← Chapters

ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ဝင်ရောက်ခြင်း

Vol. 2 Ch. 190

ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ဝင်ရောက်ခြင်း

Vol. 2 Ch. 190

တာအို ခန္ဓာမှာ အစွမ်းထက်သော ကျင့်ကြံသူများ ပိုင်ဆိုင်သည့် ခန္ဓာကိုယ်ဖြစ်ကာ ခေတ်မီ လက်နက်များ၏ တိုက်ခိုက်မှုကိုပင် ခံနိုင်သော ခန္ဓာမျိုး ဖြစ်သည်။

ချန်းဖန် ‌တာအိုခန္ဓာ အစပျိုးခြင်း အဆင့်ကိုပင် မရောက်သေးသည့်တိုင် သူလေ့ကျင့်ခဲ့သော ခန္ဓာမှာ အဇူရာ သက်ရှည်ခန္ဓာ ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ခန္ဓာမှာ နိဒါန်းအဆင့်ကိုသာ ရောက်သေးသော်လည်း အခြား အစပျိုးခြင်း အဆင့်များထက် ပိုမို အစွမ်းထက်နေသေးသည်။

ချန်းဖန်သည် နတ်ဘုရား အာရုံကို မသုံးလျှင်ပင် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ ပြောင်းလဲမှုကို စိတ်ဖြင့် ခံစား သိရှိနေနိုင်ခဲ့ပြီ ဖြစ်၏။ ထိုစိတ်အာရုံကြောင့် ခန်းမအတွင်းရှိ ထောင်ပေါင်းများစွာ ဆေးမြစ်များကို အနံခံရုံဖြင့်ပင် မည်သည့် ဆေးပင်များ ဖြစ်ကြောင်း ခွဲခြားနိုင်နေပြီ ဖြစ်သည်။

သူ၏ အကြားအာရုံမှာလည်း အလွန် တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ခပ်လှမ်းလှမ်းရှိ အင်းဆက် ပိုးမွှားလေးများ၏ အတောင်ပံ ခတ်သံများ၊ အော်မြည် သံများကိုပင်လျှင် ကြားနေနိုင်ခဲ့ပြီ ဖြစ်သည်။

"ဒီလို ခံစားမှုမျိုး...”

ချန်းဖန် တီးတိုး ရေရွတ်ရင်း လေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။ တာအိုခန္ဓာကိုယ်မှာ သေမျိုး ခန္ဓာကိုယ်များနှင့် အလွန် ကွာခြားမှုရှိပြီး ပြန်လည် မွေးဖွားခါစ၌ ဆွံ့အ နားမကြား တစ်ယောက်လိုပင် ချန်းဖန် ခံစားခဲ့ရသည်။ ယခုမူ ထက်မြက်သော အာရုံများကို သူပြန်လည် ပိုင်ဆိုင်လာနိုင်ခဲ့ပြီ ဖြစ်သည်။

"ငါက တာအိုခန္ဓာကို ရရှိပြီးပြီဆိုတော့ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို စပြီး ကျင့်ကြံလို့ ရပြီ”

တီးတိုး ရေရွတ်ရင်း ချန်းဖန် ဆေးသိုလှောင်ခန်းထဲတွင်ပင် နောက်တစ်ကြိမ် ပြန်ထိုင်ချ လိုက်သည်။

အဇူရာ သက်ရှည်ခန္ဓာကို တည်ဆောက် ပြီးခဲ့ပြီ ဖြစ်ရာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ဆက်လက် ကျင့်ကြံ၍ ရရှိခဲ့ပြီ ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ အာကာသ မွမ်းမံသန့်စင်ခြင်း ကျင့်စဉ်ကို မသုံးတော့ပဲ သူအသစ် ရရှိထားသည့် အဇူရာ သက်ရှည်ကျင့်စဥ်ကို အသုံးပြုလိုက်သည်။

"ဟူး ... လား ... လား ..."

အဇူရာ သက်ရှည်ကျင့်စဥ်ကို စတင်လိုက်သည်နှင့် တောင်ကြား တစ်ခုလုံးရှိ အစိမ်းရောင် အငွေ့အသက်လေးများမှာ ချန်းဖန်၏ ဦးခေါင်းထံ စီးဝင်လာကြတော့သည်။

***

"ဆရာချန်းက တံခါးပိတ်ပြီး ကျင့်ကြံနေတုန်းပဲလား...”

လုယန်ဝူ တံခါးပိတ်ထားသော ဆေးသိုလှောင်ခန်းကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ရေရွတ်မိသည်။ လွန်ခဲ့သည့် သုံးလလောက်တည်းကပင် လဲ့ချန်းကျွယ် ရောက်လာပြီး လုယန်ရွယ်၏ ခန္ဓာကိုယ်ထဲကို အအေးဓာတ်များ ထည့်ပေး သွားခဲ့ခြင်း ဖြစ်သည်။ လုယန်ရွယ် အတွက် အသက်ရှင်ရန် အချိန် သိပ်မကျန်တော့ချေ။

လဲ့ချန်းကျွယ်မှာမူ အနောက် ရေကန်တွင် ငါးမျှားရင်း ချန်းဖန်နှင့် တိုက်ခိုက်ရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ တရုတ်နိုင်ငံ တစ်ခုလုံးရှိ သိုင်းပညာ မိသားစုများမှာလည်း ထိုတိုက်ပွဲကို ကြည့်ရန် ရောက်ရှိ နေကြပြီ ဖြစ်သည်။

ထို့အပြင် လွန်ခဲ့သော နှစ်လ အတွင်းမှာပင် လဲ့ချန်းကျွယ်၏ တပည့် ရိုမန်မှာလည်း တဖြည်းဖြည်း နာမည် ကျော်ကြားလာခဲ့ပြီး တရုတ်နိုင်ငံ တစ်ခုလုံးကို လိုက်လံ စိန်ခေါ်ကာ တိုက်ခိုက် နေခဲ့သည်။ ရိုမန်မှာ တိုက်ပွဲပေါင်း နှစ်ဆယ်ခန့် တိုက်ခိုက် ခဲ့သော်လည်း တစ်ပွဲမျှပင် မရှုံးနိမ့်ခဲ့ပေ။

လဲ့ချန်းကျွယ်နှင့် ရိုမန်၏ နံမည်မှာ တစ်နေ့တခြား ကျော်ကြား လာခဲ့သည့်တိုင် ချန်းဖန်မှာမူ သုံးလလုံးလုံး ပျောက်ကွယ် နေခဲ့သည်။ ချန်းဖန်မှာ လဲ့ချန်းကျွယ်ကို ကြောက်ရွံ့သဖြင့် ပုန်းနေခြင်း ဖြစ်မည်ဟု လူများစွာက ထင်မြင်ချက် ပေးကြသည်။ သုံးလ အတွင်းမှာပင် ချန်းဖန်၏ အထွတ်အထိပ် ဆရာလေးဟူသော နံမည်မှာ ရယ်မောစရာ လူကြောက် တစ်ယောက် အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"ချန်းပေ့ရွှမ်းရဲ့ အသက်က အရမ်းကို ငယ်ရွယ်ပြီး အတွေ့အကြုံကလည်း သိပ်မရှိဘူး။ သူ လဲ့ချန်းကျွယ်ကို ကြောက်တာ နားလည်ပေးလို့ ရပါတယ်။..."

"ငါကြားတာကတော့ လဲ့ချန်းကျွယ်က ချန်းပေ့ရွှမ်းရဲ့ ကောင်မလေး ခန္ဓာကိုယ်ထဲကို အေးခဲခြင်း ချီစွမ်းအင်တွေ ထည့်သွင်း လိုက်ပြီးတော့ စိန်ခေါ်ခဲ့တယ်တဲ့။ ဒါပေမဲ့ ချန်းပေ့ရွှမ်းက ခုထိ ဘာအကြောင်းမှ မပြန်သေးဘူး...”

လူတိုင်းနီးပါးမှာ ချန်းဖန်၏ အပြုအမူကြောင့် စိတ်ပျက်နေခဲ့ကြသည်။

လုမိသားစုမှာ အစောပိုင်းတွင် လုယန်ရွယ်ကို ဂရုစိုက်ခဲ့ပြီး အကောင်းဆုံး ဆရာဝန်များကို ‌ပင့်ဖိတ်ကာ ကုပေးခဲ့သည်။ သို့သော် လဲ့ချန်းကျွယ်တို့ ဆရာတပည့်နှစ်ယောက် နာမည်ကြီးလာသည်နှင့် လုယန်ရွယ်အပေါ် ဆက်ဆံပုံများမှာ တဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည်။

အကယ်၍ ချန်းဖန်သာ ပေါ်မလာခဲ့လျှင် ချန်းဖန်ကို ထောက်ခံသည့် သူတို့ လုမိသားစုကို လဲ့ချန်းကျွယ်က ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။ လုယန်ရွယ်အပေါ် မပြောင်းလဲခဲ့သူမှာ လုယန်ဝူ တစ်ယောက် တည်းသာ ရှိခဲ့သည်။

လအနည်းငယ်ကြာ အတူနေပြီးနောက် လုယန်ဝူနှင့် လုယန်ရွယ်တို့၏ ဆက်ဆံရေးမှာ ပိုမိုကောင်းလာခဲ့ပြီး ညီအစ်မ အရင်းများကဲ့သို့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အိပ်ရာပေါ်တွင် တဖြည်းဖြည်း ပိန်လှီလာသော ကောင်မလေးကို ကြည့်ကာ ဆေးနတ်ဘုရား တောင်ကြားသို့ သူမ ကိုယ်တိုင် လိုက်သွားရန် ဆုံးဖြတ်ခဲ့သည်။ ချန်းဖန်ကို အကျိုးအကြောင်း ပြောပြပြီး လုယန်ရွယ်ကို ကယ်တင်ရန် သူမ မျှော်လင့်ထားခဲ့သည်။

သို့သော် ဆေးနတ်ဘုရား တောင်ကြားသို့ ရောက်သည်နှင့် ချန်းဖန် တံခါးပိတ် ကျင့်ကြံနေသည်ကိုသာ တွေ့မြင်ခဲ့ရသည်။ သူမက ဆေးဘုရင်ကို ဒူးထောက် တောင်းပန်ကာ ချန်းဖန်ကို တွေ့ခွင့် တောင်းသော်လည်း ဆေးဘုရင်က ချန်းဖန်ကို ဘာမှ မပြောရဲခဲ့ပေ။ ချန်းဖန်က မည်သည့် အကြောင်းကြောင့် ဖြစ်စေ သူ့ကို မနှောက်ယှက်ရန် မှာကြားထားခဲ့သည်။ အကယ်၍ သူသာ သွားပြောခဲ့လျှင် ချန်းဖန် ဒေါသ မထွက်ဟု မည်သူမျှ အာမမခံနိုင်ပေ။

ဆေးဘုရင်သည် လဲ့ချန်းကျွယ်၏ သတင်းကို ကြားမိသော်လည်း ဂရုမစိုက်ခဲ့ပေ။ လဲ့ချန်းကျွယ် မည်မျှပင် အစွမ်းထက်သည် ဖြစ်စေ။ သူက သာမန် သေမျိုးတစ်ယောက်သာ ဖြစ်နေသေးသည်။ ချန်းဖန်မှာမူ နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ သာမန် သေမျိုးများကား သူ့အတွက် ပုရွက်ဆိတ်များထက် မပိုချေ။ ချန်းဖန်သာ နတ်ဘုရားအဆင့် မဟုတ်လျှင် ရွှေရောင်လီ မီးတောက် မျက်လုံးကဲ့သို့သော အရာမျိုးကို ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ချေ။

"ရှောင်ရွယ်မှာ အချိန် သိပ်မရှိတော့ဘူ...”

လုယန်ရွယ်၏ မျက်လုံးတွင် မျက်ရည်များက လျှံတက်လာခဲ့သည်။

"အင်မော်တယ် ဆရာချန်းက သူ့ကိုကြောင့်မှ လာမနှောင့်ယှက်ဖို့ မှာထားလို့ပါ ကလေးရယ်။ ငါလည်း စိတ်မကောင်းပါဘူး...”

ဆေးဘုရင်က ခေါင်းကို ခါယမ်းရင်း ပြောသည်။

နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်အောင် သူမလုပ်ရဲပေ။ ချန်းဖန်သာ ဒေါသထွက်ခဲ့လျှင် သူနှင့် ဆေးနတ်ဘုရား တောင်ကြား တစ်ခုလုံးကို လက်တစ်ချောင်း တည်းနှင့် ဖျက်ဆီး ပစ်လိမ့်မည် ဖြစ်သည်။ ချန်းဖန်ပြောခဲ့သော စကားတစ်ခွန်းမှာ သူ့အတွက် ကောင်းကင်ဘုံမှလာသော အမိန့်တစ်ခုကဲ့သို့ တာဝန်ကြီးလေးလွန်းသည်။

လုယန်ဝူ အံတင်းတင်း ကြိတ်လိုက်သည်။

"ချနပေ့ရွှမ်း ... နင်က ရှောင်ရွယ်ကို နင့်ရဲ့ မိန်းကလေးအဖြစ် သတ်မှတ်ပြီး တစ်သက်လုံး ပျော်အောင် ထားမယ်လို့ ပြောခဲ့တယ်။ ခု သူမက အိပ်ရာထဲမှာ လဲပြီး သေတာ့မလို ဖြစ်နေတာတောင် နင်ကဒီမှာလာပြီး ပုန်းနေတယ်...”

လုယန်ဝူမှာ တော်တော် စိတ်ပျက်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ချန်းဖန်ကို ထပ်မစောင့်တော့ပဲ ပြန်ရန်သာ တွေးနေမိတော့သည်။

သူမ ချန်းဖန်ကို အတော်ကြာအောင် စောင့်နေခဲ့ပြီးပြီ ဖြစ်သည်။ ထပ်စောင့်ရန် အချိန်မရှိတော့ပေ။ ယခုအချိန်၌ သူမလုပ်နိုင်သော အကောင်းဆုံး အရာမှာ ရှောင်ရွယ် အနားသို့ပြန်ပြီး သူမ၏ နောက်ဆုံး အချိန်လေးကို စိတ်ချမ်းသာအောင် စောင့်ရှောက်ပေးရန် သာ ရှိတော့သည်။

ဟင်...

လုယန်ဝူ တွေးရင်း လှည့်ပြန်ရန် ပြင်လိုက်စဉ်မှာပင် ဆေးဘုရင်၏ အံ့ဩတကြီး ရေရွတ်သံကြောင့် ကပျာကယာ လှည့်ကြည့် လိုက်မိသည်။

သူမ၏ မျက်လုံးထဲတွင်မူ...

ဆေးသိုလှောင်ခန်းကို ဗဟိုပြု၍ စုပ်ဝဲကြီး တစ်ခု ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို စုပ်ယူ လာခဲ့သည်။ ထိုစုပ်ဝဲမှာ တဖြည်းဖြည်း မီတာ ရာဂဏန်းအထိ ကြီးမားလာခဲ့ပြီး ဆိုင်ကလုန်း မုန်တိုင်းတစ်ခု အလား ဖြစ်ပေါ်လာသည်။ ထိုစုပ်ကြီး၏ စုပ်ယူမှုတွင် ဆေးနတ်ဘုရား တောင်ကြား တစ်ခုလုံးရှိ သစ်ပင်များမှာလည်း ယိမ်းပါနေကြပြီး သူတို့၏ သခင်ကို ဦးတိုက်နေကြသည့် အလားပင်။

"ဒါ ... ဒါကြီးက ဘာကြီးလဲ...”

လုယန်ဝူမှာ ထိုမြင်ကွင်းကြောင့် အလွန်ကြောက်ရွံ့ နေခဲ့ပြီ ဖြစ်သည်။

"ဟိုကို ကြည့်စမ်း...”

ဆေးဘုရင်က ကောင်းကင်ကို လက်ညှိုး ထိုးပြရင်း ထိတ်လန့်တကြား အော်ဟစ်သည်။ လုယန်ဝူက ကြောက်လန့် နေသော်လည်း ကောင်းကင်သို့ ကပျာကယာ ကြည့်လိုက်သည်။ ကောင်းကင်တွင် ဖြစ်ပေါ်နေသော စုပ်ဝဲကြီးမှာ တဖြည်းဖြည်း ပြန်လည် ငြိမ်သက် လာခဲ့ပြီး အစိမ်းရောင် တိမ်တိုက် တစ်ခုအသွင် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

"ချီတိမ်တိုက် ဖွဲ့တည်ခြင်း...။ ဒါက အင်မော်တယ် အဆင့်ကို ချိုးဖျက်တဲ့ လက္ခဏာမလား...”

ဆေးဘုရင်က တီးတိုး ရေရွတ်သည်။ သူ၏ အမြင်တွင်မူ ချန်းဖန်မှာ အင်မော်တယ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး အဘယ်ကြောင့် ယခုကဲ့သို့ လက္ခဏာများ ပေါ်ပေါက် လာသည်ကို သူနားမလည်နိုင်ချေ။

"အင်မော်တယ် ဆရာချန်းက မှော်ပညာနဲ့ သိုင်းပညာ နှစ်မျိုးလုံး ကျင့်တာ ဖြစ်ရမယ်။ အရင်က သူမှော်လမ်းစဉ်မှာ အင်မော်တယ် အဆင့်ကို ရောက်နေခဲ့လောက်ပြီးတော့ ခုတစ်ခါက သိုင်းပညာ လမ်းစဉ်မှာပါ အဆင့်တက် သွားတာ ဖြစ်ရမယ်...”

"အင်မော်တယ် အဆင့်...”

လုယန်ဝူမှာ ထိုအသံတစ်ခုသာ ထွက်နိုင်သည်။

သူမက သိုင်းပညာ မိသားစုတစ်ခုမှ ဖြစ်သောကြောင့် သိုင်းအဆင့်များကို အတော်လေး ကြားဖူး နားဝ ရှိခဲ့သည်။ အင်မော်တယ် အဆင့်ဆိုသည်မှာ အထွတ်အထိပ် အဆင့်၏ နောက်တွင် ရှိပြီး အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်များသာ ရောက်ရှိကြသည့် အဆင့် ဖြစ်သည်။ ထိုအရာကား သူမတို့ ကဲ့သို့သော သာမန်သေမျိုးများ အလှမ်းမမီသော အရာ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်းပင် အင်မော်တယ် အဆင့်ကို ချိုးဖျက်ခဲ့သူဟူ၍ သူမ မကြားဖူးခဲ့ချေ။

လဲ့ချန်းကျွယ်မှာ မည်မျှပင် အစွမ်းထက်သော်လည်း သာမန် သေမျိုးတစ်ယောက် အဖြစ်သာ ရှိနေသေးသည်။ သူ၏ အစွမ်းဖြင့် ချန်းဖန်ကို စိန်ခေါ်ခြင်းမှာ ကျောက်တောင်ကို ကြက်ဥဖြင့် ပေါက်သလိုသာ ဖြစ်ပေလိမ့်မည်။

"အသက်နှစ်ဆယ် မပြည့်သေးသော ကောင်လေးက အင်မော်တယ် အဆင့်သို့ ရောက်နေခဲ့ခြင်း...”

ထိုအရာကား အလွန်ပင် ကြောက်စရာ ကောင်းလွန်းသည်။

"နောက်ဆုံးတော့ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ငါဝင်ရောက် နိုင်ခဲ့ပြီ...”

ရုတ်တရက် ဆေးသိုလှောင်ခန်း တံခါးမှာ ပွင့်လာခဲ့ပြီး လူရိပ်တစ်ခုက ပေါ့ပါးစွာ ထွက်ပေါ်လာခဲ့သည်။

လုယန်ဝူ ပထမဆုံး သတိထားမိသော အရာမှာ ကောင်းကင် အလင်းရောင် များကဲ့သို့ တောက်ပနေခဲ့သည့် မျက်လုံးတစ်စုံပင် ဖြစ်တော့သည်။

***

All Chapters