ့ရွှမ်းနဲ့ ဆိုရင်ရော ဘယ်သူ နိုင်မှာလဲ ဟင်...” မြေးငယ်က အဘိုးအိုကို ရွှန်းရွှန်းလဲ့လဲ့ ကြည့်ရင်း မေးသည်။
"အဘိုးက သူ့ကို ဘယ်နိုင်မှာလဲ မြေးရဲ့။ အဘိုးက သားသားကို ထိန်းဖို့ကလွဲရင် ဘာမှ မလုပ်တတ်တဲ့ အဘိုးကြီးပဲ ဟာကို...”
အဘိုးအိုက မြေးငယ်၏ ဦးခေါင်းများကို ပွတ်သပ်ရင်း ပြောလိုက်သည်။
ထိုစဉ်မှာပင် သူ့ရှေ့နားမှ ဖြတ်သန်းသွားသော လူအုပ်စု တစ်စုကို တွေ့လိုက်ရသည်။ ထိုအုပ်စုထဲမှ ရှေ့ဆုံးမှ လူ၏ မျက်နှာ တွေ့လိုက်ရသည်နှင့် အဘိုးအိုမှာ အလွန်အံ့ဩသည့် ပုံစံပေါ်လာခဲ့သည်။
"အဘိုး ဘာဖြစ်နေတာလဲ ဟင်...” မြေးငယ်က အဘိုးအို၏ အံ့ဩနေသော မျက်နှာကို ကြည့်ရင်း မေးလိုက်သည်။
အဖြူရောင် ဝတ်စုံနှင့် အဘိုးမှာ သူတို့ အခန်းရှေ့နားမှ ဖြတ်သန်း သွားပြီ ဖြစ်ပြီး သူတို့မြေး၊ အဘိုးကို သတိထားမိပုံပင် မပေါ်ချေ။
"ဘာမဖြစ်ပါဘူး သားသားရဲ့။ အဘိုး သိတဲ့ သူတစ်ယောက်ကို မြင်လိုက်မိလို့...” အဘိုးအိုက ကလေးငယ်ကို ကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။
သူ၏ စိတ်ထဲတွင်မူ မေးခွန်းများစွာက နေရာယူနေခဲ့ပြီ ဖြစ်သည်။
"သူ ဒီကို ပြန်လာတာ ချန်းပေ့ရွှမ်းကြောင့်လား...”
"သူ ဘာကြောင့် ဒီမှာ ရှိနေတာလဲ။ သူ တရုတ်နိုင်ငံကို ပြန်မလာတော့ပါဘူးလို့ ကျိန်ဆိုခဲ့တယ် မဟုတ်ဘူးလား...”
"သူ ပြန်လာရင် ကမ္ဘာကြီး ပြောင်းပြန် ဖြစ်တော့မှာပဲ..”
အဘိုးအိုက တွေးရင်း သက်ပြင်းချမိသည်။ ထိုဖြတ်သန်း သွားသော ဝတ်စုံအဖြူ၊ ဆံပင်အဖြူနှင့် အဘိုးအိုကား အခြားလူ မဟုတ်ပေ။ တရုတ် နိုင်ငံပြင်ပတွင် စွမ်းအား အကြီးဆုံး ဟု ကျော်ကြားသော လဲ့ချန်းကျွယ်ပင် ဖြစ်တော့သည်။
***