အနောက်ရေကန်၌
Vol. 2 Ch. 193
စိန်ခေါ်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် အနောက်ရေကန်၌ ပြုလုပ်လိမ့်မည် ဖြစ်သည်။ အချိန်ကာလအားဖြင့် နွေရာသီ ရုံးပိတ်ရက် ဖြစ်သဖြင့် အနောက်ရေကန်သည် တရုတ်နိုင်ငံ တစ်ခုလုံးမှ လာရောက် လည်ပတ်သော ခရီးသည်များဖြင့် စည်ကားနေတတ်သည်။
လင်းမြို့တော်မှာ တရုတ်နိုင်ငံရှိ ရှေးအကျဆုံး မြို့များထဲတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသော မြို့တစ်မြို့လည်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ အချမ်းသာဆုံးမြို့ဟု ကျော်ကြားသည့် အပြင် အချို့က လင်းမြို့တော်ကို ကမ္ဘာပေါ်မှ ကောင်းကင်ဘုံဟုပင် တင်စားကြသေးသည်။
ကျန်းချူယန်သည် အနောက်ရေကန် အနီးရှိ လမ်းငယ်လေးတွင် ဖြည်းညင်းစွာ လမ်းလျှောက် နေခဲ့သည်။ သူမက တီရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို လိုက်ဖက်ညီစွာ တွဲဖက် ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်ရှည်များ ကလည်း လေအဝှေ့တွင် မျောလွင့် နေကြသည်။ သွယ်လျသော ခြေထောက်တွင်မူ ရောင်စုံဖိနပ် တစ်ရံစီးထားပြီး ဆွဲဆောင်မှုရှိစွာ လှပနေခဲ့သည်။
ကျန်းချူယန်မှာ အထက်တန်း အောင်မြင်ပြီးချိန် မှစ၍ ပို၍ ဆွဲဆောင်မှု ရှိလာသော်လည်း အမြဲတမ်းလိုလို မျက်မှောင်ကြုတ်နေသည်။ သို့သော် ထိုသို့သော ပုံစံကပင် သူမကို တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု ရှိစေသည်။
"ယန်ယန် ... နင်ဘာတွေ တွေးနေတာလဲ။ ဟိုလူရှုပ်အကြောင်း တွေးနေပြန်ပြီလား" ကျန့်ယွီမုန့်က ကျန်းချူယန်ကို ကြည့်ရင်းမေးလိုက်သည်။
"မဟုတ်ပါဘူး" ကျန်းချူယန်က မပီမပြင် ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ထျန်းရှန် စားသောက်ဆိုင် ကိစ္စဖြစ်ပြီး တည်းက နင်တစ်ခါမှ သေသေချာချာ မပြုံးခဲ့ဖူးဘူး"
ကျန့်ယွီမုန့်က ထပ်ပြောလိုက်သည်။
“လီရီချန်းက ဘာဖြစ်လို့လဲ။ သူနင့်ကို လိုက်နေတာ တစ်နှစ်ခွဲ ကျော်ပြီ။ သူက ရုပ်လည်းမဆိုးသလို မိသားစုလည်း ကောင်းတယ်။ နောက်ပြီး သူက နင့်ကို တကယ် ဂရုစိုက်တယ်”
ချန်းဖန်က နင့်အပေါ်ကောင်းတာ ဘာရှိလို့လဲ။ ဆောင်းရာသီ ပိတ်ရက်တည်းက သူပျောက်နေခဲ့တာ။ သူက ခွင့်ရက်ရှည် ယူထားတယ်လို့တော့ ဆရာမက ပြောတာပဲ။ သူက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုတောင် ဝင်ဖြေခဲ့တာ မဟုတ်ဘူး"
"သူ အရမ်း အလုပ်များနေတာ ဖြစ်မှာပါ။ သူ့ရဲ့ အဆင့်အတန်းနဲ့ ဆိုရင် သူ့မှာ လုပ်စရာတွေ လက်မလည်အောင် ရှိနေမှာပဲလေ" ကျန်းချူယန်က ချန်းဖန်ဘက်မှ ကာကွယ်ပြောသော်လည်း သူမအသံက အားပျော့နေခဲ့သည်။
ကျန့်ယွီမုန့်၏ စကားလုံးများက သူမကို အတွေးနက်စေသည်။ ကျန်းချူရန်မှာ ချန်းဖန်ကို အကြိမ်များစွာ သွားတွေ့ရန် ကြိုးစားခဲ့သော်လည်း လမ်းတစ်ဝက် သည်နှင့် အမြဲတမ်းလိုလို ပြန်လှည့်လာခဲ့သည်။ ချန်းဖန်အပေါ် သူမ၏ ခံစားချက် များကလည်း အမြဲတမ်း ရှုပ်ထွေး နေခဲ့သည်။ ချစ်ခြင်း၊ မုန်းခြင်း၊ မယုံကြည်နိုင်ခြင်း၊ ငြူစူခြင်း စသည့် ခံစားချက်များမှာ ချန်းဖန်အကြောင်း စဉ်းစားလိုက်သည်နှင့် ပေါ်ထွက်လာစမြဲ ဖြစ်သည်။
လီရီချန်းမှာ အရည်အချင်း ရှိပြီး ထက်မြက်သော လူငယ်တစ်ဦး ဖြစ်သည့်တိုင် ချန်းဖန်နှင့် ယှဉ်ပါက သာမန် လူတစ်ယောက် အဖြစ် သူမစိတ်ထဲတွင် အမြဲပြောင်းလဲသွားခဲ့သည်။
"တော်ပြီ ... စိတ်ရှုပ်စရာတွေ မတွေးနဲ့။ ငါတို့က အပျော် အပန်းဖြေခရီး ထွက်လာခဲ့တာ မလား" ကျန့်ယွီမုန့်က ကျန်းချူးယန်၏ လက်ကို ကိုင်ရင်း ပြောလိုက်သည်။
ယခု အပန်းဖြေ ခရီးမှာ ကျောင်းမှ စီစဉ်ပေးသော ခရီးတစ်ခု ဖြစ်ကာ သူငယ်ချင်း အများစုနှင့် အတူ လာခဲ့ကြခြင်း ဖြစ်သည်။ ကျန်းချူယန် တို့နှင့် မလှမ်းမကမ်း တွင်မူ အရပ်ရှည်ပြီး သွယ်လျသော ခန္ဓာကိုယ်ရှိသည့် ကောင်မလေး တစ်ယောက်ရှိကာ သူမတို့ကို လက်ယမ်းပြ နေခဲ့သည်။
"ယန်ယန်၊ မုန့်မုန့် ဒီကိုလာဟေ့"
"ဖိန်ဖိန် ခေါ်နေပြီ။ သွားရအောင်" ကျန့်ယွီမုန့်က ကျန်းချူယန်ကို ပြောရင်း ထိုနေရာကို အပြေးကလေး သွားလိုက်သည်။
"နင်တို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ”
ကျန့်ယွီမုန့်နှင့် ကျန်းချူရန်တို့ အနားသို့ ရောက်လာသည်နှင့် ရှု့ယုံဖေးက မေးလိုက်သည်။
"ငါတို့က နင့်ရဲ့ သူရဲကောင်းလေး အကြောင်းကို ပြောနေကြတာလေ။ ယန်ယန်ကလည်း သူ့ကို ချစ်နေပုံ ရတယ်။ သတိထားဦး” ကျန့်ယွီမုန့်က တီးတိုးပြောသည်။
"အစ်ကိုချန်းဖန်နဲ့ မတွေ့ရတာတောင် နှစ်ဝက်လောက်ရှိပြီ။ သူ့ကို တကယ် သတိရတယ်”
ချန်းဖန် အကြောင်း စဉ်းစားမိသည်နှင့် ရှု့ယုံဖေး၏ မျက်နှာက ညှိုးငယ်သွားသည်။
"ဖေဖေ ပြောတာကတော့ သူက စစ်တပ်အတွက် အလုပ်လုပ်ပေးဖို့ သွားနေရတာတဲ့။ ယွင်ဝူတောင်ထိပ်က သူ့အိမ်ကိုတော့ တတိယ သခင်ကြီးဝေ့ကပဲ နတ်ရေစင် ထုတ်လုပ်ဖို့ အမြဲတမ်း သွားနေရတယ်”
ချန်းဖန် အကြောင်းပြောသည်နှင့် ရှု့ယုံဖေး၏ မျက်လုံးများက စိုစွတ် နီရဲလာကာ မျက်ရည်ပေါက်များ ထွက်ကျလာသည်။
"အရူးမလေး နှစ်ယောက်ပဲ” ကျန့်ယွီမုန့်က မျက်စောင်းထိုးရင်း ပြောလိုက်သည်။
"တော်ပါတော့ဟယ် ... ငါကသူ့ကို မချစ်ပါဘူး”
ကျန်းချူယန်က ကျန့်ယွီမုန့်ကို မျက်စောင်းထိုးရင်း ဝင်ပြောသည်။
"ဒါက အဆင်ပြေပါတယ်။ အစ်ကိုချန်းဖန်က ချစ်စရာကောင်းတော့ သူ့ဘေးမှာ ကောင်မလေးတွေ ဝိုင်းနေမှာပဲလေ။ နင်တစ်ယောက် ထပ်တိုးတာ ကိစ္စမရှိပါဘူး” ရှု့ယုံဖေးက ပြောင်စပ်စပ် ဝင်ပြောလိုက်သည်။
ထို့နောက် မိန်းကလေး သုံးယောက်မှာ ရယ်မောရင်း အနောက်ရေကန်၏ အလှအပများ အကြောင်းကို ပြောဆို နေကြတော့သည်။ အတန်ကြာပြီးနောက် အနောက်ရေကန်၏ အလှအပများကို အနီးကပ် ကြည့်ရှုရန်အတွက် ရွက်လှေငယ် တစ်စီးကို ငှားရမ်းလိုက်ကြသည်။
အနောက်ရေကန်တွင် လှပပြီး ဆွဲဆောင်မှုရှိသော နေရာပေါင်းများစွာ ရှိပြီး ထိုအထဲမှ နေရာဆယ်ခုမှာ အလွန်ထင်ရှားသည်။ ရွက်လှေငယ်မှာ ထိုနေရာများကို လိုက်လံ ပို့ဆောင်ပေးလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ခရီးတစ်ဝက်ခန့် မရောက်သေးခင် မှာပင် ရွက်လှေငယ်ကို တစ်စုံတစ်ယောက်က တားဆီးလိုက်သည်။
"စိတ်မကောင်းပါဘူး။ ရေကန်ရဲ့ ဒီဘက်အပိုင်းက ပိတ်ထားပါတယ်။ ကျေးဇူးပြုပြီး ပြန်သွားပေးပါ”
အနောက်ရောင် ဝတ်ဆင်ထားသော လူများမှာ လမ်းကိုပိတ်ထားရင်း ခရီးသည် များ၏ ရွက်လှေများကို တားဆီးနေခဲ့သည်။
"ခင်ဗျားတို့က ဘယ်သူလဲ။ ငါတို့ကို ဘာလို့ ဖြတ်သန်းခွင့် မပြုတာလဲ”
"ခင်ဗျားတို့မှာ ခွင့်ပြုစာရော ပါရဲ့လား။ မဟုတ်ရင် ငါတို့က ခွင့်ပြုလို့မရဘူး”
ကျန်းချူရန်တို့ လှေတစ်ခုတည်းပင် တားဆီးခံရခြင်း မဟုတ်ပေ။ အခြားခရီးသည် များ၏ လှေများလည်း တားဆီး ခံနေရပြီး စောဒကတက်သံ များဖြင့် ဆူညံနေတော့သည်။
"သူတို့ကိုကျတော့ ဘာကြောင့်ဝင်ခွင့် ပေးတာလဲ” လီရီချန်းက ထိုနေရာကို ဖြတ်သန်းသွားသည့် လှေတစ်စင်းကို ညွှန်ပြရင်း မေးသည်။
"သူတို့က ခွင့်ပြုချက် ပါလို့ပါ” ခေါင်းဆောင်ဖြစ်ဟန် တူသော လူတစ်ယောက်က ဖြေသည်။
"ဘယ်လို ခွင့်ပြုချက်မျိုးကို ခင်ဗျား ပြောတာလဲ။ ကျွန်တော့်အဖေက လင်းမြို့တော် အစိုးရ အဖွဲ့ရဲ့ ဥက္ကဋ္ဌပဲ။ ခုလို ခရီးသွားတွေ အစည်ကားဆုံး အချိန်မှာ ဘာလို့ ပိတ်ထားရတာလဲ။ ခရီးသွား အဖွဲ့အစည်းကို ဖုန်းခေါ် လိုက်ရမလား” လီရီချန်းဘေးမှ လူငယ်တစ်ယောက်က ဝင်၍ ပြောဆိုလိုက်သည်။ ထိုလူငယ်မှာ လီရီချန်း၏ သူငယ်ချင်း တစ်ယောက်ဖြစ်ပြီး လင်းမြို့တော် အစိုးရပိုင်း အကြီးအကဲ တစ်ယောက်၏ သားဖြစ်သည်။
"ခေါ်ကြည့်လိုက်ပါ” အနက်ရောင်ဝတ် လူကြီးက ပြန်ပြောလိုက်သည်။
လူငယ်မှာ ဖုန်းကိုထုတ်ကာ ခရီးသွား အဖွဲ့အစည်းကို ဆက်သွယ်လိုက်သည်။ စကားအနည်းငယ် ပြောပြီးနောက် မျက်နှာပျက်ပျက်နှင့် ဖုန်းချလိုက်သည်။ သူ၏ အမူအရာမှာ စိတ်ပျက်နေပုံ ပေါ်သည်။
"လူငယ်ခေါင်းဆောင်ဟန် ... သူတို့ဘာပြောလဲ” လီရီဖန်းက မျက်မှောင်ကျုံ့ရင်း မေးလိုက်သည်။
"သူတို့ ပြောတာက အထက်အမိန့် အရတဲ့။ အရေးကြီး ပုဂ္ဂိုလ်တွေ အနောက်ရေကန်ကို လာမှာမလို့တဲ့” လူငယ် ခေါင်းဆောင်ဟန်က ပြန်ပြောလိုက်သည်။
လူငယ် ခေါင်းဆောင်ဟန်၏ စကားကြောင့် လူအားလုံး သက်ပြင်းများ ချလိုက်ကြမိသည်။ ယခုအတိုင်းဆိုလျှင် သူတို့ဆက်သွား၍ မရတော့ပေ။
***
ပိတ်ထားသော ရေကန်၏ အလယ်တွင်မူ သေးငယ်သော လှေငယ်လေး တစ်စင်းက ရေပြင်ပေါ် တည်ငြိမ်စွာ မျောပါနေခဲ့သည်။ အဘိုးအို တစ်ယောက်မှာ ထို လှေငယ်ပေါ်တွင် ထိုင်ရင်း ငါးမျှားနေပုံ ရသည်။ ထိုအဘိုးအိုမှာ အဖြူရောင် အင်္ကျီကို ဝတ်ဆင်ထားပြီး လယ်သမား ဦးထုပ်တစ်လုံး ဆောင်းထားသည်။
"သူက အရေးကြီး ပုဂ္ဂိုလ်လား”
တစ်စုံတစ်ယောက် ထိုအဘိုးအိုကို ကြည့်ရင်း မယုံကြည်နိုင်စွာ တီးတိုးရေရွတ်သည်။
ကျန့်ယွီမုန့် ကမူ ထိုသို့ စိတ်ဝင်စားစရာ အဖြစ်အပျက် မျိုးကို အလွန်ကြည့်ချင် နေခဲ့သည်။ ထို့ကြောင့် လူငယ် ခေါင်းဆောင်ဟန်ကို လှည့်ကြည့်ရင်း မေးလိုက်သည်။
"လူငယ် ခေါင်းဆောင်ဟန် ... ငါတို့ အထဲကို ဝင်ဖို့ နည်းနည်းလောက် ကြိုးစားကြည့်ပါလား”
လူငယ် ခေါင်းဆောင်ဟန်က ခေါင်းညိတ်လိုက်ပြီး ဖုန်းသုံးလေးခါ ခေါ်ပြီး စကားပြောနေသည်။ ထို့နောက် ဖုန်းကိုချလိုက်ပြီး သူတို့ကို လှည့်ကာ ပြောသည်။
"ဝင်လို့ရပြီ။ အနောက်ရေကန်မှာ ခရီးသည်ဝင်ခွင့် ပိတ်ထားပေမဲ့ ခရီးသွား အဖွဲ့အစည်း ဒါရိုက်တာက ငါတို့ကိုတော့ ဝင်ခွင့် ပေးလိုက်မယ်တဲ့။ ဒါပေမဲ့ အထဲရောက်ရင်တော့ တိတ်တိတ်ဆိတ်ဆိတ် နေဖို့ ပြောထားတယ်”
မကြာခင် အနက်ရောင်ဝတ် လူများ၏ ခွင့်ပြုချက်ကို ရပြီး သူတို့အဖွဲ့ အထဲကို ဝင်လာခဲ့သည်။ ရေကန်ထဲကို ရောက်သည်နှင့် တခြား လှေများနှင့် သွားရောက်ပူးပေါင်း လိုက်ကြသည်။ ရေကန်တွင် လှေပေါင်း ဒါဇင်ကျော်ခန့် ရှိကာ လှေများကိုလည်း ရှေးရိုးရာအတိုင်း အလှဆင်ယင် ထားကြသည်။
"ဘုရားရေ ... လှေပေါ်က လူတွေကို ကြည့်စမ်း။ သူတို့က တရုတ်ရိုးရာ ဝတ်စုံတွေကို ဝတ်ထားပြီးတော့ သူတို့ပုံစံက ရှေးခေတ်က လူတွေလိုပဲ။ သူတို့က ဘယ်ကနေ လာကြတယ် မသိဘူး။ ဒါမှမဟုတ် ရုပ်ရှင်ရိုက် နေကြတာလား” ကျန့်ယွီမုန့်က တီးတိုး ပြောလိုက်သည်။
"ဟဲ့ ... ကလေးမ။ နင့်ဆရာက အခြားသိုင်းသမား တွေကို လေးစားဖို့ မသင် ပေးထားဘူးလား” ဘေးနားရှိ လှေတွင် ထိုင်နေသော အဘိုးအို တစ်ယောက်က သူတို့ဘက်ကို ကြည့်ရင်း ပြောသည်။
"အာ ... အဘိုးက သမီးပြောတာ ကြားရတာလား” ကျန့်ယွီမုန့်က ထိုအဘိုးအိုကို ကြည့်ရင်း မေးလိုက်သည်။ ထိုလှေငယ်နှင့် သူမတို့၏ လှေမှာ ဆယ်မီတာခန့် အထိ ဝေးကွာသည့်တိုင် လေသံနှင့် ပြောလိုက်သော စကားကို ကြားသဖြင့် ကျန့်ယွီမုန့် အလွန် အံ့ဩသွားသည်။
"ဟား ... ဟား ... ဒါက အသေးအဖွဲလေးပါ” အဘိုးအိုက ရယ်မောရင်း ပြန်လည်ပြောသည်။ သူ့ဘေးရှိ အသက်ရှစ်နှစ်ခန့် ရှိသော မြေးငယ်ကောင်လေး ကပါ ကျန့်ယွီမုန့်ကို လှမ်းကြည့်ရင်း လှမ်းမေးသည်။ "မမတို့ကရော အထွတ်အထိပ် အဆင့် နှစ်ယောက် တိုက်ခိုက်ကြတာကို လာကြည့်ကြတာလား”
"အထွတ်အထိပ် အဆင့်တွေရဲ့ တိုက်ပွဲ ..." လူတိုင်း ထိုစကားကြောင့် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားကြသည်။ အရေးကြီး ပုဂ္ဂိုလ်များက ဤရေကန်ကို လာ၍ ငါးမျှားလိမ့်မည် ဟုသာ သူတို့ တွေးထားခြင်းဖြစ်သည်။
ကျန်းချူးယန်က ထိုကလေးငယ်ကို ကြည့်ကာ ဝင်ပြောလိုက်သည်။
"ဟုတ်တယ် … မောင်လေးတို့လည်း အတူတူပဲလား”
"ဟုတ်တယ်။ ဒီတိုက်ပွဲမှာ ချန်းပေ့ရွှမ်းနှင့် လဲ့ချန်းကျွယ်တို့ တိုက်ကြမှာလေ။ ဒီတိုက်ပွဲကို ကြည့်ဖို့ သိုင်းသမားတွေ အများကြီးပဲ ရောက်လာကြတယ်လေ။ အဘိုးကလည်း ဒီတိုက်ပွဲကို ကြည့်ဖို့ ကျွန်တော့်ကို ခေါ်လာတာ” ကောင်လေးက ယဉ်ယဉ်ကျေးကျေးပင် ရှင်းပြလိုက်သည်။
"ချန်ပေ့ရွှမ်း ... လဲ့ချန်းကျွယ် ..." လူတိုင်းက ထိုမရင်းနှီးသော နာမည်များကို တီးတိုးရေရွတ် လိုက်ကြသည်။
"သူတို့က ဘယ်သူတွေလဲ”
***