တာအို ခန္ဓာ
Vol. 2 Ch. 189
"ကိုးထောင့် ကိုးစက် ကိုးစက်...”
အစိမ်းရောင် အမတေ အရည်စက် ဖွဲ့စည်းလာသည်နှင့် ထိုအရာက ငယ်ရွယ် ချောမောသော လူပုံရိပ်တစ်ခု၏ ယူသန့်စင်ခြင်းကို ခံလိုက်ရသည်။ သူ၏ဆံပင်များမှာ အစိမ်းရောင် သန်းနေပြီး သူ၏ မျက်လုံး များမှာလည်း ကျောက်စိမ်းကဲ့သို့ ကြည်လင် နေခဲ့သည်။ သူ၏ အသားအရေမှာလည်း ရှေးကျပြီး၊ ထည်ဝါသော အသွင်သဏ္ဌာန် ပေါ်နေခဲ့ကာ သူ၏ပုံစံက လူသား တစ်ယောက်ထက် သစ်ပင် မှင်စာလေးနှင့်ပင် တူနေတော့သည်။
ထိုလူငယ်လေးမှာ ဆေးနတ်ဘုရား တောင်ကြားတွင် သုံးလကြာအောင် တံခါးပိတ် ကျင့်ကြံနေခဲ့သည့် ချန်းဖန်ပင် ဖြစ်တော့သည်။ သူက ဆေးသိုလှောင်ခန်း ထဲတွင်ပင် ထိုင်နေကာ ဝိညာဉ် သစ်သား အမတေ၏ စွမ်းအင်များက သူ့၏ ပတ်ဝန်းကျင်၌ မျောလွင့်လျက် ရှိသည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ဆေးသိုလှောင်ခန်းကို မြင်တွေ့ရလျှင် အလွန် အံ့အားသင့် သွားလိမ့်မည် ဖြစ်သည်။
အကြောင်းမှာကား ချန်းဖန်မှာ သစ်ပင် မှင်စာလေး တစ်ကောင်နှင့် တူနေသည့်အပြင် ဆေးသိုလှောင်ခန်း တစ်ခုလုံးမှာလည်း ဆေးပင်များစွာ ပေါက်ရောက် ရှင်သန်နေသည့် ကောင်းကင်ဘုံ တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ဆေးသိုလှောင်ခန်း၏ နေရာတိုင်းမှာ ဆေးဖက်ဝင်အပင်များ ပြန့်ကျဲစွာ ပေါက်ရောက်နေသည့် အပြင် အဖိုးတန် လင်ဇီးမှိုများနှင့် ဂျင်ဆင်း ဆေးပင်များကလည်း အခန်းထောင့် တစ်ရာတွင် ပေါက်ရောက် နေကြသည်။ ဆေးသိုလှောင်ခန်း တစ်ခုလုံးမှာ လန်းဆန်းသော အစိမ်းရောင် အရွက်များဖြင့် ဖုံးလွှမ်း နေတော့သည်။
ဆေးသိုလှောင်ခန်းအတွင်းတွင် အစာချက်ရန် နေရောင်မရသလို၊ ရေနှင့် မြေဆီလွှာလည်း မရှိပေ။ သို့သော် ထိုအရာများမှာ ဝိညာဉ်သစ်သား အမတေမှ ပေါ်ထွက်လာသော အစိမ်းရောင် မြူခိုးများကို စုပ်ယူပြီး ရှင်သန် ကြီးထွား လာကြခြင်း ဖြစ်သည်။ သူတို့၏ အာနိသင်မှာလည်း နှစ်ထောင်ချီ ဆေးမြစ်များလောက် အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။
ဟူး...
ချန်းဖန်က အသက်ကို ပြင်းပြင်း ရှူထုတ်လိုက်ရင်း အခန်းထဲရှိ ဝိညာဉ် ချီစွမ်းအင်များကို စုပ်ယူလိုက်သည်။ ရုတ်တရက် အဖြူရောင် ဝဲကတော့ တစ်ခုပေါ်လာကာ ချန်းဖနိ ပတ်လည်ရှိ မြုခိုးများက သူ့ပါးစပ်အတွင်းသို့ စုပြုံ ဝင်ရောက်လာခဲ့သည်။
ဘုန်း...
ချန်းဖန်၏ အရိုးများ၊ ကြွက်သားများမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲအက်နေပြီး ထွက်ပေါ်လာသော အသံများက တဖျောက်ဖျောက် မြည်နေခဲ့သည်။ ရုတ်ရက် ချန်းဖန်၏ ခန္ဓာကိုယ်မှာ နှစ်မီတာခန့် အထိ ကြီးထွားလာခဲ့ပြီး သူ၏ သဏ္ဌာန်မှာ သစ်ပင် တစ်ပင်နှင့်ပင် တူညီနေခဲ့သည်။
"အဇူရာ သက်ရှည် ခန္ဓာကိုယ်က တကယ့်ကို မလွယ်ဘူးပဲ...”
ချန်းဖန် သက်ပြင်း တစ်ချက်ချရင်း မျက်လုံးများကို ဖွင့်လိုက်သည်။
"တာအိုခန္ဓာ အစပျိုး အဆင့်ကို အောင်မြင်လိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် နိဒါန်းစခြင်း အဆင့်ကို ရောက်ဖို့တောင် ခြေလှမ်း တစ်ဝက်လောက် လိုနေသေးတာပဲ...”
"အရင်ဘဝက အတွေ့အကြုံတွေကြောင့်သာ မဟုတ်ဘူးဆိုရင် ခုလောက်တောင် ငါအောင်မြင်လိမ့်မှာ မဟုတ်ဘူ...”
ချန်းဖန်တွေးရင်း မျက်မှောင် တစ်ချက်ကြုတ်လိုက်သည်။
"ကောင်းပြီလေ နောက်ဆုံး တစ်ကြိမ် ကြိုးစားရသေးတာပေါ့...”
ချန်းဖန် လက်များကို အစီအရင် သဏ္ဌာန်တစ်ခုသို့ ပြောင်းလဲပြီး ဝိညာဉ်သစ်သား အမတေထဲမှ စွမ်းအင်များကို စုပ်ယူလိုက်သည်။
ဝိညာဉ်သစ်သား အမတေထဲမှ မျက်ရည်စက်ခန့်ရှိသော အစိမ်းရောင် အရည်စက် တစ်ခု ဖွဲ့တည်လာပြီး ချန်းဖန်ထံ လွင့်မျောလာသည်။ သစ်သား အမတေမှာမူ တဖြည်းဖြည်း သာမန် သစ်သားစ တစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျ သွားတော့သည်။
"ဒါက အမတေထဲမှာ ရှိတဲ့ နောက်ဆုံး အရည်စက်ပဲ။ ဒီအစက်ထဲမှာ အမတေ စွမ်းအင်စုစည်းခြင်း တစ်ရာထက်ပိုတဲ့ ဝိညာဉ် ချီစွမ်းအင်တွေ ပါဝင်နေတယ်။ ဒီတစ်စက်က ငါ့ကို တာအို ခန္ဓာရရှိဖို့ အဆုံးအဖြတ် ပေးလိမ့်မယ်...”
ချန်းဖန် ပါးစပ်ကို ဟလိုက်သည်နှင့် အရည်စက်မှာ ပျံသန်းလာပြီး သူ့ပါးစပ်အတွင်း ဝင်ရောက် သွားတော့သည်။
ဘန်း...
ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ချန်းဖန်၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာပြီး ပူဖောင်း တစ်ခုကဲ့သို့ ဖောင်းလာသည်။
"နိုးထစမ်း...”
ထိုကဲ့သို့ အရေးကြီးသော အခြေအနေမှာပင် ချန်းဖန်၏ အမူအရာက တည်ငြိမ်နေသည်။ ချန်းဖန်က ဝိညာဉ်ချီ သန့်စင်ခြင်း နည်းလမ်းကို ကျွမ်းကျင်စွာ အသုံးပြုနေခဲ့ပြီး သစ်သားဝိညာဉ် အမတေ အရည်စက်ကို အဆက်မပြတ် သန့်စင်သည်။
ဘန်း...
သူ၏ အရေပြားမှာ ကွဲအက်လာပြီး စတင်ပျက်စီးလာသည်။ ချန်းဖန်မှာမူ ထိုအရာများကို သိပုံမပေါ်ပဲ မျက်လုံးကိုသာ မှိတ်၍ ဝိညာဥ် သစ်သား အမတေ အရည်စက်ကို သန့်စင်နေခဲ့သည်။
ဘန်း... ဘန်း...
ချန်းဖန်၏ ခန္ဓာကိုယ်တွင် အဆက်မပြတ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့သည်။ သာမန် သေမျိုး တစ်ယောက်၏ ခန္ဓာကိုယ်ကို သွေးများ၊ အကြော အရွတ်များ၊ အရိုးများဖြင့်သာ ဖွဲ့စည်း ထားသော်လည်း တာအို ခန္ဓာကိုယ်တွင်မူ ချီစွမ်းအင်များက အသက်ရည်များ အဖြစ် စတင် ဖွဲ့စည်းလာမည် ဖြစ်သည်။
ဘန်း... ဘန်း...
ပေါက်ကွဲမှုများက အဆက်မပြတ် ဖြစ်ပေါ်နေသည်။ သူ၏ အရိုးများ၊ အကြောများ၊ အရွတ်များမှာ အဆက်မပြတ် ပေါက်ကွဲကာ သွေးများကလည်း နေရာ အနှံ့ ပြန့်ကျဲနေတော့သည်။
ဘန်း... ဘန်း... ဘန်း...
ချန်းဖန်၏ ခြေထောက်များ၊ လက်များ၊ ကျောရိုးများ၊ ကြွက်သားများကား တစ်ခုချင်းစီ ပေါက်ကွဲ ထွက်နေကြသည်။ နာကျင်မှုက ချန်းဖန် တစ်ကိုယ်လုံးတွင် မြင့်တက်နေခဲ့ပြီး ချန်းဖန်ကဲ့သို့ စိတ်ဓာတ် အလွန် ခိုင်မာသော သူ၌ပင်လျှင် သေချင်သည့် စိတ်ဆန္ဒ ဖြစ်ပေါ်လာခဲ့သည်။
ထိုဖြစ်စဉ်မှာ ကျင့်ကြံသူ၏ ခန္ဓာကိုယ် အတွင်းရှိ အကြောများ၊ အရိုးများ၊ ကြွက်သားများကို ဖျက်ဆီးပစ်ပြီး ဝိညာဉ် ချီစွမ်းအင်များနှင့် ပြန်လည် အစားထိုးခြင်း ဖြစ်သည်။ အကယ်၍ သူ၏ ခန္ဓာကိုယ်ကိုသာ ယခုကဲ့သို့ အဆင့် မမြှင့်တင်နိုင်ခဲ့လျှင် ကျင့်ကြံခြင်း လမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ဘန်း...
နောက်ဆုံးတွင် ဦးခေါင်းခွံပါ ပေါက်ကွဲ သွားပြီး နေရာအနှံ့ ပျံ့ကြဲသွားသည်။ ချန်းဖန်ကမူ နေရာမှ တစ်လက်မပင် မရွေ့ပဲ ဆက်လက် ထိုင်နေလိုက်သည်။ ပေါက်ကွဲသွားသော ချန်းဖန်၏ ခန္ဓာကိုယ် နေရာတွင် အဖြူရောင် အရိပ်တစ်ခု ပေါ်နေကာ ထိုအရာက သူ၏ ဝိညာဉ် ဖြစ်သည်။ အကယ်၍ သူသေဆုံးခဲ့လျှင်ပင် အခြား လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဝင်ရောက် ပူးကပ်နိုင်လိမ့်မည် ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် ငါက မြောက်ပိုင်း ကောင်းကင်ရဲ့ အရှင်သခင်ပဲ။ ငါဘာလုပ်နေတာလဲ ဆိုတာကို မသိရင် အဇူရာ သက်ရှည်ခန္ဓာကို လေ့ကျင့်ဖို့ ရွေးချယ်ခဲ့မှာ မဟုတ်ဘူး...”
ချန်းဖန်၏ အမူအရာက အလွန် တည်ငြိမ်နေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်းကလည်း အလွန် ပေါ်လွင်နေသည်။
"ဖွဲ့စည်းစမ်း...”
ချန်းဖန်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ နောက်တစ်ကြိမ် ပြန်လည် ဖွဲ့စည်းလာခဲ့ပြီ ဖြစ်သည်။
ပထမဆုံး သွေးကြောမျှင်များ စတင်ဖြစ်ပေါ်လာပြီး ထိုအထဲတွင် ဝိညာဉ် စွမ်းအားများက ကြည်လင်စွာ စီးဆင်းနေသည်။ သွေးကြောမျှင်များ နောက်တွင် ကလီစာများ၊ အရိုးများ၊ အရွတ်များ၊ ကြွက်သားများနှင့် အရည်ပြားတို့ကလည်း တစ်ခုချင်းစီ ပြန်လည် ဖွဲ့စည်းလာကာ အဇူရာ သက်ရှည် ခန္ဓာကို တည်ဆောက်သည်။ ချန်းဖန်၏ နက်မှောင်သော ဆံပင်များမှာလည်း တဖြည်းဖြည်း ပြန်လည် ရှည်လျားလာခဲ့ပြီး ပခုံးထိပင် ရောက်လာခဲ့သည်။
ပြန်လည် ဖွဲ့စည်းလာသော ချန်းဖန်၏ ရုပ်သွင်မှာ မူလကနှင့် မကွာခြားသော်လည်း အနီးကပ် ကြည့်လျှင်မူ သိသာသော ပြောင်းလဲမှုကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပညာရှင် တစ်ယောက်က ဒီဇိုင်းဆွဲကာ တည်ဆောက် ထားသည့်ဟန် ပေါ်နေခဲ့ပြီး သူ၏ မျက်မှာကလည်း တိကျသေသပ်ကာ ချောမော နေခဲ့သည်။
"အဇူရာ သက်ရှည်ခန္ဓာ ဖွဲ့စည်းနိုင်ပြီ...”
ချန်းဖန် သူ၏ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ရင်း တီးတိုး ရေရွတ်သည်။ ချန်းဖန်က သူ၏ ခြေထောက်နှင့်လက်များကို ငုံ့ကြည့် လိုက်သည်။
သူ၏ အရေပြားမှာလည်း မွေးကင်းစ ကလေးငယ် တစ်ယောက်ကဲ့သို့ ချောမွေ့နေခဲ့ပြီး ဝိညာဉ်စွမ်းအင် အငွေ့အသက်များက နူးညံ့စွာ လှည့်ပတ် နေခဲ့သည်။ သူ၏ အသစ်ပြန်လည် ဖွဲ့စည်းထားသော သန့်စင်သည့် ခန္ဓာကိုယ်နှင့်ဆိုလျှင် ရက်အတန်ကြာအောင် အစားအစာမစားပဲ အသက် ရှင်နိုင်လိမ့်မည် ဖြစ်သည်။
"ငါက အခုဆိုရင် တာအိုခန္ဓာ နိဒါန်း အဆင့်ကို ရောက်သွားပြီ ဆိုပေမယ့် အစပျိုးအဆင့်ကို ရောက်ဖို့က တော်တော်လေး ကျင့်ကြံရဦးမှာပဲ။..."
ချန်းဖန် သက်ပြင်း တစ်ချက်ချမိသည်။
သို့သော်လည်း ထိုနိဒါန်း အဆင့်နှင့်ပင်လျှင် သူ၏ မျက်လုံးများက ကြယ်များကဲ့သို့ တလက်လက် တောက်ပနေခဲ့ပြီ ဖြစ်သည်။
တာအိုခန္ဓာမှာ အုတ်မြစ် ထူထောင်ခြင်း အဆင့်တွင် ပါဝင်သော ရေခဲအရေပြား၊ ကျောက်စိမ်းအရိုး၊ ငွေရောင်သွေး၊ ရွေရောင်မျက်လုံးနှင့် တာအိုခန္ဓာကိုယ် ဟူသော အဆင့်ငါးဆင့် အနက် အခက်ခဲဆုံး အဆင့်ဖြစ်သည်။ အုတ်မြစ် ထူထောင်ခြင်း အဆင့်တွင် တာအို ခန္ဓာရရှိရန်မှာ အလွန်ခက်ခဲပြီး ဂိုဏ်းကြီးများ၏ ပါရမီရှင် တပည့်အချို့သာ ထိုသို့ ပြုလုပ်နိုင်ကြသည်။ ချန်းဖန်ကမူ သာတာအို ခန္ဓာကိုသာ ရရှိရုံတင် မကပဲ အဓိက ကျင့်စဉ်ကြီး ငါးခုမှ အဇူရာ သက်ရှည် ဝိညာဉ် ခန္ဓာကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ချန်းဖန်၏ ခန္ဓာကိုယ်မှာ မွေးကင်းစ ကလေးငယ်ကဲ့သို့ ချောမွေ့နေသည့်တိုင် သူ၏ အရေပြားမှာမူ စတီးထက်ပင် ပိုမို မာကျော နေခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကာဗွန်များဖြင့် ဖွဲ့စည်းထားခြင်း မရှိတော့ပဲ အရာအားလုံးကို ချီစွမ်းအင်များဖြင့်သာ ဖွဲ့စည်းထားသည်။
"ငါက တာအို ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်လို့ အုတ်မြစ် ထူထောင်ခြင်း အဆင့်ကို ပြီးမြောက် သွားပြီလို့ ပြောလို့ရတယ်။ ငါ့ရဲ့ နောက်ထပ် ရည်ရွယ်ချက်က ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ရောက်ရှိဖို့ပဲ...”
ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ချန်းဖန်၏ မျက်လုံးများက အရောင် တလက်လက် တောက်ပ နေခဲ့သည်။
အဇူရာ သက်ရှည်ခန္ဓာမှာ သေမျိုးသက်ရှိ ခန္ဓာများနှင့် အလွန် ခြားနားသွားခဲ့ပြီ ဖြစ်သည့်တိုင် ချန်းဖန် အရင်ဘဝတွင် ပိုင်ဆိုင်ခဲ့ဖူးသော စွမ်းအင်များနှင့် ယှဉ်ရန် မဖြစ်နိုင်သေးပေ။
***