နတ်ဘုရား စွမ်းအား
Vol. 2 Ch. 191
လူရိပ်၏ ခန္ဓာကိုယ်မှ အစိမ်းရောင် အလင်းများကလည်း နတ်ဘုရား တစ်ယောက်အလား တောက်ပ နေခဲ့သည်။
"နင်က ချန်းပေ့ရွှမ်းမလား...”
လုယန်ဝူက အစိမ်းရောင် လူရိပ်ကို မယုံကြည်နိုင်သည့် မျက်လုံးများနှင့် ကြည့်ကာ မေးလိုက်သည်။
ဘူငယ်၏ နက်မှောင်သော ဆံပင်များက ထူထဲ ရှည်လျားကာ ပခုံးပေါ်တွင် ဝဲကျနေခဲ့ပြီး သူ၏ မျက်လုံးများကလည်း မိုးပြာရောင် သန်းနေခဲ့သည်။ သူ၏ အသားအရေမှာလည်း ကျောက်စိမ်းကဲ့သို့ သန့်စင် ကြည်လင်နေပြီး မွေးကင်းစ ကလေးငယ် ကဲ့သို့ ချောမွေ့ နေခဲ့သည်။ သူ၏ အသွင် သဏ္ဌာန်မှာ ဂရိဒဏ္ဍာရီထဲမှ နေနတ်ဘုရား အပိုလို ကဲ့သို့ပင် ခန့်ညားနေခဲ့သည်။
"ဟုတ်တယ်... ငါပါ”
ချန်းဖန်က သူ့ကိုကြည့်ရင်း အဖြေပေးလိုက်သည်။
သူ၏ အသံမှာ မပြောင်းလဲဟု ထင်ရသည့်တိုင် လုယန်ဝူ၏ နားထဲတွင်မူ အလှပဆုံးတေး သီချင်းတစ်ပုဒ်ကို နားထောင် လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
"နင် တကယ်ပဲ ချန်းပေ့ရွှမ်းပါနော်...”
လုယန်ဝူ၏ အမူအရာက အလွန် အံ့ဩနေသည့်ပုံ ပေါ်နေခဲ့သည်။ ချန်းဖန်ကား သုံးလအတွင်း အခြား လူတစ်ယောက်ကဲ့သို့ လုံးလုံးလျားလျား ပြောင်းလဲ သွားခဲ့သည်။
"နတ်ဘုရားအဆင့်ကို ရောက်ရှိသွားတဲ့ အတွက် ဂုဏ်ယူပါတယ် အင်မော်တယ် ဆရာချန်း...” ဆေးဘုရင်က လက်သီးဆုပ်ရင်း ချန်းဖန်ကို ပြောလိုက်သည်။ တဖြည်းဖြည်း ရောက်ရှိလာသော အကြီးအကဲများ၊ အာခီမီ ပညာရှင် များကလည်း ချန်းဖန်ကို ဂုဏ်ပြုစကားများ ပြောကြား လိုက်ကြသည်။
"သူက တကယ်ပဲ အင်မော်တယ် အဆင့်ကို ညရောက်သွားဝာာလား....”
လုယန်ဝူ အံဩတကြီး တွေးနေမိသည်။ သိုင်းပညာရှင် မိသားစုမှ မွေးဖွားလာခဲ့သည့် မျိုးဆက်တစ်ယောက် အနေဖြင့် အင်မော်တယ် အဆင့်ကို သူမ ကောင်းကောင်း နားလည်သည်။
"အင်မော်တယ် အဆင့်လား...”
ချန်းဖန်က ခေါင်းကိုခါရင်း ဆေးဘုရင်ကို လှည့်ပြောလိုက်သည်။
"မဟုတ်ပါဘူး။ ငါက အင်မော်တယ် အဆင့်ကို မရောက်သေးပါဘူ...”
"အင်မော်တယ် အဆင့် မဟုတ်ဘူးလား...”
ဆေးဘုရင်က ကြောင်တောင်တောင် မေးသည်။
"မဟုတ်ဘူး... ဒါပေမဲ့ အင်မော်တယ် အဆင့် ကျင့်ကြံသူကို ငါ့ရဲ့ လက်တစ်ချောင်းတည်းနဲ့ သတ်လို့ရတယ်...”
ချန်းဖန်၏ စကားကြောင့် လူတိုင်း အံ့အားသင့် သွားကြသည်။ သို့သော် ချန်းဖန်၏ အဇူရာ မျက်လုံးများမှာ သန့်စင်၊ ကြည်လင်နေပြီး မည်သည့် မရိုးသားမှုမှ မရှိသည်ကို လူတိုင်း သတိထားမိကြသည်။ ချန်းဖန်၏ စကားသံက ကြည်လင်နေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေခဲ့သည်။
"အင်မော်တယ် အဆင့်ကို တစ်ချောင်းတည်းနှင့် အနိုင်ယူနိုင်သည့် စွမ်းအား....”
ဆေးဘုရင်က ချန်းဖန်ကို နောက်တစ်ကြိမ် ဒူးထောက်ပြီး အရိုအသေ ပြုလိုက်မိသည်။ ချန်းဖန်ပြောသော စကားကို သူ အကြွင်းမဲ့ ယုံကြသည်။ မျက်လုံးမှ ထွက်ပေါ်လာသော ရွှေရောင် မီးတောက်များ၊ အစွမ်းထက်သော အဆိပ်ခုနစ်မျိုး ဝင်္ကပါကို လွယ်ကူစွာ အနိုင်ယူခဲ့ခြင်း၊ အစွမ်း အထက်ဆုံးသော အဆိပ်ကိုပင် အလွယ်တကူ ကုသပေးနိုင်ခြင်း ထိုအရာများကား လူသားတို့ တွေးတော ဆင်ခြင်နိုင်ခြင်းထက် အဆမတန် သာလွန်နေခဲ့သည်။
"ဆရာချန်း... ဒီမိန်းကလေးက ဆရာချန်းရဲ့ မိတ်ဆွေလို့ ပြောပါတယ်။ သူ ဆေးသိုလှောင်ခန်း အပြင်ကနေ စောင့်နေတာ ဆယ့်သုံးရက် ကျော်ပြီ...” ဆေးဘုရင်က ဒူးထောက် နေရာမှ ထရင်း အစီအရင်ခံသည်။
"နင် ဒီကိုဘာဖြစ်လို့ ရောက်လာတာလဲ...” ချန်းဖန်က လုယန်ဝူကို ကြည့်ရင်း မေးလိုက်သည်။
ချန်းဖန်၏ မျက်လုံးများကို ကြည့်ရင်း လုယန်ဝူ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်အောင် ဖြစ်နေခဲ့သည်။ ထိုမျက်လုံးနှစ်ခုမှာ စကြဝဠာ တွင်းနက်ကြီး များကဲ့သို့ နက်ရှိုင်းပြီး လျှို့ဝှက် ဆန်းကြယ်မှုများ ပြည့်နှက် နေသည်။
"ချန်းပေ့ရွှမ်း... လဲ့ချွန်းကျွယ်က လုမိသားစုကို ရောက်လာခဲ့တယ်။ နောက်ပြီး လုယန်ရွယ်ရဲ့ ခန္ဓာကိုယ်ထဲကို အေးခဲခြင်း ချီစွမ်းအင်တွေ ထည့်ပြီး နင့်ကို စိန်ခေါ်ကြောင်း ကြေညာခဲ့တယ်။ ခုဆိုရင် ရှောင်ရွယ်က နင့်ကြောင့် သေတော့မလို ဖြစ်နေပြီ။
နင် ရှောင်ရွယ်ကို နင့်ရဲ့ မိန်းကလေးလို့ ကြေငြာခဲ့တယ် မလား။ သူ့ရဲ့ ဘဝတစ်ခုလုံး စိတ်ချမ်းသာ စေရမယ်လို့ ကတိပေးခဲ့တယ် မလား။ အာ့ဆိုရင် ရှောင်ရွယ်ကို လိုက်ပြီး ကယ်တင်ပေးတော့...”
"ဒါက တကယ်ပဲလား...” ချန်းဖန်က ဆေးဘုရင်ကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း မေးသည်။
ဆေးဘုရင်က ခေါင်းညိတ်ပြရင်း ပြန်ပြောလိုက်သည်။
"အမှန်ပါပဲ။ လွန်ခဲ့တဲ့ သုံးလလောက်တည်းက ဟောင်ဂိုဏ်းက လဲ့ချန်းကျွယ် တရုတ်ကို ပြန်ရောက်လာပြီး ဆရာချန်းကို စိန်ခေါ်နေတာ။ ကျုပ်ပြောပြဖို့ စဉ်းစား သေးပေမယ့် ဆရာချန်းက မနှောင့်ယှက်ရဘူးလို့ မှာထားလို့ပါ...”
ဆေးဘုရင်က ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"အင်မော်တယ် ဆရာချန်း.... ကောင်မလေးက ဆရာချန်းနဲ့ ပတ်သက်နေတယ် ဆိုတာကို ကျုပ်သိခဲ့ရင် လင်းမြို့တော်ကို သွားပြီး သူမရဲ့ အသက်ကို ကယ်တင်ခဲ့ပါတယ်။ လဲ့ချန်းကျွယ်က ဆေးနတ်ဘုရား တောင်ကြားကို အပြစ်လုပ်ရဲတဲ့ထိ မမိုက်မဲသေးဘူးလို့ ကျုပ်ထင်တယ်...”
"ပြဿနာ မရှိပါဘူ...” ချန်းဖန်က လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
"လဲ့ချန်းကျွယ်က သူ့ရဲ့ ကတိကို ချိူဖျက်ပြီး တရုတ်ကို ပြန်လာတဲ့ အပြင် ငါ့ရဲ့ သူငယ်ချင်း တစ်ယောက်ကိုပါ နာကျင်အောင် လုပ်ရဲတယ်ပေါ့လေ။ အရမ်းကောင်းတယ်။ ငါ့ရဲ့ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်စွမ်းအားကို သူနဲ့ စမ်းသပ်ရသေးတာပေါ့...”
တွေးရင်း ချန်းဖန်၏ မျက်လုံးတွင် ထက်မြသော အစိမ်းရောင် အရိပ်တစ်ခု ဖြတ်ပြေး သွားခဲ့သည်။
"လင်းမြို့တော်ကို ငါတို့ အခုပဲ သွားကြမလား...” လုယန်ဝူက မေးလိုက်သည်။ ချန်းဖန်မှာ ရှောင်ရွယ်ကို ကုသ ပေးနိုင်ကြောင်းကို သိသော်လည်း သူမ အနည်းငယ် အလျင်လို နေခဲ့သည်။
"လောစရာ မလိုဘူး။ ငါက ခုမှ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ရောက်တာ။ အခြေခိုင်အောင် လေ့ကျင့် ရဦးမယ်။ မနက်ဖြန်ကျမှ သွားကြတာပေါ့...” ချန်းဖန်က တည်ငြိမ်စွာ ပြန်ပြော လိုက်သည်။
"ချန်းပေ့ရွှမ်း... နင် ခွေးကောင်။ နင်က နောက်တစ်ည ထပ်စောင့်ဦး မလို့လား။ ရှောင်ရွယ်က သေတော့မယ် နင်သိလား...” လုယန်ဝူက ချန်းဖန်ကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ချန်းပေ့ရွှမ်း... ငါတို့ ခုပဲ သွားကြရအောင်။ လမ်းမှာလည်း ငါတို့ နှစ်ရက်လောက် ကြာဦးမှာလေ။ ရှောင်ရွယ် ငါတို့ကို စောင့်နိုင်ပါ့ဦးမလား ဆိုတာတောင် ငါမသိဘူး...”
သူမ မသိသည့် အကြောင်းအရာ တစ်ခုမှာ ချန်းဖန်က လုယန်ရွယ်၏ ခန္ဓာကိုယ်ထဲတွင် နတ်ဘုရား စိတ်အာရုံတစ်ခု ထည့်သွင်း ထားခဲ့ခြင်းပင်။ လုယန်ရွယ် မည်သည့် အခြေအနေ ရှိသည်ကို ချန်းဖန်သိသည်။ သူမက တဖြည်းဖြည်း အားနည်းလာသည့်တိုင် နောက်ရက် အနည်းငယ်ထိ အသက်ရှင် နိုင်သေးသည်။
ချန်းဖန် လုယန်ဝူကို ရှင်းမပြတော့ပဲ ဆေးဘုရင်မှ သူ့အတွက် စီစဉ် ပေးထားသည့် အခန်းထဲကို ဝင်ရောက် လာခဲ့သည်။ ဆေးနတ်ဘုရား တောင်ကြားကို ရောက်သည့်နေ့မှ စ၍ ဆေးသိုလှောင် ခန်းထဲတွင်သာ အချိန်ဖြုန်းခဲ့သဖြင့် ထိုအခန်းကို သူတစ်ခါမှ အသုံးမပြုရသေးပေ။
ဆေးနတ်ဘုရား ဂိုဏ်းမှာ ထိုအခန်းကို အမြဲတမ်း သန့်ရှင်းရေး လုပ်ထားဟန် တူသည်။ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ရနံ့များမှာ မွှေးကြိုင်နေပြီး သန့်ရှင်းနေခဲ့သည်။ ချန်းဖန် တံခါးကို ပြန်ပိတ်ပြီး တစ်နေရာတွင် ထိုင်ချလိုက်သည်။
"လွန်ခဲ့တဲ့ သုံးလ အတွင်း ဝိညာဉ်သစ်သား အမတေကို ငါအားလုံး စုပ်ယူပြီးသွားပြီ။ ဒါက ဝိညာဉ် သစ်ပင်ရဲ့ အမတေ တစ်ခုဆိုတော့ ငါ ဝိညာဉ်ချီ စွမ်းအင် အားလုံး စုပ်ယူလိုက်ပေမယ့် သင့်တော်တဲ့ နေရာတစ်ခုမှာ ပြန်ပြီး စိုက်ပျိုးလိုက်မယ် ဆိုရင် အပင် ပြန်ပေါက်လာလိမ့်မယ်...”
"ဒါပေမဲ့ ဝိညာဉ်ချီတွေကို ငါစုပ်ယူခဲ့တာကြောင့် ပေါက်လာမယ့် အပင်က ရိုးရိုးသစ်ပင်ပဲ ဖြစ်လိမ့်မယ်။ နှစ်ပေါင်း တစ်သောင်းလောက်ကြာမှ ဝိညာဉ်သစ်ပင် အဖြစ် ပြန်ပြီး အသွင်ပြောင်း သွားလိမ့်မယ်”
ချန်းဖန် တစ်ယောက်တည်း တွေးနေခဲ့မိသည်။
"ဉာဏ်အလင်း စုဆောင်းခြင်းရဲ့ စွမ်းရည်တစ်မျိုးကို ငါရှာတွေ့သင့်တယ်...”
ချန်းဖန် မျက်လုံးများကို ပိတ်ကာ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ပြန်လည် သုံးသပ် လိုက်သည်။ အစွမ်းထက်သော စွမ်းအင်များမှာ သူ၏ သွေးကြောများထဲတွင် မြစ်တစ်စင်းကဲ့သို့ အရှိန်ပြင်းစွာ စီးဆင်း နေခဲ့သည်။
သူတစ်ချက် တွေးလိုက်သည်နှင့် ဓားအသိပေါင်း များစွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ အရာများကို ဖြတ်တောက်ရန် အသင့် ဖြစ်နေခဲ့သည်။
"ဒီလို စွမ်းအားမျိုးက အရမ်းကို ကြမ်းလွန်းတယ်။ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်မှာ ဘယ်လောက် အောင်မြင်လဲ ဆိုတာက ရရှိတဲ့ နတ်ဘုရားစွမ်းအား အပေါ် မူတည်တယ်။ အဇူရာ သက်ရှည် ခန္ဓာနဲ့ဆိုရင် ဘယ်လို နတ်ဘုရား စွမ်းအား ရလာမလဲ ဆိုတာ စောင့်ကြည့်ရသေးတာပေါ့....”
ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် ပုဂ္ဂိုလ်များ အုတ်မြစ် ထူထောင်ခြင်း အဆင့်များထက် ပိုမို အစွမ်းထက် ရသည့် အဓိက အကြောင်းရင်းမှာ နတ်ဘုရား စွမ်းအာကြောင့်ပင် ဖြစ်သည်။ ဥပမာ လီရွှေရောင် မီးတောက် မျက်လုံး ကဲ့သို့သော အရာများကား ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် ပုဂ္ဂိုလ်များ ပိုင်ဆိုင်နိုင်သည့် နတ်ဘုရား စွမ်းအား တစ်ခုပင် ဖြစ်သည်။
"အသက်သုံးသက် နတ်ဘုရားစွမ်းအား၊ သက်ရှည်နတ်ဘုရား စွမ်းအား ဒီနတ်ဘုရား စွမ်းအားတွေကို ငါဂရုမစိုက်ဘူး။ အဇူရာ နဂါးမျက်လုံးလို လက်တွေ့ကျတဲ့ နတ်ဘုရား စွမ်းအားကိုပဲ ငါလိုချင်တယ်...”
စဉ်းစားရင်းနှင့်ပင် အဇူရာ သက်ရှည်ခန္ဓာ ကျင့်စဉ်ကို စတင် လှည့်ပတ်လိုက်ပြီး နတ်ဘုရား စွမ်းအား နိုးထလာရန် ကြိုးစား လိုက်သည်။
ဘုန်း....
ချန်းဖန် နတ်ဘုရား အစီအရင်ကို စတင်လိုက်သည်နှင့် စွမ်းအင် လှိုင်းများက သူ၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်တည် လာခဲ့သည်။ ချန်းဖန်က လက်ညှိုးကို နံရံဆီသို့ ညွှန်ပြလိုက်ရာ အစိမ်းရောင် စွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်သွားပြီး နံရံထဲကို စိမ့်ဝင်သွားခဲ့သည်။
"သေစမ်းကွာ... ဒါက အခြေခံ အကျဆုံးစွမ်းအားဖြစ်တံ့ ယီသစ်သား ဝိညာဉ်ချီပဲ...”
ချန်းဖန် အလွန် စိတ်ပျက် သွားခဲ့သည်။
ယီသစ်သားဝိညာဉ်ချီမှာ သစ်သား ဒြပ်စင် ကျင့်ကြံခြင်း များထဲမှ အခြေခံအကျဆုံး နတ်ဘုရား စွမ်းအား တစ်ခုဖြစ်သည်။ ထိုနတ်ဘုရား စွမ်းအားနှင့်ဆိုလျှင် အပင်များ လျှင်မြန်စွာ ကြီးထွားအောင် လုပ်ဆောင်နိုင်သည့် အပြင် မည်သည့် ရောဂါကိုမဆို ကုသပေးနိုင်လိမ့်မည် ဖြစ်သည်။ ယီသစ်သား ချီစွမ်းအင် အနည်းငယ်ကပင် အိပ်ရာပေါ်တွင် လှဲနေရသော သူကိုပင်လျှင် ထထိုင်နိုင်အောင် စွမ်းသည်။ ထိုအရာကား အမတေစွမ်းအင် တိုးမြှင့်ခြင်း ဆေးများထက် ပိုမို အကျိုးသက်ရောက်မှုရှိသည်။
ယီသစ်သား ဝိညာဉ်စွမ်းအားမှာ မည်မျှပင် အစွမ်းထက်သည် ဖြစ်စေ တိုက်ခိုက်ရန် လုံးဝ အသုံးမဝင်ပေ။
"ကောင်းပြီလေ... ဒါက အသုံးမကျတဲ့ အရာတော့ မဟုတ်ပါဘူး။ အဘိုးရဲ့ ရောဂါကို ကုသဖို့အတွင် အမတေ စွမ်းအင် တိုးမြှင့်ခြင်း ဆေးဖော်စပ်ဖို့ မလိုတော့ဘူး..."
ချန်းဖန် ပြုံးရင်း ခေါင်းကို ခါလိုက်မိသည်။ သို့သော် တစ်ခုခုက လွဲချော် နေသကဲ့သို့ သူခံစား လိုက်ရသည်။
အဇူရာ သက်ရှည်ခန္ဓာမှာ အဓိက ကျင့်စဉ်ကြီး ငါးခုအနက်မှ သစ်သား ဒြပ်စင်၏ စွမ်းအား အကြီးဆုံး ခန္ဓာဖြစ်သည်။ ထိုအရာမှာ အခြေခံ အကျဆုံး နတ်ဘုရား စွမ်းအား တစ်ခုတည်း ရှိနေပုံမရချေ။
"ငါ့ခန္ဓာကိုယ်ထဲမှ မနိုးထသေးတဲ့ အခြားနတ်ဘုရား စွမ်းအား တစ်ခု ရှိနေတာလား...”
ချန်းဖန်၏ မျက်လုံးများက မျှော်လင့်ချက်များနှင့် ပြန်လည် တောက်ပ လာခဲ့တော့သည်။
***