အေးခဲခြင်းချီစွမ်းအင်
Vol. 2 Ch. 188
"ရှောင်ရွယ် နင်ရူးနေတာလား....'
လုယန်ဝူက သူမ၏ အင်္ကျီကို ဆွဲရင်း ပြောသည်။
"လုယန်ရွယ် နင့်ကိုယ်နင် စင်ဒရဲလား မင်းသမီးလေးလို့ ထင်နေတာလား။ ချန်းပေ့ရွှမ်းရဲ့ ရန်သူက ခု ဒီမှာ ရှိနေတယ်လေ။..."
လုမိသားစုဝင် များစွာမှာ ချန်းဖန်နှင့် လုယန်ရွယ်တို့၏ ထူးခြားသော ဆက်ဆံရေးကြောင့် သူမကို သိပ်ကြည့်မရခဲ့ပေ။ သူတို့မှာ တစ်မိသားစုထဲမှ ဖြစ်သည့်တိုင် လုယန်ရွယ်ကို ရန်သူ တစ်ယောက်ဟုသာ သဘောထားခဲ့ကြသည်။
လုယန်ဝူ၏ သတိပေးစကားကို ဂရုမစိုက်ပဲ လုယန်ရွယ်မှာ ခေါင်းကိုသာ မော့ထားခဲ့သည်။
လဲ့ချန်းကျွယ်မှာလည်း ထိုမာနကြီးပုံရသော မိန်းကလေးကို မြင်သည်။ ထို့ကြောင့် သူမကို စိတ်ဝင်တစား ကြည့်ရင်း မေးလိုက်သည်။
"နင်က ချန်းပေ့ရွှမ်းရဲ့ မိန်းကလေး မဟုတ်လား။ နင် ငါ့ကို မကြောက်ဘူးလား...”
"မကြောက်ဘူး....”
လုယန်ရွယ်က အကြောက်အရွံ့ ကင်းမဲ့စွာ ပြန်ပြောလိုက်သည်။ သူမ၏ အသံက ယုံကြည်မှုများ ပြည့်နှက်နေသည်။
"ရှင်ပြောသလိုပဲ ကျွန်မက ချန်းပေ့ရွှမ်းရဲ့ မိန်းကလေးပဲ။ ကျွန်မက ရှင့်ကို ဘာဖြစ်လို့ ကြောက်ရမှာလဲ။..."
"အရမ်းကောင်းတယ်...”
လဲ့ချန်းကျွယ်က ခေါင်းညိတ်လိုက်သည်။
"ဒီလို ငယ်ရွယ်တဲ့ ကောင်မလေးက လင်းမြို့တော်၊ လုမိသားစုထက် ပိုပြီး သတ္တိ ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ချန်ပေ့ရွမ်းက မှန်ကန်တဲ့ မိန်းကလေးကို ရွေးချယ်ခဲ့တာပဲ။..."
လဲ့ချန်းကျွယ်၏ စကားက လုမိသားစုဝင် များစွာ၏ မျက်နှာကို ဖျတ်ရိုက်လိုက် သလိုပင်။ လုမိသားစုဝင်တိုင်းမှာ ရှက်ရွံ့မှုကြောင့် မျက်နှာများပင် နီမြန်းလာခဲ့ကြသည်။
"အင်း ဘာပဲဖြစ်ဖြစ် အမှန်တရားကိုတော့ အနှေးနဲ့ အမြန် ရင်ဆိုင်ရမှာပဲ ကောင်မလေး။ ချန်းပေ့ရွှမ်းက ငါ့တပည့် တစ်ယောက်ကို သတ်ခဲ့တယ်။ အဲဒီအတွက် သူပြန်ပေးဆပ်ရမယ်...”
"ငါသူ့ကို မရှာနိုင်တော့လည်း သူ့ဘာသာသူ ထွက်လာအောင် လုပ်ရမှာပေါ့...”
အဘိုးအိုက စကားပြောရင်း လုယန်ရွယ်ထံ အဖြူရောင် လှိုင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ လုယန်ရွယ် ထိုအရာကို ရှောင်တိမ်းရန် ကြိုးစားသော်လည်း အသုံးမဝင်ချေ။
ရူး....
အဖြူရောင်လှိုင်းက လုယန်ရွယ်၏ ခန္ဓာကိုယ်ထဲကို အတားအဆီးမရှိ ဖြတ်သန်း ဝင်ရောက်လာသည်။ လုယန်ရွယ်၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်နေခဲ့ပြီ ဖြစ်သည်။ အဖြူရောင်လှိုင်းက သူမခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်း ပျံ့နှံ့လာပြီး အဆုံးမရှိသော အေးစက်ခြင်းများ ထွက်ပေါ် လာသည်။ သူမ၏ နံဘေးတွင် ရပ်သော လူများပင် သူမကိုယ်မှ ထွက်ပေါ်နေသည့် အအေးလှိုင်းကြောင့် ခိုက်ခိုက်တုန် နေကြသည်။
"အေးခဲခြင်း ချီစွမ်းအင်က မြောက်ဝင်ရိုးစွန်းမှာ ရှိတဲ့ အေးစက်ခြင်းတွေကနေ ထုတ်ယူ သန့်စင်ထားတာ။ အေးခဲခြင်းချီ အနည်းငယ်ကတောင် ပိုလာဝက်ဝံကို သတ်နိုင်စွမ်း ရှိတယ်။ အအေးဓာတ်ကို နည်းနည်း တိုးမြှင့် လိုက်မယ်ဆိုရင် မင်း ဒီနေရာမှာပဲ ရေခဲရုပ်ဖြစ်သွားလိမ့်မယ်...”
လဲ့ချန်းကျွယ်၏ အသံက တည်ငြိမ်စွာ ခွက်ပေါ်လာသည်။
"ကောင်မလေးကို ဆေးကုသဖို့ ဘယ်သူမှ မကြိုးစားနဲ့။ ခေတ်ပေါ်ဆေးတွေက သူမကို မကယ်နိုင်ဘူး။ အေးခဲခြင်း ချီစွမ်းအင်ကို ကုသဖို့ဆိုရင် အထွတ်အထိပ် အဆင့်တွေပဲ တတ်နိုင်လိမ့်မယ်။ ချန့်ပေ့ရွှမ်း လာရင်ပြောလိုက်။ အနောက်ဘက် ရေကန်စပ်မှာ ငါ့ကိုစောင့်နေတယ် လို့။..."
လဲ့ချန်းကျွယ်က စကားကို အဆုံးသတ်ပြီးသည်နှင့် လှည့်၍ ထွက်ခွာ သွားတော့သည်။
***
လုမိသားစုမှာ အလွန် အစွမ်းထက်သော သိုင်းပညာမိသားစု တစ်ခုဖြစ်သည့်တိုင် လဲ့ချန်းကျွယ်နှင့် ချန်းဖန်တို့လို အထွတ်အထိပ် အဆင့်များ ရှေ့တွင်မူ အစွယ် ကင်းမဲ့သည်။ လဲ့ချန်းကျွယ်ဆိုလျှင် လွန်ခဲ့သော ဆယ့်ခုနစ်နှစ်ကပင် လုထျန်းဖန်ကို အနိုင်ယူ နိုင်ခဲ့သူ ဖြစ်ပြီး ဆယ့်ခုနစ်နှစ် အတွင်းတွင်လည်း အလွန် တိုးတက် လာခဲ့ပုံပေါ်သည်။ သူ၏ အေးခဲခြင်း ချီစွမ်းအင်ကား သာမန် အထွတ်အထိပ် အဆင့်များ လိုက်လံတုပ နိုင်မည့် အရာမဟုတ်ပေ။
လူများစွာက တခိုက်ခိုက်တုန်ရင်း လဲကျနေသည့် လုယန်ရွယ်ကို သနားဖွယ် ကြည့်သည်။ လဲ့ချန်းကျွယ်၏ နည်းလမ်းမှာ အလွန် ရက်စက်လွန်းသည်။ သူက အသက်နှစ်ဆယ် အရွယ် ကောင်မလေးကိုပင် ထိုကဲ့သို့ အပြစ်ပေးခဲ့ပုံက အညှာအတာ ကင်းမဲ့လွန်းသည်။
"ရှောင်ရွယ် အဆင်ပြေရဲ့လား...” လုယန်ဝူက သူမအနားကို လာရင်း မေးလိုက်သည်။
"အဆင်ပြေပါတယ်...”
လုယန်ရွယ်က ဖျော့တော့သော အပြုံးဖြင့် ပြန်ဖြေသည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်က ထိန်းချုပ် မရနိုင်အောင် တခိုက်ခိုက် တုန်နေခဲ့ပြီ ဖြစ်သည်။
"ဆရာဝန်ခေါ်။ ဆရာဝန်ကို မြန်မြန်သွားခေါ်...။
***
"အဘိုး ကျွန်တော်တို့ ချန်းပေ့ရွှမ်းကို လှမ်းခေါ်ဖို့ လိုမယ် ထင်တယ်နော်...”လုယန်ဝူက အဘိုးအို တစ်ယောက်ကို ကြည့်ရင်း ပြောသည်။
"ဆရာဝန်က ပြောတယ်။ သူမရဲ့ ကိုယ်အပူချိန်က သာမန် လူတစ်ယောက်ထက် တဖြည်းဖြည်း ကျဆင်း လာနေပြီတဲ့။ အဲ့လိုသာ ဆက်သွားမယ်ဆိုရင် လာမယ့် လအနည်းငယ် အတွင်းမှာ သူမရဲ့ သွေးတွေ၊ ကလီစာတွေ အားလုံး အေးခဲ သွားလိမ့်မယ် တဲ့....”
စကားပြောရင်းနှင့်ပင် လုယန်ဝူ တစ်ယောက် ကြက်သီးများ ထလာခဲ့သည်။ ထိုအတွေးကပင် သူမကို ကြောက်ရွံ့စေသည်။
"သူက အထွတ်အထိပ် တစ်ယောက် ဖြစ်နေတာတောင် မိန်းမငယ်လေး တစ်ယောက်ကို ခုလို လုပ်ရက်တယ်...”
လုယန်ဝူက ဆက်ပြောလိုက်သည်။
"ဟင်း သမီးနားမလည်ပါဘူး။ အထွတ်အထိပ်အဆင့်ဆိုတာ တကယ့် နဂါးအစစ်တွေပဲ။..."
အဘိုးအိုက သက်ပြင်းချရင်း ခေါင်းကို ခါရမ်းလိုက်သည်။
"သူတို့က သာမန် သေမျိုးတွေကို မျက်လုံးထဲမှာ မထည့်ထားဘူးလေ။ သူ့အမြင်မှာတော့ ငါတို့က မျောက်တိရစ္ဆာန် သာသာပဲ။ သမီးရော မြောက်တစ်ကောင် သေတာတွေ့ရင် ခံစားနေမှာလား...”
"ချန့်ပေ့ရွှမ်းကို အကူအညီ တောင်းဖို့အတွက် ဆေးနတ်ဘုရား တောင်ကြားကို အဘိုး မက်ဆေ့တစ်စောင် ပို့လိုက်ဦးမယ်...”
အဘိုးအို ထွက်ခွာသွားသည်နှင့် လုယန်ဝူက အဘိုးအို၏ စကားများကို ပြန်လည် တွေးမိသည်။
"အထွတ်အထိပ် အဆင့်တွေရဲ့ မျက်လုံးထဲမှာ ငါတို့က မျောက်တိရစ္ဆာန် သာသာပဲ။ ဒါဆို ချန်းဖန်ကရော ရှောင်ရွယ်နဲ့ ငါ့ကို မျောက်မကြီးတွေလို့ပဲ မြင်တာလား ..."
အထွတ်အထိပ် အဆင့်တစ်ယောက်က မျောက်မ တစ်ကောင်အတွက် အခြား အထွတ်အထိပ် အဆင့်တစ်ယောက်ကို ဆန့်ကျင်မည်လား သူမ မသေချာတော့ပေ။ ထိုအကြောင်းကိုသာ လုယန်ဝူ တစ်ချိန်လုံး စဉ်းစား နေမိတော့သည်။
***
လဲ့ချန်းကျွယ် ပြန်လာပြီ...။
လဲ့ချန်းကျွယ် ပြန်ရောက်လာသော သတင်းက သိုင်းပညာ မိသားစုများနှင့် ကျင့်ကြံသူများကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေသည်။ ချန်းဖန်နှင့် ယှဉ်လျှင်ပင် လဲ့ချန်းကျွယ်က ပို၍ နာမည် ကြီးသူ တစ်ယောက် ဖြစ်သည်။ လွန်ခဲ့သော ဆယ့်ခုနစ်နှစ်ခန့်က တရုတ်နိုင်ငံ တစ်ခုလုံးတွင် အလွန် ကျော်ကြားခဲ့ပြီး အထွတ်အထိပ် ပညာရှင်များစွာကိုပင် အနိုင်ယူနိုင်ခဲ့သည်။ အကယ်၍ ယဲ့နန်ထန်းသာ သူ့ကို မရပ်တန့်နိုင်ခဲ့လျှင် တရုတ်နိုင်ငံမှ သူထွက်သွားခဲ့လိမ့်မည် မဟုတ်ပေ။
ယဲ့နန်ထန်း တစ်ယောက်သာ လဲ့ချန်းကျွယ်ကို သိုင်းကွက် အနည်းငယ် အသာစီးရပြီး အနိုင်က ယူနိုင်ခဲ့သည်။ လွန်ခဲ့သော ဆယ့်ခုနစ်ကနှင့် ယှဉ်လျှင် လဲ့ချန်းကျွယ် မည်မျှ တိုးတက်လာမည်ကို လူတိုင်းက သိချင်နေကြသည်။
လဲ့ချန်းကျွယ်မှာ သူ့တပည့် လင်းဟူ အတွက် လက်စားချေရန် ပြန်လာခဲ့သည်ဟု ဆိုသည်။ သူက လင်းမြို့တော်၊ အနောက် ရေကန်တွင် နေထိုင်လျှက် ရှိပြီး လူငယ် အထွတ်အထိပ် ပညာရှင်လေးကို စိန်ခေါ်ရန် စောင့်မျှော်လျက် ရှိသည်
***
နေ့တိုင်းလိုလိုပင်...
အဖြူရောင် ဝတ်စုံနှင့် လဲ့ချန်းကျွယ် အနောက်ရေကန်၌ ငါးမျှားနေသည်ကို လူတိုင်း တွေ့မြင်ကြရသည်။
သူ့နောက်မှ ပါလာခဲ့သော အသတ်လတ်လူမှာမူ တရုတ်နိုင်ငံရှိ သိုင်းသမားတိုင်းကို စိန်ခေါ်ကာ တိုက်ခိုက်ရင်း အချိန်ဖြုန်း နေခဲ့သည်။
"မေလ ၂၀ ရက်။ ရှင်းယီဂိုဏ်းကို စိန်ခေါ်ခဲ့ပြီးတော့ ကူရန်တုန်းကို အနိုင်ယူခဲ့တယ်...”
"မေလ ၂၇ ရက်။ ပါးကျီဂိုဏ်းကို စိန်ခေါ်ပြီး မူရှန်းကို အနိုင်ယူခဲ့တယ်”
"ဇွန် ၁ ရက်နေ့။ ကူမိသားစုကို သွားပြီး ကူရှီတုန်းနဲ့ ယှဉ်ပြိုင်ခဲ့တယ်။ တစ်နာရီ ကြာပြီးနောက်မှာ ကူရှီတုန်းက အရှုံးကို ဝန်ခံခဲ့တယ်...”
"ဇွန် ၁၅ ရက်နေ့။ တရုတ်နိုင်ငံ မြောက်ပိုင်း ဝူမိသားစုကို....”
နှစ်လ မပြည့်ခင်မှာပင် "ရိုမန်" ဟူသော နာမည်မှာ အလွန်ကျော်ကြား လာခဲ့သည်။ လဲ့ချန်းကျွယ်၏ တပည့်တစ်ယောက် အနေဖြင့် ရိုမန်မှာလည်း လုံးဝ သာမန်လူ မဟုတ်ချေ။
ဤသို့ဖြင့် လူတိုင်းက ရိုမန်ကို အထွတ်အထိပ် အဆင့်အောက်၌ စွမ်းအား အကြီးဆုံး လူအဖြစ် တညီတညွတ်တည်း သတ်မှတ်လိုက်ကြသည်။
"ရိုမန်က တစ်နေ့မှာ အထွတ်အထိပ်အဆင့် တစ်ယောက် ဖြစ်လာလိမ့်မယ်...”
လူတိုင်းက သူ့နှင့် တိုက်ခိုက်ပြီးတိုင်း ထိုသို့ မှတ်ချက်ပေးတတ်သည်။
"ရိုမန်က ခုထိ အထွတ်အထိပ် အဆင့်တစ်ယောက် မဖြစ်သေးပေမယ့် တရုတ်နိုင်ငံ အတွင်းမှာရော၊ ကမ္ဘာ တစ်ခုလုံးကိုပါ ပတ်ပြီး သင်ယူနေခဲ့တာလေ။ သူ့ရဲ့ စွမ်းအားက အထွတ်အထိပ် အဆင့်နဲ့ ဘာမှ မဝေးတော့ဘူး...”
ရိုမန်၏ ကျော်ကြားလာမှုမှာ ယခုရက်ပိုင်းအတွင်း သိုင်းပညာရှင်များ ကြား၌ အဟော့ဆုံး သတင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။
လဲ့ချန်းကျွယ်ရဲ့ တပည့်ကတောင် အထွတ်အထိပ် အဆင့်လောက် အစွမ်းထက်နေရင် လဲ့ချန်းကျွယ် ကိုယ်တိုင်ကရော ဘယ်လောက်တောင် အစွမ်းထက်နေမလဲ...”
ထိုအရာက လူတိုင်း သိချင်သော မေးခွန်းဖြစ်သည်။ လဲ့ချန်းကျွယ်က ချန်းပေ့ရွှမ်းကို စိန်ခေါ်ရန် ပြန်ရောက် လာခဲ့သည် ဟုဆိုသည်။ ထိုတိုက်ပွဲကား အမှန်ပင် စိတ်ဝင်စားစရာ ဖြစ်ပေလိမ့်မည်။
တရုတ်နိုင်ငံ တစ်ခုလုံးရှိ သိုင်းပညာရှင်များ စိတ်ဝင်စားနေခဲ့သော ပုဂ္ဂိုလ်ကြီးမှာမူ အနောက် ရေကန်ရှိ ငါးမျှားသည့်လှေ အသေးလေးပေါ်တွင် ထိုင်နေရင်း အေးဆေးစွာ ငါးမျှားနေခဲ့သည်။
"ချန်းပေ့ရွှမ်းပေါ်မလာတာ နှစ်လတောင် ရှိနေပြီ။ သူက လဲ့ချန်းကျွယ်ကို ကြောက်လို့ ပုန်းနေတာများလား...”
ချန်းဖန် တံခါးပိတ်ကာ ကျင့်ကြံနေလိမ့်မည်ဟု မည်သူမှ မျှော်လင့် မထားခဲ့ကြချေ။
ဆေးနတ်ဘုရား တောင်ကြားတွင်မူ ချန်းဖန်၏ ကျင့်ကြံမှုက အလွန် အရေးကြီးသော အခြေအနေ တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
***